← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း (၄၄) အရိုက်ခံရခြင်း

"လူကြီးမင်းတို့က ကားလာကြည့်တာလား၊ ဒါမှမဟုတ် ဝယ်မလို့လားရှင်..." လှပသော အမျိုးသမီး အရောင်းကိုယ်စားလှယ်လေးက ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့အား ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားရင်း မေးလိုက်သည်။

"ဝယ်မလို့..." ဟယ်မင်ယီက ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ... ဒီဘက်ကို ကြွပါရှင်..." အရောင်းကိုယ်စားလှယ်လေးက အလွန်ယဉ်ကျေးစွာဖြင့် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့အား ကားများ ပြသထားရာဘက်သို့ ခေါ်ဆောင်သွားလေသည်။

"ဒီမှာ ပေါ်ရှေး ၉၁၈ ရှိလား..." ဟယ်မင်ယီက လမ်းလျှောက်ရင်း အရောင်းကိုယ်စားလှယ်လေးအား မေးလိုက်သည်။ သူမသည် ပြီးခဲ့သော ရက်အနည်းငယ်ကတည်းက သဘောကျသော ကားအမျိုးအစားကို ရွေးချယ်ထားပြီးဖြစ်ရာ အချိန်မဖြုန်းလိုတော့ဘဲ တိုက်ရိုက်ပင် သွားကြည့်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

"ရှိပါတယ်ရှင်... မနေ့ကမှ တစ်စီး ရောက်ထားပါတယ်..." ဟယ်မင်ယီက ပေါ်ရှေး ၉၁၈ အကြောင်း မေးလိုက်သည်ကို ကြားသောအခါ အရောင်းကိုယ်စားလှယ်လေးမှာ အလွန်စိတ်လှုပ်ရှားပြီး ရင်ခုန်မြန်သွားရလေသည်။

ထိုကားမှာ ယွမ် ၁၅ သန်းတောင် တန်ဖိုးရှိသည် မဟုတ်ပါလား။ ဤနေရာမှာ နာမည်ကြီး ဇိမ်ခံကား အရောင်းပြခန်း ဖြစ်သော်လည်း လာဝယ်သူ အများစုမှာ ယွမ်သန်းဂဏန်းလောက် တန်ဖိုးရှိသော ကားများကိုသာ ဝယ်ယူလေ့ရှိကြပြီး ယွမ်ဆယ်သန်းကျော် တန်ဖိုးရှိသော ကားများကို ဝယ်ယူသူမှာ အလွန်ရှားပါးလှပေသည်။

ပိုင်ဆိုင်မှု ယွမ်ဘီလီယံချီ မရှိပါက မည်သူက ထိုကားမျိုးကို စီးနိုင်မည်နည်း။

မကြာမီမှာပင် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့သည် ထိုအရောင်းကိုယ်စားလှယ်လေး၏ နောက်မှ လိုက်ပါသွားကာ ပေါ်ရှေးကားများ သီးသန့်ပြသထားသော နေရာသို့ ရောက်ရှိသွားကြသည်။

ဟယ်မင်ယီသည် ပေါ်ရှေးကားများကို အကြိမ်အနည်းငယ် ပတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် အဖြူရောင် ပေါ်ရှေး ၉၁၈ ကားလေးကို လက်ညိုးထိုးကာ ပြောလိုက်သည်။ "ဒီကားပဲ ဝယ်မယ်..."

"သွားမယ်... ဖာရာရီ ပြခန်းဘက် သွားကြည့်ရအောင်... နင့်အတွက် တစ်စီး သွားရွေးပေးမယ်..." ဟယ်မင်ယီသည် သူမ၏ ကားကို ရွေးချယ်ပြီးသည်နှင့် ဆွန်ဖုန်းအား ဆွဲကာ ဘေးဘက်ရှိ ဖာရာရီကားများ ပြသထားရာ နေရာသို့ ထွက်လာခဲ့သည်။

အရောင်းကိုယ်စားလှယ်လေးမှာ ဟယ်မင်ယီက ဤပေါ်ရှေး ၉၁၈ ကားကို ဤမျှမြန်ဆန်စွာ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားရလေသည်။

သို့သော် သူမသည် စိတ်ကို ချက်ချင်း ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီး သူတို့နှစ်ဦး၏ နောက်မှ ဆက်လက် လိုက်ပါသွားခဲ့သည်။ စောစောက အမျိုးသားဖြစ်သူအတွက်လည်း ကားတစ်စီး ထပ်ဝယ်မည်ဟု ပြောသွားသည်ကို သူမ ကြားလိုက်ရသည် မဟုတ်ပါလား။

'ဝါး... ဒီနေ့တော့ ဌေးပြီဟေ့... ပေါ်ရှေး ၉၁၈ တစ်စီးတည်း ရောင်းရတာနဲ့တင် ကော်မရှင်ခက ယွမ်တစ်သိန်းလောက် ရမှာ...' အရောင်းကိုယ်စားလှယ်လေးမှာ ရင်ထဲတွင် အလွန်ဝမ်းသာပျော်ရွှင်နေလေသည်။ သူမသည် ဒဏ္ဍာရီထဲမှ အလွန်ချမ်းသာသော သူဌေးကြီးများနှင့် တကယ် တွေ့ဆုံလိုက်ရပြီ ဖြစ်သည်။ အာ... မဟုတ်သေးဘူး... အရမ်းကို ချမ်းသာပြီး ရုပ်ဖြောင့်တဲ့ လူငယ်လေးနဲ့ ချောမောလှပတဲ့ သူဌေးသမီးလေးတို့ စုံတွဲပဲ ဖြစ်ရမည်။

"ယောက်ျားလေးဆိုတာ အမိုက်ဆုံးနဲ့ အလန်းဆုံး ကားမျိုးကိုပဲ စီးသင့်တာ... ဒီအနီရောင် ဖာရာရီ လာဖာရာရီက နင်နဲ့ တော်တော်လေး လိုက်ဖက်တယ်..." ဟယ်မင်ယီသည် ဆွန်ဖုန်းအား ဆွဲခေါ်လာပြီး ထိုအနီရောင် စူပါပြိုင်ကားကြီး ရှေ့တွင် ရပ်ကာ လက်ညိုးထိုး၍ ပြောလိုက်သည်။

ဆွန်ဖုန်းသည် သူ၏ ရှေ့မှ အလွန်မိုက်သော ပြိုင်ကားကြီးကို ကြည့်ကာ စိတ်ထဲတွင် အလွန်သဘောကျသွားမိသည်။ ထို့အပြင် သူ့မိန်းမ၏ အမြင်က တကယ် မဆိုးကြောင်းနှင့် သူ့အတွက်ပင် ကားရွေးပေးတတ်နေပြီ ဖြစ်ကြောင်းကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

အမှန်တကယ်ပြောရလျှင် ယခင်က ဆွန်ဖုန်းသည် ဘီအမ်ဒဗလျူ စီးရီးထဲမှ ပြိုင်ကားများကို သိပ်မဝယ်ချင်ခဲ့ချေ။ သို့သော် ထိုအချိန်က ငွေများများစားစား မရှိခဲ့သဖြင့် ဘီအမ်ဒဗလျူ အိုင်အိတ် တစ်စီးကိုသာ ဝယ်ယူခဲ့ရခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ယောက်ျားလေးတိုင်း ဖာရာရီ ကားများကို သဘောကျကြသည်ဟု သူ ယုံကြည်ထားသည်။ ဖာရာရီ ဆိုသည်မှာ တကယ့်ကို အမိုက်စား မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ လက်နက်ကောင်းတစ်ခု မဟုတ်ပါလား။

ဖာရာရီ တစ်စီး မောင်းပြီး လမ်းမပေါ် ထွက်လိုက်သည်နှင့် သင့်ကားပေါ်သို့ တက်ချင်နေသည့် မိန်းမလှလေးများကို အလွယ်တကူ မြင်တွေ့ရပေလိမ့်မည်။

"အင်း... မဆိုးဘူး..." ဆွန်ဖုန်းက ကားကို သေချာ ကြည့်ရှုပြီးနောက် ကားပေါ်သို့ တက်ကာ စမ်းသပ်မောင်းနှင်ကြည့်လိုက်ရာ အလွန် သဘောကျသွားလေသည်။

"ကဲ... ကျွန်မတို့ အနီရောင် ဖာရာရီ လာဖာရာရီ တစ်စီးနဲ့ ပေါ်ရှေး ၉၁၈ တစ်စီး ယူမယ်..." ဟယ်မင်ယီက ဈေးဝယ်ထွက်ပြီး ဟင်းသီးဟင်းရွက် ဝယ်သကဲ့သို့ ဈေးလည်းမမေး၊ ဈေးလည်းမဆစ်ဘဲ သူဌေးသမီး ပီသစွာပင် ပြောလိုက်သည်။ သူမသည် ဤငွေများမှာ သူမ၏ ငွေများ မဟုတ်ဘဲ ဆွန်ဖုန်း၏ ငွေများ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိထားသည် မဟုတ်ပါလား။

"အာ... ဟုတ်... ဟုတ်ကဲ့ပါရှင်... ဒီဘက်ကို ကြွပါ..." အရောင်းကိုယ်စားလှယ်လေးမှာ ဘေးမှနေ၍ ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ ဤသူဌေးသမီးလေးနှင့် ချောမောသော လူငယ်လေးတို့ စုံတွဲသည် ပေါ်ရှေး ၉၁၈ ကိုသာမက ယွမ် ၂၂ သန်း တန်ဖိုးရှိသော ဖာရာရီ လာဖာရာရီ ကိုပါ တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဘုရားရေ... ပိုက်ဆံရှိတော့လည်း လုပ်ချင်ရာ လုပ်လို့ ရတာပါလားဟု သူမ တွေးလိုက်မိသည်။

မကြာမီမှာပင် ဆွန်ဖုန်းက ဘဏ်ကတ် တစ်ကတ် ထုတ်ပေးကာ ငွေရှင်းလိုက်သည်။ ဆွန်ဖုန်း ငွေရှင်းနေချိန်တွင် ဆိုင်အတွင်းရှိ အရောင်းကိုယ်စားလှယ်လေးများသာမက ကားလာကြည့်နေသော သူဌေးများပါ သူ့အား ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့၏ စိတ်ထဲတွင် 'ဒီကောင် တကယ် ပိုက်ဆံပေါတာပဲ' ဟု တွေးနေကြသည်မှာ အသေအချာပင် ဖြစ်သည်။

ဆွန်ဖုန်းက ဖာရာရီ လာဖာရာရီ ကို မောင်းနှင်ကာ ဟယ်မင်ယီက ပေါ်ရှေး ၉၁၈ ကို မောင်းနှင်၍ အရောင်းပြခန်းမှ ထွက်ခွာသွားချိန်တွင် ဆိုင်၏ ထောင့်တစ်နေရာမှနေ၍ သူတို့ကို ဒေါသတကြီး ကြည့်နေသော အမျိုးသား တစ်ဦး ရှိနေသည်ကို သူတို့ လုံးဝ မသိရှိခဲ့ကြချေ။

ထိုသူမှာ အခြားသူ မဟုတ်ဘဲ ဆွန်ဖုန်းနှင့် ပြဿနာ ရှိခဲ့ဖူးသော လီကျီဝမ် ပင် ဖြစ်သည်။

"ခွေးကောင်... ဖာသည်မ... ထျန်းဟိုင်မြို့မှာ မင်းတို့နဲ့ လာဆုံမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး..." လီကျီဝမ်၏ ချောမောသော မျက်နှာမှာ ဒေါသကြောင့် နီတစ်လှည့် ပြာတစ်လှည့် ဖြစ်နေလေသည်။

ပြီးခဲ့သည့် တစ်ခေါက်က ဆွန်ဖုန်း၏ ထိုးကြိတ်မှုကို ခံခဲ့ရသဖြင့် သူ၏ သွားများပင် ကျွတ်ထွက်မတတ် နာကျင်ခဲ့ရသည် မဟုတ်ပါလား။ အထူးသဖြင့် သူ သဘောကျသော ဟယ်မင်ယီမှာ ဆွန်ဖုန်း၏ ချစ်သူ ဖြစ်နေသည်ကို မြင်ရသဖြင့် သူ၏ ရင်ထဲတွင် ဆွန်ဖုန်းအား အလွန် မုန်းတီးနေမိသည်။

လီကျီဝမ်သည် ကျိန်ဆဲလိုက်ပြီးနောက် ကားပါကင်သို့ အမြန်ပြေးသွားကာ ကားဖြင့် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ နောက်သို့ နောက်ယောင်ခံ လိုက်ပါသွားလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ လမ်းခွဲလိုက်ကြသည်။ ဟယ်မင်ယီက အိမ်သို့ ခဏပြန်မည်ဟု ဆွန်ဖုန်းအား စောစောကတည်းက ပြောထားခဲ့သည်။ ထျန်းဟိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမ အနေဖြင့် ဖခင်ဖြစ်သူကို မည်မျှပင် မနှစ်သက်စေကာမူ အိမ်သို့ တစ်ခေါက်တော့ ပြန်သင့်သည်ဟု ယူဆထားခြင်း ဖြစ်သည်။

ဆွန်ဖုန်းကမူ ဟယ်မင်ယီကို ဟိုတယ်တွင် စောင့်နေမည် ဖြစ်သည်။ မူလက သူသည် ယောက္ခထီးအား တွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း ဟယ်မင်ယီက လုံးဝ ခွင့်မပြုသဖြင့် ဟိုတယ်တွင်သာ တည်းခိုနေရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။

ခဏအကြာတွင် ဆွန်ဖုန်းသည် ကေသာ ကြယ်ငါးပွင့် ဟိုတယ်ကြီး၏ ကားပါကင်တွင် ဖာရာရီကို ရပ်နားကာ ဟိုတယ်အတွင်းသို့ ဝင်သွားလေသည်။

"ဟလို... အစ်ကိုမြွေလား... ကျွန်တော် အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ... လူတစ်ယောက်ကို ဆုံးမပေးစေချင်လို့... သူ့နာမည်က ဆွန်ဖုန်း တဲ့... အခု ကေသာ ဟိုတယ်မှာ တည်းနေတယ်..."

"ဟုတ်တယ်... သူ ဟိုတယ်ကနေ ထွက်လာတာနဲ့ အခွင့်အရေး ရရင် ရသလို အသေအလဲသာ ဆုံးမလိုက်... ကိစ္စပြီးရင် ယွမ် တစ်သိန်း ပေးမယ်..." လီကျီဝမ်က ဖုန်းဆက်၍ ပြောလိုက်သည်။

"အိုကေ... ငါ့လူတွေကို လွှတ်လိုက်မယ်..." ဖုန်းထဲမှ ကြမ်းတမ်းသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။

"အိုကေ..." လီကျီဝမ်က ဖုန်းချလိုက်ပြီးနောက် ကေသာ ဟိုတယ်ကြီးကို တစ်ချက် လှမ်းကြည့်ကာ ကားမောင်း၍ ထွက်ခွာသွားလေတော့သည်။

ကေသာ ဟိုတယ်တွင် တည်းခိုနေသော ဆွန်ဖုန်းသည် သူ့ထံသို့ အန္တရာယ် တစ်ခု ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ချေ။ လောကဓံ လှိုင်းတံပိုးထဲမှာ ကျင်လည်နေမှတော့ ဓားနဲ့ အခုတ်မခံရတဲ့သူ ဆိုတာ မရှိဘူး ဆိုသော စကားအတိုင်းပင် ဖြစ်ပေသည်။

......

ညပိုင်းသို့ ရောက်သောအခါ ဆွန်ဖုန်းတွင် ဆေးလိပ် ကုန်သွားသဖြင့် ဆေးလိပ် ထွက်ဝယ်ရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဟိုတယ် အနီးတဝိုက်တွင်လည်း လမ်းလျှောက် ထွက်ရန် ဆုံးဖြတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဟိုတယ် အခန်းထဲတွင် တစ်ယောက်တည်း နေရသည်မှာ အလွန် ပျင်းစရာ ကောင်းနေသောကြောင့် ဖြစ်သည်။

ဆွန်ဖုန်းသည် ဟိုတယ်မှ ထွက်ကာ လမ်းထောင့် တစ်ခုသို့ အရောက်တွင် ရုတ်တရက် လူသန်ကြီး လေးငါးယောက်က သူ၏ ရှေ့သို့ ရောက်လာကာ လမ်းပိတ်ရပ်လိုက်ကြသည်။ ထိုသူများ၏ လက်ထဲတွင် ရိုက်တုတ်ရှည်များကို ကိုင်ဆောင်ထားသည်ကို သူ တွေ့လိုက်ရသည်။

"မင်းတို့ ဘာလုပ်မလို့လဲ..." သူတို့သည် မိမိအား တမင် ရည်ရွယ်၍ လာရောက်ခြင်း ဖြစ်ကြောင်း ဆွန်ဖုန်း ချက်ချင်း ရိပ်မိလိုက်သည်။

သို့သော် ထိုလူသန်ကြီးများမှာ ဘာစကား တစ်ခွန်းမျှ မပြောဘဲ တုတ်များကို မြှောက်ကာ ဆွန်ဖုန်းထံသို့ ပြေးဝင်လာကြလေသည်။

ဆွန်ဖုန်းသည် အလယ်တန်း ကျောင်းသား ဘဝကတည်းက လူမိုက်လုပ်လာခဲ့သူ ဖြစ်ရာ တကယ့် လူမိုက်များ ဆိုသည်မှာ တီဗီထဲတွင် ပြသကဲ့သို့ စကားများများ ပြောနေလေ့ မရှိကြောင်း ကောင်းစွာ သိရှိထားသည်။ တကယ့် လူမိုက်များက လူတွေ့သည်နှင့် ချက်ချင်း ဝင်ခုတ်လေ့ရှိကြပြီး စကားပြောနေချိန် အတွင်းမှာပင် လက်တစ်ဖက် ပြတ်သွားနိုင်ကြောင်း သူ ကောင်းစွာ သိထားပေသည်။

ထိုလူသန်ကြီး ငါးယောက် ပြေးဝင်လာသည်ကို မြင်သောအခါ ဆွန်ဖုန်းမှာ သူတို့နှင့် ရင်ဆိုင်ရန် လုံးဝ မရဲတော့ချေ။ သူသည် ရန်ဖြစ်ရာတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော်လည်း တုတ်များ ကိုင်ဆောင်ထားသော လူငါးယောက်ကိုမူ ရင်မဆိုင်ရဲပေ။ ထို့ကြောင့် သူသည် ချက်ချင်း လှည့်ကာ ထွက်ပြေးလေတော့သည်။

သို့သော် သူတို့ကြားရှိ အကွာအဝေးမှာ အလွန် နီးကပ်နေသဖြင့် ဆယ်စက္ကန့်မျှပင် မကြာမီမှာပင် ဆွန်ဖုန်းမှာ နောက်မှ လူသန်ကြီးများ၏ အမီလိုက်ခြင်းကို ခံလိုက်ရပြီး သူ၏ ကျောပြင်ကို တုတ်ဖြင့် ရိုက်ချလိုက်သဖြင့် မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။

"အား..." ဆွန်ဖုန်းမှာ ကျောပြင်ကို အရိုက်ခံလိုက်ရသဖြင့် နာကျင်လွန်း၍ အော်ဟစ်လိုက်မိသည်။

ချက်ချင်းပင် လဲကျနေသော ဆွန်ဖုန်းအား ထိုလူသန်ကြီး ငါးယောက်က ဝိုင်းရံထားလိုက်ကြသည်။

"ခွေးကောင်တွေ... ငါလည်း သေရင်သေပါစေတော့..." ဆွန်ဖုန်းသည် ရုတ်တရက် မြေကြီးပေါ်မှနေ၍ လူသန်ကြီး တစ်ယောက်ထံသို့ ခုန်အုပ်ကာ လုံးထွေး သတ်ပုတ်လေတော့သည်။

ဆွန်ဖုန်း၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လှပြီး ထိုလူသန်ကြီး၏ ပါးပြင်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်ရာ ထိုသူ၏ မျက်နှာမှာ ချက်ချင်း ရောင်ကိုင်းသွားပြီး သွားတစ်ချောင်းပင် ကျွတ်ထွက်သွားလေသည်။

သို့သော် မကြာမီမှာပင် ကျန်ရှိနေသော လူသန်ကြီး လေးယောက်က ဆွန်ဖုန်းအား မြေကြီးပေါ်တွင် အတင်း ဖိချုပ်ထားလိုက်ရာ သူ လုံးဝ လှုပ်ရှား၍ မရတော့ချေ။

ဆွန်ဖုန်းမှာ အသက်ပြင်းပြင်း ရှူကာ နီရဲနေသော မျက်လုံးများဖြင့် ရုန်းကန်ရန် ကြိုးစားနေသော်လည်း လူငါးယောက်က ဖိချုပ်ထားသဖြင့် လုံးဝ လှုပ်မရတော့ချေ။

"ဟား... မင်းက တော်တော် သတ်နိုင်ပုတ်နိုင်တယ်ပေါ့လေ... ရော့ကွာ..." ခေါင်းဆောင်ဖြစ်ဟန်တူသော လူသန်ကြီးက ဆွန်ဖုန်း၏ ဗိုက်ကို ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်ရာ ဆွန်ဖုန်းမှာ ပုစွန်ဆိတ်လေး တစ်ကောင်ကဲ့သို့ ကွေးကောက်သွားပြီး နာကျင်လွန်းသဖြင့် ချွေးစေးများပင် ပျံလာလေတော့သည်။

"ဟေ့ကောင်တွေ... သူ့ကို အသေအလဲ ဆုံးမလိုက်ကြ... သေလောက်အောင် ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားလောက်တဲ့ အထိတော့ မရိုက်နဲ့..."

"ဘုန်း... ဖောင်း... ခွပ်..." လူလေးငါးယောက်က ဆွန်ဖုန်းအား ဝိုင်းဝန်း၍ လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန်ကာ ဝိုင်းရိုက်ကြလေတော့သည်။ မိနစ်အနည်းငယ် အကြာတွင် ဆွန်ဖုန်းမှာ မြေကြီးပေါ်တွင် လဲလျောင်းနေပြီး အသက်ရှူသံပင် သဲ့သဲ့သာ ရှိတော့လေသည်။

"ဟေ့ကောင်တွေ... ပြန်ကြမယ်..." ထိုလူသန်ကြီး ခြောက်ယောက်သည် လုံလောက်အောင် ဆုံးမပြီးပြီဟု ယူဆကာ ထွက်ခွာသွားကြလေတော့သည်။

All Chapters