← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) နောက်တစ်ကြိမ် လှုပ်ခတ်သွားခြင်း

"ဟုတ်ကဲ့ပါ..."

ထိုနည်းပညာရှင်မှာ ချွေးသံတရွဲရွဲဖြင့် ချက်ချင်း ပြေးထွက်သွားလေသည်။

"ဘယ်သူက ငါ့ကို ဒုက္ခပေးနေတာလဲ..."

ဂျက်သည် မိုးကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်လေသည်။ ပြီးခဲ့သော တစ်ကြိမ်က ရွှေတွင်း ပျောက်ဆုံးသွားမှုကြောင့် သူ၏ ရာထူးပင် ပြုတ်လုမတတ် ဖြစ်ခဲ့ရပြီး ဖြစ်သည်။

ယခုအခါ သူတာဝန်ယူထားသော တန်ချိန် သန်းရှစ်ဆယ် ရှိသည့် သံသတ္တုတွင်း၏ တစ်ဝက်ခန့်မှာ ထပ်မံ ပျောက်ဆုံးသွားပြန်ရာ အထက်လူကြီးများကို ကျေနပ်လောက်သော အဖြေ မပေးနိုင်ပါက သူ့အတွက် ကြီးလေးသော အပြစ်ပေးမှုများသာ စောင့်ကြိုနေမည် ဖြစ်သည်။

"မဖြစ်ဘူး... ငါကိုယ်တိုင် သွားကြည့်မှ ရမယ်..."

ဂျက်၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြမ်းတမ်းနေလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ဂျက်သည် ရေငုပ်စက်ရုပ် တစ်ခုအတွင်းသို့ ဝင်ရောက်ကာ အခြား ရေငုပ်သမားများနှင့်အတူ သံသတ္တုတွင်း၏ အခြေအနေကို ကိုယ်တိုင် သွားရောက် စစ်ဆေးရန် ပင်လယ်အောက်သို့ ငုပ်ဆင်းသွားလေသည်။

ရေအောက်ကြမ်းပြင်သို့ ရောက်သောအခါ ဂျက်သည် ရင်းနှီးနေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ရေအောက်ကြမ်းပြင်တွင် ကြီးမားသော တွင်းကြီးများ ပြည့်နှက်နေပြီး အလွန် ရှုပ်ပွနေသည်ကို တွေ့ရသည်။

ဂျက်သည် ဘေးတွင် ပြန့်ကျဲနေသော သံသတ္တု အကျိုးအပဲ့ အချို့ကိုပင် တွေ့လိုက်ရသေးသည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က ရွှေတွင်း ပျောက်သွားတုန်းက အခြေအနေနဲ့ အတိအကျပဲ..."

ဂျက်မှာ မျက်လုံးပြူးကာ အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

"ကြည့်ရတာ ဒီသံသတ္တုတွင်းကိုရော ရွှေတွင်းကိုပါ ခိုးသွားတာ တစ်ယောက်တည်းပဲ ဖြစ်ရမယ်..."

ဂျက်သည် ကောက်ချက်ချလိုက်သော်လည်း ဤကဲ့သို့ အဆင့်မြင့်သော ခိုးယူမှု နည်းပညာကို မည်သည့် အင်အားစုက ပိုင်ဆိုင်ထားသနည်း ဆိုသည်ကို သူ လုံးဝ စဉ်းစား၍ မရနိုင်ချေ။

သူ သိထားသလောက်ဆိုလျှင် ဤကဲ့သို့ အဆင့်မြင့် နည်းပညာမျိုးကို အင်အားအကြီးဆုံး ဖြစ်သော အမေရိကန် နိုင်ငံပင် မပိုင်ဆိုင်သေးချေ။ အခြား အင်အားစုများကိုမူ ပြောစရာပင် မလိုတော့ပေ။

"ဒါ ဘယ်သူ့လက်ချက်လဲ..."

"သွားမယ်... တွင်းအောက်ကို ဆင်းကြည့်မယ်..."

ဂျက်သည် သူ၏ ဒေါသများကို အချိန်အတော်ကြာ ထိန်းချုပ်ပြီးနောက် ဘေးရှိ ယာဉ်မောင်းအား အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ဂျက်နှင့် အဖွဲ့သည် ကြီးမားလှသော တွင်းကြီး တစ်ခုအတွင်းသို့ ငုပ်ဆင်းသွားသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး အံ့အားသင့် မှင်တက်သွားကြလေသည်။

တွင်းကြီး၏ အောက်ခြေတွင် ကြီးမားလှသော လိုဏ်ခေါင်းကြီး တစ်ခု ရှိနေပြီး ထိုလိုဏ်ခေါင်းကြီးမှာ အလျား ဆယ်ကီလိုမီတာကျော်ခန့် ရှည်လျားကာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မူလက ထိုနေရာတွင် သံသတ္တုများ ရှိနေရမည် ဖြစ်သော်လည်း ယခုအခါ တစ်စုံတစ်ယောက်က အားလုံးကို တူးဖော် ခိုးယူသွားခဲ့ပြီ ဖြစ်သည်။

"ဒါ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ..."

ဂျက်၏ ဘေးရှိ နည်းပညာရှင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မည်သို့ တွေးတောရမည်ကိုပင် မသိတော့ချေ။ ဤသည်ကို မည်သို့ လုပ်ဆောင်ခဲ့သနည်း။

"ဓာတ်ပုံ နည်းနည်း ရိုက်ယူခဲ့... ငါတို့ ပြန်ကြမယ်..."

ဂျက်၏ ရင်ထဲတွင် အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ နှစ်ကြိမ်တိုင်တိုင် အခိုးခံရသော်လည်း မည်သူကမျှ သတိမထားမိလောက်အောင် ထူးဆန်းလွန်းလှရာ တစ်ဖက်လူ၏ စွမ်းရည်မှာ ကောင်းကင်နှင့်ပင် ထိစပ်နေပြီဟု ဆိုရမည် ဖြစ်သည်။

ဤအခြေအနေကို သူ ဖြေရှင်းနိုင်စွမ်း မရှိတော့ကြောင်း သိလိုက်ရသဖြင့် အထက်လူကြီးများထံသို့ အစီရင်ခံစာ တင်ပြရန်သာ ဆုံးဖြတ်လိုက်လေသည်။ ယခုနှစ်တွင် သူ၏ ကံဇာတာ အလွန် ဆိုးရွားနေသည်ဟုသာ မှတ်ယူရတော့မည် ဖြစ်သည်။

......

တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင် ရေပိုင်နက်ထဲမှ အမေရိကန်များ ရင်းနှီးမြှုပ်နှံထားသော သံသတ္တုတွင်းမှ တန်ချိန် သန်း ၄၀ ခန့် ပျောက်ဆုံးသွားသည့် သတင်းမှာ ရက်အနည်းငယ် အကြာတွင် ထပ်မံ ပေါက်ကြားသွားပြန်သည်။

ဤသတင်းအချက်အလက် ပေါက်ကွဲနေသော ခေတ်ကြီးတွင် ဤသတင်းမှာ ကမ္ဘာတစ်ဝန်းသို့ အလျင်အမြန်ပင် ပျံ့နှံ့သွားလေတော့သည်။

"အမေရိကန် သတင်းစာ - နောက်တစ်ကြိမ် ထပ်မံ လှုပ်ခတ်သွားပြန်ပြီ... သံသတ္တု တန်ချိန် သန်း ၄၀ ခန့် ပျောက်ဆုံးသွားခဲ့ရာ ကျွန်ုပ်တို့၏ လူများ လုံးဝ မသိရှိလိုက်... ဤတစ်ကြိမ် ပျောက်ဆုံးမှုမှာ ယခင် ရွှေတွင်း ပျောက်ဆုံးမှုနှင့် ပုံစံတူဖြစ်နေ... ဤမျှ ကြောက်မက်ဖွယ် ကောင်းသော နည်းပညာကို မည်သည့် အင်အားစုက ပိုင်ဆိုင်ထားသနည်း..."

သတင်း၏ နောက်တွင် ဓာတ်ပုံ ဆယ်ပုံကျော်ကို ပူးတွဲ ဖော်ပြထားပြီး ထိုဓာတ်ပုံများမှာ ရေအောက်ကြမ်းပြင်ရှိ ကြီးမားသော တွင်းကြီးများနှင့် တွင်းအောက်ရှိ လိုဏ်ခေါင်းကြီးများကို ရိုက်ကူးထားခြင်း ဖြစ်သည်။

"ဂျပန် နေ့စဉ်သတင်းစာ - တောင်တရုတ်ပင်လယ်မှာ ဒီလို စွမ်းရည်မျိုး ရှိတာ အရှေ့တိုင်း နိုင်ငံကလွဲလို့ တခြား ဘယ်သူရှိဦးမှာလဲ..." (ဂျပန် သတင်းစာများမှာ အမြဲတမ်း အခြေအမြစ်မရှိ ပြောဆိုတတ်ကြသည်)

"ဗြိတိန် နေ့စဉ်သတင်းစာ - တောင်တရုတ်ပင်လယ်မှာ ဒီလို ကိစ္စမျိုး နှစ်ခါ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး သဲလွန်စတွေအရ တစ်ယောက်တည်းက လုပ်ခဲ့တာ ဖြစ်တယ်... တကယ်ပဲ ဂြိုဟ်သားတွေ ရှိနေတာများလား... ဂြိုဟ်သားတွေ မဟုတ်ရင် တခြား ဘယ်သူက ဒီလောက် စွမ်းရည်မျိုး ရှိနိုင်မလဲ ဆိုတာ စဉ်းစားလို့ကို မရဘူး..."

"ရုရှား သတင်းစာ - တောင်တရုတ်ပင်လယ်မှာ ဒီလို ကိစ္စတွေ မကြာခဏ ဖြစ်နေတာဆိုတော့ တောင်တရုတ်ပင်လယ်ရဲ့ ပြဿနာက နောက်တစ်ဆင့် ထပ်တက်သွားပြီလို့ ဆိုရမယ်..."

"အမေရိကန် မနက်ခင်း သတင်းစာ - ခေါင်းဆောင်များ၏ အဆိုအရ တောင်တရုတ်ပင်လယ်ရှိ ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်နှင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် စစ်သင်္ဘောများ စေလွှတ်သွားမည် ဖြစ်ကြောင်း..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤတစ်ကြိမ် သံသတ္တုများ ထပ်မံ ပျောက်ဆုံးသွားမှုက ကမ္ဘာတစ်ဝန်းတွင် ကြီးမားသော ဂယက်တစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။ ဟုတ်ပါသည်။ ဂျက်တစ်ယောက် အထုတ်အပိုး သိမ်းပြီး အမေရိကန်နိုင်ငံသို့ ပြန်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

......

ဆွန်ဖုန်းသည် သတ္တုများ ခိုးယူပြီး ပြန်လာပြီးနောက် သံမဏိစက်ရုံ၏ အခြေအနေကို စစ်ဆေးရန် စက်ရုံသို့ တိုက်ရိုက် သွားခဲ့သည်။

စက်ရုံ၏ ထုတ်လုပ်မှု အခြေအနေမှာ ပုံမှန်အတိုင်း လည်ပတ်နေသော်လည်း အမှာစာ မရရှိသေးသဖြင့် ပမာဏ အနည်းငယ်သာ ထုတ်လုပ်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဖောက်သည် မရှိဘဲ အများကြီး ထုတ်ထားလျှင်လည်း အလဟဿ ဖြစ်သွားမည် မဟုတ်ပါလား။

လျန်ယင်းသည် စက်ရုံ၏ အတွင်းပိုင်း စီမံခန့်ခွဲမှုများကို ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဝူမုန်ရှင်းကလည်း ဈေးကွက် ရှာဖွေရေး အဖွဲ့ကို ဦးဆောင်ကာ စက်ရုံမှ ထွက်ရှိသော သံမဏိတုံး၊ သံမဏိချောင်းများနှင့် အထူးသံမဏိများကို စတင် မိတ်ဆက် ရောင်းချနေပြီ ဖြစ်သည်။

သို့သော် ဈေးကွက် တစ်ခုကို ဖောက်ထွင်းရန်မှာ နေ့ချင်းညချင်း အောင်မြင်နိုင်မည် မဟုတ်ဘဲ တစ်ဆင့်ချင်းစီ သွားရမည် ဖြစ်သည်။

ဝမ်းသာစရာ သတင်းတစ်ခုမှာ ယမန်နေ့က ဖောက်သည် တစ်ဦး လာရောက်ကာ သံမဏိတုံး တန်ချိန် ၅၀၀၀ ကို ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။ အရေအတွက် နည်းသည်ဟု ထင်ရသော်လည်း ရရှိမည့် ငွေပမာဏမှာ မနည်းလှချေ။

သံမဏိတုံး တစ်တန်လျှင် ယွမ် ၄၀၀၀ ခန့် ရှိရာ တန် ၅၀၀၀ ဆိုလျှင် ယွမ် သန်း ၂၀ ဝင်ငွေ ရရှိမည် ဖြစ်သည်။ ဤသတင်းကို ကြားသောအခါ ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

ဤဖောက်သည်ကို ဈေးကွက် ရှာဖွေရေး ဌာန၏ ဒုတိယ မန်နေဂျာက ရှာဖွေပေးခဲ့ခြင်း ဖြစ်ရာ ဆွန်ဖုန်းသည် သူ့အား ဆုကြေးငွေ ယွမ် တစ်သိန်း ချီးမြှင့်ရန် ဆုံးဖြတ်လိုက်ပြီး ဈေးကွက် ရှာဖွေရေး ဌာန တစ်ခုလုံးကိုလည်း ဂုဏ်ပြု စားပွဲတစ်ခု ကျင်းပပေးရန် ဝူမုန်ရှင်းအား စီစဉ်ခိုင်းလိုက်သည်။

ဤပထမဆုံး အောင်မြင်မှုအတွက် ဆွန်ဖုန်းသည် ဝန်ထမ်းများအပေါ် လုံးဝ နှမြောတွန့်တိုခြင်း မရှိဘဲ ဆုချီးမြှင့်ခဲ့သည်။ ကြည့်ရသည်မှာ သူ ငွေအများကြီး ပေး၍ ငှားရမ်းထားသော ဈေးကွက် ရှာဖွေရေး ဒုတိယ မန်နေဂျာမှာ အတော်လေး အရည်အချင်း ရှိပုံရပေသည်။

ဆွန်ဖုန်းသည် သူ၏ လက်ထဲတွင် သံသတ္တု တန်ချိန် သန်းလေးဆယ်ခန့် ရှိနေပြီး ၎င်းတို့ အားလုံးကို သံမဏိတုံးများနှင့် သံမဏိချောင်းများ အဖြစ် ထုတ်လုပ် ရောင်းချလိုက်ပါက ငွေမည်မျှ ရရှိမည်နည်းဟု တွေးတောနေမိသည်။

ထိုငွေပမာဏကို သူပင် မခန့်မှန်းရဲတော့ချေ။ မည်သို့ပင်ဆိုစေ အလွန် များပြားသော ငွေကြေးများ ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။

ရုံးခန်းအတွင်း၌ ဖြစ်သည်။

"ဝူမုန်ရှင်း... ငါတို့ရဲ့ X မျိုးဆက် အထူးသံမဏိအတွက် မူပိုင်ခွင့် လျှောက်ပြီးပြီလား..."

ဆွန်ဖုန်းက လက်ဖက်ရည် သောက်ရင်း ဝူမုန်ရှင်းအား မေးလိုက်သည်။ ဤကိစ္စကို ဆွန်ဖုန်း အလေးအနက်ဆုံး ထားနေခြင်း ဖြစ်သည်။

"အစ်ကိုဖုန်း... မူပိုင်ခွင့် လျှောက်ဖို့အတွက် ငါတို့ ကိုယ်စားလှယ် ကုမ္ပဏီ တစ်ခုကို ငှားပြီး လုပ်ခိုင်းထားပါတယ်... ဒါပေမယ့် မူပိုင်ခွင့် လျှောက်တဲ့ လုပ်ငန်းစဉ်က တော်တော်လေး ရှုပ်ထွေးတော့ အချိန်တိုအတွင်းမှာတော့ ရနိုင်မယ် မထင်ဘူး..."

ဝူမုန်ရှင်းက ပြန်ဖြေလိုက်သည်။

"အင်း... ကိုယ်စားလှယ် ကုမ္ပဏီကို အပ်ထားတယ် ဆိုရင်တော့ စိတ်ချရပါတယ်... အချိန် ကြာတာကတော့ မတတ်နိုင်ဘူးလေ..."

ဆွန်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူ ကိုယ်တိုင်လည်း မူပိုင်ခွင့် လျှောက်ထားသည့် လုပ်ငန်းစဉ်များကို ရှာဖွေ ဖတ်ရှုဖူးသည်။

သာမန် တီထွင်မှု သေးသေးလေး တစ်ခုကို လျှောက်ထားရန်ပင် လအနည်းငယ်မှ ခြောက်လအထိ ကြာမြင့်တတ်ရာ နည်းပညာ အဆင့်မြင့်သော မူပိုင်ခွင့် တစ်ခုကို လျှောက်ထားရန်မှာ ခြောက်လမှ တစ်နှစ်ကျော်အထိ ကြာမြင့်နိုင်ကြောင်း သူ ကောင်းစွာ သိရှိထားပြီးသား ဖြစ်သည်။

ဆွန်ဖုန်းသည် ကုမ္ပဏီ၏ အခြေအနေများကို အနည်းငယ် ထပ်မံ လေ့လာပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်တွင် သူ၏ ချစ်သူလေးက သူ့ကို စောင့်မျှော်နေမည် မဟုတ်ပါလား။

သူ မရှိသည့် သုံးရက်အတွင်း သူမ မည်သို့ နေထိုင်ခဲ့သနည်း။ အချိန်မှန် ထမင်းစားရဲ့လား။ အရေးကြီးဆုံးက သူ့ကလေးလေး၏ ဖွံ့ဖြိုးမှု အခြေအနေ မည်သို့ ရှိနေမည်နည်း။

အိမ်သို့ ရောက်သောအခါ ဆွန်ဖုန်းသည် တံခါးဝတွင် ရယ်မောသံများကို ကြားလိုက်ရသည်။

"ဟင်... တခြား မိန်းမတွေ ရောက်နေတာလား..."

ဆွန်ဖုန်း ဧည့်ခန်းထဲသို့ ဝင်သွားသောအခါ ဟယ်မင်ယီနှင့်အတူ လှပသော အမျိုးသမီး တစ်ဦး အလွန် ပျော်ရွှင်စွာ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

"ဒီက အစ်မက..."

"နင် ပြန်လာပြီလား..."

ဟယ်မင်ယီသည် ဆွန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ စကားပြောနေသည်ကို ရပ်လိုက်ပြီး ဘေးရှိ အမျိုးသမီးကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။

"ငါ့ သူငယ်ချင်း ဟွမ်ကျားချန်လေ..."

ထိုအချိန်တွင် ဟွမ်ကျားချန်ကလည်း ဆွန်ဖုန်းအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေလေသည်။

'အင်း... ဝက်ကောင်းကောင်းလေးကို ပန်းနုရောင် ဂေါ်ဖီထုပ်လေး စားသွားပြီ' ဟု သူမ စိတ်ထဲမှ တွေးနေမိသည်။

ယမန်နေ့ကမှ သူမ၏ အချစ်ဆုံး သူငယ်ချင်း ဟယ်မင်ယီတွင် ကိုယ်ဝန် ရှိနေကြောင်း သိခဲ့ရပြီး ထိုကလေး၏ ဖခင်မှာ ဆွန်ဖုန်း ဖြစ်နေကြောင်းကိုပါ သိလိုက်ရသည်။

ထိုနေ့က ကော်ဖီဆိုင်တွင် သူမ ခန့်မှန်းခဲ့သည့်အတိုင်း ဟယ်မင်ယီနှင့် ဆွန်ဖုန်းတို့ ကြားတွင် ပြဿနာ တစ်ခု ရှိနေသည် ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူမ ကြားလိုက်ရသော သတင်းမှာ ဤမျှလောက် ကြီးမားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

"ဟားဟား... ငါ မှတ်မိပြီ... မစ္စဟွမ်... တွေ့ရတာ ဝမ်းသာပါတယ်... ငါက ဆွန်ဖုန်းပါ..."

ဆွန်ဖုန်းသည် ဟွမ်ကျားချန်ကို မြင်သောအခါ ထိုနေ့က ကော်ဖီဆိုင်တွင် ဟယ်မင်ယီနှင့် အတူရှိနေခဲ့သော ကောင်မလေး ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။

ထို့နောက် သူတို့ သုံးဦး အတန်ကြာ စကားပြောပြီးနောက် ဟွမ်ကျားချန်လည်း ပြန်သွားလေသည်။

ဟွမ်ကျားချန် ပြန်သွားသည်နှင့် ဆွန်ဖုန်းသည် ရေချိုးရန် အမြန် ပြေးသွားလေတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ အလုပ်များနေခဲ့သဖြင့် သုံးရက်ဆက်တိုက် ရေမချိုးရသေးသောကြောင့် ဖြစ်ပေသည်။

All Chapters