အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) ကျောက်စိမ်း သတ္တုကြော
ရင်ထဲက အခဲမကျေမှုများကို ဖြေဖျောက်ပြီးနောက် ဆွန်ဖုန်းသည် ဖာရာရီ ပြိုင်ကားကြီးကို မောင်းနှင်ကာ ဟိုင်ယန်မြို့သို့ ပြန်လာခဲ့သည်။
လီကျီဝမ်နှင့် ပတ်သက်၍ နောက်တစ်ကြိမ် ဆုံတွေ့ပါက ထပ်မံ၍ ပြန်ကလဲ့စားချေရန် သူ ဆုံးဖြတ်ထားလိုက်သည်။
မိမိကိုယ်တိုင် ပင်လယ်ထဲသို့ မဆင်းရသည်မှာလည်း တစ်လကျော်ခန့် ရှိနေပြီဖြစ်ရာ ဤတစ်ခေါက် အိမ်ပြန်ရောက်ပါက ပင်လယ်ထဲသို့ တစ်ခေါက်လောက် ဆင်းရန် ရည်ရွယ်ထားလေသည်။
အိမ်သို့ပြန်ရောက်၍ တစ်ရက်ခန့် အနားယူပြီးနောက် ဆွန်ဖုန်းသည် အပန်းဖြေစခန်းဆီသို့ ကားမောင်းထွက်လာခဲ့သည်။
များမကြာမီမှာပင် သူသည် ရေငုပ်စက်ရုပ်ကို ဝတ်ဆင်ကာ သမုဒ္ဒရာထဲသို့ ရောက်ရှိသွားခဲ့သည်။
ပြာလဲ့နေသော ပင်လယ်ရေပြင်နှင့် ဆွဲဆောင်မှုရှိလှသော ပင်လယ်ရှုခင်းများကို ကြည့်ရှုရင်း သူသည် ပင်လယ်ကြီးအပေါ် ရူးသွပ်မတတ် နှစ်သက်သဘောကျနေပြီ ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။
"ပစ်မှတ်က ပစိဖိတ် သမုဒ္ဒရာပဲ..."
ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်သည်။
ရွှေလက်ချောင်းစနစ်ကို ရရှိပြီးကတည်းက သူသည် ဟိုင်ယန်မြို့၏ ကမ်းရိုးတန်းတစ်လျှောက်နှင့် တောင်တရုတ်ပင်လယ်ထဲတွင် သတ္တုခိုးတူးသည်မှလွဲ၍ ကမ္ဘာမြေပေါ်ရှိ အခြားသော ကျယ်ပြောလှသည့် သမုဒ္ဒရာများဆီသို့ တစ်ခါမှ မရောက်ဖူးသေးချေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ပစိဖိတ် သမုဒ္ဒရာဘက်သို့ သွားရောက်လည်ပတ်ရန် သူ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်..."
ရေငုပ်စက်ရုပ်သည် ပစိဖိတ် သမုဒ္ဒရာဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ဦးတည်မောင်းနှင်သွားလေသည်။
ပစိဖိတ် သမုဒ္ဒရာ၏ တစ်နေရာ...
ပင်လယ်ရေအောက် မီတာ တစ်သောင်းအနက်တွင်မူ အလွန်တရာ မှောင်မိုက်နေလေသည်။
မီတာ တစ်သောင်းအနက်အထိ နေရောင်ခြည်က လုံးဝ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် ရေငုပ်စက်ရုပ်၏ မီးမောင်းကြီးကသာ အဆုံးအစမရှိ မှောင်မိုက်နေသော ပင်လယ်ကြမ်းပြင်ကို ထိုးလင်းပေးနေရသည်။
ရုတ်တရက် ထွက်ပေါ်လာသော မီးရောင်ကြောင့် ရေနက်ပိုင်းရှိ ငါးအချို့မှာ အသားမကျဘဲ မီးရောင်နှင့် ထိတွေ့သည်နှင့် အလျင်အမြန် ကူးခတ်ထွက်ပြေးသွားကြသည်။
ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်နေသည်။
အမှန်တကယ်တော့ မီတာ တစ်သောင်းအနက်တွင် စိတ်ဝင်စားစရာကောင်းသော နေရာများ သိပ်မရှိလှချေ။
ပင်လယ်ကြမ်းပြင်တွင် တောင်ကုန်းအချို့၊ ရေအောက်ချောက်ကမ်းပါးများနှင့် ရွှံ့နွံများမှလွဲ၍ ဘာမျှ မရှိပေ။
မီတာ တစ်သောင်းအနက်ရှိသော ရေအောက်ကြမ်းပြင် ဖြစ်သောကြောင့် ရေအောက်အပင်များမှာ ဤနေရာတွင် အလွန်ရှားပါးလှပြီး အချို့နေရာများတွင်ဆိုလျှင် လုံးဝပင် မရှိချေ။
ဟိုင်ယန်မြို့မှနေ၍ ပစိဖိတ် သမုဒ္ဒရာဆီသို့ လာရာလမ်းတစ်လျှောက်တွင် ဆွန်ဖုန်းသည် ရေနံမြေ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုရေနံမြေ နှစ်ခု၏ ပမာဏမှာ အလွန်ကြီးမားခြင်း မရှိသော်လည်း ဆွန်ဖုန်း အနေဖြင့် ရေနံကို တူးဖော်ရန် မရည်ရွယ်ထားပေ။
အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်တွင်း၌ ရေနံဆိုသည်မှာ အလွန် အကဲဆတ်သော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
ကိုယ်တိုင် တူးဖော်ပြီးပါက မည်သို့ ရောင်းချမည်နည်း၊ ဇာစ်မြစ်ကို မည်သို့ ရှင်းပြမည်နည်း ဆိုသည်မှာ ပြဿနာများပင် ဖြစ်သည်။
အကယ်၍ လူမိသွားပါက ချက်ချင်းပင် ဖမ်းဆီးခံရကာ သေဒဏ်ပေးခံရနိုင်ခြေ ရှိပေသည်။
သို့သော် ဆွန်ဖုန်း အနေဖြင့် လောလောဆယ်တွင် မတူးဖော်ခြင်းက နောင်တစ်ချိန်တွင်လည်း မတူးဖော်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
သူ၏ လက်ထဲတွင် အခြေခံအုတ်မြစ်နှင့် အင်အားများ အတိုင်းအတာ တစ်ခုအထိ ခိုင်မာလာသောအခါ နိုင်ငံခြားတွင် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခု သွားရောက် တည်ထောင်ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ထိုအချိန်ကျမှ တူးဖော်ရရှိလာသော သံသတ္တု၊ ရေနံ၊ ကျောက်မီးသွေး စသည်တို့ကို နိုင်ငံခြားမှာပင် တိုက်ရိုက် ရောင်းချမည်ဆိုပါက အန္တရာယ်များစွာ လျော့ကျသွားမည် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ထိုအရာများမှာ ရေရှည် စီမံကိန်းများသာ ဖြစ်ပြီး လောလောဆယ်တွင် အကောင်အထည်ဖော်ရန် အချိန်မကျသေးချေ။
လက်ရှိ ဆွန်ဖုန်း၏ အစီအစဉ်မှာ ငွေကြေးများများ ရနိုင်သမျှ ရအောင်ရှာရန်နှင့် ဟိုင်ယန်မြို့တွင် ခြေကုပ်ခိုင်အောင် ယူထားရန်သာ ဖြစ်သည်။
ထိုမှတစ်ဆင့် နိုင်ငံတကာ အဆင့်သို့ တိုက်ရိုက် ခုန်တက်သွားရန် ရည်ရွယ်ထားသည်။
'ဟူး... တကယ် စိတ်ညစ်စရာပဲ... ပင်လယ်ကြမ်းပြင်မှာ သံသတ္တု၊ ရွှေ၊ ရေနံ၊ ကျောက်မီးသွေး၊ ကြေးနီ စတဲ့ သတ္တုကြောတွေ အများကြီး ရှိနေပြီး ငါက အလွယ်တကူ တူးဖော်နိုင်ပေမယ့် တကယ့် အခက်အခဲက ပြန်ရောင်းဖို့နဲ့ ဇာစ်မြစ်ကို ရှင်းပြဖို့ပဲ...'
ဆွန်ဖုန်းသည် မီတာ တစ်သောင်း အနက်ရှိသော ပင်လယ်ကြမ်းပြင်တွင် ဆက်လက် လမ်းလျှောက်နေရင်း သူ ကြုံတွေ့နေရသော အလွန် စိတ်ညစ်စရာ ကောင်းသည့် ကိစ္စရပ်များကို စိတ်ထဲမှ တွေးတောနေမိသည်။
ဤခံစားချက်မှာ လှပသော မိန်းမချောလေး တစ်ယောက်ကို မြင်တွေ့နေရသော်လည်း လှမ်းကိုင်၍ မရသော ခံစားချက်မျိုးနှင့် တူနေရာ တကယ်ကိုပင် စိတ်ပျက်စရာ ကောင်းလှပေသည်။
'ငါးတွေ ဒါမှမဟုတ် ရေအောက်အပင်တွေကို ရောင်းရင်တော့ အလွယ်တကူ ရောင်းလို့ရပြီး စစ်ဆေးခံရဖို့လည်း မလွယ်ဘူး... ကာကွယ်စောင့်ရှောက်ထားတဲ့ ရှားပါး ရေနေသတ္တဝါတွေကို မဖမ်းဘူးဆိုရင် ပြဿနာ မရှိနိုင်ဘူး...'
ဆွန်ဖုန်းက စဉ်းစားလိုက်သည်။
ကိုယ်တိုင် ငါးဖမ်းပြီး ရောင်းချမည်ဆိုပါက စစ်ဆေးခံရနိုင်ခြေ နည်းပါးပေသည်။
သို့သော် ငါးရောင်းလျှင် ငွေမည်မျှ ရနိုင်မည်နည်း။
သတ္တုတူးခြင်းကသာ ငွေရပိုလွယ်ပြီး သတ္တုတွင်းကြီး တစ်ခုဆိုလျှင် ယွမ် ဘီလီယံချီ သို့မဟုတ် ဆယ်ဘီလီယံချီ၍ပင် တန်ဖိုးရှိသည် မဟုတ်ပါလား။
'ငါ တကယ်ပဲ ငါးဖမ်းစခန်းကြီး တစ်ခု ဆောက်ပြီး ပင်လယ်ထဲက ငါးတွေကို အကုန်ဖမ်းပြီး ထည့်ထားရတော့မလား... ပြီးမှ ငါးလိုချင်တဲ့သူတွေ လာဝယ်ကြပေါ့...'
ဆွန်ဖုန်းသည် ပျင်းရိပျင်းတွဲ တွေးတောနေမိသည်။
ဤနည်းလမ်းကလည်း အမှန်တကယ်ပင် အလုပ်ဖြစ်နိုင်သည်။
သူပိုင်ဆိုင်ထားသော ရေအောက် တူးဖော်ရေး စနစ်ကြီးမှာ သတ္တုတူးဖော်ရာတွင်သာမက ငါးဖမ်းရာတွင်လည်း ပြိုင်ဘက်ကင်းပင် ဖြစ်သည်။
ပင်လယ်ကြမ်းပြင်တွင် ငါးအုပ်များကို တွေ့သည်နှင့် သိုလှောင်ရုံ စနစ်ကို ဖွင့်ကာ သိမ်းယူလိုက်ရုံသာ ဖြစ်သည်။
ငါးများကိုသာမက ပင်လယ်ရေများကိုပါ တစ်ပါတည်း သိမ်းယူနိုင်သဖြင့် ငါးများ သေဆုံးသွားမည်ကိုလည်း ပူစရာ မလိုချေ။
"ဒင်... ပိုင်ရှင့်ကို အစီရင်ခံပါတယ်... ရှေ့ ကီလိုမီတာ ၃၀ အကွာမှာ ကျောက်စိမ်း သတ္တုကြော တစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်..."
ဆွန်ဖုန်း ဟိုတွေးဒီတွေး တွေးတောနေချိန်မှာပင် အသံလက်ထောက်ထံမှ သူ၏ ရှေ့တွင် ကျောက်စိမ်း သတ္တုကြော တစ်ခု ရှိနေကြောင်း သတိပေးသံ ထွက်ပေါ်လာလေသည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း အနည်းငယ် အံ့အားသင့်သွားမိသည်။
သူ ပင်လယ်ထဲသို့ ဆင်းလာခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့သော်လည်း ကျောက်မျက်ရတနာ သတ္တုကြောမျိုးကို ယခုမှ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိဖူးခြင်း ဖြစ်သည်။
သို့သော် သူ သေချာ စဉ်းစားကြည့်လိုက်သောအခါ ဖြစ်နိုင်ခြေ ရှိကြောင်း နားလည်သွားလေသည်။
ကုန်းမြေပေါ်တွင်ပင် ကျောက်မျက် သတ္တုကြောများစွာ ရှိနေသည် မဟုတ်ပါလား။
သမုဒ္ဒရာကြီးမှာ ကုန်းမြေထက် အဆပေါင်းများစွာ ပိုမို ကျယ်ဝန်းလှသဖြင့် ကျောက်မျက် သတ္တုကြောများ ရှိနေခြင်းမှာ အလွန်အမင်း အံ့ဩစရာတော့ မဟုတ်ပေ။
'ကျောက်စိမ်း သတ္တုကြော ဖြစ်နေလိမ့်မယ်လို့ တကယ် မထင်ထားဘူး...'
ဆွန်ဖုန်း ကောင်းစွာ သိထားသည်မှာ လက်ရှိတွင် မြန်မာနိုင်ငံ သို့မဟုတ် ယူနန်ပြည်နယ် နယ်စပ်တစ်ဝိုက်၌ ကျောက်စိမ်း သတ္တုကြောများ များစွာ ရှိခဲ့သော်လည်း နှစ်ရာနှင့်ချီ၍ တူးဖော်လာခဲ့ကြသဖြင့် ယခုအခါတွင် ကုန်ခမ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အထူးသဖြင့် မြေနေရာ ဝယ်ယူ၍ ကျောက်စိမ်း တူးဖော်သော ကုမ္ပဏီများဆိုလျှင် အရင်က ရာနှင့်ချီ၍ ရှိခဲ့သော်လည်း ယခုအခါတွင် ဆယ်ဂဏန်းခန့်သာ ကျန်ရှိပါတော့သည်။
ဤသည်မှာ ကုန်းမြေပေါ်တွင် ကျောက်စိမ်းများ အမှန်တကယ်ပင် ရှားပါးလာပြီ ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
"သွားကြည့်ရအောင်..."
ဆွန်ဖုန်းက ပြောလိုက်သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက် ဆွန်ဖုန်းသည် ကျောက်စိမ်း သတ္တုကြော ရှိရာ နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဆွန်ဖုန်းသည် သူ၏ ရှေ့မှ ရေအောက်ချောက်ကမ်းပါးနှင့် ဘေးပတ်လည်ရှိ မာကျောသော ကျောက်ဆောင်များကို ကြည့်လိုက်သည်။
ရေငုပ်စက်ရုပ်၏ မျက်နှာပြင်ပေါ်တွင် ပြသထားသော အချက်အလက်များအရ ထိုကျောက်စိမ်း သတ္တုကြောမှာ ဤရေအောက်ချောက်ကမ်းပါး၏ အောက်ခြေရှိ ကျောက်လွှာများ၏ မီတာ ၁၂၀ အနက်တွင် တည်ရှိနေခြင်း ဖြစ်သည်။
"ဟဲဟဲ... ဒီကျောက်စိမ်း သတ္တုကြောက ငါ ဆွန်ဖုန်း တူးဖော်ဖို့ ဖန်တီးထားတာပဲ..."
ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။
ဤနေရာမှာ မီတာ တစ်သောင်းအနက်ရှိ ပင်လယ်ကြမ်းပြင် ဖြစ်သည့်အပြင် ပတ်ပတ်လည်တွင်လည်း မာကျောသော ကျောက်ဆောင်များချည်း သာ ပြည့်နှက်နေသည်။
ကျောက်စိမ်း သတ္တုကြောကလည်း ဤရေအောက်ချောက်ကမ်းပါး၏ မီတာ ၁၂၀ အနက်တွင် မြှုပ်နှံနေခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ဤနေရာတွင် ကျောက်စိမ်း သတ္တုကြော ရှိနေကြောင်း သိရှိသွားလျှင်တောင်မှ တူးဖော်ရန် နည်းလမ်း ရှိမည် မဟုတ်ပေ။
အကယ်၍ တူးဖော်နိုင်ခဲ့လျှင်တောင်မှ ကုန်ကျစရိတ်မှာ ကျောက်စိမ်း သတ္တုကြော၏ တန်ဖိုးထက်ပင် ပို၍ များပြားသွားနိုင်ပေသည်။
"စမ်းသပ်ကြည့်စမ်း... ပမာဏ ဘယ်လောက်ရှိလဲဆိုတာ..."
"ဟုတ်ကဲ့ပါ ပိုင်ရှင်... စမ်းသပ်နေပါတယ်... စမ်းသပ်မှု ပြီးဆုံးပါပြီ..."
"ကျောက်စိမ်း သတ္တုကြောရဲ့ အထူက ၁၅ မီတာ၊ အရှည်က ၂ ကီလိုမီတာ ရှိပါတယ်..."
"ကျောက်စိမ်းကြောတွေက ဆိုဒီယမ်-ဖယ်ဒစ်ပါ ကျောက်တွေနဲ့ အမ်ဖီဘိုးလ် ကျောက်တွေကြားမှာ ညပ်နေတာပါ..."
"တူးဖော်ပြီးလို့ အညစ်အကြေးတွေ ဖယ်ရှားလိုက်ရင် မူလကျောက်ရိုင်း ကီလိုဂရမ် ၁၀၀ နဲ့ ရေစားကျောက် ကီလိုဂရမ် ၁၅၀ ရရှိမှာ ဖြစ်ပါတယ်..."
အသံလက်ထောက်၏ အစီရင်ခံစာကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း၏ မျက်လုံးများမှာ စိမ်းလန်းသော အရောင်များပင် တောက်လာလေသည်။
"ပိုက်ဆံတွေပဲ... အားလုံးက ပိုက်ဆံတွေချည်းပဲ..."
ဤတစ်ကြိမ်တွင်လည်း သူ ငွေများစွာ ရရှိတော့မည် ဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်သည်။
သို့သော် သူ၏ ရင်ထဲတွင် အနည်းငယ်တော့ သက်ပြင်းချလိုက်မိသည်။
တစ်ခါတူးဖော်ရုံဖြင့် ဤမျှလောက်လေးသာ ရရှိမည် ဆိုတော့ နည်းလွန်းသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် ခြင်ခြေထောက်လည်း အသားပင် ဖြစ်သည် မဟုတ်ပါလား။
အကယ်၍ သူ၏ အတွေးများကိုသာ အခြားသူများ သိသွားခဲ့ပါက သူ့အား ဝိုင်းဝန်းရိုက်နှက်ကြမည်မှာ သေချာလှပေသည်။
ယခုခေတ်တွင် ကျောက်စိမ်း တစ်ဂရမ်ကို မည်မျှပင် ဈေးပေါက်နေသည် ဆိုသည်ကို အားလုံး အသိပင် ဖြစ်သည်။
"ဒီကျောက်စိမ်း သတ္တုကြောကို တူးဖော်ဖို့ အချိန်ဘယ်လောက် ကြာမလဲ..."
ဆွန်ဖုန်းက မေးလိုက်သည်။ သူသည် ဤကျောက်စိမ်း သတ္တုကြောကို တူးဖော်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
"A-Series တူးဖော်ရေး စက်ရုပ် ၁၅ စီးကို သုံးမယ်ဆိုရင် ၁ ရက်ပဲ ကြာပါမယ်..."
အသံလက်ထောက်က ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... စတူးကြတာပေါ့..."
ဆွန်ဖုန်းသည် သိုလှောင်ရုံ စနစ်ကို တိုက်ရိုက် ဖွင့်လိုက်ပြီး A-Series တူးဖော်ရေး စက်ရုပ် ၁၅ စီးနှင့် အခြား စက်ရုပ်အချို့ကို ထုတ်ပေးလိုက်သည်။
တူးဖော်ခြင်း လုပ်ငန်းစဉ်များ ချက်ချင်း စတင်သွားလေသည်။
A-Series တူးဖော်ရေး စက်ရုပ် ၁၅ စီးမှာ သံမဏိ သားရဲကြီးများကဲ့သို့ ပင်လယ်ကြမ်းပြင်သို့ ဆင်းသက်သွားကြသည်။
ထို့နောက် အသံလက်ထောက်၏ အမိန့်ပေးချက်များအရ မာကျောသော ကျောက်လွှာများကို စတင် တူးဖော်ကြတော့သည်။
"ဝုန်း... ဒိုင်း..."
တူးဖော်ရေး စက်ရုပ်များ၏ သေမင်းတမန် လေဆာရောင်ခြည်များ ပစ်ခတ်မှုအောက်တွင် မာကျောလှသော ကျောက်ဆောင်များမှာ တို့ဟူးကို လှီးဖြတ်နေသကဲ့သို့ အလွယ်တကူပင် ပြိုကျပျက်စီးသွားကြသည်။
မည်သည့် အခက်အခဲမျှ မရှိဘဲ တူးဖော်နိုင်ခဲ့ပေသည်။
ဤမျှ ပြင်းထန် အစွမ်းထက်လှသော တူးဖော်မှု လုပ်ငန်းစဉ်များကို ကြည့်ရှုရင်း ဆွန်ဖုန်းမှာ ရေအောက် တူးဖော်ရေး စနစ်ကြီး၏ ပြိုင်ဘက်ကင်းမှုကို အလွန် ဝမ်းသာဂုဏ်ယူမိလေသည်။
မည်မျှပင် မာကျောသော ကျောက်ဆောင်များ ဖြစ်နေပါစေ ဤစနစ်နှင့် တွေ့လိုက်သည်နှင့် ချက်ချင်းပင် အမှုန့်ဖြစ်သွားရသည် မဟုတ်ပါလား...