← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) ကပွဲ

မကြာမီမှာပင် နောက်တစ်နေ့ ညသို့ ရောက်ရှိလာခဲ့သည်။ ယနေ့ညတွင် ဆွန်ဖုန်းသည် အထက်တန်းလွှာများဟု ခေါ်ဆိုကြသော သူဌေးများ၏ ကပွဲသို့ ဟယ်မင်ယီနှင့်အတူ သွားရောက်ကာ အတွေ့အကြုံသစ်များ ရှာဖွေရန် ဆုံးဖြတ်ထားသည်။

အမှန်တကယ်တော့ ဆွန်ဖုန်းသည် ယခုအခါ လူငယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ အဆက်အသွယ် အသစ်များ ရှာဖွေခြင်းက ကောင်းမွန်သော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ အကယ်၍ လုပ်ငန်းတူ ပူးပေါင်းနိုင်မည့် သူများနှင့် တွေ့ဆုံရပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

အခန်းထဲတွင် ဆွန်ဖုန်းသည် မှန်ရှေ့၌ မတ်တတ်ရပ်ကာ လည်စည်းကို စည်းနေရင်း မှန်ထဲမှ သူ၏ ချောမောသော ရုပ်သွင်ကို ကြည့်ကာ မိမိကိုယ်ကိုယ် အလွန် သဘောကျနေမိသည်။

"ဟူး... လူချောလေး ဖြစ်ရတာလည်း ဒုက္ခပဲ..."

"ဆွန်ဖုန်း... ပြီးပြီလား... မြန်မြန်လုပ်... ရှစ်နာရီ ကပွဲစတော့မယ်..."

ဟယ်မင်ယီသည် အခန်းထဲသို့ ဝင်လာပြီး ဆွန်ဖုန်းမှာ အချိန်ဆွဲနေသည်ကို မြင်သောအခါ အလောတကြီး လှမ်းပြောလိုက်သည်။

"ပြီးပြီ... ပြီးပြီ..."

ဆွန်ဖုန်းက လည်စည်းကို ဖြစ်သလို စည်းကာ အပြင်ထွက်ရန် ပြင်လိုက်သည်။

"လည်စည်း စည်းထားတာကလည်း အရုပ်ဆိုးလိုက်တာ... လူသာ ကြီးလာတယ်... ဘာမှလည်း သေချာ မလုပ်တတ်ဘူး..."

ဟယ်မင်ယီသည် ဆွန်ဖုန်း စည်းထားသော လည်စည်းမှာ ကြည့်မကောင်းသည်ကို မြင်သောအခါ မျက်စောင်းထိုးလိုက်ပြီး သူ၏ အနီးသို့ လျှောက်သွားကာ လည်စည်းကို ကိုယ်တိုင် ပြန်စည်းပေးလေသည်။

ဆွန်ဖုန်းမှာ ဟယ်မင်ယီ၏ စကားကြောင့် အနည်းငယ် မျက်နှာပူသွားမိသည်။ 'ငါက ဆင်းရဲတဲ့ တောင်ပေါ်သားလေးပါဆို... ဒီလောက် စည်းတတ်တာတောင် တော်လှပြီ... ဘယ်လောက်တောင် လှအောင် စည်းရမှာလဲ' ဟု စိတ်ထဲမှ တိတ်တဆိတ် ပြန်ပြောလိုက်မိသည်။

"ငြိမ်ငြိမ်နေလေ..."

ဟယ်မင်ယီက ဆွန်ဖုန်းမှာ ဟိုဘက်ဒီဘက် လှုပ်ရှားနေသည်ကို မြင်သောအခါ ခပ်မာမာလေး ပြောလိုက်သည်။

"အိုကေ..."

ဆွန်ဖုန်းသည် သူ့အား အာရုံစူးစိုက်ကာ လည်စည်း စည်းပေးနေသော ဟယ်မင်ယီကို ငုံ့ကြည့်ရင်း ရင်ထဲတွင် နွေးထွေးသွားရလေသည်။ 'ချစ်သူ ရှိတာကလည်း ကောင်းသားပဲ... သူမက ပျင်းရိတဲ့ သူဌေးသမီးလေး ဖြစ်နေပေမယ့် အရေးကြီးတဲ့ အချိန်ဆို ငါ့ကို ကူညီပေးနိုင်သေးတာပဲ' ဟု တွေးလိုက်မိသည်။

"မင်ယီ... မင်းက တကယ် လှတာပဲ..."

ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ မျက်နှာလေးကို အနီးကပ် ကြည့်ရင်း သူမ၏ ကိုယ်သင်းနံ့ သင်းသင်းလေးကို ရှူရှိုက်ကာ ချိုသာသော လေသံဖြင့် ပြောလိုက်သည်။

"ပိုမနေနဲ့..."

"......"

မိနစ်အနည်းငယ် အကြာတွင် ဟယ်မင်ယီက ဆွန်ဖုန်း၏ လည်စည်းကို သပ်ရပ်လှပစွာ စည်းပေးပြီးသွားလေသည်။

"သွားကြမယ်..."

လမ်းမထက်တွင် ဆွန်ဖုန်းသည် BMW i8 ကို မောင်းနှင်ကာ ဟယ်မင်ယီနှင့်အတူ 'ဟွေဟွမ်' (Huihuang) အပန်းဖြေကလပ်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။ ယနေ့ည ကပွဲကို ၎င်းအပန်းဖြေကလပ်တွင် ကျင်းပမည် ဖြစ်သည်။ ဆွန်ဖုန်းမှာ ဟိုင်ယန်မြို့တွင် နေထိုင်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ရာ ဤအပန်းဖြေကလပ်၏ နာမည်ကြီးမှုကို ကောင်းစွာ သိရှိထားပေသည်။

ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက် ဆွန်ဖုန်းသည် အပန်းဖြေကလပ်၏ ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ကားပါကင် တစ်ခုလုံးတွင် အဆင့်မြင့် ဇိမ်ခံကားများ အပြည့် ရပ်နားထားသည်ကို တွေ့လိုက်ရသည်။ ဤကလပ်မှာ သူဌေးများသာ လာရောက် အပန်းဖြေသော နေရာဖြစ်ကြောင်း သေချာသွားလေသည်။

ကပွဲ ကျင်းပမည့် နေရာမှာ အပန်းဖြေကလပ်၏ တတိယထပ်ရှိ ခန်းမကြီးထဲတွင် ဖြစ်သည်။ ဆွန်ဖုန်းမှာ ဤနေရာသို့ တစ်ခါမျှ မလာဖူးသဖြင့် မည်သည့်နေရာသို့ သွားရမည်ကို မသိချေ။ ထို့ကြောင့် ဟယ်မင်ယီကသာ လမ်းပြ ခေါ်ဆောင်သွားရလေသည်။ မကြာမီ သူတို့နှစ်ဦးသည် တတိယထပ်ရှိ ခန်းမကြီး၏ တံခါးဝသို့ ရောက်ရှိသွားကြသည်။

တံခါးဝတွင် ဧည့်သည်များကို ကြိုဆိုရန် ဧည့်ကြို လေးဦး ရပ်နေကြသည်။

"မင်္ဂလာပါ လူကြီးမင်းတို့... ဖိတ်စာလေး ပြပေးပါခင်ဗျာ..."

တံခါးဝရှိ ဧည့်ကြို နှစ်ဦးက ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့အား ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ကြသည်။

"ကျေးဇူးပါပဲ..."

ဟယ်မင်ယီက ပြုံးပြကာ အနီရောင် ဖိတ်စာကတ်လေး တစ်ခုကို ကမ်းပေးလိုက်သည်။

"ကြွပါခင်ဗျာ..."

ဧည့်ကြိုက ဖိတ်စာကို ယူကြည့်ပြီးနောက် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့အား ဝင်ခွင့် ပြုလိုက်သည်။

"ဝါး... ဖိတ်စာတောင် လိုတာပဲ..."

ဤအခြေအနေကို မြင်သောအခါ ဆွန်ဖုန်းက စိတ်ထဲမှ အံ့ဩတကြီး တွေးလိုက်မိသည်။

ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လူငါးဆယ်ခန့် ရောက်ရှိနေပြီ ဖြစ်သည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။ သူတို့သည် သုံးလေးယောက် တစ်ဖွဲ့၊ သို့မဟုတ် ခုနစ်ယောက် ရှစ်ယောက် တစ်ဖွဲ့ စု၍ တီးတိုး စကားပြောဆိုနေကြသည်။ အမျိုးသားများမှာ အနောက်တိုင်း ဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး အမျိုးသမီးများမှာလည်း အလွန် တန်ဖိုးကြီးသော ညနေခင်း ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူဌေးများ၏ တွေ့ဆုံပွဲ ပီသလှပေသည်။

ခန့်ညားသော စန္ဒရားဆရာ တစ်ဦးက သာယာငြိမ့်ညောင်းသော တေးသွားများကို တီးခတ်နေပြီး ဝန်ထမ်းများကလည်း အရက်ခွက်များကို ကိုင်ဆောင်ကာ ဟိုဟိုဒီဒီ သွားလာနေကြသည်။

ဤလူငါးဆယ်ခန့်ကို ကြည့်ရသည်မှာ အုပ်စုနှစ်စု ကွဲနေပုံရသည်။ တစ်စုမှာ အသက်လတ်ပိုင်း အမျိုးသားများ ဖြစ်ကြပြီး သူတို့မှာ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် ဟိုင်ယန်မြို့မှ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် အချို့ကို ဆွန်ဖုန်း တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ အခြားတစ်စုမှာမူ လူငယ်များ ဖြစ်ကြပြီး ကြည့်ရသည်မှာ သူဌေးသားများ ဖြစ်ပုံရသည်။

"အို... ကျားချန် အစ်မ ဟိုဘက်မှာ ရှိနေတယ်... ငါ သူ့ဆီ သွားလိုက်ဦးမယ်... နင် တစ်ယောက်တည်း လျှောက်ကြည့်နေလိုက်..."

ခန်းမထဲသို့ ရောက်သည်နှင့် ဟယ်မင်ယီသည် ဟွမ်ကျားချန်က သူဌေးသား လေးငါးယောက်၏ ဝိုင်းရံခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသဖြင့် သူမထံသို့ သွားရောက် စကားပြောရန် ပြင်လိုက်သည်။

"အင်း... သွားလေ..."

ဆွန်ဖုန်းက ဟယ်မင်ယီအား လက်ပြ နှုတ်ဆက်လိုက်သည်။

ဟယ်မင်ယီ ထွက်သွားပြီးနောက် ဆွန်ဖုန်းသည် ဝိုင်နီ တစ်ခွက်ကို ယူကာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေလိုက်သည်။ အချိန်နီးကပ်လာသည်နှင့်အမျှ နောက်ထပ် လူဆယ်ဂဏန်းခန့် ထပ်မံ ရောက်ရှိလာကြသည်။

ဆွန်ဖုန်းမှာ မည်သည့် ရည်ရွယ်ချက်မျှ မရှိဘဲ လျှောက်ကြည့်နေခြင်း ဖြစ်သည်။ သူသည် ဤနေရာတွင် မည်သူ့ကိုမျှ မသိသလို အခြားသူများနှင့် မည်သို့ မိတ်ဖွဲ့ရမည်ကိုလည်း မသိချေ။

သို့သော် မိန်းမလှလေး အချို့ကမူ ရုပ်ဖြောင့်လှသော ဆွန်ဖုန်းနှင့် လာရောက် မိတ်ဖွဲ့ကာ စကားပြောချင်ဟန် ရှိကြသည်။ သို့သော် ဆွန်ဖုန်းကမူ ရုပ်ရည် မလှပသော ထိုမိန်းမများကို စိတ်မဝင်စားသဖြင့် ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်ပြီး 'အထက်တန်းလွှာ အသိုင်းအဝိုင်းဆိုတာ တကယ့်ကို ရှုပ်ပွနေတာပဲ' ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

မကြာမီမှာပင် ကပွဲ စတင်လေတော့သည်။ ဤကပွဲမှာ ဟိုင်ယန်မြို့ရှိ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သူ မွေးနေ့အတွက် ကျင်းပခြင်း ဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်ရသည်။ ထိုသူဌေးသားက ကိတ်မုန့်ခွဲပြီးနောက် ကပွဲကို တရားဝင် စတင်လိုက်ခြင်း ဖြစ်သည်။

အမျိုးသား အမျိုးသမီးများသည် အကတွဲဖက်များကို ရှာဖွေကာ ကခုန်ရန် ပြင်ဆင်နေကြသည်။ ဆွန်ဖုန်းမှာ အကတွဲဖက် မရှိသလို အကလည်း မကတတ်သဖြင့် ထောင့်တစ်နေရာတွင် သွားထိုင်နေလိုက်သည်။ ထိုဟယ်မင်ယီ ဆိုသော ကောင်မလေးလည်း ဘယ်ရောက်သွားမှန်း မသိချေ။

"မစ်ဟယ်... ကျွန်တော်နဲ့ အကတစ်ပုဒ်လောက် ကမလား... ခင်ဗျားမှာလည်း အကတွဲဖက် မရှိဘူး... ကျွန်တော့်မှာလည်း မရှိဘူးဆိုတော့ အတော်ပဲပေါ့..."

ဆွန်ဖုန်းက ခေါင်းမော့ကြည့်လိုက်ရာ ဟယ်မင်ယီမှာ အေးစက်သော မျက်နှာထားဖြင့် သူ၏ အနီးသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ နောက်တွင်မူ စာပေသမားရုပ်ပေါက်နေသော အမျိုးသား တစ်ဦး ပါလာလေသည်။

"တောင်းပန်ပါတယ်... ကျွန်မ နေလို့ သိပ်မကောင်းလို့ အကမကချင်ပါဘူး..."

ဟယ်မင်ယီက ပြောရင်း ဆွန်ဖုန်း၏ အနီးသို့ ရောက်လာကာ သူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဆွန်ဖုန်း၏ လက်မောင်းကိုပါ ဖက်ထားလိုက်လေသည်။

ချန်ကျီအန် ဆိုသော ထိုအမျိုးသားသည် ဟယ်မင်ယီ၏ လုပ်ရပ်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားလေသည်။ 'ဟယ်မင်ယီမှာ ရည်းစား မရှိသေးဘူး မဟုတ်လား... ဘာလို့ သူ့ဘေးက ယောက်ျားရဲ့ လက်မောင်းကို ဖက်ထားရတာလဲ' ဟု သူ စိတ်ထဲမှ တွေးလိုက်မိသည်။

"မစ်ဟယ်... ဒီက ညီအစ်ကိုက..."

ချန်ကျီအန်က ဆွန်ဖုန်းအား ကြည့်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။

"သူက ဆွန်ဖုန်းလေ... ကျွန်မရဲ့ ချစ်သူပါ..."

ဟယ်မင်ယီက ခပ်အေးအေးပင် ဖြေလိုက်သည်။

"အို... မစ္စတာဆွန်ကိုး... ကျွန်တော်က ချန်ကျီအန်ပါ... ဟယ်မင်ယီ တစ်ယောက် မစ္စတာဆွန်ရဲ့ ချစ်သူ ဖြစ်သွားပြီဆိုတော့ မစ္စတာဆွန်က တကယ် ကံကောင်းတာပဲ..."

ချန်ကျီအန်က အပေါ်ယံ အပြုံးဖြင့် ပြောလိုက်ပြီးနောက် ထပ်မေးလိုက်သည်။

"ဒါနဲ့ မစ္စတာဆွန်က ဘယ်လုပ်ငန်းမှာများ လုပ်ကိုင်နေပါသလဲ..."

"အို... ကျွန်တော်က စီးပွားရေး လုပ်ငန်းသေးသေးလေး တစ်ခု လုပ်နေတာပါ..."

ဆွန်ဖုန်းသည် သူ့ချစ်သူအား လာရောက် ပိုးပန်းနေသော ဤချန်ကျီအန် ဆိုသူကို မြင်သောအခါ မျက်နှာသာ ပေးစရာ အကြောင်း မရှိချေ။

"ဟားဟား... ဒါဆိုလည်း ခွင့်ပြုပါဦးဗျာ..."

ချန်ကျီအန်က ထွက်သွားလေတော့သည်။

"ဟူး... ကပွဲကို လာတိုင်း ယင်ကောင်တွေ အုံနေတာပဲ... တကယ် စိတ်ညစ်ဖို့ ကောင်းတယ်..."

ဟယ်မင်ယီက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။

"တကယ်တော့ ငါ့ကို လာပြီး မိတ်ဖွဲ့ချင်တဲ့ မိန်းကလေးတွေလည်း အများကြီးပဲ..."

ဆွန်ဖုန်းက ရယ်ကျဲကျဲဖြင့် နှာခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။

"သွားသေလိုက်... နင် သွားရဲရင် သွားကြည့်လေ..."

ဟယ်မင်ယီက ဆွန်ဖုန်း၏ ခါးမှ အသားကို လှမ်းလိမ်လိုက်ရာ ဆွန်ဖုန်းမှာ နာကျင်လွန်း၍ သွားဖြဲသွားရလေသည်။

"ဟင်... အစ်ကိုစုန်းလည်း ဒီမှာ ရောက်နေတာလား... သွားရအောင်... သွားနှုတ်ဆက်ကြမယ်... အစ်ကိုစုန်းကလည်း သံမဏိ လုပ်ငန်း လုပ်တာဆိုတော့ နင် သူနဲ့ ခင်ထားသင့်တယ်..."

ဟယ်မင်ယီက မလှမ်းမကမ်းရှိ ထောင့်တစ်နေရာတွင် ထိုင်နေသော အသက် သုံးဆယ်ကျော်ခန့် အမျိုးသား တစ်ဦးကို မြင်သောအခါ ဆွန်ဖုန်းအား ဆွဲခေါ်သွားလေသည်။

"အစ်ကိုစုန်း... အစ်ကိုလည်း ဒီကို ရောက်နေတာလား..."

ဟယ်မင်ယီသည် စုန်းကျဲ၏ ရှေ့သို့ ရောက်သောအခါ နှုတ်ဆက်လိုက်သည်။

စုန်းကျဲက ခေါင်းမော့ကြည့်လိုက်ရာ ဟယ်မင်ယီ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။

"အို... မင်ယီကိုး... မတွေ့ရတာ ကြာပြီနော်... ဟိုတစ်နေ့ကမှ ဦးလေးကြီးက မင်း အိမ်မပြန်တာ ကြာပြီလို့ ပြောနေသေးတယ်..."

ဟယ်မင်ယီမှာ စုန်းကျဲ၏ စကားကြောင့် အနည်းငယ် မျက်နှာပူသွားရသည်။ စုန်းကျဲ၏ ဖခင်မှာ ထျန်းဟိုင်မြို့တွင် နေထိုင်ပြီး သူမမှာ ဟိုင်ယန်မြို့တွင် နေထိုင်သဖြင့် ဖခင်ဖြစ်သူထံသို့ သွားရောက် မလည်ပတ်ဖြစ်သည်မှာ အတော်လေး ကြာပြီ ဖြစ်သည်။

"အစ်ကိုက ထျန်းဟိုင်မြို့မှာ မဟုတ်ဘူးလား... ဒီကို ဘယ်လိုရောက်လာတာလဲ..."

ဟယ်မင်ယီက ဆွန်ဖုန်းကို ဆွဲကာ ဝင်ထိုင်ရင်း မေးလိုက်သည်။

"အစ်ကိုက ဒီရက်ပိုင်း စီးပွားရေး ကိစ္စလေးတွေ ရှိလို့ ဒီကို ရောက်နေတာ... ပြီးတော့ သူငယ်ချင်း တစ်ယောက်ရဲ့ သား မွေးနေ့ဆိုလို့ ဝင်လာခဲ့တာ..."

စုန်းကျဲက ရှင်းပြလိုက်သည်။

"ဒီက ညီလေးက..."

စုန်းကျဲသည် ဘေးရှိ ဆွန်ဖုန်းကို စောစောကတည်းက သတိထားမိနေသဖြင့် ပြုံးကာ မေးလိုက်သည်။

"သူက ကျွန်မ ချစ်သူ ဆွန်ဖုန်းပါ... ဒါက အစ်ကိုစုန်း... စုန်းကျဲ တဲ့..."

ဟယ်မင်ယီက အပြန်အလှန် မိတ်ဆက်ပေးလိုက်သည်။

"မင်္ဂလာပါ အစ်ကိုစုန်း..."

ဆွန်ဖုန်းက ပြုံးကာ နှုတ်ဆက်လိုက်သည်။

"အေးအေး... အားနာစရာ မလိုပါဘူးကွာ... မင်းက မင်ယီရဲ့ ချစ်သူဆိုတော့ ငါတို့လည်း ညီအစ်ကိုတွေပဲပေါ့... ငါတို့ မိသားစု နှစ်ခုကလည်း ရင်းနှီးတဲ့ မိတ်ဆွေတွေဆိုတော့ မင်း ငါ့ကို အစ်ကိုစုန်းလို့ ခေါ်လို့ ရပါတယ်... ငါကလည်း မင်းကို ညီ​လေးဆွန်ဖုန်း လို့ပဲ ခေါ်မယ်လေ..."

စုန်းကျဲမှာ အလွန် ဖော်ရွေသော သူတစ်ယောက် ဖြစ်လေသည်။

All Chapters