အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) ကျွန်တော့်မှာ တန်ချိန် ၅ သန်း ရှိတယ်
"ရပါတယ်... အစ်ကိုစုန်း..."
မိမိ၏ရှေ့မှ အလတ်ပိုင်းအရွယ် အမျိုးသားမှာ ဟယ်မင်ယီ မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ပြီး ဖော်ရွေသော အမူအရာ ရှိသည်ကို တွေ့ရသောအခါ ဆွန်ဖုန်းမှာ သူ့အပေါ် ချက်ချင်း သဘောကျသွားလေသည်။
"ဆွန်ဖုန်းက တကယ်ကို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပဲ... အစ်ကိုတို့ရဲ့ မာနကြီးတဲ့ မင်းသမီးလေး မင်ယီကိုတောင် အရယူနိုင်ခဲ့တယ်ဆိုတော့ တကယ့်ကို စွမ်းတာပဲ..."
စုန်းကျဲသည် ဆွန်ဖုန်းကို အတော်လေး စိတ်ဝင်စားသွားပုံရသည်။
အမြဲတမ်း မာနကြီးလေ့ရှိသော ဟယ်မင်ယီမှာ ချစ်သူရနေပြီ ဆိုသည်ကို သူ အံ့ဩနေမိသည်။
"ဟဲဟဲ... ကံကောင်းသွားလို့ပါ..."
ဆွန်ဖုန်းက ပြုံးကာ ခေါင်းနောက်စေ့ကို ပွတ်ရင်း ဖြေလိုက်သည်။
အမှန်တကယ်တော့ သူက အတင်းအကျပ် အပိုင်စီးခဲ့ခြင်း ဖြစ်ကြောင်းကို မည်သူသိနိုင်မည်နည်း။
ဟယ်မင်ယီမှာ စုန်းကျဲ၏ စကားကြောင့် မျက်နှာပျက်သွားပြီး သူမ၏ အဖြစ်ဆိုးကို သတိရသွားကာ ဆွန်ဖုန်းအား မျက်စောင်းထိုးလိုက်သည်။
သို့သော် စုန်းကျဲ၏ အမြင်တွင်မူ ထိုအပြုအမူလေးမှာ ချစ်သူနှစ်ဦး အပြန်အလှန် ကျီစယ်နေကြသည်ဟုသာ ထင်မြင်သွားစေသည်။
"ဒါနဲ့ အစ်ကိုစုန်း... မရီးရော နေကောင်းရဲ့လား..."
ဟယ်မင်ယီက ဤအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
"မင်ယီ့ မရီးကတော့ အိမ်မှာ ကလေးထိန်းရင်း နေကောင်းပါတယ်..."
စုန်းကျဲက ပြုံးကာ ဖြေလိုက်ပြီးနောက် ဆက်ပြောသည်။
"မင်ယီကရော... အခုထိ အဖေဖြစ်သူနဲ့ စိတ်ကောက်နေတုန်းလား... မင်ယီ့အဖေလည်း မလွယ်ပါဘူး... သူ့ကိုလည်း နားလည်ပေးသင့်ပါတယ်... အချိန်ရရင် အိမ်ပြန်ပြီး သွားကြည့်ပါဦး..."
စုန်းကျဲက ဟယ်မင်ယီနှင့် သူမ၏ ဖခင်တို့ကြားမှ ပြဿနာကို သိရှိထားသဖြင့် စေတနာဖြင့် အကြံပေးလိုက်သည်။
"အင်းပါ... သွားကြည့်ပါ့မယ်..."
ဟယ်မင်ယီက အပေါ်ယံသာ ပြန်ဖြေလိုက်သည်။
"အစ်ကိုစုန်းက နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လေ... သူက သံမဏိစက်ရုံကြီး တစ်ခု ပိုင်ဆိုင်ထားတဲ့အပြင် ရှေးဟောင်းပစ္စည်းနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားတယ်... နင် သူနဲ့ စီးပွားရေး အကြောင်းတွေ ဆွေးနွေးသင့်တယ်..."
ဆွန်ဖုန်းမှာ စကားမည်သို့ စပြောရမည်ကို မသိဖြစ်နေသည်ကို မြင်သောအခါ ဟယ်မင်ယီက ကူညီ၍ လမ်းကြောင်းပေးလိုက်သည်။
"ဟုတ်တာပေါ့... အစ်ကိုစုန်းဆီကနေ စီးပွားရေး အတွေ့အကြုံတွေ အများကြီး သင်ယူရဦးမယ်..."
ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။
စုန်းကျဲမှာ လူ့လောက အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်ရာ ဟယ်မင်ယီ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။
"သင်ယူစရာတော့ မလိုပါဘူး... အချင်းချင်း အမြင်ချင်း ဖလှယ်ကြတာပေါ့... ဟားဟား..." ဟု သူက ရယ်မောကာ ပြန်ဖြေလိုက်သည်။
"ဒါနဲ့... ညီလေး ဆွန်ဖုန်းက အခု ဘာလုပ်ငန်းတွေ လုပ်နေလဲ..."
စုန်းကျဲက ဆွန်ဖုန်းကို စိတ်ဝင်စားစွာ မေးလိုက်သည်။
အမြဲတမ်း မာနကြီးလေ့ရှိသော ဟယ်မင်ယီကို မည်သို့သော အရည်အချင်းများဖြင့် ဆွဲဆောင်နိုင်ခဲ့သနည်း ဆိုသည်ကို သူ သိချင်နေမိသည်။
"ကျွန်တော်က အခု သံမဏိစက်ရုံလေး တစ်ခု ဖွင့်ထားပါတယ်... သံမဏိတုံး၊ သံမဏိချောင်းနဲ့ အထူးသံမဏိတွေကို အဓိက ထုတ်လုပ်တယ်... ပြီးတော့ သံသတ္တု အရောင်းအဝယ် နည်းနည်းပါးပါးလည်း လုပ်ပါတယ်..."
ဆွန်ဖုန်းက စောစောက စုန်းကျဲမှာ သံမဏိစက်ရုံကြီး တစ်ခု ပိုင်ဆိုင်ထားသည်ဟု ဟယ်မင်ယီ ပြောသည်ကို ကြားလိုက်ကတည်းက သံသတ္တု ဝယ်ယူရန် လိုအပ်မည်လား ဆိုသည်ကို စုံစမ်းချင်နေခဲ့သည်။
လက်ရှိ သူ၏ လက်ထဲတွင် သံသတ္တု တန်ချိန် သန်း ၄၀ နီးပါး ရှိနေသည် မဟုတ်ပါလား။
စုန်းကျဲသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ မျက်နှာပေါ်တွင် ဘာမျှ မပြသသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် တွေးတောသွားမိသည်။
ဆွန်ဖုန်း၏ လုပ်ငန်းမှာ ထူးခြားမှု မရှိဘဲ သာမန် လုပ်ငန်းတစ်ခုသာ ဖြစ်ရာ ဟယ်မင်ယီက မည်သည့်အတွက်ကြောင့် သူ့ကို သဘောကျရသနည်းဟု စဉ်းစားမရ ဖြစ်နေမိသည်။
"ညီလေး ဆွန်ဖုန်းက သံသတ္တု အရောင်းအဝယ် လုပ်တာလား... လက်ထဲမှာ သံသတ္တုတွေ ရှိနေလို့လား..."
စုန်းကျဲသည် ဆွန်ဖုန်း၏ သံမဏိစက်ရုံကို သိပ်စိတ်မဝင်စားချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ သံမဏိစက်ရုံကြီးမှာ တစ်နှစ်လျှင် အမြတ်ငွေ ယွမ် တစ်ဘီလီယံခန့် ရရှိပြီး ပြည်တွင်းရှိ ပုဂ္ဂလိက သံမဏိလုပ်ငန်းများတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။
သံမဏိလုပ်ငန်းရှင် အကြီးအကဲ အားလုံးနှင့်လည်း သူ ရင်းနှီးကျွမ်းဝင်မှု ရှိသည်။
ဆွန်ဖုန်း၏ သံမဏိစက်ရုံ နာမည်ကို တစ်ခါမှ မကြားဖူးသဖြင့် သာမန် စက်ရုံလေးတစ်ခုသာ ဖြစ်မည်ဟု သူ တွေးလိုက်ပြီး သံသတ္တု အရောင်းအဝယ် အကြောင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
"ရှိပါတယ်... အစ်ကိုစုန်း စိတ်ဝင်စားလို့လား..."
ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာလေသည်။
သူ စောင့်နေသည်မှာ စုန်းကျဲ၏ ဤစကားပင် ဖြစ်သည်။
စုန်းကျဲ၏ သံမဏိစက်ရုံကြီးက သံသတ္တု အမြောက်အမြား လိုအပ်မည် ဖြစ်ရာ စျေးနှုန်း သင့်တင့်ပါက ဟယ်မင်ယီ မျက်နှာနှင့် ဆွန်ဖုန်းထံမှ ဝယ်ယူပေးရန် သူ ဝန်လေးမည် မဟုတ်ချေ။
"အစ်ကို့စက်ရုံက တစ်နှစ်ကို သံသတ္တု တန်ချိန် ၅ သန်းလောက် လိုအပ်တယ်... ညီလေးဆီမှာ ရှိသလောက် အားလုံးကို အစ်ကို ဝယ်ယူနိုင်တယ်... ဒါပေမယ့် စီးပွားရေး ကိစ္စဆိုတော့ စျေးနှုန်းကိုတော့ သေချာ ဆွေးနွေးရမှာပေါ့..."
စုန်းကျဲက ခပ်တည်တည်ပင် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဆွန်ဖုန်း၏ မျက်နှာတွင် အရောင်တောက်သွားလေသည်။
စီးပွားရေးသမားများသည် အမြတ်အစွန်းကိုသာ အဓိကထားကြသော်လည်း စုန်းကျဲက တစ်နှစ်လျှင် သံသတ္တု တန် ၅ သန်း လိုအပ်သည်ဟု ဆိုသဖြင့် သူ၏ လက်ထဲရှိ သံသတ္တုများကို ရောင်းချနိုင်မည့် အခွင့်အရေး ရပြီ ဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်သည်။
"ကျွန်တော့်ဆီမှာ သံသတ္တု တန်ချိန် ၅ သန်း ရှိတယ်ဗျ..."
ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝိုင်နီ သောက်နေသော စုန်းကျဲမှာ သီးလုမတတ် ဖြစ်သွားရလေသည်။
"ဘာ... ဘယ်လောက်... တန်ချိန် ၅ သန်း..."
စုန်းကျဲမှာ မျက်လုံးပြူးကာ ဆွန်ဖုန်းအား အံ့အားသင့်စွာ ကြည့်ရင်း စကားပင် ဆက်မပြောနိုင်အောင် ဖြစ်သွားရလေသည်။
သူ တကယ်ကို အံ့ဩသွားမိသည်။ ယခင်က ဆွန်ဖုန်းကို အထင်သေးခဲ့မိသော်လည်း ယခုအခါတွင် သံသတ္တု တန် ၅ သန်းကို တစ်ပြိုင်နက်တည်း ထုတ်ရောင်းနိုင်သူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
တန် ၅ သန်း ဆိုသည်မှာ သာမန် သတ္တုတွင်းကြီး တစ်ခု၏ ခြောက်လကျော်စာ ထုတ်လုပ်မှု ပမာဏပင် ဖြစ်သည်။ ထိုပမာဏကို ဆွန်ဖုန်းက အလွယ်တကူ ထုတ်ပြောနိုင်သည် ဆိုတော့...
မူလက ဆွန်ဖုန်းထံတွင် သံသတ္တု တန်ချိန် သိန်းဂဏန်းခန့်သာ ရှိမည်ဟု စုန်းကျဲ ထင်ထားခဲ့သော်လည်း တန်ချိန် ၅ သန်း ဆိုသည့် စကားကြောင့် သူ အလွန် အံ့အားသင့်သွားရသည်။
ဤမျှများပြားသော သံသတ္တုများကို ဝယ်ယူရန် ဆွန်ဖုန်း အနေဖြင့် ငွေကြေး မည်မျှ ရင်းနှီးမြှုပ်နှံထားရမည်နည်းဟု သူ တွေးနေမိသည်။
အမှန်တကယ်တော့ ထိုသံသတ္တုများမှာ ဆွန်ဖုန်း ကိုယ်တိုင် သွားရောက် တူးဖော်... အဲ... ခိုးယူထားခြင်း ဖြစ်ပြီး အရင်းအနှီး တစ်ပြားမှ မစိုက်ရသော လုပ်ငန်း ဖြစ်ကြောင်းကို စုန်းကျဲ မသိရှိခဲ့ချေ။
"တန်ချိန် ၅ သန်း..."
ဘေးတွင် ထိုင်နေသော ဟယ်မင်ယီမှာလည်း ဆွန်ဖုန်းအား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေမိသည်။
သူမသည် သံမဏိလုပ်ငန်း အကြောင်းကို ကောင်းစွာ မသိသော်လည်း တန်ချိန် ၅ သန်း ဆိုသည့် ပမာဏက မည်မျှ ကြီးမားကြောင်းကိုမူ နားလည်ထားပေသည်။
လက်ရှိ ပေါက်စျေးအရ သံသတ္တု တစ်တန်လျှင် ယွမ် ၆၀၀ ခန့် ရှိရာ တန် ၅ သန်း ဆိုလျှင် ယွမ် သုံးဘီလီယံ တန်ဖိုးရှိ အရောင်းအဝယ်ကြီး တစ်ခု ဖြစ်ပေသည်။
(၂၀၁၃ ခုနှစ်တွင် သံသတ္တု တစ်တန်လျှင် ယွမ် ၁၅၀၀ ခန့် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ယွမ် ၈၀၀ သို့ ကျဆင်းသွားခဲ့ပြီး ယခုအခါ ယွမ် ၆၀၀ ကျော်သာ ရှိတော့သည်။ သံသတ္တု စျေးကွက်မှာ တစ်နှစ်ထက် တစ်နှစ် ဆက်တိုက် ကျဆင်းနေသည်ဟု ဆိုရမည် ဖြစ်သည်။)
ယခုအခါ စုန်းကျဲမှာ စောစောက သူ ပြောခဲ့သော စကားအတွက် အနည်းငယ် နောင်တရနေမိသည်။
မည်မျှ ရှိရှိ ဝယ်ယူမည်ဟု သူ ပြောခဲ့သော်လည်း ဆွန်ဖုန်းက ရုတ်တရက် တန် ၅ သန်းဟု ပြောလာသောအခါ သူ အနည်းငယ် တွေဝေသွားမိသည်။
အဘယ်ကြောင့်ဆိုသော် ယွမ် သုံးဘီလီယံ ဆိုသော ပမာဏမှာ သူ၏ ကုမ္ပဏီ ငွေကြေး လည်ပတ်မှုကို အခက်အခဲ ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ဆွန်ဖုန်း၏ လက်ထဲတွင် သံသတ္တု တန်ချိန် သန်း ၄၀ နီးပါး ရှိနေကြောင်းကိုသာ စုန်းကျဲ သိရှိသွားပါက လန့်ဖျပ်၍ သတိလစ်သွားမည်လား မသိနိုင်ပေ။
"ဒီ တန်ချိန် ၅ သန်း ကိစ္စကို အစ်ကို သေချာ ပြန်စဉ်းစားရဦးမယ်..."
စုန်းကျဲက အနေရခက်စွာဖြင့် ပြောလိုက်သည်။
"အကယ်၍ အစ်ကိုစုန်းက ဝယ်မယ်ဆိုရင် ကျွန်တော်က ပေါက်စျေးထက် နည်းနည်း လျှော့ပေးပါ့မယ်... အခု ပေါက်စျေးက ယွမ် ၆၀၀ ဆိုတော့ အစ်ကို့ကို ၅၀၀ နဲ့ ပေးမယ်လေ..."
ဆွန်ဖုန်းက စုန်းကျဲ တွေဝေနေသည်ကို မြင်သောအခါ ချက်ချင်းပင် မက်လုံးပေးလိုက်သည်။
သံသတ္တု အမြောက်အမြား ဝယ်ယူနိုင်မည့် ဖောက်သည်ကို သူ လက်လွှတ်မခံချင်ပေ။
ပေါက်စျေးထက် ယွမ် ၁၀၀ လျှော့ပေးရသော်လည်း လက်ရှိ သံသတ္တု စျေးကွက်မှာ ဆက်တိုက် ကျဆင်းနေဆဲ ဖြစ်ရာ မကြာမီ ယွမ် ၅၀၀ သို့ ရောက်ရှိသွားနိုင်ခြေ ရှိသဖြင့် ယခုတည်းက ထုတ်ရောင်းလိုက်ခြင်းက ပို၍ တွက်ခြေကိုက်ပေသည်။
ထို့အပြင် ဤသံသတ္တုများမှာ သူ ပိုက်ဆံပေးဝယ်ထားခြင်း မဟုတ်ဘဲ အခမဲ့ ရရှိထားခြင်း ဖြစ်ရာ ငွေရလျှင် ပြီးရောဟုသာ သူ တွေးထားသည်။
ထို့ထက်ပို၍ စုန်းကျဲမှာ ဟယ်မင်ယီ မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေ ဖြစ်နေသဖြင့် သူကလည်း သဘောထား ကြီးစွာဖြင့် လျှော့ပေးလိုက်ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ထိုစကားကို ကြားသောအခါ စုန်းကျဲ၏ မျက်နှာတွင် စိတ်ဝင်စားသော အမူအရာများ ပေါ်လာလေသည်။
စုန်းကျဲ၏ သံမဏိစက်ရုံက သံသတ္တု တန်ချိန် တစ်သန်းကျော်ခန့် ဝယ်ယူပြီးပြီ ဖြစ်ရာ နောက်ထပ် တန်ချိန် ၅ သန်း ထပ်ဝယ်မည် ဆိုပါက ငွေကြေး လည်ပတ်မှု အခက်အခဲ ဖြစ်လာနိုင်သည်။
ဤတန် ၅ သန်းကို ဝယ်ယူလိုပါက သူ၏ လုပ်ငန်းတူ မိတ်ဆွေအချို့နှင့် ပူးပေါင်းဝယ်ယူရန် ဆွေးနွေးရမည် ဖြစ်သည်။
"အစ်ကို တစ်ယောက်တည်းတော့ အကုန် မဝယ်နိုင်ဘူး... ဒီလို လုပ်ရင်ကော ဘယ်လိုလဲ... အစ်ကို့ သူငယ်ချင်း တစ်ယောက်ကလည်း သံမဏိစက်ရုံကြီး တစ်ခု ဖွင့်ထားတာ ဆိုတော့... သူ့ကိုပါ ခေါ်ပြီး ဒီ တန် ၅ သန်းကို အတူတူ ဝယ်ရင်ကော... ညီလေး ဆွန်ဖုန်း သဘောတူနိုင်မလား..."
စုန်းကျဲက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။