အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆) စူပါ သွေးရည်ကြည် ထိုးသွင်းခြင်း
တစ်ပတ်အကြာတွင် ဝူမုန်ရှင်းသည် ဆွန်ဖုန်းမှာယူထားသော ကုန်ကြမ်းမျိုးစုံကို သူ၏ အိမ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သည်။
ကုန်ကြမ်းများ အားလုံး စုံလင်သွားပြီဖြစ်ရာ ဆွန်ဖုန်းသည် အသံလက်ထောက်အား အခြေခံ စူပါ သွေးရည်ကြည်ကို ချက်ချင်း ထုတ်လုပ်ရန် အမိန့်ပေးလိုက်သည်။
ဗီလာအိမ်ကြီး၏ မြေအောက်ခန်းထဲတွင် ဆွန်ဖုန်းသည် သိုလှောင်ရုံ စနစ်ကို ဖွင့်ကာ စားပွဲပေါ်ရှိ ကုန်ကြမ်းများ အားလုံးကို စနစ်အတွင်းသို့ သွင်းယူလိုက်သည်။ ထို့နောက် အသံလက်ထောက်၏ ထိန်းချုပ်မှုဖြင့် သွေးရည်ကြည် ဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
"ထုတ်လုပ်ဖို့ အချိန်ဘယ်လောက်ကြာမလဲ..." ဆွန်ဖုန်းက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မေးလိုက်သည်။
"တစ်နာရီလောက် ကြာပါမယ်..." အသံလက်ထောက်က ဖြေကြားသည်။
"ကောင်းပြီ... ငါ့အတွက် တကယ် အသုံးဝင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ..." ဆွန်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဤကုန်ကြမ်းများကို ဝယ်ယူရန်အတွက် သူသည် ယွမ် သန်းနှင့်ချီ၍ အကုန်အကျ ခံခဲ့ရသည်။ ယွမ် သန်းချီ အကုန်ခံမှ သွေးရည်ကြည် တစ်ပြွန် ရရှိသည်ဆိုတော့ ဤသွေးရည်ကြည်မှာ တကယ်ကို တန်ဖိုးကြီးလှပေသည်။
တစ်နာရီကြာပြီးနောက် ဆွန်ဖုန်း၏ လက်ထဲတွင် အနီရောင် သွေးရည်ကြည် တစ်ပြွန် ရောက်ရှိနေပြီ ဖြစ်သည်။ ဆေးထိုးပြွန်အတွင်းမှ နီရဲနေသော အရည်များကို ကြည့်ကာ ဆွန်ဖုန်းသည် သွေးရည်ကြည်ကို ချက်ချင်း ထိုးသွင်းရန် ဆုံးဖြတ်လိုက်သည်။
ဆွန်ဖုန်းသည် ဆေးထိုးပြွန်ကို ကိုင်ကာ သူ၏ သွေးပြန်ကြောထဲသို့ ထိုးသွင်းလိုက်ပြီး နီရဲသော သွေးရည်ကြည်များကို သွေးကြောထဲသို့ ဖြည်းညင်းစွာ တွန်းသွင်းလိုက်သည်။
အနီရောင် သွေးရည်ကြည်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဆွန်ဖုန်းသည် အေးမြသော ခံစားမှုတစ်ခုကို ရရှိလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ထိုအေးမြသော ခံစားမှုမှာ ပူနွေးလာပြီး ချက်ချင်းပင် မီးလိုပူလောင်လာတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ..." သွေးရည်ကြည် ထိုးသွင်းပြီးသည်နှင့် ဆွန်ဖုန်းသည် တစ်ကိုယ်လုံး ပူလောင်လာကာ ချွေးများ ထွက်လာသည်ကို သတိထားမိလိုက်သည်။
"သွေးရည်ကြည်က ပိုင်ရှင်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးနေတာပါ... ခဏနေရင် စိတ်ကို ပြင်ဆင်ထားပါ..." အသံလက်ထောက်က ပြောလိုက်သည်။
"ဘာကို ပြင်ဆင်ရမှာလဲ..." ဆွန်ဖုန်းက နားမလည်စွာဖြင့် မေးလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ တစ်ကိုယ်လုံးကို ပုရွက်ဆိတ် အကောင်ရေ သန်းတစ်ရာလောက် ဝိုင်းကိုက်နေသကဲ့သို့ နာကျင်မှုကို သူ ခံစားလိုက်ရလေသည်။
"အား... နာလိုက်တာကွာ..." ဆွန်ဖုန်းသည် မြေကြီးပေါ်တွင် လူးလှိမ့်ကာ နာကျင်လွန်းသဖြင့် အော်ဟစ်နေတော့သည်။ ထိုသွေးရည်ကြည်များက ဆွန်ဖုန်း၏ သွေးကြောထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ဆဲလ်များ၊ သွေးကြောများ၊ အကြောများနှင့် အရိုးများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ ထို့နောက် သူ၏ ဆဲလ်များ၊ ကြွက်သားများ၊ အကြောများနှင့် သွေးကြောများကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ကာ အသစ်ပြန်လည် ဖွဲ့စည်းတည်ဆောက်ပေးနေခြင်း ဖြစ်သည်။
ဆွန်ဖုန်းမှာ နာကျင်လွန်းသဖြင့် သေမတတ် ဖြစ်နေသော်လည်း သွေးရည်ကြည်က သူ၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပေးနေကြောင်းကိုမူ သူ မသိရှိခဲ့ချေ။
မကြာမီမှာပင် ဆွန်ဖုန်းသည် နာကျင်လွန်းသဖြင့် သတိလစ်သွားလေတော့သည်။ သို့သော် သွေးရည်ကြည်များကမူ သူ၏ ခန္ဓာကိုယ်ကို ဆက်လက်၍ အဆင့်မြှင့်တင်ပေးနေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် ဆွန်ဖုန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို အပြည့်အဝ အဆင့်မြှင့်တင်ပြီးစီးသွားခဲ့သည်။
"ဟူး..." တစ်နာရီကျော် ကြာပြီးနောက် ဆွန်ဖုန်းသည် တဖြည်းဖြည်း သတိပြန်လည်လာခဲ့သည်။ "အင်း... အဆင့်မြှင့်တင်တာ ပြီးသွားပြီလား..."
ဆွန်ဖုန်းသည် သူ၏ တစ်ကိုယ်လုံးတွင် ပေါက်ကွဲထွက်လုမတတ် စွမ်းအားများ ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။ သူသည် အသာအယာ ခုန်ကြည့်လိုက်ရာ သုံးမီတာကျော်အထိ မြင့်တက်သွားပြီး မြေအောက်ခန်း၏ မျက်နှာကြက်နှင့်ပင် သွားဆောင့်မိမတတ် ဖြစ်သွားရလေသည်။
"ဝါး..." ဆွန်ဖုန်းသည် လေထဲသို့ လက်သီးဖြင့် အားကုန် ထိုးကြည့်လိုက်ရာ လေထုနှင့် ပွတ်တိုက်သံ "ရွှီး" ဟူသော အသံကိုပင် ကြားလိုက်ရလေသည်။
"ဒီလက်သီး တစ်ချက်တည်းနဲ့ နံရံမှာ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားနိုင်တယ်..." သူ၏ လက်သီးမှ စွမ်းအားများကို ခံစားကြည့်ရင်း ဆွန်ဖုန်းမှာ အလွန် ဝမ်းသာသွားမိသည်။
ယခုအခါ ဆွန်ဖုန်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် စွမ်းအားများမှာ လူသားတစ်ယောက်၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အာ... မဟုတ်သေးဘူး... လူသားတစ်ယောက်၏ အမြင့်ဆုံး အဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ မူလက ဆွန်ဖုန်း၏ အရပ်မှာ ၁.၇၅ မီတာသာ ရှိသော်လည်း ယခုအခါ ၁.၈ မီတာအထိ မြင့်တက်လာခဲ့ပြီး ပိန်ပါးသော ခန္ဓာကိုယ်မှာလည်း တောင့်တင်း ကြံ့ခိုင်လာခဲ့သည်။ အောက်ပိုင်းမှ စွမ်းရည်များမှာလည်း အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
"ဟဲဟဲ... ဟိုခွေးကောင်တွေကို သွားပြီး ကလဲ့စားချေရမယ့် အချိန် ရောက်ပြီ..." ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ပြီးခဲ့သည့် အပတ်က ထိုလူ ခြောက်ယောက်၏ ဝိုင်းရိုက်ခံခဲ့ရသဖြင့် သူ၏ မျက်နှာမှာ ဖူးယောင်ကာ လက်နှင့် ခြေထောက်များပင် ကျိုးလုမတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ယခုအခါ သူ စွမ်းအားကြီးလာပြီ ဖြစ်ရာ လက်တုံ့ပြန်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ထိုလူ ခြောက်ယောက်၏ နာမည်များကို သူ မသိသလို ထျန်းဟိုင်မြို့၏ မည်သည့် နေရာတွင် နေထိုင်သည်ကိုလည်း သူ မသိချေ။ သို့သော် သူသည် အသံလက်ထောက်အား ထိုနေ့က ကေသာ ဟိုတယ် အနီးရှိ လုံခြုံရေး ကင်မရာများကို ဟက် ဝင်ခိုင်းကာ ထိုသူများ လာရောက်သည့် အချိန်နှင့် ပြန်လည် ထွက်ခွာသွားသည့် အချိန်များရှိ ဗီဒီယို မှတ်တမ်းများကို ရှာဖွေခိုင်းလိုက်သည်။ မကြာမီမှာပင် ထိုလူများ၏ ပုံရိပ်များကို ရရှိသွားခဲ့သည်။
ထို့နောက် ထိုပုံများကို အသုံးပြု၍ အသံလက်ထောက်အား ထျန်းဟိုင်မြို့ ရဲစခန်း၏ ကွန်ရက်အတွင်းသို့ ဟက် ဝင်ခိုင်းလိုက်ရာ အချိန်တိုအတွင်း ထိုလူ ခြောက်ယောက်၏ အချက်အလက် အပြည့်အစုံကို ရရှိသွားခဲ့သည်။
"ဟွန်း... သူတို့က ထျန်းဟိုင်မြို့က ဟွေဟွမ် ကလပ် မှာ လုံခြုံရေး လုပ်နေတာကိုး..." အသံလက်ထောက်၏ အကူအညီဖြင့် ဆွန်ဖုန်းသည် ထိုသူများ၏ သတင်းအချက်အလက်များကို အလွယ်တကူ ရရှိသွားခဲ့သည်။ မူလက ဆွန်ဖုန်းသည် ရဲတိုင်၍ သူတို့ကို ဖမ်းဆီးခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက် သူကိုယ်တိုင် သွားရောက် ရိုက်နှက်ခြင်းက ပို၍ အရသာ ရှိမည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ ညပိုင်းတွင် ဆွန်ဖုန်းသည် ဖာရာရီ ပြိုင်ကားကြီးကို မောင်းနှင်ကာ ထျန်းဟိုင်မြို့သို့ ထွက်ခွာလာခဲ့သည်။
ဟွေဟွမ် ကလပ်။
ချမ်းသာသော သူဌေးသားများ၊ သူဌေးသမီးများ၊ လူငယ်လေးများနှင့် လူပျိုကြီးများ အများအပြား ဝင်ထွက်သွားလာနေကြသည်။ ဟွေဟွမ် ကလပ်မှာ အတော်လေး နာမည်ကြီးသော အပန်းဖြေ နေရာတစ်ခု ဖြစ်သည်။
၎င်းတွင် ဆော်နာ၊ ကာရာအိုကေ၊ ခြေဖဝါး နှိပ်နယ်ခြင်း၊ လောင်းကစားရုံ၊ ဘား စသည်ဖြင့် အစုံအလင် ပါဝင်သော အဆင့်မြင့် ကလပ်ကြီး တစ်ခု ဖြစ်သည်။ ညပိုင်း အပန်းဖြေချင်သူများအတွက် လိုအပ်သမျှ အားလုံးကို ဤနေရာတွင် ရရှိနိုင်ပေသည်။
ဟွေဟွမ် ကလပ်၏ မြေညီထပ်မှာ ဘားနှင့် အကကြမ်းပြင် အကျယ်ကြီး တစ်ခု ဖြစ်သည်။ ဆွန်ဖုန်း အထဲသို့ ဝင်လိုက်သည်နှင့် နေရာအနှံ့တွင် လုံခြုံရေး စောင့်နေသူများကို တွေ့လိုက်ရသည်။ ထိုသူများ အားလုံးမှာ တောင့်တင်း ခိုင်မာသော ခန္ဓာကိုယ်များ ရှိကြပြီး တက်တူးများ အပြည့်ထိုးထားကာ ရုပ်ရည်မှာလည်း အလွန် ကြမ်းတမ်းကြလေသည်။
ဆွန်ဖုန်းသည် အဆင့်မြှင့်တင်ပြီးနောက် အာရုံခံနိုင်စွမ်းများ အလွန် ထက်မြက်လာသဖြင့် ဤသူများမှာ သာမန် လုံခြုံရေးများ မဟုတ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။
ဆွန်ဖုန်းသည် ဘားကောင်တာတွင် အရက်တစ်ခွက် မှာယူလိုက်ပြီး မြေညီထပ်ရှိ အကကြမ်းပြင်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေလိုက်သည်။ တေးဂီတသံများမှာ အလွန် ဆူညံနေပြီး ကနေကြသော အမျိုးသား အမျိုးသမီးများမှာလည်း ခေါင်းများကို အပြင်းအထန် ခါရမ်းကာ တင်ပါးများကို လှုပ်ရမ်းနေကြရာ ဆေးချထားသည်မှာ သေချာလှပေသည်။
ဆွန်ဖုန်းသည် တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် ထိုနေ့က သူ့အား ဝိုင်းရိုက်ရာတွင် ခေါင်းဆောင်ဖြစ်သူကို တွေ့လိုက်ရသည်။ ထိုသူ၏ အရပ်မှာ ၁.၉ မီတာကျော်ခန့် ရှိပြီး ခေါင်းတုံးတုံးထားကာ လက်နှစ်ဖက်စလုံးတွင် တက်တူးများ အပြည့် ထိုးထားသည်။ သူ၏ မျက်နှာထားမှာ အလွန် ကြမ်းတမ်းပြီး ပြဿနာ ရှာချင်စရာကောင်းသော ရုပ်မျိုး ရှိသည်။ သို့သော် ယခုအခါ ဆွန်ဖုန်းက သူ့ကို ကြောက်ရွံ့နေမည်လား။
ဆွန်ဖုန်းသည် ပြုံးစိစိဖြင့် လျှောက်သွားကာ ထိုခေါင်းတုံးနှင့် လူကြီး၏ ရှေ့တွင် ရပ်လိုက်သည်။
"မင်းလား..." ဆိုဖာပေါ်တွင် ထိုင်နေသော ခေါင်းတုံးကြီးသည် ဆွန်ဖုန်းကို မြင်သောအခါ အလင်းရောင် မှိန်နေသော်လည်း ထိုနေ့က သူတို့ ဝိုင်းရိုက်ခဲ့သော လူမှန်း ချက်ချင်း မှတ်မိလိုက်သည်။
"ဟုတ်တယ်... ငါပဲ... ငါ့ခြေထောက်ရဲ့ အရသာကို ခံစားကြည့်လိုက်စမ်း..." ဆွန်ဖုန်းက အေးစက်စွာ ပြုံးလိုက်ပြီး အလွန် လျင်မြန်သော အရှိန်ဖြင့် ထိုခေါင်းတုံးကြီးအား ခြေထောက်ဖြင့် ကန်ချလိုက်သည်။
"ဘုန်း..." အသံနှင့်အတူ စူပါ သွေးရည်ကြည် ထိုးသွင်းထားသော ဆွန်ဖုန်း၏ အမြန်နှုန်းကို သာမန်လူ တစ်ယောက်က မည်သို့ တုံ့ပြန်နိုင်မည်နည်း။ ထိုခေါင်းတုံးကြီးမှာ ဘာကိုမှ သေချာ မမြင်လိုက်ရဘဲ အရိပ်မည်း တစ်ခု ဖြတ်သွားသည်ကိုသာ မြင်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်ထွက်သွားလေတော့သည်။
"အား..." ခေါင်းတုံးကြီးမှာ လေထဲတွင် အော်ဟစ်သံကြီး ပြုကာ သွေးတစ်လုတ် အန်ချလိုက်ပြီး လေးငါးမီတာခန့် အကွာသို့ လွင့်စင်သွားလေသည်။ မြေကြီးပေါ်သို့ ကျသွားသော ခေါင်းတုံးကြီးမှာ အသက်ပင် မရှူနိုင်တော့ဘဲ ချက်ချင်း သတိလစ်သွားလေတော့သည်။
ဆိုဖာပေါ်တွင် ထိုင်နေသော အခြား လုံခြုံရေး လေးငါးယောက်မှာ ကြောင်အမ်းသွားကြပြီး ဆွန်ဖုန်းအား ကြောက်လန့်တကြား ကြည့်နေမိကြသည်။ ဤခြေကန်ချက်မှာ အလွန် ပြင်းထန်လှပြီး လူတစ်ယောက်ကို ကန်ချက် တစ်ချက်တည်းဖြင့် သတိလစ်သွားအောင် လုပ်နိုင်သည် မဟုတ်ပါလား။
"အား... ရန်ဖြစ်နေကြပြီဟေ့..."
"မြန်မြန် ပြေးကြ..." အနီးနားတွင် ကနေကြသော လူများမှာ အလန့်တကြား ထွက်ပြေးကြသလို အချို့ကလည်း ရဲရဲတင်းတင်းပင် လာရောက် ကြည့်ရှုနေကြသည်။
"ဟေ့ကောင်တွေ... တစ်ယောက်ယောက်က လာပြီး ပြဿနာ ရှာနေပြီ... သူ့ကို သတ်ပစ်လိုက်..."
လုံခြုံရေး တစ်ယောက်က အော်ဟစ်လိုက်သည်နှင့် ဆိုဖာအနီးရှိ လေးငါးယောက်မှာ ဘာမှ ထပ်မပြောတော့ဘဲ အသင့်ဆောင်ထားသော ဓားရှည်များကို ဆွဲထုတ်ကာ ဆွန်ဖုန်းထံသို့ ပြေးဝင်လာကြလေသည်။ တစ်ချိန်တည်းမှာပင် အခြားနေရာများမှလည်း လူဆယ်ဂဏန်းခန့် ထပ်မံ ရောက်ရှိလာကြရာ လုံခြုံရေး အင်အား အစိတ်ခန့် ရှိမည်ဟု ခန့်မှန်းရပေသည်။
"ဟွန်း... မင်းတို့ပဲပေါ့လေ..." ဆွန်ဖုန်းသည် သူ့ရှေ့ဆုံးမှ ပြေးဝင်လာသော လူလေးငါးယောက်ကို ကြည့်ကာ ထိုနေ့က သူ့အား ဝိုင်းရိုက်ခဲ့သူများ ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။