အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) ဇိမ်ခံ အပျော်စီးသင်္ဘော
A-Series အသိဉာဏ်မြင့် တူးဖော်ရေး စက်ရုပ် ဆယ့်ငါးစီးသည် ယခုအခါ ကျောက်စိမ်း သတ္တုကြောထဲသို့ တူးဖော်ရောက်ရှိနေပြီ ဖြစ်သည်။
သေမင်းတမန် လေဆာရောင်ခြည်တန်းများက မာကျောသော မူလကျောက်ရိုင်းတုံးများကို ထိုးဖောက်ဖြတ်တောက်နေသည်။
ပြီးပြည့်စုံသော ဖြတ်တောက်မှုအောက်တွင် ကျောက်စိမ်းရိုင်းတုံးများကို တူးဖော်ရေး စက်ရုပ်များ၏ စုပ်ယူမှု စနစ်က စုပ်ယူလိုက်ပြီး နောက်ဘက်ရှိ ပို့ဆောင်ရေး ခါးပတ်ကြိုးများမှတစ်ဆင့် ဆွန်ဖုန်း၏ အရှေ့သို့ တစ်တုံးချင်းစီ သယ်ဆောင်လာလေသည်။
ဆွန်ဖုန်းသည် သယ်ဆောင်လာသော ကျောက်စိမ်းရိုင်းတုံးများကို သူ၏ သိုလှောင်ရုံ စနစ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းနေလိုက်သည်။
ဤအလုပ်မှာ ပျင်းစရာ ကောင်းသော်လည်း မိနစ်တိုင်း စက္ကန့်တိုင်း ငွေရှာနေခြင်းပင် ဖြစ်ပေသည်။
ကျောက်စိမ်းရိုင်းများကို ရောင်းချရသည်မှာ ရွှေထက်စာလျှင် အနည်းငယ် ပို၍ လွယ်ကူပေသည်။
အချိန်တန်ပါက စုန်းကျဲထံသို့ တိုက်ရိုက် ရောင်းချလိုက်ရုံသာ ဖြစ်သည်။
စုန်းကျဲ၏ လုပ်နိုင်စွမ်းနှင့်ဆိုပါက အားလုံးကို အလွယ်တကူ ဝယ်ယူနိုင်မည်မှာ သေချာလှပြီး မည်သည့် ပြဿနာမျှလည်း တက်မည် မဟုတ်ချေ။
ဟယ်မင်ယီက ဆွန်ဖုန်းအား သတင်းတစ်ချို့ ခိုးပြောပြဖူးသည်။
စုန်းမိသားစု၏ အဓိက အခြေစိုက်ရာ နေရာမှာ မြို့တော် ကျင်းချန်တွင် ဖြစ်ပြီး စုန်းကျဲတို့ မိသားစုမှာ ကြီးမားလှသော စုန်းမိသားစုကြီး၏ အကိုင်းအခက် တစ်ခုသာ ဖြစ်သည်။
ဤကဲ့သို့သော နောက်ခံ အဆက်အသွယ် ရှိနေသဖြင့် မိမိ၏ ပစ္စည်းများမှာ ဇာစ်မြစ် မမှန်ကန်လျှင်တောင်မှ မည်သည့် စစ်ဆေးမှုမျှ မခံရအောင် စုန်းကျဲက ကောင်းစွာ ကာကွယ်ပေးနိုင်မည်ဟု ဆွန်ဖုန်း ယုံကြည်ထားပေသည်။
တစ်ရက်တာ အချိန်မှာ အလွန် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
တစ်ရက်တာ တူးဖော်ပြီးနောက်တွင် ဤကျောက်စိမ်း သတ္တုကြော တစ်ခုလုံးကို ဆွန်ဖုန်း၏ A-Series တူးဖော်ရေး စက်ရုပ် ဆယ့်ငါးစီးက အပြီးတိုင် တူးဖော်ပြီးစီးသွားခဲ့သည်။
တူးဖော်ရရှိလာသော ကျောက်စိမ်းရိုင်းများနှင့် စက်ရုပ်များကို သိုလှောင်ရုံ စနစ်ထဲသို့ သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တက်လာခဲ့သည်။
ရေပေါ်သို့ ရောက်ရှိလာချိန်တွင် ကောင်းကင်ကြီးမှာ မှောင်မိုက်နေပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
မသိမသာဖြင့် အချိန်မှာ ညရှစ်နာရီပင် ကျော်လွန်နေပြီ ဖြစ်သည်။
'ဟင်... ဇိမ်ခံ အပျော်စီးသင်္ဘောကြီး တစ်စီးပါလား...'
ဆွန်ဖုန်းသည် ပင်လယ်ပြင်ပေါ်တွင် ပေါလောပေါ်နေရင်း ပေါင်မုန့်ကို ကိုက်စားနေစဉ် မလှမ်းမကမ်းရှိ အမှောင်ထုထဲတွင် မီးရောင်များ ထိန်လင်းနေသော ဇိမ်ခံ အပျော်စီးသင်္ဘောကြီး တစ်စီးကို မြင်လိုက်ရသည်။
ထို့ကြောင့် သူသည် လက်ထဲမှ ပေါင်မုန့်ကို လွှင့်ပစ်လိုက်ပြီး နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။
"လခွီး... အပျော်စီးသင်္ဘောပေါ် သွားပြီး အစား သွားစားရမယ်..."
မူလက ဆွန်ဖုန်းသည် ပေါင်မုန့်စားပြီးပါက အိမ်ပြန်ရန် ရည်ရွယ်ထားသော်လည်း မလှမ်းမကမ်းမှ ဖြတ်သန်းသွားသော ဇိမ်ခံ အပျော်စီးသင်္ဘောကြီးကို မြင်လိုက်ရသဖြင့် အပေါ်သို့ တက်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အစားအသောက် သွားခိုးစား... အာ... သွားစားမည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။
ဤဇိမ်ခံ အပျော်စီးသင်္ဘောကြီးကို ကြည့်ရသည်မှာ နိုင်ငံခြားတိုင်းပြည် တစ်ခုက သင်္ဘောကြီး ဖြစ်ဟန်တူသည်။
ဤဇိမ်ခံ သင်္ဘောကြီးမှာ အလွန် ကြီးမားလှပြီး တည်ဆောက်စရိတ်လည်း အလွန် များပြားမည်မှာ သေချာလှသည်။
ဆွန်ဖုန်းသည် အပျော်စီးသင်္ဘော တစ်ခါမှ မစီးဖူးသော်လည်း ရုပ်ရှင်များထဲတွင်တော့ မြင်ဖူးပေသည်။
ဇိမ်ခံ အပျော်စီးသင်္ဘောများ ဆိုသည်မှာ ငွေကြေး ချမ်းသာသူများ သွားရောက် အပန်းဖြေသည့် နေရာဖြစ်ပြီး အပေါ်တွင် လောင်းကစားရုံ၊ အဆင့်မြင့် စားသောက်ဆိုင်၊ အကကြမ်းပြင် စသည့် ဖျော်ဖြေရေး အစီအစဉ် အစုံအလင် ပါရှိပေသည်။
ပိုပြောခြင်း မဟုတ်ဘဲ ဇိမ်ခံ အပျော်စီးသင်္ဘော ဆိုသည်မှာ ရေပေါ် မြို့တော်ကြီး တစ်ခုနှင့်ပင် တူလှပေသည်။
ဆွန်ဖုန်းတွင် ရေငုပ်စက်ရုပ် ရှိနေသဖြင့် ဇိမ်ခံ အပျော်စီးသင်္ဘောကြီး၏ ဘေးဘက်သို့ အလွန် လျင်မြန်စွာ ချဉ်းကပ်သွားနိုင်ခဲ့သည်။
ဆွန်ဖုန်းသည် သင်္ဘောကုန်းပတ်ပေါ်တွင် လူမရှိသည်ကို သေချာ အကဲခတ်ပြီးနောက် အပေါ်သို့ ညင်သာစွာ ခုန်တက်လိုက်သည်။
ကုန်းပတ်ပေါ်သို့ ရောက်သည်နှင့် ရေငုပ်စက်ရုပ်ကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး သင်္ဘောအတွင်းသို့ ဝင်ရောက်မည့် အပေါက်ကို လွတ်လပ်ပေါ့ပါးစွာပင် လိုက်လံ ရှာဖွေလေတော့သည်။
ဤအပျော်စီးသင်္ဘောကြီးမှာ အလွန် ကြီးမားလှသဖြင့် ဆွန်ဖုန်း ဆယ်မိနစ်ခန့် ရှာဖွေပြီးမှသာ လူများနှင့် စတင် တွေ့ဆုံရလေသည်။
တွေ့ရသူများမှာ နိုင်ငံခြားသားများသာ ဖြစ်ကြပြီး အချို့မှာ ကုန်းပတ်ပေါ်တွင် လေညင်းခံရင်း ဘေးရှိ နိုင်ငံခြားသူလေးများနှင့် စကားပြောဆိုနေကြသည်။
သူတို့၏ ဝတ်စားဆင်ယင်မှုများကို ကြည့်ရုံဖြင့် ငွေကြေး ချမ်းသာသူများ ဖြစ်ကြောင်း သိသာလှပေသည်။
အချိန်သိပ်မကြာမီမှာပင် နိုင်ငံခြားသား အုပ်စုများကို ဆက်တိုက် တွေ့မြင်လာရသည်။
ဆွန်ဖုန်းသည် ဟောလိဝုဒ်မှ ဒုတိယတန်းစား၊ တတိယတန်းစား မင်းသမီး အချို့နှင့် ဂျပန် မင်းသမီး အချို့ကိုပင် တွေ့လိုက်ရသေးသည်။
ထို့အပြင် နာမည်ကြီး အငြိမ်းစား NBA ဘတ်စကက်ဘော ကစားသမားများ သို့မဟုတ် ဘောလုံးသမားများကိုလည်း တွေ့လိုက်ရသည်။
သူတို့၏ ဘေးတွင် လှပသော နိုင်ငံခြားသူ အများအပြား ဝိုင်းရံနေကြပြီး အချို့မှာ လူမြင်ကွင်းတွင်ပင် ထိုနိုင်ငံခြားသူများနှင့် ပြင်းပြင်းထန်ထန် နမ်းရှုံ့နေကြရာ တကယ်ကိုပင် ပွင့်လင်းလွတ်လပ်လွန်းလှပေသည်။
သို့သော် ဆွန်ဖုန်းသည် ကုန်းပတ်ပေါ်တွင် အချိန်မဖြုန်းတော့ဘဲ အစားအစာ တစ်ခုခု အရင် စားရန် နေရာရှာရန် ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် ဆွန်ဖုန်းသည် စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိသွားခဲ့သည်။
ထိုဆိုင်မှာ ဒုတိယထပ်တွင် တည်ရှိသော အမိုးပွင့် စားသောက်ဆိုင် တစ်ဆိုင် ဖြစ်ပြီး အစားအစာ စားသောက်ရင်း ပင်လယ်လေညင်းခံကာ ရှုခင်းများကိုပါ ခံစားနိုင်သဖြင့် အလွန် ကောင်းမွန်သော စားသောက်မည့် နေရာတစ်ခုပင် ဖြစ်သည်။
ဆွန်ဖုန်းသည် အနောက်တိုင်း အစားအစာ တစ်ပွဲကို သူ၏ အသံထွက် မပီသသော အင်္ဂလိပ်စကားဖြင့် မှာယူလိုက်သည်။
သို့သော် ငွေရှင်းမည့် အချိန်တွင် အနည်းငယ် အခက်တွေ့သွားလေသည်။
'လခွီး... ယွမ်ငွေကို လက်မခံဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံတယ်တဲ့... တကယ်ကို စောက်ကျိုးနည်းတာပဲ...'
ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်မိသည်။
ဤအခြေအနေမျိုးတွင် ဆွန်ဖုန်း၌ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ပတ်ဝန်းကျင်ရှိ လူများထံမှ ငွေအနည်းငယ် 'ချေး' ယူရန်သာ ကြိုးစားရတော့မည် ဖြစ်သည်။
မူလက ဆွန်ဖုန်းသည် ထိုနိုင်ငံခြားသားများထံမှ ငွေ ချေး ရန် ရည်ရွယ်ထားပြီး သူ၏ သိုင်းပညာနှင့်ဆိုလျှင် အလွယ်တကူပင် ငွေ ချေး နိုင်မည်ဟု ယုံကြည်ထားပေသည်။
သို့သော် သူ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သောအခါ မိမိ နိုင်ငံသားနှင့် တူသော လူနှစ်ယောက်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
ထိုနှစ်ယောက်မှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြပြီး အမျိုးသားမှာ ရုပ်ဖြောင့်ကာ မျက်နှာချိုသွေးတတ်မည့် ပုံစံရှိပြီး အမျိုးသမီးမှာမူ အလွန်တရာ လှပဆွဲဆောင်မှု ရှိလှပေသည်။
ဆွန်ဖုန်းသည် နှာခေါင်းကို တစ်ချက် ပွတ်လိုက်ပြီး ထိုနှစ်ယောက်၏ ရှေ့သို့ သွားကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
"မိတ်ဆွေတို့... အမေရိကန် ဒေါ်လာလေး နည်းနည်းလောက် ချေးလို့ ရမလား... ကျွန်တော့်ဆီမှာ ယွမ်ငွေပဲ ပါလာလို့... လဲပေးမယ် ဆိုရင်လည်း ရပါတယ်..."
"ဘာ..."
ထမင်းစားနေသော လျူရှန်းဝေ့ နှင့် ကျိုကျင်းမေကျီ တို့သည် ခေါင်းမော့လာပြီး ဆွန်ဖုန်းအား အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
'အာ... သောက်ကျိုးနည်း... ဂျပန်ခွေးတွေ ပါလား...'
အလွန် လှပဆွဲဆောင်မှု ရှိသော အမျိုးသမီး၏ စကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ဤနှစ်ယောက်မှာ ဂျပန် လူမျိုးများ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဘာ ဂျပန်ခွေးလဲ... ရှင်းရှင်းလင်းလင်း ပြောစမ်း..."
လျူရှန်းဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူ၏ လေသံတွင် ဒေါသတရား အနည်းငယ် ပါဝင်နေပြီး အသံထွက် မပီသသော တရုတ်စကားဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
"လခွီး... တရုတ်စကား တတ်တဲ့ ဂျပန်ခွေးပါလား..."
ဆွန်ဖုန်းက လျူရှန်းဝေ့အား အံ့အားသင့်စွာ ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"မင်း... ငါ မင်းနဲ့ တစ်ယောက်ချင်း ချမယ်..."
လျူရှန်းဝေ့မှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။
ဆွန်ဖုန်းက သူတို့၏ ကြီးမြတ်သော ဂျပန်လူမျိုးများကို ခွေးဟု ဆက်တိုက် စော်ကားနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"စိတ်မလောနဲ့... သူက အရမ်း အန္တရာယ်များတယ်..."
ဘေးရှိ ကျိုကျင်းမေကျီက ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ပြင်နေသော လျူရှန်းဝေ့ကို လှမ်းတားလိုက်ပြီး ဂျပန်စကားဖြင့် ပြောလိုက်သည်။
လျူရှန်းဝေ့သည် ထိုစကားကို ကြားသောအခါ မျက်နှာမှာ စိမ်းဖပ်သွားသော်လည်း သူ၏ ဒေါသကို မနည်း ထိန်းချုပ်ထားလိုက်ရလေသည်။
ဆွန်ဖုန်းသည် သူ၏ ရှေ့မှ ဂျပန် စုံတွဲ နှစ်ဦး ဂျပန်စကားများဖြင့် တီးတိုး ပြောဆိုနေကြသည်ကို မြင်သောအခါ ဘာမှလည်း နားမလည်သဖြင့် စိတ်မဝင်စားတော့ဘဲ ထွက်ခွာလာခဲ့သည်။
အကယ်၍ စောစောက ထိုဂျပန်ခွေးသာ ရဲရဲတင်းတင်း ကိုယ်ထိလက်ရောက် ကျူးလွန်လာပါက သူ့အား ပညာပေးရန် ဆွန်ဖုန်း ဝန်လေးနေမည် မဟုတ်ချေ။
မကြာမီမှာပင် ဆွန်ဖုန်းသည် နိုင်ငံခြားသား တစ်ဦးထံမှ အမေရိကန် ဒေါ်လာများကို ချေး ယူနိုင်ခဲ့ပြီး အနောက်တိုင်း အစားအစာ တစ်ပွဲ မှာယူကာ ထိုဂျပန် စုံတွဲ၏ ဘေးခုံတွင် ဝင်ထိုင်၍ စားသောက်နေလေတော့သည်။
"ကျိုကျင်းမေကျီ... သူက အဲဒီလောက်တောင် အစွမ်းထက်လို့လား..."
လျူရှန်းဝေ့က ထမင်းစားနေသော ဆွန်ဖုန်းကို တစ်ချက် လှမ်းကြည့်ကာ ကျိုကျင်းမေကျီကို မေးလိုက်သည်။
"သူက အရမ်းကို အန္တရာယ်များတယ်လို့ ကျွန်မ ခံစားနေရတယ်... ကျွန်မရဲ့ ဆဋ္ဌမအာရုံက လုံးဝ မှားမှာ မဟုတ်ဘူး..."
ကျိုကျင်းမေကျီ၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
"ဒါဆိုရင် ဒီည ငါတို့ရဲ့ စစ်ဆင်ရေးကိုများ ထိခိုက်မှု ရှိလာနိုင်မလား..."
"အဲဒါတော့ မသိဘူး... ဒါပေမယ့် ဒီည သူနဲ့ မဆုံရပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ..."
ကျိုကျင်းမေကျီက မျက်နှာထား တင်းမာစွာဖြင့် ပြန်ဖြေလိုက်သည်။
ထမင်းစားပြီးနောက် ဆွန်ဖုန်းသည် ချက်ချင်း အိမ်မပြန်သေးဘဲ ဤဇိမ်ခံ အပျော်စီးသင်္ဘောပေါ်တွင် အခမဲ့ လိုက်လံ လည်ပတ်ရန် ဆုံးဖြတ်လိုက်ပြီး တတိယထပ်ရှိ ဧည့်ခန်းမကြီးဆီသို့ ထွက်လာခဲ့သည်။
ဤနေရာမှာ လောင်းကစားရုံ တစ်ခု ဖြစ်သည်။
ခန်းမကြီး၏ အလယ်တည့်တည့်ရှိ စင်မြင့်ပေါ်တွင် နာမည်ကြီး နိုင်ငံခြားသူ အဆိုတော် တစ်ဦးက သီချင်းများကို မြူးကြွစွာ သီဆိုနေပြီး ပတ်ဝန်းကျင်မှ လူအချို့ကလည်း အားပေးနေကြသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။
သို့သော် ဘေးပတ်လည်တွင် လောင်းကစား လုပ်နေကြသော သူဌေးများကမူ ထိုအရာများကို လုံးဝ စိတ်ဝင်စားခြင်း မရှိကြဘဲ မိမိတို့ လက်ထဲရှိ ဖဲချပ်များ ကောင်းမကောင်းကိုသာ အာရုံစိုက်နေကြပေသည်။
'ပိုက်ဆံရှိတဲ့ လူတွေကတော့ တကယ်ကို ကဲတတ်တာပဲ...'
ဆွန်ဖုန်းသည် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
အမှန်တကယ်တော့ ဤကဲ့သို့သော ဇိမ်ခံ အပျော်စီးသင်္ဘောများမှာ အများအပြား ရှိပေသည်။
ဤသင်္ဘောများမှာ ငွေကြေး ချမ်းသာသူများ သွားရောက် အပန်းဖြေသည့် နေရာများ ဖြစ်ကြပြီး သင်္ဘောပေါ်တွင် လောင်းကစား ပြုလုပ်ခြင်း၊ ညစ်ပတ်သော အရောင်းအဝယ်များ ပြုလုပ်ခြင်း၊ ထိလွယ်ရှလွယ်သော လေလံပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်လေ့ ရှိကြသည်။
မည်သို့ပင်ဆိုစေ ပင်လယ်ပြင်ကြီးထဲတွင် မည်သူက လာရောက် စစ်ဆေးရဲမည်နည်း။