အခန်း ၄၁
Vol. 5 Ch. 41
အခန်း (၄၁) ကျွန်တော့်မှာ သန္တာနီတွေ ရှိတယ်... အစ်ကို လိုချင်လား
စုန်းကျဲ၏ စကားကို ကြားသောအခါ ဆွန်ဖုန်းသည် ဟန်ဆောင်၍ ခဏမျှ စဉ်းစားဟန် ပြလိုက်သည်။ အမှန်တကယ်တော့ သူ၏ သံသတ္တုများကို မည်သူနှင့် ပူးပေါင်းဝယ်ယူသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ အဓိကမှာ ရောင်းထွက်ပြီး ငွေရလျှင် ပြီးရောဟုသာ တွေးထားသည်။
"ရပါတယ်..."
ဆွန်ဖုန်းက တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
"အဲဒါဆိုလည်း ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ပါစေ..."
အဖြေရလိုက်သည်နှင့် စုန်းကျဲမှာ အလွန် ဝမ်းသာသွားသည်။ သံသတ္တု တစ်တန်လျှင် ယွမ် ၅၀၀ ဖြင့် ဝယ်ရမည်ဟု သူငယ်ချင်းဖြစ်သူအား သွားပြောလိုက်ပါက သေချာပေါက် ပူးပေါင်းဝယ်ယူမည်ဟု သူ ယုံကြည်ထားသည်။ သံမဏိစက်ရုံက ချက်ချင်း အကုန်မသုံးနိုင်လျှင်တောင်မှ သိုလှောင်ထားပါက အရှုံးပေါ်မည် မဟုတ်ပေ။ လက်ရှိတွင် သံသတ္တု စျေးနှုန်းမှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထပ်မံ ကျဆင်းရန် အကြောင်းမရှိတော့ဟု သူ ယူဆထားသည်။
"ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေ... ချီးယားစ်..."
သူတို့နှစ်ဦးသည် ဝိုင်ခွက်ချင်း တိုက်ကာ သောက်လိုက်ကြသည်။
ယခုအခါ စုန်းကျဲသည် ဆွန်ဖုန်း၏ လုပ်နိုင်စွမ်းကို သိမြင်သွားပြီ ဖြစ်ရာ သူ့အပေါ် အတော်လေး သဘောကျသွားပြီ ဖြစ်သည်။ အခေါ်အဝေါ်မှာလည်း အစက "ညီလေး ဆွန်ဖုန်း" ဟု ခေါ်ရာမှ ယခုအခါ "အာဖုန်း" ဟု ပြောင်းလဲခေါ်ဆိုလာရာ သူတို့၏ ဆက်ဆံရေးမှာ သိသိသာသာ ရင်းနှီးသွားပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။
ယွမ် သုံးဘီလီယံ တန်ဖိုးရှိ အရောင်းအဝယ် ကိစ္စမှာ ပဏာမ သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ သို့သော် အသေးစိတ် အချက်အလက်များနှင့် ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းများကိုမူ နောက်မှ ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်သည်။ ယခုနေရာမှာ ကပွဲဖြစ်သဖြင့် စီးပွားရေး ကိစ္စများကို အကျယ်တဝင့် ဆွေးနွေးရန် အဆင်မပြေချေ။
ဆွန်ဖုန်းနှင့် စုန်းကျဲတို့ ပထမဆုံး အကြိမ် စကားပြောဆိုရုံဖြင့် ယွမ် သုံးဘီလီယံ တန်ဖိုးရှိ စီးပွားရေး လုပ်ငန်းတစ်ခုကို ပဏာမ သဘောတူညီမှု ရရှိသွားသည်ကို မြင်သောအခါ ဟယ်မင်ယီသည် ဆွန်ဖုန်းအား ပို၍ စိတ်ဝင်စားသွားမိသည်။
ယခင်က ဆွန်ဖုန်း၏ လုပ်ငန်းမှာ သာမန် လုပ်ငန်းငယ်လေး တစ်ခုသာ ဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ယနေ့မှသာ သူသည် မိမိကိုယ်ကိုယ် နှိမ့်ချနေထိုင်တတ်သူ တစ်ယောက် ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ 'အိမ်ပြန်ရောက်ရင် သူ့မှာ တခြား လျှို့ဝှက်ချက် ဘာတွေ ရှိသေးလဲ ဆိုတာ သေချာ မေးကြည့်ရမယ်' ဟု ဟယ်မင်ယီက စိတ်ထဲမှ တွေးလိုက်မိသည်။
"အစ်ကိုစုန်း... ကျွန်တော့် သံမဏိစက်ရုံက မကြာသေးခင်ကမှ အထူးသံမဏိ အမျိုးအစားသစ် တစ်ခုကို ထုတ်လုပ်နိုင်ခဲ့တယ်... သူ့ရဲ့ အရည်အသွေးက လုံးဝ အာမခံနိုင်တယ်... အခု ထုတ်လုပ်မှု စတင်နေပြီဆိုပေမယ့် ဈေးကွက်တော့ မရသေးဘူးဗျ... အစ်ကိုက သံမဏိလောကမှာ အဆက်အသွယ် အများကြီး ရှိတယ်ဆိုတော့ အထူးသံမဏိ လိုအပ်တဲ့ ဝယ်လက်တွေများ ရှိရင် ကူညီပြီး မိတ်ဆက်ပေးပါလား..."
ဆွန်ဖုန်းသည် အခွင့်ကောင်းကြုံခိုက် အထူးသံမဏိ ကိစ္စကိုပါ ထည့်ပြောလိုက်သည်။ စုန်းကျဲက သူ့ထံမှ အကျိုးအမြတ် ရရှိသွားပြီ ဖြစ်ရာ အထူးသံမဏိ ကိစ္စကို ကူညီပေးရန် လွယ်ကူလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
စုန်းကျဲက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"အစ်ကို့မှာ စက်ယန္တရား ထုတ်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ သူငယ်ချင်း အချို့ ရှိတယ်... သူတို့ စက်ရုံတွေက အထူးသံမဏိ အများကြီး လိုအပ်တယ်လေ... အကယ်လို့ မင်းရဲ့ အထူးသံမဏိက သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ် ဆိုရင်တော့ အစ်ကို ကူညီပြီး စကားပြောပေးလို့ ရပါတယ်..."
စုန်းကျဲသည် ဆွန်ဖုန်း၏ အကူအညီ တောင်းခံမှုကို မငြင်းပယ်ခဲ့ချေ။ ဤကိစ္စမှာ သေးငယ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပြီး ဆွန်ဖုန်း၏ အထူးသံမဏိများက သူငယ်ချင်းများ၏ လိုအပ်ချက်နှင့် ကိုက်ညီပါက ကူညီ၍ ချိတ်ဆက်ပေးရန် ပြဿနာ မရှိဟု ယူဆထားသည်။
အကယ်၍ ဆွန်ဖုန်း၏ အထူးသံမဏိများက အရည်အသွေး မပြည့်မီပါကလည်း သူ တတ်နိုင်မည် မဟုတ်ပေ။ သူက ကြားမှ အချိတ်အဆက် ပြုလုပ်ပေးသူ တစ်ဦးသာ ဖြစ်ပြီး ပစ္စည်း အရည်အသွေး မမီပါက သူ့အနေဖြင့်လည်း ဘာမျှ ကူညီပေးနိုင်မည် မဟုတ်ချေ။
"အဲဒါဆိုရင် အစ်ကို အချိန်ရတဲ့အခါ မင်းရဲ့ အထူးသံမဏိ အချက်အလက်တွေနဲ့ နမူနာ ပစ္စည်းတချို့ကို ပေးလိုက်လေ... အစ်ကို့ သူငယ်ချင်းတွေကို သွားပြပေးမယ်..."
စုန်းကျဲက ပြောလိုက်သည်။
"ရပါတယ်... ကျွန်တော့်ဘက်က အချိန်မရွေး အဆင်သင့်ပါပဲ..."
ဆွန်ဖုန်းသည် စုန်းကျဲ၏ အဖြေကို ကြားသောအခါ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယနေ့ ကပွဲသို့ လာရသည်မှာ အကျိုးများလှပေသည်။ စုန်းကျဲနှင့် တွေ့ဆုံရသဖြင့် သံသတ္တု တန်ချိန် ၅ သန်းကို ရောင်းချနိုင်ခဲ့ရုံသာမက အထူးသံမဏိ ဈေးကွက်အတွက်ပါ လမ်းစ ပွင့်သွားခဲ့ပြီ ဖြစ်သည်။
"အင်း... အဲဒါဆိုလည်း သံသတ္တု ကိစ္စကို မနက်ဖြန် အချိန်နဲ့ နေရာ သေချာ သတ်မှတ်ပြီး အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့... ဒီည ဒီနေရာမှာ ဆွေးနွေးဖို့က သိပ်အဆင်မပြေဘူးလေ..."
စုန်းကျဲက ပြောရင်း ဆက်သွယ်ရန် လိပ်စာကတ် တစ်ကတ်ကို ဆွန်ဖုန်းအား ကမ်းပေးလိုက်သည်။
"အင်း..."
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဤကိစ္စမှာ ယွမ် သုံးဘီလီယံ တန်ဖိုးရှိ လုပ်ငန်းကြီး တစ်ခု ဖြစ်ရာ အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် ရက်အနည်းငယ် ကြာမြင့်နိုင်ပေသည်။
"ဒါနဲ့... ခုနက မင်ယီ ပြောသွားတာ ကြားလိုက်တယ်... အစ်ကိုစုန်းက ရှေးဟောင်းပစ္စည်းနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းတွေလည်း လုပ်တယ်ဆိုတော့... သန္တာနီရော ဝယ်သေးလား..."
ဆွန်ဖုန်းက ဝိုင်နီ တစ်ကျိုက် သောက်လိုက်ပြီးနောက် စုန်းကျဲအား တိုးတိုးလေး မေးလိုက်သည်။
"သန္တာနီ..."
စုန်းကျဲက ဆွန်ဖုန်းအား အနည်းငယ် အံ့ဩသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လက်ရှိတွင် သန္တာနီများကို တူးဖော်ခွင့် ပိတ်ပင်ထားပြီ ဖြစ်ရာ ဆွန်ဖုန်းက ဤလုပ်ငန်းကိုပါ လုပ်ကိုင်နေသည်လားဟု သူ တွေးလိုက်မိသည်။
"ဟုတ်တယ်... ကျွန်တော့်ဆီမှာ သန္တာနီ အသုတ်လိုက် ရှိနေတယ်... အစ်ကိုစုန်းများ စိတ်ဝင်စားမလားလို့ပါ..."
ဆွန်ဖုန်းသည် ထိုအချိန်မှသာ သူ၏ သိုလှောင်ရုံ အတွင်းရှိ သန္တာနီပင် ၁၃ ပင်နှင့် ရွှေရိုင်းတုံး တန် ၅၀ ကို သတိရသွားခြင်း ဖြစ်သည်။ ရွှေရိုင်းတုံးများကို လွယ်လွယ်ကူကူ ရောင်းချရန် မဖြစ်နိုင်သော်လည်း သန္တာနီပင်များကိုမူ ရောင်းချနိုင်မည်ဟု သူ ယူဆထားသည်။
စုန်းကျဲ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ ဆွန်ဖုန်းက "အသုတ်လိုက်" ဟု သုံးနှုန်းသွားသဖြင့် သန္တာနီ အရေအတွက် အတော်များပြားမည် ဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
"ဟဲဟဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက ရှေးဟောင်းပစ္စည်း၊ ကျောက်စိမ်း၊ တန်ဖိုးကြီး လက်ဝတ်ရတနာနဲ့ ရွှေ... အားလုံး လုပ်ပါတယ်... ညီလေး အာဖုန်းဆီမှာ သန္တာနီ ဘယ်လောက်လောက် ရှိလဲ..."
စုန်းကျဲသည် သူ၏ အဆက်အသွယ်များနှင့် ဆိုပါက သန္တာနီ အရောင်းအဝယ် လုပ်ရန် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ကြောင်း ယုံကြည်ထားပေသည်။
"သန္တာနီပင် ၁၃ ပင်..."
ဆွန်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်ပြီး "အပင်" ဆိုသည့် စကားလုံးကို တမင်တကာ အသံဆွဲ၍ ပြောလိုက်သည်။
"ဘာ... သန္တာနီပင် ၁၃ ပင်..."
စုန်းကျဲသာမက ဟယ်မင်ယီပါ ဆွန်ဖုန်းအား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
သန္တာနီဆိုသည်မှာ အလွန် တန်ဖိုးကြီးလှသော်လည်း ပျက်စီးယိုယွင်းမှု မရှိသော သန္တာနီပင် အစစ်ဆိုလျှင် ပို၍ပင် တန်ဖိုးကြီးမားလှပေသည်။
"အကြီးဆုံးက ဂရမ် ၄၀၀-၅၀၀ လောက် ရှိပြီး၊ အသေးဆုံးကတောင် ဂရမ် ၂၀၀-၃၀၀ လောက် ရှိတယ်ဗျ..."
ဆွန်ဖုန်းက သူတစ်ပါး အံ့ဩလောက်မည့် စကားကို ထပ်မံ ပြောလိုက်ပြန်သည်။
"ရှီး..."
စုန်းကျဲသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ အရည်အသွေး ကောင်းမွန်သော သန္တာနီ ကုန်ကြမ်း တစ်ဂရမ်လျှင်ပင် ယွမ် ၁၅၀၀၀ အထိ ပေါက်ဈေး ရှိနေသည် မဟုတ်ပါလား။ ဆွန်ဖုန်း ပြောသည့်အတိုင်း အကြီးဆုံး အပင်မှာ ဂရမ် ၄၀၀-၅၀၀ ခန့် ရှိမည် ဆိုပါက ထိုသန္တာနီပင်များ၏ တန်ဖိုးမှာ အလွန် ကြီးမားလှပေမည်။
"မနက်ဖြန် မင်းအိမ်ကို လာကြည့်လို့ ရမလား..."
စုန်းကျဲသည် ချက်ချင်း ဝယ်ယူမည်ဟု အဖြေမပေးသေးဘဲ ပစ္စည်းကို အရင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အမှန်တကယ်တော့ သူသည် ယခုညပင် သွားကြည့်ချင်နေသော်လည်း ထိုစိတ်ဆန္ဒကို မနည်း ထိန်းချုပ်ထားရခြင်း ဖြစ်သည်။
"ရပါတယ်..."
ဆွန်ဖုန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့သည် အခြား အကြောင်းအရာများကို အနည်းငယ် ဆက်လက် ဆွေးနွေးကြပြီး စုန်းကျဲက ဆွန်ဖုန်းအား ဟိုင်ယန်မြို့ရှိ နာမည်ကြီး ပုဂ္ဂိုလ် အချို့နှင့် လိုက်လံ မိတ်ဆက်ပေးခဲ့သည်။
ထိုသို့ဖြင့် အချိန်များ အလျင်အမြန် ကုန်လွန်သွားကာ ည ၁၁ နာရီခန့်တွင် ကပွဲ ပြီးဆုံးသွားလေသည်။
စုန်းကျဲသည် မနက်ဖြန်တွင် ဆွန်ဖုန်း၏ အိမ်သို့ လာရောက်ကာ သန္တာနီပင်များကို ကြည့်ရှုမည့်အပြင် သံသတ္တု အရောင်းအဝယ် ကိစ္စကိုပါ တစ်ပါတည်း ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။
အိမ်အပြန်လမ်းတွင် ဆွန်ဖုန်း၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေလေသည်။ ဟယ်မင်ယီနှင့်အတူ ကပွဲသို့ လိုက်လာရုံဖြင့် ဤမျှ ကောင်းမွန်သော အခွင့်အရေးများ ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သံသတ္တုများကို ရောင်းချနိုင်မည့်အပြင် သန္တာနီပင်များကိုပါ ရောင်းချနိုင်တော့မည် ဖြစ်သည်။
အထူးသံမဏိ အတွက်လည်း ဈေးကွက်တစ်ခု ရရှိနိုင်မည့် အလားအလာ ရှိနေပြီး အရေးအကြီးဆုံးမှာ စုန်းကျဲ ကဲ့သို့သော အဆက်အသွယ်ကောင်း တစ်ခု ရရှိသွားခြင်းပင် ဖြစ်သည်။
ယနေ့ည အတွေ့အကြုံများအရ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ဆောင်ရာတွင် အဆက်အသွယ် ဆိုသည်မှာ အလွန် အရေးကြီးကြောင်း ဆွန်ဖုန်း ကောင်းစွာ သဘောပေါက်သွားလေသည်။
BMW i8 သည် လမ်းမထက်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ ဟယ်မင်ယီက ဆွန်ဖုန်း၏ ဘေးတိုက် မျက်နှာသွင်ပြင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဆွန်ဖုန်း... နင်က အရမ်းကို အံ့ဩစရာ ကောင်းတာပဲ... အရင်က ကြည့်ရတာ တောသားလေး တစ်ယောက်လို ဖြစ်နေပြီး ဘာမှလည်း ထုတ်ပြတာ မရှိဘဲနဲ့... အခုမှ နင့်မှာ ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေမှန်း သိရတယ်..."
ဟယ်မင်ယီ၏ စကားကို ကြားသောအခါ ဆွန်ဖုန်းက 'ငါက အရင်ကတည်းက တောသားလေး ဖြစ်ခဲ့တာပါ... ရွှေလက်ချောင်းသာ မရခဲ့ရင် တစ်သက်လုံး တောသား အဖြစ်နဲ့ပဲ နေသွားရမှာ...' ဟု စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။ သို့သော် အတွေ့အကြုံများ များပြားလာသည်နှင့်အမျှ တောသားပုံစံမှ ချမ်းသာပြီး ချောမောသော လူငယ်လေး တစ်ယောက် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားနိုင်မည်ဟု သူ ယုံကြည်ထားပေသည်။
"ဟူး... ပိုက်ဆံ မရှိလို့ ဘယ်ဖြစ်မလဲ... ပိုက်ဆံ မရှိရင် နင်နဲ့ ငါတို့ရဲ့ ကလေးလေးကို ဘယ်လို ရှာကျွေးနိုင်မလဲ..."
ဆွန်ဖုန်းက နောက်ပြောင်ကာ ပြောလိုက်သည်။
"သွားစမ်းပါ... ငါ့မှာလည်း ပိုက်ဆံ အများကြီး ရှိတယ်... နင် ရှာကျွေးစရာ မလိုဘူး..."
ဟယ်မင်ယီက နှုတ်ခမ်းတွန့်ကာ ပြန်ပြောလိုက်သည်။ သူမသည်လည်း အလှကုန် ကုမ္ပဏီ တစ်ခုကို ဖွင့်လှစ်ထားသူ တစ်ဦး မဟုတ်ပါလား။
"......"