အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) စီးပွားရေး ဆွေးနွေးစရာ ရှိသည်
"ဝါး... ဆူးမေငါး စွပ်ပြုတ်၊ ငရုတ်ကောင်း ခရုကမာ... ရှင် ဒါတွေ ချက်တတ်လိမ့်မယ်လို့ မထင်ထားဘူး... ဒါနဲ့ ဒီခရုကမာနဲ့ ဆူးမေငါးကို ဘယ်ကနေ ဝယ်လာတာလဲ... ဒါတွေက ရှားပါးပစ္စည်းတွေလေ... သာမန်အချိန်ဆို ဝယ်ဖို့ အရမ်းခက်တာ..."
ဟွမ်ကျားချန်းသည် ဟိုတယ်ပိုင်ရှင် ပီပီ ဤပင်လယ်စာများ အကြောင်းကို ကောင်းစွာ သိရှိလေသည်။
ကျောက်ငါးနီမှာ တန်ဖိုးကြီးသော်လည်း ဝယ်ယူရန် မခက်ခဲပေ။
သို့သော် ခရုကမာမှာမူ မတူညီချေ။
ဟိုင်ယန်မြို့တွင် ဤအရာများကို ရောင်းချလေ့ မရှိပေ။
"ငါက နယ်ကနေ လှမ်းမှာပြီး ပို့ခိုင်းထားတာလေ... ကြည့်စမ်း ငါ မင်းတို့ကို ဘယ်လောက် ဂရုစိုက်လဲလို့... ကိုယ်တိုင်တောင် ဟင်းဝင်ချက်ပေးသေးတယ်... မင်းတို့ ငါ့ကို ဘယ်လို ကျေးဇူးဆပ်ကြမလဲ..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။
ဤအရာများကို သူကိုယ်တိုင် ပင်လယ်ထဲမှ ဖမ်းလာသည်ဟုမူ သူ ပြောပြမည် မဟုတ်ချေ။
ဆွန်ဖုန်း၏ စကားကြောင့် မိန်းမချောလေး လေးယောက်လုံး မျက်စောင်းထိုးလိုက်ကြလေသည်။
ဟယ်မင်ယီကမူ တံတွေးထွေးဟန်ပြုကာ ပြောလိုက်လေသည်။
"အကြောင်းမရှိဘဲ လာပြီး မျက်နှာချိုသွေးနေတာ... မကောင်းတဲ့ ရည်ရွယ်ချက် ရှိလို့ပဲ ဖြစ်ရမယ်..."
"အဟမ်း... အဟမ်း..."
ဆွန်ဖုန်းသည် အနေရခက်စွာဖြင့် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"လာ လာ လာ... စားကြရအောင်..."
ထို့နောက် မောက်ထိုင် အရက် နှစ်ပုလင်းကို သွားယူလာခဲ့လေသည်။
လူငါးယောက်လုံး နေရာယူပြီးနောက် စတင် စားသောက်ကြလေတော့သည်။
"ငါ ဝိုင်နီပဲ သောက်ချင်တယ်..."
ဟယ်မင်ယီသည် ဆွန်ဖုန်း ယူလာသည်မှာ အရက်ဖြူ ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။ သူမ အရက်ဖြူ မသောက်ချင်ပေ။
"မင်း အရက်မသောက်နဲ့တော့... ဒါလေးပဲ စားလိုက်..."
ဆွန်ဖုန်းက ဟယ်မင်ယီကို အရက်သောက်ခွင့် ပြုမည်လား။
သူသည် ဟယ်မင်ယီအတွက် ကျားပုစွန် ပြုတ်နှင့် ခရုကမာတို့ကို သူမ၏ ပန်းကန်ထဲသို့ ခပ်ထည့်ပေးလိုက်လေသည်။ ဤဟင်းနှစ်မျိုးမှာ ကိုယ်ဝန်ဆောင် မိခင်များအတွက် အမှန်တကယ်ပင် အကျိုးကျေးဇူး များလှပေသည်။
ဆွန်ဖုန်းက အခြား မိန်းကလေးများ ရှေ့တွင် မိမိကို အထူးတလည် ဂရုစိုက်ပေးနေသည်ကို မြင်သောအခါ ဟယ်မင်ယီ၏ အေးစက်နေသော မျက်နှာလေးမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားလေသည်။
ထို့အပြင် ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ကို စိန်ခေါ်သည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သေးရာ ဘေးမှ ဟွမ်ကျားချန်းမှာ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရလေသည်။
'မင်ယီက တကယ်ကို မရင့်ကျက်သေးဘူးပဲ... ကလေးဆန်လိုက်တာ...'
ဟွမ်ကျားချန်းက စိတ်ထဲမှ ရေရွတ်လိုက်မိလေသည်။
"ရော့... ချိစ်..."
ဟယ်မင်ယီမှလွဲ၍ ကျန်မိန်းကလေး လေးယောက်လုံး အရက် အနည်းငယ်စီ သောက်လိုက်ကြလေသည်။ မူလက ဟွမ်ကျားချန်းသည် အရက်မသောက်ချင်သော်လည်း ယနေ့ စိတ်ခံစားချက် ကောင်းနေသဖြင့် အနည်းငယ် သောက်လိုက်ခြင်း ဖြစ်သည်။
ဟင်းများကို စားရင်း၊ အရက်သောက်ရင်း၊ စကားပြောရင်းဖြင့် မူလက အဆင်မပြေဖြစ်နေသော အခြေအနေမှာ တဖြည်းဖြည်း ကောင်းမွန်လာခဲ့လေသည်။
ထို့အပြင် အရက် အနည်းငယ် ဝင်သွားသဖြင့် လျန်ယင်း၊ ဝူမုန်ရှင်းနှင့် ဟွမ်ကျားချန်းတို့မှာ အချင်းချင်း ရင်းနှီးသွားကြပြီး အမျိုးသမီးများ၏ အကြောင်းအရာများ ဖြစ်သော အဝတ်အစားများ၊ အလှကုန်ပစ္စည်းများ အကြောင်းကိုပင် ဆွေးနွေးလာကြလေသည်။
ဟွမ်ကျားချန်းက ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ကို နောက်တစ်ခါ ဈေးအတူတူ ထွက်ဝယ်ရန်ပင် ဖိတ်ခေါ်လိုက်သေးသည်။
သို့သော် ဟယ်မင်ယီကမူ ဝူမုန်ရှင်း၊ လျန်ယင်းတို့နှင့် စကားပြောဆိုရန် သိပ်ပြီး ဆန္ဒမရှိလှချေ။ သူမသည် ဆွန်ဖုန်းနှင့် ဤမိန်းကလေး နှစ်ဦးကြားတွင် သာမန်မဟုတ်သော ဆက်ဆံရေးမျိုး ရှိနေသည်ဟု အမြဲတမ်း ခံစားနေရလေသည်။
သို့သော် သူမတွင်လည်း ရွေးချယ်စရာ မရှိပေ။ သူမ အနေဖြင့် ဆွန်ဖုန်းနှင့် အတူနေရန် ဆုံးဖြတ်ခဲ့စဉ်ကတည်းက ဆွန်ဖုန်းမှာ ရိုးသားတည်ငြိမ်သော လူတစ်ယောက် မဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
တစ်နာရီခန့် ကြာသောအခါ ထမင်းစား၍ ပြီးစီးသွားလေသည်။ အိမ်မှုကိစ္စ နိုင်နင်းသော လျန်ယင်းက ဆွန်ဖုန်းအား စားပွဲသိမ်းခြင်း၊ ပန်းကန်ဆေးခြင်းများကို ကူညီပေးလေသည်။ ဟွမ်ကျားချန်းကမူ ဝူမုန်ရှင်းနှင့် ဟယ်မင်ယီတို့ကို ဆွဲခေါ်ကာ စကားပြောနေလေသည်။
မီးဖိုချောင်ထဲတွင် ဆွန်ဖုန်းနှင့် လျန်ယင်းတို့ နှစ်ယောက်တည်း ပန်းကန်ဆေးနေကြလေသည်။ ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။
"အလှမယ် ညီမလေးက တကယ်ကို အိမ်ထောင်ရှင်မကောင်းလေး ဖြစ်လာမယ့်ပုံပဲ..."
"ဘယ်ကသာ... အစ်ကိုဖုန်းကမှ ပထမတန်းစား ယောက်ျားကောင်း တစ်ယောက်ပါ..."
လျန်ယင်းသည် ဆွန်ဖုန်း၏ ချီးကျူးမှုကို ခံလိုက်ရသဖြင့် ချယ်ရီပန်းလေးကဲ့သို့ တောက်ပစွာ ပြုံးလိုက်လေသည်။
"ငါက ယောက်ျားကောင်း တစ်ယောက် ဆိုမှတော့... မင်း ငါ့ကို ယူလိုက်ပါလား..."
ဆွန်ဖုန်းက တစ်ဝက်နောက် တစ်ဝက်အတည်ဖြင့် ပြောလိုက်လေသည်။
"အစ်ကို့မှာ ချစ်သူ ရှိနေပြီလေ... အဲဒီလောက်တောင် မိန်းမရှုပ်ချင်ရလား..."
လျန်ယင်းက ဆွန်ဖုန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
"သူက ငါ့ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်လို့လေ..."
လျန်ယင်းမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရလေသည်။
သို့သော် ဆွန်ဖုန်းကမူ အမှန်တကယ်ပင် ကျိန်တွယ်ရဲပေသည်။ အထူးသဖြင့် သူသည် စူပါ သွေးရည်ကြည် ထိုးသွင်းပြီးနောက်တွင် ပို၍ပင် မှန်ကန်နေပေသေးသည်။
မကြာမီမှာပင် လျန်ယင်း၊ ဝူမုန်ရှင်းနှင့် ဟွမ်ကျားချန်းတို့ ပြန်သွားကြလေသည်။
ညပိုင်း အိပ်ရာပေါ်တွင်...
"ဟေ့... လူဆိုးကြီး... ရှင်နဲ့ အဲဒီ မိန်းကလေး နှစ်ယောက်က ဘယ်လို ပတ်သက်နေတာလဲ..."
ဟယ်မင်ယီက ဆွန်ဖုန်းကို ကျောခိုင်းထားရင်း တိုးတိုးလေး မေးလိုက်လေသည်။
"နံပါတ်လေးနဲ့ နံပါတ်ငါးလေ..."
ဆွန်ဖုန်းက အရှက်မရှိ နှာခေါင်းကို ပွတ်ကာ ပြန်ဖြေလိုက်လေသည်။
"အား... ဒေါသထွက်လိုက်တာ... ငါ မိဘအိမ် ပြန်မယ်..."
ဟယ်မင်ယီသည် အိပ်ရာပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်လေသည်။
"ကဲပါ... စိတ်မဆိုးပါနဲ့တော့... အရင်တုန်းက မင်း ငါ့ကို ဘယ်လို ကတိပေးထားလဲ... စိတ်ချပါ... မင်းက မယားကြီးပါ... အဆင့်အတန်း အမြင့်ဆုံးပဲလေ..."
"ဟွန်း... အိပ်တော့မယ်..."
ဟယ်မင်ယီသည် ဆွန်ဖုန်းကို ဆက်၍ ဂရုမစိုက်တော့ချေ။ အမှန်တကယ်တော့ ဟယ်မင်ယီမှာ ခဏတာ ဒေါသထွက်သွားခြင်းသာ ဖြစ်သည်။ အရင်ကတည်းက သူမသည် ဆွန်ဖုန်းကို ကတိပေးထားပြီး ဖြစ်သလို ဆွန်ဖုန်းမှာ မိန်းမရှုပ်တတ်သူ ဖြစ်ကြောင်းကိုလည်း သူမ ကောင်းစွာ သိရှိထားလေသည်။
......
နောက်တစ်နေ့တွင် ဆွန်ဖုန်း၏ ချိုသာသော စကားများနှင့် မေတ္တာပါသော နံနက်စာ၏ ထိုးစစ်အောက်တွင် ဟယ်မင်ယီ၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန်လာခဲ့လေသည်။ သူမသည် ဆွန်ဖုန်းကို ဆွဲခေါ်ကာ နံနက်ခင်း လေ့ကျင့်ခန်းပင် သွားလုပ်သေးသည်။
ဟယ်မင်ယီကို အလုပ်သို့ ပို့ပေးပြီးနောက် ဆွန်ဖုန်းသည် စုန်းကျဲထံမှ မထင်မှတ်ထားသော ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိလေသည်။
"ဟလို... အစ်ကိုစုန်း... ဘာကိစ္စရှိလို့လဲ..."
သူသည် သံမဏိစက်ရုံသို့ သွားရာလမ်းတွင် ဖြစ်သည်။
"ညီလေးဖုန်း... ပြီးခဲ့တဲ့ တစ်ခေါက်က အထူးသံမဏိ ဝယ်မယ့်သူ ရှာခိုင်းထားတဲ့ ကိစ္စက အခု အဆင်ပြေဖို့ ရှိနေပြီ... လက်ရှိမှာ အကြီးစား စက်ယန္တရား ထုတ်လုပ်ရေး စက်ရုံ တစ်ခုက မင်းပေးထားတဲ့ အချက်အလက်တွေနဲ့ အထူးသံမဏိ နမူနာကို ကြည့်ပြီးတော့ မင်းနဲ့ ဆွေးနွေးချင်နေတယ်... ငါကြည့်ရတာ တစ်ဖက်က မင်းရဲ့ အထူးသံမဏိကို ဝယ်ဖို့ စိတ်ဝင်စားနေပုံရတယ်... ဒါပေမယ့် သူတို့က အထူးသံမဏိရဲ့ အရည်အသွေးကို ထပ်ပြီး စစ်ဆေးချင်သေးတယ် ထင်တယ်... ဒီကိစ္စကိုတော့ မင်းကိုယ်တိုင် သူတို့နဲ့ သွားဆွေးနွေးမှ ရလိမ့်မယ်..."
ဖုန်းထဲမှ စုန်းကျဲက ပြောလိုက်လေသည်။
စုန်းကျဲ၏ စကားကို ကြားသောအခါ ဆွန်ဖုန်း၏ ရင်ထဲတွင် အလွန် ဝမ်းသာသွားလေသည်။ မူလက သူ၏ အထူးသံမဏိကို ဈေးကွက်ရှာပေးရန် စုန်းကျဲကို အကူအညီ တောင်းခဲ့စဉ်က မျှော်လင့်ချက် သိပ်မထားခဲ့ချေ။
တစ်လပင် မပြည့်မီ ဤကဲ့သို့သော သတင်းကောင်းမျိုး ကြားရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အလွန် ဝမ်းသာနေမိခြင်း ဖြစ်သည်။
"ဟားဟား... ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုစုန်းရာ... အစ်ကို ဟိုင်ယန်မြို့ကို လာတဲ့အခါ ကျွန်တော် ထမင်းကျွေးပါ့မယ်... ပြီးတော့ ဆွေးနွေးစရာ စီးပွားရေး ကိစ္စလည်း ရှိသေးတယ်..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။
"အို... ဘာစီးပွားရေး ကိစ္စလဲ..."
စုန်းကျဲသည် ထမင်းစားရန်ကို သိပ်ပြီး စိတ်မဝင်စားသော်လည်း ဆွန်ဖုန်းက စီးပွားရေး ဆွေးနွေးရန် ရှိသည်ဟု ပြောလိုက်သောအခါ ချက်ချင်း စိတ်ဝင်စားသွားလေသည်။
ပြီးခဲ့သည့် အကြိမ်က ဆွန်ဖုန်းနှင့် အတူလုပ်ခဲ့သော သံသတ္တု တန်ချိန် ၅ သန်းနှင့် သန္တာနီပင် ၁၃ ပင် ကိစ္စတွင် သူ ငွေများစွာ မြတ်စွန်းခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် စီးပွားရေး အကြောင်း ကြားလိုက်သည်နှင့် သွေးနံ့ရသော ငမန်း တစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။
"ကျောက်စိမ်းတွေပါ... အစ်ကို့ရဲ့ ကျောက်မျက်ရတနာဆိုင်က ဝယ်မဝယ်တော့ မသိဘူး... ဈေးနှုန်းကတော့ ညှိနှိုင်းလို့ ရပါတယ်..."
ဆွန်ဖုန်းကလည်း ဖုံးကွယ်ထားရန် မရည်ရွယ်တော့ချေ။ သူသည် မူလကတည်းက တူးဖော်ရရှိထားသော ကျောက်စိမ်းများကို စုန်းကျဲထံသို့ ရောင်းချရန် ရည်ရွယ်ထားပြီး ဖြစ်သည်။
စုန်းကျဲထံသို့ ရောင်းချခြင်းက အန္တရာယ် အလွန် နည်းပါးသည်ဟု သူ ခံစားရလေသည်။ မည်သို့ပင်ဆိုစေ စုန်းကျဲ ဆိုသည်မှာ သာမန်လူ တစ်ယောက် မဟုတ်ချေ။ ထို့အပြင် သူနှင့် ဟယ်မင်ယီတို့ မိသားစုမှာ မျိုးဆက်ချီ၍ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြရာ သူ့အား သစ္စာဖောက်မည် မဟုတ်ဟု ယုံကြည်ထားလေသည်။
"ကျောက်စိမ်း..."
စုန်းကျဲ၏ အသံမှာ သိသိသာသာ ပြောင်းလဲသွားပြီး အသက်ရှူသံများပင် ပြင်းလာလေသည်။ ယခုနောက်ပိုင်း နှစ်များတွင် ကျောက်စိမ်း အရောင်းအဝယ် လုပ်ရန်မှာ အလွန် ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံဘက်ရှိ ကျောက်စိမ်း သတ္တုကြောများမှာ တူးဖော်ရရှိမှု နည်းပါးလာသောကြောင့် ဖြစ်သည်။ သို့သော် ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီများအတွက် အဆင်မပြေဖြစ်သော်လည်း လက်လွှဲရောင်းချခြင်း၊ စုဆောင်းခြင်း စသည့် ကျောက်စိမ်း အရောင်းအဝယ် ကိစ္စများမှာမူ အလွန် တွက်ခြေကိုက်လှပေသည်။
အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း သတ္တုကြောများ ခမ်းခြောက်လာမှုကြောင့် ကျောက်စိမ်း ဈေးနှုန်းများမှာ တစ်စထက်တစ်စ မြင့်တက်လာသောကြောင့်ပင် ဖြစ်သည်။
"ဘယ်လောက်များလဲ... အရည်အသွေးကကော ဘယ်လိုလဲ..."
စုန်းကျဲက အလောတကြီး မေးလိုက်လေသည်။
"သိပ်တော့ မများပါဘူး... မူလကျောက်ရိုင်း ကီလိုဂရမ် ၁၀၀ လောက်နဲ့ ရေစားကျောက် ကီလိုဂရမ် ၁၀၀ ကျော်လောက်ပဲ ရှိတယ်... ဒါနဲ့ အဲဒါတွေက ကျောက်စိမ်း အစစ်တွေနော်... ကျောက်ခွဲဖို့ မလိုတော့ဘူး... တိုက်ရိုက် ပန်းပုထုပြီး အလှဆင်ပစ္စည်း လုပ်လို့ ရနေပြီ... အရည်အသွေးက ဘယ်လိုလဲ ဆိုတာကိုတော့ အစ်ကိုကိုယ်တိုင် လာကြည့်လှည့်ပါ..."
ဆွန်ဖုန်းက စုန်းကျဲထံသို့ နောက်ထပ် ဗုံးကြီး တစ်လုံး ထပ်မံ ပစ်ချလိုက်လေသည်။
(မှတ်ချက် - ဤနေရာတွင် မူလကျောက်ရိုင်း ကီလိုဂရမ် ၁၀၀ ဆိုသည်မှာ တိုက်ရိုက် ကျောက်စိမ်းများ ဖြစ်ပြီး ရုပ်ရှင်၊ တီဗီများထဲတွင် ပါသကဲ့သို့ ကျောက်ခွဲ၍ လောင်းကစား လုပ်စရာ မလိုတော့ချေ။ ယခုအခါ အားလုံးကို ကျောက်စိမ်းတုံးလေးများ အဖြစ် ဖြတ်တောက်ထားပြီး ဖြစ်သည်။)
"ဘာ... ကျောက်စိမ်း ကီလိုဂရမ် ၁၀၀..."
စုန်းကျဲသည် ထိုစကားကို ကြားသောအခါ သူ၏ နှလုံးသားလေးမှာ ထိန်းမနိုင် သိမ်းမရအောင် ဒိန်းဒိုင်း ခုန်သွားလေသည်။ သူ၏ ဦးနှောက်ထဲတွင် လတ်တလော ကျောက်စိမ်း ဈေးနှုန်းများကို တွေးတောလိုက်ပြီး ကီလိုဂရမ် ၁၀၀ ဟူသော ပမာဏကို စဉ်းစားကြည့်လိုက်သောအခါ ချက်ချင်းပင် သူ၏ မျက်နှာမှာ နီရဲလာလေတော့သည်။
"အဲ... အခု ချက်ချင်း ငါ မင်းဆီကို လေယာဉ်နဲ့ လာခဲ့မယ်... စောင့်နေနော်... ရှောင်ချင်း... ဟိုင်ယန်မြို့ကို သွားမယ့် လေယာဉ်လက်မှတ် တစ်စောင် မြန်မြန် ကြိုဝယ်ထားပေးစမ်း..."
ဆွန်ဖုန်းမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရလေသည်။
စုန်းကျဲမှာ တကယ်ကို ငွေရူးရူးနေသူ တစ်ဦးပင် ဖြစ်သည်။ ငွေရမည့် ကိစ္စကို ကြားလိုက်သည်နှင့် နောက်ထပ် ခြေထောက် နှစ်ချောင်းလောက် ထပ်ပေါက်လာလျှင်ပင် ကောင်းမည်ဟု ဆန္ဒရှိနေပုံ ရလေသည်။