အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) ကျွန်မ ကိုယ်ဝန်ရှိနေပြီ
အပြန်လမ်းတွင် ဆွန်ဖုန်းသည် ယန်ရွှယ်ထံသို့ ဖုန်းဆက်ကာ ဟိုတယ်တွင် တစ်ညသွားအိပ်ရန်နှင့် နောက်နေ့မှ အိမ်ခန်းတစ်ခုရှာရန် ပြောလိုက်သည်။ ယန်ရွှယ်ကလည်း မည်သည့်အကြောင်းပြချက်မှ မမေးဘဲ လက်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ နေရာကို သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။ သူမ၏ ဤကဲ့သို့ သိတတ်မှုကြောင့်ပင် ဆွန်ဖုန်းက သူမကို မယားငယ်အဖြစ် ထားရှိခြင်း ဖြစ်ပေသည်။
မကြာမီမှာပင် ဆွန်ဖုန်းသည် ဟယ်မင်ယီနှင့်အတူ အိမ်သို့ ရောက်ရှိလာသည်။ ကြီးမားလှသော အိမ်ကြီးကို မြင်သောအခါ ဟယ်မင်ယီ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
"ရှင့်အိမ်က မဆိုးဘူးပဲ... အမြင်ရှိသားပဲ..."
ဟယ်မင်ယီသည် အိမ်အတွင်း၌ တစ်ပတ်ပတ်ကြည့်ပြီးနောက် ကျေနပ်စွာ ပြောလိုက်သည်။
"ဒါပေါ့..."
ဆွန်ဖုန်းက ပြုံးလိုက်သော်လည်း စိတ်ထဲတွင်မူ "ယွမ် ၃၂ သန်းတောင် ပေးထားရတာ... မကောင်းလို့ ရမလား..." ဟု တွေးနေမိသည်။
"ဒါနဲ့... ရှင်က ဘာစီးပွားရေး လုပ်တာလဲ..."
ဟယ်မင်ယီက အိမ်ရှင်ကဲ့သို့ ရင်းနှီးစွာပင် ဆွန်ဖုန်း၏ အိမ်ရှိ အကောင်းဆုံး ဝိုင်နီပုလင်းကို ယူဖောက်လိုက်ပြီး သူမကိုယ်တိုင် တစ်ခွက်ငဲ့ကာ မေးလိုက်သည်။ ဤမျှ တန်ဖိုးကြီးသော အိမ်ကြီးကို ဝယ်နိုင်သူ တစ်ယောက်အနေဖြင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်မည်ဆိုတာကို သူမ သေချာ သိရှိထားသည်။
"ဟဲဟဲ... ငါတို့က အခုထိ အချင်းချင်း သေချာ မသိကြသေးဘူးပဲ... အခန်းထဲသွားပြီး အေးအေးဆေးဆေး စကားပြောကြမလား..."
ဆွန်ဖုန်းကလည်း သူ့အတွက် ဝိုင်တစ်ခွက် ငဲ့ရင်း ပြန်ပြောလိုက်သည်။
"ဟွန်း... ရှင့်ခေါင်းထဲမှာ အဲဒီ ညစ်ညမ်းတဲ့ အတွေးတွေချည်းပဲ ရှိနေတာ... ပြောချင်လည်းပြော... မပြောချင်လည်းနေ..."
ဟယ်မင်ယီက ဆွန်ဖုန်းအား မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ရေသွားကူးဦးမယ်... ခိုးမကြည့်နဲ့နော်..."
ဟယ်မင်ယီက ပြောရင်း ရေကူးကန်ဘက်သို့ ထွက်သွားလေသည်။
"......"
ထိုညက ဟယ်မင်ယီသည် ဆွန်ဖုန်းအား အေးစက်စက် ဆက်ဆံနေခဲ့သော်လည်း သူမ၏ အကြောင်းများကိုမူ အနည်းငယ် ပြောပြခဲ့သည်။ သူမ၏ မိသားစုမှာ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်ပြီး ပိုင်ဆိုင်မှု ယွမ်ဘီလီယံချီ၍ ရှိကြောင်း၊ သူမသည် တစ်ဦးတည်းသော သမီးဖြစ်ပြီး မိခင်ဖြစ်သူမှာ သူမ မွေးပြီးမကြာမီမှာပင် ကွယ်လွန်သွားခဲ့ကြောင်း၊ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုခဲ့သော်လည်း ကလေးမရခဲ့ကြောင်း၊
ဖခင်ဖြစ်သူမှာ စီးပွားရေး လုပ်ငန်းများနှင့်သာ အမြဲ အလုပ်ရှုပ်နေပြီး မိထွေးဖြစ်သူကိုလည်း သဘောမကျသဖြင့် သူမသည် အိမ်သို့ ပြန်လေ့ သိပ်မရှိကြောင်း၊ ထို့ကြောင့် ကျောင်းပြီးသည်နှင့် ဟိုင်ယန်မြို့သို့ ပြောင်းရွှေ့လာကာ ကိုယ်ပိုင် အလှကုန် ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်းနှင့် မိသားစု အသိုင်းအဝိုင်းကြောင့် သူမတွင် သူဌေးသမီး ဆိုးသွမ်းမှုများ ရှိနေခြင်း ဖြစ်ကြောင်းတို့ကို ပြောပြခဲ့သည်။
ဆွန်ဖုန်းကလည်း သူ၏ အကြောင်းများကို အနည်းငယ် ပြောပြခဲ့သည်။ သံမဏိစက်ရုံ ဖွင့်ထားကြောင်းကိုသာ ပြောပြပြီး အခြားအကြောင်းများကိုမူ အသေးစိတ် မပြောခဲ့ချေ။
လက်ရှိအချိန်တွင် ဟယ်မင်ယီသည် ဆွန်ဖုန်းအား ချစ်မြတ်နိုးနေခြင်း မရှိသေးပေ။ သူမ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များသာ ရှိနေပြီး ဆွန်ဖုန်းနှင့် အတူနေကြည့်ရန်သာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
"ငါ မင်းကို ဖက်အိပ်လို့ ရမလား..."
အိပ်ရာပေါ်တွင် ဆွန်ဖုန်းသည် သူ့အား ကျောပေးထားသော ဟယ်မင်ယီကို ကြည့်ကာ မျက်နှာပြောင်တိုက်၍ မေးလိုက်သည်။
"မရဘူး..."
ဟယ်မင်ယီက ချက်ချင်း ငြင်းဆိုလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ဒါနဲ့... ဒီနေ့ ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ မိန်းမနှစ်ယောက်က ဘယ်သူတွေလဲ... ရှင့်ရဲ့ နံပါတ်လေးနဲ့ နံပါတ်ငါးတွေလား..."
ဟယ်မင်ယီသည် ရုတ်တရက် ဆွန်ဖုန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ လှပသော မျက်နှာလေးကို ကြည့်ရင်း သူမ၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေမိသည်။ သူတို့နှစ်ဦးမှာ အလွန် နီးကပ်စွာ ရှိနေသဖြင့် ဟယ်မင်ယီ၏ ဝင်သက်ထွက်သက် လေနွေးနွေးလေးများက သူ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ပြောလိုက်သည်။
"သူတို့က ငါ့ကုမ္ပဏီက မန်နေဂျာတွေပါ... ငါ့သူငယ်ချင်းတွေလည်း ဖြစ်တယ်..."
ဆွန်ဖုန်းက လိမ်ပြောလိုက်သည်။ အမှန်တကယ်တော့ လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ကိုပါ သိမ်းပိုက်ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။
"ဟွန်း... ကြည့်ရတာ အဲဒီလို မတူပါဘူး..."
ဟယ်မင်ယီက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။
"ဘယ်ကသာ... ငါက မင်းကို ဘယ်လိမ်ရက်ပါ့မလဲ... မင်းလို လှတဲ့ မိန်းကလေး ရှိနေမှတော့ တခြား မိန်းမတွေကို ငါ မျက်စိကျစရာ အကြောင်းမှ မရှိတော့တာ..."
ဆွန်ဖုန်းက အနေရခက်စွာ ပြုံးရင်း ဟယ်မင်ယီကို ချော့မော့လိုက်သည်။ မိန်းမများဆိုသည်မှာ ချော့မော့မှသာ အဆင်ပြေမည် မဟုတ်ပါလား။
"ဒါဆို ကျွန်မက ရှင့်ကောင်မလေး ဖြစ်သွားပြီပေါ့..."
ဟယ်မင်ယီ၏ မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"ဒါပေါ့... ငါ့ရဲ့ ချစ်ချစ်လေးပေါ့..."
ဆွန်ဖုန်းက ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း ပြီးရော..."
ဟယ်မင်ယီသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အနည်းငယ် ကျေနပ်သွားသော်လည်း ချက်ချင်းပင် ဆွန်ဖုန်းအား ကျောပေးကာ လှည့်အိပ်လိုက်လေသည်။
တိတ်ဆိတ်မှု တစ်ခဏ ကြီးစိုးသွားပြီးနောက် ဟယ်မင်ယီသည် ခြင်သံလေးလောက်သာ ရှိသော အသံလေးဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ဆွန်ဖုန်း... ကျွန်မ ကိုယ်ဝန်ရှိနေပြီ..."
"ဘာ... မင်း ကိုယ်ဝန်ရှိနေပြီ..."
အသံတိုးလွန်းသော်လည်း ဆွန်ဖုန်းက ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသဖြင့် အကြီးအကျယ် လန့်ဖျပ်သွားလေသည်။
"ငါ့... ငါ့ကလေးလား..."
ဆွန်ဖုန်းသည် ဟယ်မင်ယီထံသို့ တိုးသွားကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"ဒါပေါ့... ရှင့်လို လူယုတ်မာကလွဲလို့ တခြားဘယ်သူ့ ကလေး ဖြစ်ရမှာလဲ..."
ဟယ်မင်ယီသည် ဆွန်ဖုန်းဘက်သို့ ပြန်လှည့်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"အား... တကယ်ကြီးလား... ငါ အဖေဖြစ်တော့မယ်ပေါ့... ဝါး... ဒါနဲ့ ယောကျာ်းလေးလား မိန်းကလေးလား..."
ဆွန်ဖုန်းမှာ ပျော်လွန်း၍ ရယ်မောရလုမတတ် ဖြစ်သွားရလေသည်။ တစ်ညတာ အတူနေခဲ့ပြီးနောက် သူ အဖေဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤသတင်းမှာ သူ့အတွက် အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
"ရှင်က အရူးလား... တစ်လကျော်ပဲ ရှိသေးတာ ဘယ်လိုလုပ် သိနိုင်ဦးမှာလဲ..."
ဟယ်မင်ယီ၏ မျက်နှာလေးမှာ အလွန် နီရဲနေပြီ ဖြစ်သည်။ ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော ကိစ္စကို ပြောထွက်ရန် သူမအတွက် အတော်လေး ခက်ခဲခဲ့သည် မဟုတ်ပါလား။
"အာ... ဟုတ်သားပဲ... ဟီးဟီး..."
ဆွန်ဖုန်းမှာ ပြုံးဖြီးဖြီးဖြင့်သာ ရယ်မောနေမိတော့သည်။
"အာ... ဒါနဲ့ မနက်ဖြန်ကျရင် ငါ့အမေကို ဖုန်းဆက်ပြောရမယ်... သူ့ကို လာပြီး မင်းကို အားရှိအောင် ပြုစုခိုင်းရမယ်... ကြည့်စမ်း... မင်းက အရမ်းပိန်နေတာ... ဘယ်လိုလုပ် ရမလဲ... မနက်ဖြန်ကစပြီး တစ်နေ့ကို ကြက်တစ်ကောင်... အာ မဟုတ်ဘူး... နှစ်ကောင် ပေါင်းကျွေးရမယ်..."
ဆွန်ဖုန်းမှာ အလွန် ဝမ်းသာပျော်ရွှင်နေပြီး စကားများကိုပင် ဗလုံးဗထွေး ပြောဆိုနေမိလေသည်။
ဟယ်မင်ယီသည် ဆွန်ဖုန်း၏ စကားများကို ကြားသောအခါ ရင်ထဲတွင် နွေးထွေးသွားသော်လည်း မျက်နှာကို အေးစက်စက် ထားကာ ပြန်ပြောလိုက်သည်။
"တစ်နေ့ကို ကြက်နှစ်ကောင်... ရှင့်ဟာရှင် ဝက်မွေးနေတယ် မှတ်နေလား... ကျွန်မ ဝဝကြီး မဖြစ်ချင်ပါဘူး... ဟွန်း..."
ဟယ်မင်ယီသည် ဆွန်ဖုန်းအား ထပ်မံ၍ ကျောပေးလိုက်ပြန်သည်။
"အာ... မလုပ်ပါနဲ့... မင်းက မစားရင် ငါတို့ရဲ့ ကလေးလေးက ဘာစားရမလဲ..."
ဆွန်ဖုန်းက အလောတကြီး ပြန်ပြောလိုက်သည်။
"ရှင်နဲ့ စကားမပြောချင်တော့ဘူး... ဟွန်း..."
"အမလေး... ငါ တောင်းပန်ပါတယ်... စိတ်မဆိုးပါနဲ့... ကလေးလေးအတွက် မကောင်းဘူးလေ..."
ဆွန်ဖုန်းက ငိုသံပါကြီးဖြင့် တောင်းပန်လိုက်လေသည်။
"......"
အမှန်တကယ်တော့ ဟယ်မင်ယီသည်လည်း ပြီးခဲ့သော ရက်အနည်းငယ်ကမှ သူမတွင် ကိုယ်ဝန်ရှိနေကြောင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။ ဓမ္မတာ မလာသဖြင့် ဆေးရုံသို့ သွားရောက် စစ်ဆေးရာမှ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ထိုညက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို သူမ အလွန် ထိတ်လန့်သွားခဲ့ပြီး ဆွန်ဖုန်းအား လက်စားချေရန်သာ တွေးတောနေခဲ့သဖြင့် ကိုယ်ဝန်တားဆေး သောက်ရန် လုံးဝ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာလည်း ထိုမေ့လျော့မှု၏ အကျိုးဆက်ပင် ဖြစ်ပေသည်။
ဤအချက်ကြောင့်ပင် သူမက ဆွန်ဖုန်းနှင့် အတူနေကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ သူမ၏ ဝမ်းဗိုက်ထဲတွင် ကလေးလေး မရှိခဲ့ပါက ဆွန်ဖုန်းနှင့် အတူနေရန် လုံးဝ ရွေးချယ်ခဲ့မည် မဟုတ်ပေ။
'ဒါကပဲ ဘဝဆိုတာ ဖြစ်မယ် ထင်တယ်...'
ဟယ်မင်ယီက စိတ်ထဲမှ တွေးလိုက်မိသည်။ ဆွန်ဖုန်းမှာ စိတ်ချရသူ မဟုတ်ဘဲ လူရှုပ်တစ်ယောက် ဖြစ်သော်လည်း ယခုလို အခြေအနေတွင် သူမ အနေဖြင့် အခြား ရွေးချယ်စရာ မရှိတော့ချေ။ အခြေအနေကို လက်ခံပြီး ဆက်လက် အသက်ရှင်သွားရန်သာ ရှိတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဆွန်ဖုန်း အိပ်ရာမှ ထလာခဲ့သည်။ ဟယ်မင်ယီမှာ အိပ်မောကျနေဆဲ ဖြစ်သည်။ ဆွန်ဖုန်းသည် ဈေးသို့ ချက်ချင်း သွားရောက်ကာ ကြက်တစ်ကောင်၊ ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများ ဝယ်ယူလာခဲ့သည်။ ထို့နောက် အိမ်သို့ အမြန်ပြန်လာပြီး ကြက်သားကို အားဆေး အချို့နှင့် ရောနှောကာ စွပ်ပြုတ် ချက်လေတော့သည်။
နာရီဝက်ခန့် အကြာတွင် မွှေးကြိုင်သော ကြက်စွပ်ပြုတ် တစ်အိုး ရရှိသွားလေသည်။
ဆွန်ဖုန်းက ကြက်စွပ်ပြုတ်၊ ဟင်းရံ အချို့၊ ဆန်ပြုတ်နှင့် ကြက်ဥပေါင်းတို့ကို စားပွဲပေါ်တွင် ပြင်ဆင်ထားချိန်တွင် ဟယ်မင်ယီသည် ညအိပ်ဝတ်စုံဖြင့် အိပ်ချင်မူးတူး ထွက်လာလေသည်။
"ဟဲဟဲ... မျက်နှာသွားသစ်ချည်... မနက်စာ အဆင်သင့် ဖြစ်နေပြီ..."
ဆွန်ဖုန်းက အခန်းထဲမှ ထွက်လာသော ဟယ်မင်ယီအား ပြောလိုက်သည်။
"အင်း..."
ဟယ်မင်ယီသည် အိပ်မက် မက်နေသကဲ့သို့ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။
"ရှင် တကယ်ပဲ ကြက်စွပ်ပြုတ် ချက်ထားတာလား..."
မျက်နှာသစ်ပြီး ထွက်လာသော ဟယ်မင်ယီသည် စားပွဲပေါ်ရှိ ကြက်စွပ်ပြုတ်ကို မြင်သောအခါ မျက်လုံးပြူးကာ မေးလိုက်သည်။
"ဟုတ်တယ်လေ... လာလာ... ပူတုန်းလေး သောက်လိုက်..."
ဆွန်ဖုန်းက ကြက်စွပ်ပြုတ် တစ်ပန်းကန် အပြည့်ကို ခပ်ကာ ဟယ်မင်ယီအား ကမ်းပေးလိုက်သည်။
"မနက်စောစောစီးစီး အဆီတွေ အများကြီး မသောက်ချင်ပါဘူး... ကျွန်မ နွားနို့နဲ့ ကြက်ဥကြော်ပဲ စားမယ်..."
ဟယ်မင်ယီက ခေါင်းကို အဆက်မပြတ် ခါရမ်းကာ ငြင်းဆိုလိုက်သည်။
"ဟဲဟဲ... ငါတို့ ကလေးလေးက စားချင်နေတာလေ..."
ဆွန်ဖုန်းက မည်သို့မျှ အငြင်းမခံဘဲ အတင်း တိုက်လေတော့သည်။
"......"
"အရသာ ဘယ်လိုနေလဲ..."
"မဆိုးပါဘူး..."
"ရော့... နောက်တစ်ပန်းကန် ထပ်သောက်... ပြီးရင် ကြက်ဥပေါင်းလေးပါ စားလိုက်ဦး..."
ဆွန်ဖုန်းက နောက်ထပ် တစ်ပန်းကန် ထပ်ခပ်ပေးလိုက်ပြန်သည်။
"ဒါနဲ့ဆို သုံးပန်းကန် ရှိပြီ... မသောက်နိုင်တော့ဘူး... ဗိုက်ပြည့်နေပြီ..."
ဟယ်မင်ယီက မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။
"အာ... သုံးပန်းကန် ရှိသွားပြီလား... ဒါဆိုလည်း ပြီးရော... ကြက်ဥပေါင်းလေးတော့ နည်းနည်း စားကြည့်ပါဦး... ငါ့လက်ရာ ဘယ်လိုလဲ ဆိုတာ..."
"မဆိုးပါဘူး..."
ဤနံနက်စာ စားချိန်လေးအတွင်း၌ ဆွန်ဖုန်း၏ ဂရုစိုက်မှုများကြောင့် ဟယ်မင်ယီ၏ ရင်ထဲတွင် နွေးထွေးသွားရလေသည်။ သူမ၏ မိခင် ကွယ်လွန်သွားပြီးကတည်းက ဤကဲ့သို့ နွေးထွေးသော မိသားစု မနက်စာမျိုးကို သူမ မခံစားခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။