အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀) သံမဏိစက်ရုံ၏ လက်ရှိ အခြေအနေ
"လူချောလေး... စိတ်ဝင်စားလား... ဒေါ်လာ တစ်သောင်းပေးရုံနဲ့ ကြိုက်သလို ကစားလို့ရတယ်..."
ဆွန်ဖုန်းသည် ဘားကောင်တာတွင် အရက်သောက်နေစဉ် ခန္ဓာကိုယ် ကောက်ကြောင်း အလွန်လှပပြီး ဆွဲဆောင်မှု အပြည့်ရှိသော နိုင်ငံခြားသူ တစ်ယောက်က သူ့ထံသို့ လျှောက်လာပြီး မျက်စပစ်ပြကာ ပြောလိုက်လေသည်။
'ဖင်နဲ့ ရင်ကတော့ တကယ်ကို ကြီးတာပဲ... ဒါပေမယ့် နိုင်ငံခြားသူ အများစုက ဒီလို ခန္ဓာကိုယ်မျိုးတွေချည်းပဲလေ...'
ဆွန်ဖုန်းသည် သူ့ရှေ့မှ နိုင်ငံခြားသူကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိလေသည်။ လူပေါင်းများစွာ စီးနင်းခဲ့ပြီးသော ဤပစ္စည်းဟောင်းမျိုးကို သူ လုံးဝ စိတ်မဝင်စားပေ။ ထို့အပြင် ဤဇိမ်ခံ သင်္ဘောကြီးပေါ်ရှိ အထက်တန်းလွှာဆိုသော လူများကိုပင် သူ အတော်လေး ရွံရှာနေမိလေသည်။
"နိုး..."
ဆွန်ဖုန်းက ချက်ချင်းပင် ငြင်းလိုက်လေသည်။ သူသည် တတိယတန်းစား တက္ကသိုလ်မှ ကျောင်းပြီးခဲ့သူဖြစ်ရာ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်သော်လည်း စောစောက နိုင်ငံခြားသူ ပြောသွားသော စကားလောက်ကိုမူ ကောင်းစွာ နားလည်ပေသည်။
"နှမြောစရာပဲ... ငါက မင်းအတွက် အထူးဈေး လျှော့ပေးထားတာ... အရင်က အရှေ့တိုင်းသား ချောချောလေးတွေနဲ့ မအိပ်ဖူးသေးလို့သာ ဒေါ်လာ တစ်သောင်းနဲ့ အိပ်ခံတာ..."
ဟောလိဝုဒ်မှ တတိယတန်းစား မင်းသမီးလေးမှာ ဆွန်ဖုန်း၏ ငြင်းပယ်မှုကို ခံလိုက်ရသော်လည်း စိတ်မဆိုးဘဲ စကားတစ်ခွန်း ပြောကာ ထွက်သွားလေသည်။
ဆွန်ဖုန်းကမူ သူမ ပြောသွားသော စကားကို သေချာ နားမလည်လိုက်ချေ။ ထို့နောက် ခေါင်းခါလိုက်ပြီး...
"ထားလိုက်တော့... အိမ်ပဲ ပြန်တော့မယ်... ဒီမှာ နေရတာ သိပ်ပြီး အဓိပ္ပာယ် မရှိဘူး..."
ဆွန်ဖုန်းသည် လက်ထဲမှ ဝိုင်နီခွက်ကို မော့သောက်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
သိပ်မကြာမီမှာပင် ရေငုပ်စက်ရုပ်ကို ဝတ်ဆင်ထားသော ဆွန်ဖုန်းသည် ပင်လယ်ပြင်ပေါ်သို့ ရောက်ရှိသွားလေသည်။ လေးငါးနာရီခန့် ကြာသောအခါ ဟိုင်ယန်မြို့သို့ ပြန်ရောက်လာခဲ့သည်။ ဆွန်ဖုန်းသည် အိမ်သို့ တိုက်ရိုက် မပြန်သေးဘဲ ယန်ရွှယ်၏ အိမ်သို့ သွားကာ အပန်းဖြေရန် ဆုံးဖြတ်လိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင် ဆွန်ဖုန်းသည် အိပ်ရာမှ နိုးလာပြီး နံနက်စာ စားရင်း သတင်းကို မတော်တဆ ကြည့်လိုက်မိလေသည်။ သတင်းထဲတွင် ပစိဖိတ် သမုဒ္ဒရာရှိ ဇိမ်ခံ အပျော်စီးသင်္ဘောကြီး တစ်စီးကို အကြမ်းဖက်သမားများက ဓားပြတိုက်သွားပြီး လူမည်မျှ သေဆုံး၊ ဒဏ်ရာရသွားသည်ဟူသော အကြောင်းကို ကြေညာနေလေသည်။
ဆွန်ဖုန်း သေချာ ကြည့်လိုက်သောအခါ ထိုသင်္ဘောကြီးမှာ ယမန်နေ့ညက သူ သွားရောက် လည်ပတ်ခဲ့သော သင်္ဘောကြီး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
'လခွီး... ငါ စောစော ပြန်လာမိတာ... တကယ့် ပွဲကြမ်းကြီးကို မမီလိုက်ဘူး...'
ဆွန်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်မိလေသည်။
နံနက်စာ စားပြီးနောက် ယန်ရွှယ်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဆွန်ဖုန်း ဖွင့်ပေးခဲ့သော ကျောက်မျက်ရတနာဆိုင်သို့ သွားရန် ပြင်ဆင်နေလေသည်။ ထိုကျောက်မျက်ရတနာဆိုင်အတွက် ဆွန်ဖုန်းသည် ယခင်က တူးဖော်ရရှိခဲ့သော ရွှေများကို အသုံးပြု၍ အလေးချိန် ပေါင်ဆယ်ဂဏန်းခန့် ရှိသော ရွှေထည်ပစ္စည်းများကို အသံလက်ထောက်အား သီးသန့် ပြုလုပ်ခိုင်းကာ ရောင်းချရန် ထားရှိပေးထားခြင်း ဖြစ်သည်။
ယန်ရွှယ်ကို အလုပ်သို့ ပို့ပေးပြီးနောက် ဆွန်ဖုန်းသည် သံမဏိစက်ရုံဆီသို့ ထွက်လာခဲ့လေသည်။
ရုံးခန်းထဲတွင်မူ ဝူမုန်ရှင်းကို မတွေ့ရချေ။ အပြင်သွားပြီး ကိစ္စတစ်ခုခု ဆောင်ရွက်နေခြင်း ဖြစ်ဟန်တူသည်။ လက်ရှိတွင် သံမဏိစက်ရုံမှာ အော်ဒါများ တဖြည်းဖြည်း ရရှိနေပြီ ဖြစ်သည်။ အများစုမှာ သံမဏိချောင်းနှင့် သံမဏိပြား အော်ဒါများသာ ဖြစ်ပြီး ပမာဏမှာလည်း သိပ်မများလှပေ။
သို့သော်လည်း ဆွန်ဖုန်းကမူ အတော်လေး ကျေနပ်နေပြီ ဖြစ်သည်။ ဤသည်မှာ ဈေးကွက်ရှာဖွေရေး ဌာန၏ ကြိုးစားအားထုတ်မှုကို ပြသနေခြင်းပင် ဖြစ်သည်။
သံမဏိစက်ရုံ ဖွင့်ထားသည်မှာ နှစ်လတောင် မပြည့်သေးသော်လည်း လက်ရှိ ရောင်းအားမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ အထူးသဖြင့် ဆွန်ဖုန်း ရောင်းချသော သံမဏိချောင်းနှင့် သံမဏိပြားများ၏ အရည်အသွေးကို ဖောက်သည်များက အသိအမှတ်ပြုလာကြလေသည်။
ဒုတိယ အချက်အနေဖြင့် ဆွန်ဖုန်း ရောင်းချသော သံမဏိချောင်းနှင့် သံမဏိပြားများ၏ ဈေးနှုန်းမှာ အခြား သံမဏိစက်ရုံများထက် အနည်းငယ် ပို၍ သက်သာနေခြင်းကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း၏ သံသတ္တုများမှာ ဝယ်ယူထားခြင်း မဟုတ်သောကြောင့် ကုန်ကြမ်းစရိတ် လုံးဝ မရှိပေ။ တစ်ခုတည်းသော ကုန်ကျစရိတ်မှာ လျှပ်စစ်မီး၊ အလုပ်သမားခ၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရုံ စရိတ်များသာ ဖြစ်သည်။ ဤစရိတ်များမှာ သူ့အတွက် ဘာမှ မဟုတ်ပေ။
ထို့ကြောင့် အခြား မည်သည့် သံမဏိစက်ရုံနှင့်မဆို ဈေးနှုန်း အပြိုင်အဆိုင် လုပ်ရန် သူ လုံးဝ မကြောက်ရွံ့ချေ။
အရည်အသွေးကလည်း ကောင်း၊ ဈေးနှုန်းကလည်း သက်သာသဖြင့် အော်ဒါများမှာ ဆက်တိုက် ဝင်နေလေသည်။ အော်ဒါ ပမာဏ သိပ်မများသော်လည်း သံမဏိစက်ရုံမှာ နေ့စဉ် လည်ပတ်နေရလေသည်။
သို့သော် အထူးသံမဏိ အပိုင်းတွင်မူ အော်ဒါ တစ်ခုမှ မရသေးချေ။ အထူးသံမဏိ ဆိုသည်မှာ သံမဏိချောင်း၊ သံမဏိပြားများကဲ့သို့ နည်းပညာ နိမ့်ကျခြင်း မရှိပေ။ အထူးသံမဏိများကို စက်ပစ္စည်း ထုတ်လုပ်ရေး၊ စစ်ဘက်ဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေး စသည့် အဆင့်မြင့် နည်းပညာ လိုအပ်သော နေရာများတွင် အသုံးပြုရခြင်း ဖြစ်သည်။
ဆွန်ဖုန်း၏ သံမဏိစက်ရုံမှာ ယခုမှ အသစ်ဖွင့်ထားခြင်း ဖြစ်ပြီး နာမည်လည်း မရှိသေးပေ။ ဖောက်သည်များ အနေဖြင့် အထူးသံမဏိ၏ အရည်အသွေး ကောင်းမွန်သည်ဟု ထင်မြင်လျှင်တောင်မှ အန္တရာယ်ယူ၍ ဝယ်ယူမည် မဟုတ်ချေ။ အကယ်၍ ဝယ်လိုက်သော အထူးသံမဏိမှာ သူတို့ လိုအပ်သည့် အရည်အသွေး မပြည့်မီပါက သူတို့အတွက် အရှုံးမှာ အလွန် ကြီးမားသွားနိုင်ပေသည်။
ဥပမာအားဖြင့် အင်ဂျင်ထုတ်လုပ်ရန် အထူးသံမဏိ ဝယ်ယူလိုက်သည် ဆိုပါစို့။ အကယ်၍ ထိုအထူးသံမဏိမှာ လိုအပ်သော စံနှုန်းများနှင့် မကိုက်ညီပါက အင်ဂျင်များ ရောင်းချပြီးသောအခါ သက်တမ်းတိုခြင်း သို့မဟုတ် အခြား ချို့ယွင်းချက်များ ဖြစ်ပေါ်လာနိုင်ပေသည်။
ထိုသို့ဖြစ်ပါက ငွေကြေး အရှုံးပေါ်ရုံသာမက ကုမ္ပဏီ၏ နာမည်ကိုပါ ထိခိုက်စေနိုင်ပေသည်။
ထို့ကြောင့် ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း တော်တော်များများက နိုင်ငံခြားမှသာ အထူးသံမဏိများကို တင်သွင်းလေ့ ရှိကြသည်။ ပြည်တွင်းမှ အထူးသံမဏိ အများစုမှာ တကယ်ပင် အရည်အသွေး မပြည့်မီကြပေ။
သို့သော် ဆွန်ဖုန်းကမူ လောမကြီးချေ။ သူ၏ အထူးသံမဏိအတွက် မူပိုင်ခွင့် ရသွားပါက ရောင်းမထွက်မည်ကို ပူစရာ မလိုတော့ကြောင်း သူ ယုံကြည်ထားလေသည်။ ထို့ကြောင့် လောလောဆယ်တွင် သံမဏိစက်ရုံသည် သံမဏိချောင်းနှင့် သံမဏိပြားများကိုသာ အဓိက ထုတ်လုပ်နေပြီး အထူးသံမဏိ ထုတ်လုပ်မှုကို ရပ်နားထားလိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ အစ်ကိုဖုန်း..."
ရုံးခန်းထဲတွင် စာရွက်စာတမ်းများကို ဖတ်ရှုနေသော လျန်ယင်းက စက်ရုံသို့ မလာသည်မှာ ကြာပြီဖြစ်သော ဆွန်ဖုန်းကို မြင်သောအခါ ပြုံး၍ မတ်တပ်ရပ် နှုတ်ဆက်လိုက်လေသည်။ ထို့နောက် ကော်ဖီ တစ်ခွက်ပါ ဖျော်ပေးလိုက်သည်။
"ဘယ်လိုလဲ... အလုပ်တွေ အဆင်ပြေရဲ့လား..."
ဆွန်ဖုန်းက ကော်ဖီခွက်ကို လှမ်းယူလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ရင်း မေးလိုက်လေသည်။
"အဆင်ပြေပါတယ်... အလုပ်လုပ်ရင်းနဲ့ စီမံခန့်ခွဲမှုတွေကိုပါ လေ့လာနေတာပါ... အစ်ကိုကတော့ ကောင်းတယ်... အရာအားလုံးကို တခြားလူတွေကို လွှဲထားပြီး အပတ်ပေါင်းများစွာ ကြာမှ စက်ရုံကို တစ်ခေါက် ရောက်လာတာပဲ..."
လျန်ယင်းကလည်း ဆွန်ဖုန်း၏ ဘေးတွင် ဝင်ထိုင်ပြီး ရယ်မောကာ ပြောလိုက်လေသည်။
သူတို့နှစ်ယောက်မှာ အရင်ကတည်းက ရင်းနှီးပြီးသား ဖြစ်သဖြင့် လျန်ယင်းနှင့် ဆွန်ဖုန်းကြားတွင် အထက်လူကြီးနှင့် လက်အောက်ငယ်သား ဟူသော တင်းမာသည့် ဆက်ဆံရေးမျိုး မရှိချေ။ လျန်ယင်းက ဆွန်ဖုန်းကို သူမ၏ အစ်ကိုကြီး၊ ကျောင်းမှ စီနီယာ တစ်ယောက်လိုသာ သဘောထားပြီး ဆွန်ဖုန်းကလည်း လျန်ယင်းကို သူ့၏ လက်အောက်ငယ်သား တစ်ယောက်လို သဘောမထားပေ။
လျန်ယင်းကို မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ အနီးကပ် မြင်တွေ့လိုက်ရသောအခါ ဤတက္ကသိုလ် အလှမယ်လေးမှာ အနည်းငယ် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ဆွန်ဖုန်း သတိထားမိလိုက်သည်။ အင်း... ပိုပြီး ရင့်ကျက်လာသည်ဟု ပြောရမည် ဖြစ်သည်။ အရှိန်အဝါ တစ်ခု ရလာပြီး မိန်းမဆန်သော ဆွဲဆောင်မှုများ ပို၍ တိုးလာလေသည်။
အရင်က လျန်ယင်းကို ဖြူစင်သော ရေခဲပန်းလေး တစ်ပွင့်ဟု တင်စားရမည်ဆိုလျှင် အခုတော့ ဆွဲဆောင်မှု အပြည့်ရှိသော နှင်းဆီပန်းလေး တစ်ပွင့် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ဘယ်သူက အရာအားလုံးကို တခြားလူတွေကို လွှဲထားတယ်လို့ ပြောလဲ... ငါက နေ့တိုင်း အလုပ်ရှုပ်နေတာပါ..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။ စက်ရုံကိစ္စများကို သူ သိပ်ပြီး ဝင်မပါသော်လည်း တခြားကိစ္စများကိုမူ သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေရခြင်း ဖြစ်သည်။ သံသတ္တု အရောင်းအဝယ်ကိစ္စ၊ တူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စများကို သူကိုယ်တိုင် စီစဉ်နေရလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စများမှာ လျှို့ဝှက်ထားရမည့် ကိစ္စများဖြစ်၍ တခြားလူကို ပေးသိ၍ မရသောကြောင့် ဖြစ်သည်။
"မိန်းကလေးတွေ လိုက်ကြူနေတာ မဟုတ်ဘူးလား..."
လျန်ယင်းက တောက်ပသော မျက်လုံးလေးများဖြင့် ကြည့်ကာ နောက်ပြောင်လိုက်လေသည်။
"ဘယ်က မိန်းကလေး လိုက်ကြူရမှာလဲ... နင့်ကိုပဲ ကြူရမှာပေါ့..."
ဆွန်ဖုန်းက ပါးစပ်သရမ်းကာ ပြောလိုက်လေသည်။ လျန်ယင်းရော ဝူမုန်ရှင်းပါ သူ့တွင် ချစ်သူ ရှိနေပြီ ဆိုသည်ကိုရော၊ မကြာမီ ဖခင် ဖြစ်တော့မည် ဆိုသည်ကိုရော မသိကြသေးချေ။
"အာ... အစ်ကိုဖုန်းက မုန်ရှင်းကိုပဲ လိုက်ကြူချင်နေတာ နေမှာပါ... အစ်ကိုက သူ့အိမ်ကိုတောင် သွားပြီး ထမင်းစား၊ မိဘတွေနဲ့တောင် တွေ့ပြီးပြီဆိုတာ ကျွန်မ သိတယ်နော်..."
လျန်ယင်းက အနည်းငယ် မနာလိုသော လေသံဖြင့် ပြောလိုက်လေသည်။
ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်မိလေသည်။ ဤသတင်းကို လျန်ယင်း ဘယ်ကနေ ဘယ်လို ကြားသွားသနည်း ဆိုသည်ကို သူ တကယ် နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူက ထမင်းတစ်နပ် သွားစားရုံတင် မဟုတ်ပါလား။
"နောက်တစ်ခါ နင့်အိမ်ကို လာပြီး ထမင်းစားမယ်လေ... အဲဒါဆိုရင် ငါက နင့်ကို လိုက်ကြူနေတယ်လို့ သတ်မှတ်မလား..."
"လာလေ..." လျန်ယင်းက ပြုံးပြီး ပြောလိုက်လေသည်။
"......"
ဆွန်ဖုန်းကမူ လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ နှစ်ယောက်လုံး သူ၏အပေါ်တွင် အရင်ကထက် ပို၍ ရင်းနှီးလာကြသည်ကို သတိထားမိလိုက်သည်။ သူတို့ နှစ်ယောက်လုံးက သူ့အပေါ်တွင် စိတ်ဝင်စားနေကြသည်ဟု သူ ခံစားလိုက်ရသည်။
'ဟဲဟဲ... ကြည့်ရတာ ငါ့ရဲ့ ရုပ်ရည်က ချောမောနေတုန်းပဲ... ငါ့ကို သဘောကျတဲ့ မိန်းမချောလေးတွေ အများကြီး ရှိနေသေးတာပဲ...'
ဆွန်ဖုန်းက စိတ်ထဲတွင် ဂုဏ်ယူဝင်ကြွားစွာ တွေးလိုက်မိလေသည်။
"ဒါနဲ့... ဒီနေ့ည နင်နဲ့ မုန်ရှင်း ငါ့အိမ်ကို လာပြီး ထမင်းစားကြပါလား... ငါ ပင်လယ်စာ ဟင်းလျာတွေ အများကြီး ပြင်ဆင်ထားတယ်..."
ဆွန်ဖုန်းက နောက်ပြောင်နေရာမှ အတည် ပြောလိုက်လေသည်။
"ကောင်းတာပေါ့... ကျွန်မ အစ်ကို့ရဲ့ ဗီလာအိမ်ကြီးကို တစ်ခါမှ မရောက်ဖူးသေးဘူး..."
"နင် လာနေလို့လည်း ရတာပဲလေ..." ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"တော်ပါပြီ... တခြားလူတွေ အတင်းအဖျင်း ပြောမှာ စိုးလို့ပါ..."
လျန်ယင်း၏ မျက်နှာလေး နီရဲသွားပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။
"ဘာကြောက်စရာ ရှိလို့လဲ... ငါကတော့ ဂရုမစိုက်ဘူး..."
"ကျွန်မက ဂရုစိုက်တယ်ရှင့်..."
လျန်ယင်းမှာ မျက်နှာပူတတ်သူမို့ ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း။ နောက်ပြောင်၍တော့ ရသော်လည်း တကယ် သွားနေဖို့ဆိုသည်ကိုမူ သူမ လုံးဝ လက်ခံမည် မဟုတ်ချေ။ သူမက ရှေးရိုးစွဲ ဆန်သော မိန်းကလေး တစ်ယောက် မဟုတ်ပါလား။