← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) ဟယ်မင်ယီနှင့် ပြန်လည်ဆုံတွေ့ခြင်း

ညပိုင်းတွင် ဆွန်ဖုန်း၊ ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ သုံးဦးသည် စားသောက်ဆိုင်သို့ သွားရောက်ကာ ညစာစားကြသည်။ မူလက ဆွန်ဖုန်းသည် ယန်ရွှယ်ကိုပါ ခေါ်သွားချင်သော်လည်း မိမိတွင် မယားငယ် ထားရှိကြောင်းကို ဤအမျိုးသမီးနှစ်ဦးအား မသိစေချင်သဖြင့် မခေါ်တော့ရန် ဆုံးဖြတ်လိုက်သည်။

ပျော်ရွှင်စွာ ညစာစားပြီးနောက် အလှလေးနှစ်ဦးက ဆွန်ဖုန်းနှင့်အတူ လူသွားလမ်းမပေါ်တွင် လမ်းလျှောက်ထွက်ကြသည်။ လမ်းမီးများ လင်းထိန်နေချိန်တွင် သုံးဦးသား လမ်းလျှောက်ရင်း ရယ်မောပြောဆိုနေကြသည်။ အလှလေးများ အဖော်ပါသဖြင့် ဆွန်ဖုန်း၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်နေပြီး သူတို့ကို မကြာခဏ စနောက်ကာ ရယ်မောစေသည်။

ခဏမျှ လမ်းလျှောက်ပြီးနောက် အလှလေးနှစ်ဦးက ဆွန်ဖုန်းကို အဖော်ပြုပေးရာမှ ဆွန်ဖုန်းက အလှလေးနှစ်ဦး ဈေးဝယ်ထွက်သည်ကို အဖော်ပြုပေးရသည့် အခြေအနေသို့ ပြောင်းလဲသွားလေသည်။

အလှကုန်ဆိုင် သို့မဟုတ် အဝတ်အထည်ဆိုင်များကို မြင်သည်နှင့် ထိုအမျိုးသမီးနှစ်ဦးမှာ သိုးကို မြင်သော တောခွေးများကဲ့သို့ ဘာစကားမှမပြောဘဲ ဆိုင်ထဲသို့ ဝင်ကာ ရွေးချယ်ကြလေတော့သည်။

ထိုသို့ဖြင့် တစ်နာရီကျော်ခန့် လျှောက်လည်ပြီးနောက် အမျိုးသမီးနှစ်ဦးမှာ ဘာတစ်ခုမှ မဝယ်ရသေးသော်လည်း အဝတ်အထည်ဆိုင်နှင့် အလှကုန်ဆိုင် ဆယ်ဆိုင်၊ နှစ်ဆယ်ဆိုင်ခန့်ကို ဝင်ထွက်ခဲ့ပြီး ဖြစ်သည်။

'မိန်းမတွေဆိုတာ တကယ် နားမလည်နိုင်တဲ့ သတ္တဝါတွေပဲ... အချိန်အကြာကြီး ရွေးလိုက် စမ်းဝတ်ကြည့်လိုက် လုပ်နေပြီးတော့ တစ်ထည်မှ မဝယ်ဘူးဆိုတာ ဘယ်လို အခြေအနေကြီးလဲ...'

ဆွန်ဖုန်းသည် သူတို့နှစ်ဦး၏ နောက်မှ လိုက်ပါရင်း စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားနေမိသည်။

"ဟေး... ရှေ့မှာ အတွင်းခံဆိုင် တစ်ဆိုင် ရှိတယ်... သွား... ငါတို့ ဝင်ကြည့်ရအောင်..."

ဝူမုန်ရှင်းသည် ရှေ့ရှိ အမှတ်တံဆိပ် အတွင်းခံဆိုင်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး လျန်ယင်းကို ဆွဲကာ ခပ်သုတ်သုတ် လျှောက်သွားလေသည်။

"မင်းတို့ မပင်ပန်းကြဘူးလား... ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်မှာ နားပြီးမှ ဆက်လျှောက်ကြရင် မကောင်းဘူးလား..."

ဆွန်ဖုန်းက နောက်မှ လိုက်ရင်း ပြောလိုက်သည်။ တစ်နာရီကျော် လမ်းလျှောက်ပြီးပြီ ဖြစ်ရာ သူ၏ ခြေထောက်များပင် ညောင်းညာနေပြီ ဖြစ်သည်။

"အာ... အဲဒီဆိုင်ထဲ ဝင်ကြည့်ပြီးမှ ကော်ဖီဆိုင် သွားကြတာပေါ့..."

ဝူမုန်ရှင်းက ညည်းငြူနေသော ဆွန်ဖုန်းကို လှည့်ကြည့်ကာ အားနာနာဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ..."

ဆွန်ဖုန်းက နဖူးကို ပွတ်ရင်း ပြောလိုက်သည်။

အမျိုးသမီးနှစ်ဦးသည် ဆွန်ဖုန်း၏ စိတ်မရှည်မှုကို ရိပ်မိဟန်တူကာ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြသည်။ ဆိုင်ထဲသို့ အမြန်ဝင်ကြည့်ပြီးပါက နားနေရန် နေရာတစ်ခု ရှာဖွေလိုဟန် ရှိသည်။

ဆွန်ဖုန်းသည် နောက်မှ အေးအေးဆေးဆေး လိုက်ပါလာရင်း ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ တီးတိုးပြောနေကြသော စကားများကို ကြားလိုက်ရသည်။

"လျန်ယင်း... နင်က ဘယ်ဆိုက် ဝတ်တာလဲ..."

ဝူမုန်ရှင်း၏ အသံ ဖြစ်သည်။

"36D လောက်ပါ..."

လျန်ယင်းက တိုးတိုးလေး ပြန်ဖြေသည်။

"ဝါး... နင်က တကယ် အမိုက်စားပဲ... အားကျလိုက်တာ... ငါ့ထက် အများကြီး ကြီးတာပဲ... ငါက 32C ပဲ ရှိတာ... နင် ပုံမှန်ဆို ဘာတွေစားလဲ... ဘာလို့ အဲဒီလောက် ကြီးနေတာလဲ... ဒါမှမဟုတ် နည်းလမ်းလေးတွေ ရှိလား..."

ဝူမုန်ရှင်း၏ အသံမှာ ရုတ်တရက် အနည်းငယ် ကျယ်သွားသဖြင့် နောက်မှ လိုက်လာသော ဆွန်ဖုန်းပင် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။

'ငါ ကူညီပေးလို့ ရတယ်နော်...'

ဆွန်ဖုန်းသည် စိတ်ထဲမှ ကောက်ကျစ်စွာ ပြုံးရင်း တွေးလိုက်မိသည်။

"ဘာလျှို့ဝှက်ချက်မှ မရှိပါဘူးဟာ... နင် ထပ်ပြီး ကြီးချင်တယ်ဆိုရင်တော့ ကလေးမွေးဖို့ပဲ စောင့်ရတော့မယ် ထင်တယ်... တကယ်တော့ နင့်ဟာက အခုလည်း တော်တော်လေး ကြီးနေပါပြီ..."

လျန်ယင်းက မျက်နှာလေး ရဲလာကာ ပြန်ပြောလိုက်သည်။ လျန်ယင်းမှာ တက္ကသိုလ်တက်စဉ်က ကျောင်း၏ အလှဘုရင်မ ဖြစ်ခဲ့သူပါ။ သူမသည် လှပရုံသာမက ခန္ဓာကိုယ် အချိုးအစားမှာလည်း ပထမတန်းစား ဖြစ်ပေသည်။ သို့မဟုတ်ပါကလည်း တစ်ကျောင်းလုံးတွင် တစ်ဦးတည်းသော အလှဘုရင်မ အဖြစ် ရွေးချယ်ခံရမည် မဟုတ်ပေ။

အမျိုးသမီးနှစ်ဦး တီးတိုးစကားပြောရင်း အတွင်းခံဆိုင်ထဲသို့ ရောက်ရှိသွားကြသည်။ အတွင်းခံဆိုင်ဆိုသည်မှာ အမျိုးသမီး အတွင်းခံများချည်းသာ ရောင်းချပြီး ဝယ်ယူသူများမှာလည်း အမျိုးသမီးများသာ ဖြစ်ရာ ယခုအချိန်တွင် ဆွန်ဖုန်း တစ်ယောက်တည်းသာ ထိုနေရာတွင် ရပ်နေရသဖြင့် အနည်းငယ် အနေရခက်နေမိသည်။

နောက်ဆုံးတွင် နာရီဝက်ခန့် အကြာ၌ အမျိုးသမီးနှစ်ဦးသည် အတွင်းခံ နှစ်စုံစီ ရွေးချယ်ပြီးစီးသွားကြပြီး ဆွန်ဖုန်းမှာ ပန်းတွေတောင် ညှိုးလောက်အောင် စောင့်ဆိုင်းပြီးမှသာ ငွေရှင်းကာ ထွက်လာနိုင်ခဲ့သည်။

"နောက်ဆုံးတော့ အနားယူဖို့ နေရာတစ်ခု ရှာလို့ရပြီ..."

ဆွန်ဖုန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

ကော်ဖီဆိုင် တစ်ဆိုင်အတွင်း၌ ဖြစ်သည်။

ဟွမ်ကျားချန်သည် မျက်နှာဖျော့တော့ နွမ်းနယ်နေသော ဟယ်မင်ယီကို ကြည့်ကာ သနားကြင်နာသော အမူအရာဖြင့် မေးလိုက်သည်။

"မင်ယီ... နင် ဒီရက်ပိုင်း ဘာတွေဖြစ်နေတာလဲ... စိတ်ညစ်စရာ ကိစ္စတွေများ ရှိလို့လား... ကြည့်စမ်း... နင့်မျက်နှာက အရမ်းကို ဖျော့တော့နေတာပဲ... ပုံမှန်ဆို နင် လေ့ကျင့်ခန်း လုပ်လေ့ရှိပေမယ့် အခု မလုပ်တော့ဘူး... ထမင်းလည်း သိပ်မစားဘူး... နေ့တိုင်း မျက်နှာကြီးက သုန်မှုန်နေတာပဲ..."

အကယ်၍ ဆွန်ဖုန်းသာ ဤနေရာတွင် ရှိနေပါက ဟယ်မင်ယီ ဘာကြောင့် ဤသို့ ဖြစ်နေရသနည်း ဆိုသည်ကို သေချာပေါက် သိရှိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမကို ဤသို့ ဖြစ်အောင် ဖျက်ဆီးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သောကြောင့်တည်း။

"ဘာမှမဖြစ်ပါဘူး... ဒီရက်ပိုင်း နေလို့ သိပ်မကောင်းလို့ပါ..."

ဟယ်မင်ယီသည် သူငယ်ချင်းဖြစ်သူ၏ ဂရုစိုက်မှုကို မြင်သောအခါ ဖျော့တော့သော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခုကို အတင်း ဖန်တီးကာ ပြန်ဖြေလိုက်သည်။ ဟယ်မင်ယီသည် ထိုညက ဖြစ်ပျက်ခဲ့သော ရူးမိုက်ဖွယ် ကိစ္စရပ်ကို သူမ၏ အချစ်ဆုံး သူငယ်ချင်း အပါအဝင် မည်သူ့ကိုမျှ ပြောပြထားခြင်း မရှိပေ။

"မင်ယီ... နင့်မှာ စိတ်ညစ်စရာ ရှိနေတယ်ဆိုတာ သေချာတယ်... ဒီတစ်လကျော်အတွင်းမှာ နင့်အခြေအနေကို ငါ အကုန်လုံး မြင်နေရတယ်... ငါ့ကို ပြောပြလို့ မရဘူးလား..."

ဟွမ်ကျားချန်က ဆက်မေးလိုက်သည်။

"မရှိပါဘူး... ငါ့မှာ ဘာကိစ္စ ရှိရမှာလဲ... ဟား... နင့်အကြောင်းပဲ ပြောပါဦး... နင် သဘောကျတဲ့သူ တွေ့ပြီလား..."

ဟယ်မင်ယီသည် စကားလမ်းကြောင်းကို အတင်း လွှဲလိုက်သည်။ ဤရက်ပိုင်းအတွင်း သူမ၏ စိတ်များမှာ ချည်ရှုပ်သကဲ့သို့ ဗြောင်းဆန်နေပြီး သူမကိုယ်တိုင်ပင် မည်သို့ လုပ်ရမည်ကို မသိအောင် ဖြစ်နေသည်။ အစပိုင်းက ထိုခွေးကောင် ဆွန်ဖုန်းကို လက်စားချေမည်ဟု သူမ ပြောခဲ့သော်လည်း အချိန်အတိုင်းအတာ တစ်ခု ကြာလာသောအခါ ဆွန်ဖုန်းအပေါ်တွင် ဆန့်ကျင်ဘက် ခံစားချက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စိတ်ထဲတွင် ထိုယောက်ျားကို လက်စားချေချင်စိတ်များ ရှိနေသော်လည်း တစ်ခါတစ်ရံတွင် ထိုယောက်ျားကို အကြောင်းပြချက်မရှိ လွမ်းဆွတ်နေမိကာ ရှင်းပြ၍မရသော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ ဤသည်မှာ အင်တာနက်ပေါ်တွင် ပြောလေ့ရှိကြသည့်အတိုင်း မိမိ၏ ပထမဆုံး အကြိမ်ကို ရယူသွားသော ယောက်ျားအပေါ်တွင် ရူးမိုက်စွာ ပေးဆပ်ချင်သည့် ခံစားချက်မျိုး ဖြစ်ပေလိမ့်မည်။ လက်စားချေရန်ပင် မတွေးချင်တော့ဘဲ ထိုယောက်ျားနှင့်သာ အတူနေချင်စိတ်များပင် ဖြစ်ပေါ်နေမိသည်။

ဟွမ်ကျားချန်သည် ဟယ်မင်ယီ ပြောပြလိုစိတ် မရှိသည်ကို မြင်သောအခါ အတင်းအကျပ် မေးမြန်းနေခြင်းက မကောင်းကြောင်း သိလိုက်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူမမှာ အလွန် နွမ်းနယ်နေပြီ မဟုတ်ပါလား။ ထို့ကြောင့် သူမက ပြုံးကာ ပြန်ဖြေလိုက်သည်။

"မတွေ့သေးပါဘူးဟာ... အခုခေတ် ယောက်ျားကောင်းတွေက သေကုန်ကြပြီ ထင်ပါရဲ့..."

"သေပြီ... ယောက်ျားကောင်းတွေ အကုန် သေကုန်ပြီ..."

ဟယ်မင်ယီ၏ မျက်နှာလေးမှာ ပို၍ပင် ဖျော့တော့သွားသည်။ ထိုနေ့ နံနက်ခင်းက ဆွန်ဖုန်း ပြောခဲ့သော စကားများကို ပြန်လည် ကြားယောင်လာပြီး သူမ၏ နှလုံးသားကို တကယ်ပင် နာကျင်စေခဲ့သည်။

"ဒါနဲ့ မင်ယီ... နင်ရော... သဘောကျတဲ့သူ မတွေ့သေးဘူးလား..."

ဟွမ်ကျားချန်က မရည်ရွယ်ဘဲ မေးလိုက်ရာ ဟယ်မင်ယီမှာ ခါးသီးစွာ ပြုံးလိုက်မိသည်။

"မ... မတွေ့သေးပါဘူး..."

ဟယ်မင်ယီက ပြန်ဖြေလိုက်သည်။ အမှန်တကယ်တော့ သူမတွင် တစ်ခါတစ်ရံ၌ ရူးမိုက်သော အတွေးတစ်ခု ဝင်လာတတ်သည်။ ထိုနေ့ နံနက်ခင်းက ဆွန်ဖုန်း ပြောခဲ့သော အချက်များကို သူမ သဘောတူလိုက်မည် ဆိုလျှင်ပင် သူမ ကျေနပ်မိမည်ဟု တွေးမိခြင်း ဖြစ်သည်။ ထိုကိစ္စ ဖြစ်ပွားပြီးနောက် ဟယ်မင်ယီသည် သူမကိုယ်သူမ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။ သူမ၏ သူဌေးသမီး ဆိုးသွမ်းမှုများပင် အတော်လေး လျော့ကျသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းကဲ့သို့သော လူမျိုးနှင့် သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပြီး သူမ၏ ဆိုးသွမ်းမှုများက လုံးဝ အသုံးမဝင်ကြောင်းကို သိရှိလိုက်ရသောကြောင့် ဖြစ်သည်။ ယခင်က အခြားသူများကသာ သူမ၏ အလိုကို လိုက်ခဲ့ကြသော်လည်း ယခုအခါတွင် သူမက ထိုယောက်ျား၏ အလိုကို လိုက်ချင်သလိုမျိုး ဖြစ်နေမိသည်။

'ဒါတွေက ဘာအတွေးတွေလဲ... ငါ ရူးတော့မလို့လား...'

ထပ်မံ၍ လျှောက်တွေးနေမိသဖြင့် ဟယ်မင်ယီသည် သူမ၏ ရူးမိုက်သော အတွေးများကို အမြန် ဖျောက်ဖျက်ပစ်လိုက်သည်။

"ဟင်... ဟိုလူက ဟိုတစ်ခေါက် ငါတို့တွေ့ခဲ့တဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့လူ မဟုတ်ဘူးလား..."

ဟွမ်ကျားချန်က ခေါင်းမော့ကြည့်လိုက်ရာမှ ရုတ်တရက် ဆွန်ဖုန်းကို တွေ့လိုက်သဖြင့် ပြောလိုက်သည်။

"ဟင်း..."

ဟယ်မင်ယီက လှည့်မကြည့်ချေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် အခြားကိစ္စများကို ဂရုစိုက်ရန် စိတ်အခြေအနေ မရှိသောကြောင့် ဖြစ်သည်။

"ဟေ့... နင် မကြည့်ဘူးလား... အဲဒီလူလေ... အပန်းဖြေစခန်းမှာ နင်နဲ့ ကားပါကင် နေရာလုပြီး ပြဿနာဖြစ်ခဲ့တဲ့ ငတိလေ..."

"အပန်းဖြေစခန်း... ပြဿနာဖြစ်တာ..."

ဟယ်မင်ယီသည် ရုတ်တရက် အနောက်သို့ လှည့်ကြည့်လိုက်ရာ ဆွန်ဖုန်း၊ လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ နေရာယူ၍ ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ ဆွန်ဖုန်း၏ နေရာမှာ ဟယ်မင်ယီနှင့် ကျောပေးလျက် ဖြစ်နေသဖြင့် ဆွန်ဖုန်းက ဟယ်မင်ယီကို မမြင်ရချေ။

"သူ ဖြစ်နေတာကိုး..."

ဟယ်မင်ယီမှာ အလွန် ဖြူရော်သွားသော မျက်နှာဖြင့် အသံထွက်ကာ ရေရွတ်လိုက်မိသည်။ ဆွန်ဖုန်းနှင့် ပြန်လည် ဆုံတွေ့ရချိန်တွင် သူမ၏ စိတ်အခြေအနေ မည်သို့ ဖြစ်နေသည်ကို ဖော်ပြ၍ မရနိုင်ချေ။ မည်သို့ပင်ဆိုစေ နာကျင်မှု တစ်ခုနှင့်အတူ ရှေ့သို့ ပြေးသွားကာ သူ့အား အားပါးတရ ပါးရိုက်ချင်သော စိတ်ဆန္ဒ တစ်ခုလည်း ဖြစ်ပေါ်နေမိသည်။

ဟွမ်ကျားချန်သည် ဟယ်မင်ယီ၏ မျက်နှာအမူအရာကို တွေ့လိုက်ရသည်။ သူမသည် လိမ္မာပါးနပ်သော မိန်းမ တစ်ဦး ဖြစ်ရာ ပြဿနာ တစ်ခုခု ရှိနေကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

'ဒီဆွန်ဖုန်းနဲ့ မင်ယီကြားမှာ တစ်ခုခုများ ရှိနေလို့လား...'

ဟွမ်ကျားချန်သည် ယခုအခါ ဟယ်မင်ယီ၏ မျက်နှာ နွမ်းနယ်နေရခြင်းမှာ ထိုယောက်ျားနှင့် ပတ်သက်မှု တစ်ခုခု ရှိနိုင်သည်ဟု အနည်းငယ် သံသယ ဝင်လာမိလေတော့သည်။

All Chapters