← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁) ပင်လယ်စာ ဟင်းလျာများ

ညနေ ငါးနာရီခန့်တွင် ဆွန်ဖုန်းသည် အစောကြီး အိမ်ပြန်လာခဲ့လေသည်။ အိမ်မပြန်မီ ဈေးသို့ဝင်၍ ပင်လယ်စာ ချက်ပြုတ်ရန် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များကို ဝယ်ယူခဲ့သေးသည်။

အိမ်ရောက်သောအခါ ဟယ်မင်ယီ ခရီးမှ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ဟွမ်ကျားချန်းပါ ရောက်ရှိနေပြီး သူတို့နှစ်ဦးမှာ ဧည့်ခန်းထဲတွင် ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်ရင်း တီးတိုး စကားပြောနေကြလေသည်။

"ဒီနေ့ ဘယ်လိုဖြစ်လို့ စောစော ပြန်လာတာလဲ..."

ဟယ်မင်ယီက ဆွန်ဖုန်းကို မြင်သောအခါ မေးလိုက်လေသည်။

"ဒီနေ့ည ငါတို့ ပင်လယ်စာတွေ စားရအောင်လို့ စောစော ပြန်လာပြီး ဟင်းချက်မလို့လေ... ဒါနဲ့ ခဏနေရင် သူငယ်ချင်း နှစ်ယောက် လာပြီး ထမင်းစားလိမ့်မယ်... မိန်းကလေးဟွမ်ရော ဒီမှာပဲ ထမင်းစားသွားပါလား..."

ဆွန်ဖုန်းက ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ လာမည်ဟု တိုက်ရိုက် မပြောဘဲ ကြိုတင် အသိပေးလိုက်ခြင်း ဖြစ်သည်။ ခဏနေမှ မိန်းမတွေ ရန်ဖြစ်ကြမည်ကို သူ စိုးရိမ်နေမိသည်။

"ရပါတယ်..." ဟွမ်ကျားချန်းက သဘောတူလိုက်လေသည်။

"ကောင်းပြီ... ဒါဆို ငါ့ရဲ့ လက်ရာကို မြည်းစမ်းကြည့်ကြတာပေါ့..."

ဆွန်ဖုန်းသည် ပြောပြီးသည်နှင့် မီးဖိုချောင်ထဲသို့ ဝင်ကာ အလုပ်စလုပ်လေတော့သည်။

မကြာမီမှာပင် မီးဖိုချောင်ထဲမှ ဟင်းသီးဟင်းရွက် လှီးဖြတ်သံများ ထွက်ပေါ်လာလေသည်။

"ဟယ်... မင်ယီ... နင်တော့ ကံကောင်းတာပဲ... နင့်ကောင်လေးက ရုပ်လည်းချော၊ ပိုက်ဆံလည်းရှိ၊ ဟင်းလည်း ချက်တတ်သေးတယ်... ဒီလို ယောက်ျားမျိုးက ရှာရခက်တယ်နော်..."

ဟွမ်ကျားချန်းက ပြုံး၍ ပြောလိုက်လေသည်။

"ဘာကို ကံကောင်းရမှာလဲ... အဲဒီကိစ္စသာ မဖြစ်ခဲ့ရင် ငါက သူ့ကို ယူမှာ မဟုတ်ဘူး..."

ဟယ်မင်ယီက ပါးစပ်မှသာ ခပ်မာမာ ပြောနေသော်လည်း သူငယ်ချင်းဖြစ်သူက သူမ၏ ချစ်သူကို ချီးကျူးနေသဖြင့် ရင်ထဲတွင်တော့ အတော်လေး ဝမ်းသာနေမိသည်။

"ဒါဆို နင် နောင်တရနေတာပေါ့လေ..." ဟွမ်ကျားချန်းက ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်လေသည်။

"လခွီး... အဲဒီကိစ္စကို ခဏခဏ မပြောပါနဲ့ဆို... ဒါက ငါ့တစ်သက်စာ အရှက်ရစရာ ကိစ္စကြီးပါဆို..."

ဟယ်မင်ယီက ဟွမ်ကျားချန်းကို လှမ်းဆွဲကာ ရန်ဖြစ်သလို လုပ်လိုက်ရာ မိန်းမချောလေး နှစ်ယောက်မှာ အချင်းချင်း နောက်ပြောင် ကစားနေကြလေတော့သည်။

နာရီဝက်ခန့် ကြာသောအခါ မီးဖိုချောင်ထဲမှ မွှေးပျံ့သော အနံ့များ ထွက်ပေါ်လာသဖြင့် ဟယ်မင်ယီနှင့် ဟွမ်ကျားချန်းတို့မှာ မနေနိုင်တော့ဘဲ မီးဖိုချောင် တံခါးဝသို့ သွားကာ ဆွန်ဖုန်း ဟင်းချက်နေသည်ကို ရပ်ကြည့်နေကြလေသည်။

"ဒီနေ့ည ဘာဟင်းတွေ ချက်တာလဲ..."

ဟယ်မင်ယီက နှာခေါင်းလေးကို ရှုံ့ကာ မွှေးကြိုင်သော အနံ့များကို ရှူရှိုက်ရင်း သွားရည်ကျမတတ် မေးလိုက်လေသည်။ ကိုယ်ဝန်ရှိလာပြီးကတည်းက သူမ၏ အစားအသောက်မှာ ပို၍ များလာခဲ့သည်။ အထူးသဖြင့် ဆွန်ဖုန်း ချက်သော ဟင်းများမှာ အလွန် အရသာရှိသဖြင့် ဤရက်ပိုင်းအတွင်း သူမ၏ ခန္ဓာကိုယ်မှာ ပို၍ ပြည့်ဖြိုးလာကာ ငယ်ရွယ်နုနယ်သော ပန်းသီးစိမ်းလေး ဘဝမှ ရင့်မှည့်သော ပန်းသီးနီလေး ဘဝသို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

"ကျောက်ငါးနီ ပေါင်း၊ ကြွက်ငါး ပေါင်း၊ ကျားပုစွန် ပြုတ်၊ ဆူးမေငါး စွပ်ပြုတ်၊ ခရုကမာ ကင်၊ ခရုခွံ အစပ်ကြော်..."

ဆွန်ဖုန်းသည် ဟင်းချက်နေရင်း ဟင်းအမည်များကို တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်လေသည်။

"ဝါး... ပင်လယ်စာတွေ အများကြီးပါလား..."

ဟွမ်ကျားချန်းသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက်သွားလေသည်။ ယခင်က ဆွန်ဖုန်းသည် ဤတန်ဖိုးကြီး ပင်လယ်စာများကို အကင် လုပ်စားသည်ကိုသာ သူမ မြင်ဖူးခဲ့ရာ ယခုလို ဟင်းလျာများ ချက်ပြုတ်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

"ဒါပေါ့..."

ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်လေသည်။ ဤကျောက်ငါး၊ ကျားပုစွန် စသည်တို့မှာ မနေ့က သူ ပင်လယ်ထဲတွင် ပျင်းပျင်းရှိသဖြင့် ဖမ်းလာခဲ့ခြင်း ဖြစ်သည်။ ထိုငါးများနှင့် ပုစွန်များကို မြင်သောအခါ သိုလှောင်ရုံ စနစ်ကို ဖွင့်ကာ ချက်ချင်း သိမ်းယူခဲ့ခြင်း ဖြစ်သည်။

"ဒင်... ဒေါင်..."

ထိုအချိန်မှာပင် လူခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။

"ငါ့သူငယ်ချင်းတွေ ရောက်လာပြီ ထင်တယ်... မင်ယီ... သွားဖွင့်ပေးလိုက်ပါလား..."

ဆွန်ဖုန်းသည် ဟင်းချက်နေသဖြင့် တံခါးသွားဖွင့်ရန် အချိန်မရှိချေ။

"အင်း..."

ဟယ်မင်ယီက တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး မျက်နှာပြင်ပေါ်တွင် ပေါ်နေသော ဧည့်သည်များကို ကြည့်လိုက်သောအခါ အမျိုးသမီး နှစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုအမျိုးသမီး နှစ်ဦးမှာ အလွန် လှပကြပြီး ယခင်က ကော်ဖီဆိုင်တွင် ဆွန်ဖုန်းနှင့် ရယ်မော စကားပြောနေကြသော အမျိုးသမီး နှစ်ဦး ဖြစ်နေသည်ကို သူမ ချက်ချင်း မှတ်မိလိုက်လေသည်။

'သောက်ကောင်... မိန်းမချောလေးတွေကို အိမ်ခေါ်ပြီး ထမင်းကျွေးတယ်ပေါ့လေ...'

ဟယ်မင်ယီက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ဒေါသတကြီးဖြင့် ဆိုဖာပေါ်သို့ ပြန်ထိုင်ကာ ပြောလိုက်လေသည်။

"ငါ မဖွင့်ပေးဘူး... ဖွင့်ချင်ရင် နင့်ဘာသာ သွားဖွင့်..."

မီးဖိုချောင်ထဲမှ ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ ဒေါသတကြီး အသံကို ကြားသောအခါ ပြုံးလိုက်မိလေသည်။ လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ကို သူမ ကြိုဆိုမည် မဟုတ်ကြောင်း သူ သိလိုက်သဖြင့် ဟွမ်ကျားချန်းကို အကူအညီ တောင်းလိုက်လေသည်။

"မိန်းကလေးဟွမ်... ကျေးဇူးပြုပြီး တံခါးလေး သွားဖွင့်ပေးပါလား..."

"အိုကေလေ..."

ဟွမ်ကျားချန်းကလည်း ငြင်းဆိုရန် အဆင်မပြေသဖြင့် တံခါးသွားဖွင့်ပေးလိုက်လေသည်။

လျန်ယင်းနှင့် ဝူမုန်ရှင်းတို့မှာ မူလက အလွန် ပျော်ရွှင်စွာ ရောက်ရှိလာကြသော်လည်း ဗီလာအိမ်ကြီးထဲသို့ ဝင်လိုက်သည်နှင့် ဟွမ်ကျားချန်းနှင့် ဟယ်မင်ယီတို့ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားကြလေသည်။ ဆွန်ဖုန်း၏ အိမ်တွင် မိန်းမချောလေး နှစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

'ဒါက ဘယ်လို အခြေအနေလဲ...'

လျန်ယင်းနှင့် ဝူမုန်ရှင်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားကြလေသည်။

"ဟွန်း... မိန်းမပျက်တွေ..."

ဟယ်မင်ယီက လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ကို တစ်ချက် ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး စကားပင် မပြောချင်တော့ချေ။ ဟွမ်ကျားချန်းကမူ ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ကို မျက်နှာသေဖြင့်သာ ကြည့်နေပြီး စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို မသိနိုင်ချေ။

'ဒီမိန်းမ နှစ်ယောက်က အစ်ကိုဖုန်းရဲ့ ချစ်သူတွေများလား...'

ထိုအချိန်တွင် လျန်ယင်းနှင့် ဝူမုန်ရှင်းတို့၏ စိတ်ထဲတွင် တူညီသော မေးခွန်းတစ်ခု ပေါ်လာလေသည်။

ထို့ကြောင့် မိန်းမချောလေး လေးယောက်မှာ ဆိုဖာပေါ်တွင် ထိုင်ကာ တစ်ယောက်ကို တစ်ယောက် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသဖြင့် အခြေအနေမှာ အလွန် အနေရခက်စရာ ကောင်းနေလေသည်။

"အာ... မင်းတို့ ရောက်လာပြီလား... အပြင်မှာ ခဏထိုင်ပြီး စကားပြောနေကြဦး... ဟင်းတွေ ကျက်တော့မယ်..."

ဆွန်ဖုန်းသည် လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ ရောက်လာပြီဖြစ်ကြောင်း သိလိုက်သဖြင့် မီးဖိုချောင်ထဲမှနေ၍ လှမ်းနှုတ်ဆက်လိုက်လေသည်။

"......"

လျန်ယင်းနှင့် ဝူမုန်ရှင်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်ကြလေသည်။

"အင်း... ဒီက အစ်မနဲ့ ကျွန်မ အရင်က တွေ့ဖူးတယ်ထင်တယ်... ကော်ဖီဆိုင်မှာလေ... ကျွန်မ နာမည်က လျန်ယင်း ပါ... အစ်မ နာမည်က ဘယ်လိုခေါ်လဲ မသိဘူး..."

နောက်ဆုံးတွင် လျန်ယင်းက စတင်၍ စကားပြောလိုက်လေသည်။

"ကျွန်မ နာမည်က ဝူမုန်ရှင်း ပါ..."

ဘေးမှ ဝူမုန်ရှင်းကလည်း အလျင်အမြန် ဝင်ရောက် မိတ်ဆက်လိုက်လေသည်။

သို့သော် ဟယ်မင်ယီကမူ ထိုနှစ်ဦးကို လုံးဝ ဂရုမစိုက်ချေ။ ဟွမ်ကျားချန်းက ဟယ်မင်ယီ ဒေါသထွက်နေသည်ကို မြင်သောအခါ ပြုံး၍ ဝင်ပြောလိုက်လေသည်။

"သူ့နာမည်က ဟယ်မင်ယီ တဲ့... ဆွန်ဖုန်းရဲ့ ချစ်သူလေ... ကျွန်မက သူ့သူငယ်ချင်း ဟွမ်ကျားချန်း ပါ..."

"အာ... ဟယ်မင်ယီ... အစ်ကိုဖုန်းရဲ့ ချစ်သူ..."

လျန်ယင်းနှင့် ဝူမုန်ရှင်းတို့မှာ ဟယ်မင်ယီကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုတို့ကို ခံစားလိုက်ကြရလေသည်။

"အာ... ဟုတ်ကဲ့... ကျွန်မတို့ နှစ်ယောက်က အစ်ကိုဖုန်းရဲ့ လက်အောက်ငယ်သားတွေပါ..."

လျန်ယင်းမှာ လူမှုရေး နယ်ပယ်သို့ ဝင်ရောက်လာသည်မှာ ဝူမုန်ရှင်းထက် ပို၍ စောသဖြင့် အခြေအနေကို ထိန်းသိမ်းရန် အလျင်အမြန် ပြောလိုက်လေသည်။

ထို့နောက် ဧည့်ခန်းထဲတွင် တိတ်ဆိတ်သွားပြီး မိန်းမချောလေး လေးယောက်မှာ ဆိုဖာပေါ်တွင် ထိုင်ကာ ရုပ်ရှင်များကိုသာ ကြည့်နေကြလေတော့သည်။

ခဏအကြာတွင် လျန်ယင်းမှာ ဤအနေရခက်သော အခြေအနေကို သည်းမခံနိုင်တော့သဖြင့် ဆွန်ဖုန်းအား ကူညီရန် အကြောင်းပြကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ အမှန်တကယ်တော့ ဆွန်ဖုန်းတွင် မည်သည့်အချိန်က ချစ်သူ ရသွားသနည်း ဆိုသည်ကို သီးသန့် မေးမြန်းချင်သောကြောင့် ဖြစ်သည်။

"အစ်ကိုဖုန်း... ကျွန်မ ကူလုပ်ပေးမယ်..."

လျန်ယင်းက ဆွန်ဖုန်း၏ ဘေးသို့ သွားကာ ပြောလိုက်လေသည်။

"အိုကေလေ..."

လျန်ယင်းသည် ဟင်းသီးဟင်းရွက်များကို ဆေးကြောနေရင်း ဆွန်ဖုန်းအား တိုးတိုးလေး မေးလိုက်လေသည်။

"အစ်ကိုဖုန်း... အစ်ကို့မှာ ဘယ်တုန်းက ချစ်သူ ရသွားတာလဲ..."

"အာ... ဟယ်မင်ယီ ကို ပြောတာလား... လွန်ခဲ့တဲ့ အပတ်အနည်းငယ်ကပါ... ဘာလဲ... မနာလို ဖြစ်နေတာလား..."

ဆွန်ဖုန်းက နောက်ပြောင်ကာ ပြန်ဖြေလိုက်လေသည်။ အမှန်တကယ်တော့ သူ ဤမိန်းကလေးများကို အတူတကွ ထမင်းစားရန် ဖိတ်ခေါ်ရခြင်းမှာ ရည်ရွယ်ချက် တစ်ခု ရှိပေသည်။ သူတို့ အားလုံးကို အေးအေးဆေးဆေး ထိုင်၍ စကားပြောစေချင်သောကြောင့် ဖြစ်သည်။

"ဟင့်အင်း... မဟုတ်ပါဘူး..."

လျန်ယင်း၏ မျက်နှာလေး နီရဲသွားပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ တကယ်တော့ ဆွန်ဖုန်းက ဝန်ခံလိုက်သည်ကို ကြားသောအခါ သူမ၏ ရင်ထဲတွင် မသိမသာ နာကျင်သွားရသော်လည်း မျက်နှာပေါ်တွင်တော့ မပြသခဲ့ချေ။

"ဟားဟား... ငါ့ကို သဘောကျနေတာ မဟုတ်လား... သဘောကျရင် ပြောလေ... ငါက နင့်ကိုပါ ယူဖို့ စဉ်းစားပေးမှာပေါ့..."

ဆွန်ဖုန်းက အရှက်မရှိ နောက်ပြောင်လိုက်လေသည်။

"လခွီး... အရှက်မရှိတဲ့လူကြီး..."

လျန်ယင်းမှာ ဆွန်ဖုန်း၏ နောက်ပြောင်မှုများကို အသားကျနေပြီ ဖြစ်သည်။ တက္ကသိုလ်တက်စဉ်ကတည်းက သူ ဤကဲ့သို့ပင် ဖြစ်ပြီး ယခုတိုင် မပြောင်းလဲသေးချေ။

မကြာမီမှာပင် ဟင်းများ ချက်ပြုတ်ပြီးစီးသွားလေသည်။

ထမင်းစားပွဲပေါ်တွင် ပင်လယ်စာ ဟင်းလျာများ အပြည့် တင်ထားလေသည်။ ကျောက်ငါးနီ ပေါင်း၊ ကြွက်ငါး ပေါင်း၊ ကျားပုစွန် ပြုတ်၊ ဆူးမေငါး စွပ်ပြုတ်၊ ခရုကမာ ကင်၊ ခရုခွံ အစပ်ကြော် စသည့် ဟင်းလျာများကို မြင်သောအခါ လူငါးယောက်လုံး သွားရည်ကျလာကြလေသည်။

"ဝါး... မွှေးလိုက်တာ... အရမ်း အရသာရှိမယ့်ပုံပဲ..."

ဟွမ်ကျားချန်းက စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ နှုတ်ခမ်းသပ်ရင်း ပြောလိုက်လေသည်။ သူမသည် ဟိုတယ်ပိုင်ရှင် တစ်ဦး ဖြစ်သဖြင့် ဤပင်လယ်စာများကို စားဖူးသော်လည်း အိမ်ချက် လက်ရာမျိုးကိုမူ တစ်ခါမှ မစားဖူးခဲ့ချေ။ အိမ်ချက် လက်ရာများက ပို၍ အရသာရှိမည့်ပုံ ပေါ်နေပေသည်။

All Chapters