အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) အရက်ပြိုင်သောက်ခြင်း
စားသောက်ဆိုင်သို့ ရောက်သောအခါ လျူဖေးဖေးသည် ကောင်တာမှ ဝန်ထမ်းထံတွင် သီးသန့်ခန်း တစ်ခန်း တောင်းလိုက်လေသည်။ လှပသော စားပွဲထိုးမလေး၏ ဦးဆောင်မှုဖြင့် ဆွန်ဖုန်းတို့ အဖွဲ့သည် သီးသန့်ခန်းအတွင်းသို့ ဝင်ရောက်လာကြလေသည်။
ဟင်းများ မှာယူပြီး အရက်များ ရောက်ရှိလာသောအခါ အားလုံး စကားစမြည် ပြောဆိုကြလေတော့သည်။
အစပိုင်းတွင် လျူဖေးဖေးသည် ဝူမုန်ရှင်းနှင့် အမျိုးသမီးများ၏ အကြောင်းအရာများကို ပြောဆိုနေပြီး သူမ ခေါ်လာသော ရှောင်ကျိုးနှင့် ရှောင်ယန်တို့ကမူ ဆွန်ဖုန်းနှင့် ဟိုအကြောင်း ဒီအကြောင်း ရေတက်ရေကျ ပြောဆိုနေကြလေသည်။
မကြာမီမှာပင် ဟင်းများ ရောက်ရှိလာပြီးနောက် စီးပွားရေး စားပွဲများ၏ ထုံးစံအတိုင်း အရက်တိုက်သည့် အစီအစဉ် စတင်လာလေတော့သည်။
အရင်က ဆွန်ဖုန်းသည် ဤကဲ့သို့သော စီးပွားရေး စားပွဲမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။ ပထမ အချက်မှာ ငွေမရှိခြင်းကြောင့် ဖြစ်ပြီး ဒုတိယ အချက်မှာလည်း ငွေမရှိခြင်းကြောင့်ပင် ဖြစ်သည်။
သို့သော် ရုပ်ရှင်၊ ဇာတ်လမ်းများထဲတွင် ကြည့်ဖူးသလောက်ဆိုလျှင် အရောင်းကိုယ်စားလှယ်များ စီးပွားရေး ဆွေးနွေးရာတွင် အရက်ဝိုင်းနှင့် ကင်းကွာ၍ မရနိုင်ကြောင်း သူ သိထားလေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် 'ငါ့ထက် ပိုသောက်နိုင်ရင်... ငါ့ကို ကျေနပ်အောင် လုပ်နိုင်ရင်... ဒီစာချုပ်ကို လက်မှတ်ထိုးပေးမယ်' ဟူသော သဘောပင် ဖြစ်သည်။
အမှန်တကယ်တော့ ယနေ့ စီးပွားရေး ဆွေးနွေးမှု ပြီးစီးသွားပြီ ဖြစ်သဖြင့် ဤကဲ့သို့သော ပြဇာတ်ဆန်ဆန် ကိစ္စများ ဖြစ်လာစရာ အကြောင်းမရှိပေ။
သို့သော်လည်း မထင်မှတ်ထားသော ကိစ္စက ဖြစ်လာခဲ့လေသည်။
စောစောကတည်းက ယဉ်ကျေးပျူငှာစွာ နေထိုင်ခဲ့သော ရှောင်ယန်က ဟင်းအနည်းငယ် စားပြီးနောက် စားပွဲပေါ်ရှိ လုကျိုးလောင်ကျောင်း အရက်ပုလင်းကို ဖွင့်ကာ ဆွန်ဖုန်းကို ပြောလိုက်လေသည်။
"မစ္စတာဆွန်... ဒီနေ့ ကျွန်တော်တို့ရဲ့ စီးပွားရေး ဆွေးနွေးမှု အောင်မြင်တဲ့အတွက် ခင်ဗျားကို ဂုဏ်ပြုပါတယ်... ကျွန်တော် အကုန်မော့လိုက်မယ်... ခင်ဗျားကတော့ ကြိုက်သလောက် သောက်ပါ..."
ရှောင်ယန်သည် ထိုအရက်ပုလင်းကို ကိုင်ကာ ခေါင်းမော့၍ 'ဂလု... ဂလု...' ဖြင့် တဟုန်ထိုး မော့သောက်လိုက်လေရာ ဆွန်ဖုန်းမှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိလေသည်။
'လခွီး... မင်းက မွန်ဂိုလီးယားကလား... အရှေ့မြောက်ပိုင်းကလား... ဒီလောက်တောင် သောက်နိုင်ရတာလား... တခြားလူတွေက တစ်ခွက်ချင်း သောက်နေချိန်မှာ မင်းက တစ်ပုလင်းလုံးကို မော့သောက်နေတာလား... ပြီးတော့ ငါ အကုန်သောက်မယ်... မင်း ကြိုက်သလောက် သောက်ပါ တဲ့... ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်နေတာ မဟုတ်လား...'
ဆွန်ဖုန်းမှာ လုံးဝ မကျေမနပ် ဖြစ်သွားရလေသည်။
'ဒါကြောင့် ဒီလောက် ဈေးပေါတဲ့ အရက်ဖြူတွေကို မှာထားတာကိုး... ငါ့ကို ပညာပေးဖို့ ကြံစည်ထားတာပဲ...'
ဆွန်ဖုန်းသည် စားပွဲပေါ်ရှိ လုကျိုးလောင်ကျောင်း အရက်ပုလင်း ငါးပုလင်း ခြောက်ပုလင်းခန့်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်မိလေသည်။
"ဝါး... အရမ်း မိုက်တာပဲ..."
ဘေးမှ ဝူမုန်ရှင်းမှာ ရှောင်ယန်က အရက်တစ်ပုလင်းလုံးကို ခေါင်းမော့၍ ချက်ချင်း အကုန်သောက်ချလိုက်ပြီး မျက်နှာမနီ၊ အမောမဖောက်ဘဲ ရှိနေသည်ကို မြင်သောအခါ အံ့ဩတကြီး ရေရွတ်လိုက်မိလေသည်။ ဤသည်မှာ မည်မျှတောင် အစွမ်းထက်နေသနည်း။
"ဟဲဟဲ..."
လျူဖေးဖေးကမူ ရှောင်ယန်၏ လုပ်ရပ်ကို အတော်လေး ကျေနပ်နေလေသည်။ စောစောက သူမကပင် ရှောင်ယန်ကို ဤသို့လုပ်ရန် အချက်ပြခဲ့ခြင်း ဖြစ်သည်။
ရှောင်ယန်နှင့် ရှောင်ကျိုးတို့မှာ သူမ၏ ကုမ္ပဏီတွင် အရက်အသောက်နိုင်ဆုံး အရောင်းကိုယ်စားလှယ် နှစ်ဦး ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။
ထို့ကြောင့် စီးပွားရေး ဆွေးနွေးရန် ထွက်လာတိုင်း သူတို့ နှစ်ဦးကို အမြဲတမ်း ခေါ်လာလေ့ရှိသည်။ တက္ကသိုလ်ပြီးကတည်းက စီးပွားရေး လောကတွင် နှစ်ပေါင်းများစွာ အောင်မြင်နေခြင်းမှာ ဤနှစ်ဦး၏ အကူအညီလည်း များစွာ ပါဝင်ပေသည်။ သူမ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများမှ ကိုယ်စားလှယ် အများစုမှာ ဤနှစ်ဦး၏ အရက်တိုက်မှုအောက်တွင် အလဲလဲအကွဲကွဲ ဖြစ်သွားခဲ့ရသည်ချည်း ဖြစ်သည်။
"ကောင်းတဲ့ အရက်သောက်နိုင်စွမ်းပဲ..."
ဆွန်ဖုန်းက လက်ခုပ်တီးကာ ချီးကျူးလိုက်လေသည်။ တစ်ဖက်လူက အရက်တစ်ပုလင်းလုံး အကုန်သောက်ပြီးသည်တိုင်အောင် ဘာမှ မဖြစ်သည်ကို မြင်သောအခါ 'သောက်ရူးကောင်' ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိလေသည်။ သို့သော် မိန်းမလှလေးများ ရှေ့တွင် ဆွန်ဖုန်း အနေဖြင့် အရှက်ကွဲခံမည် မဟုတ်ချေ။
"ကျွန်တော်လည်း အကုန် သောက်လိုက်မယ်..."
ဆွန်ဖုန်းသည်လည်း လုကျိုးလောင်ကျောင်း အရက် တစ်ပုလင်းကို ယူကာ ခေါင်းမော့၍ မော့သောက်လိုက်လေသည်။
'ဘုရားရေ... စူးရှလိုက်တာ...'
ဆွန်ဖုန်းမှာ စိတ်ထဲတွင် အလွန် မွန်းကျပ်သွားရလေသည်။
'ဂလု... ဂလု...'
ဆွန်ဖုန်းသည် သောက်နှုန်း နှေးသဖြင့် တစ်ပုလင်း ကုန်ရန် မိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။ သူက အရက်သမားကြီး မဟုတ်သဖြင့် တစ်ပုလင်းလုံး ကုန်အောင် သောက်နိုင်သည်ကပင် အတော်လေး တော်နေပြီ ဖြစ်သည်။
ဆွန်ဖုန်း အရက်တစ်ပုလင်းလုံး သောက်ပြီးသွားသည်ကို မြင်သောအခါ လျူဖေးဖေး၏ စိတ်ထဲတွင် အကြံအောင်ပြီဟု တွေးကာ မျက်နှာပေါ်မှ အပြုံးများ ပိုမို တောက်ပလာလေသည်။
"မစ္စတာဆွန်... တကယ်ကို အရက်သောက်နိုင်တာပဲ... လာ... ကျွန်မနဲ့လည်း တစ်ခွက်လောက် သောက်ရအောင်..."
လျူဖေးဖေးမှာလည်း အရက်အသောက်နိုင်သူ တစ်ဦး ဖြစ်ရာ တစ်ခွက်ကို ခေါင်းမော့၍ ချက်ချင်း အကုန်သောက်လိုက်လေသည်။
မိန်းမလှလေးက အရက်တိုက်နေသဖြင့် ဆွန်ဖုန်း အနေဖြင့် မငြင်းဆန်နိုင်တော့ဘဲ အရက်တစ်ခွက် ငှဲ့ကာ ပြန်လည် တိုက်လိုက်ရလေသည်။ အရင်က ဆွန်ဖုန်း၏ အခြေအနေနှင့်ဆိုလျှင် အရက်ဖြူ တစ်ပုလင်းနှင့် တစ်ခွက် သောက်ပြီးပါက မြေကြီးပေါ်တွင် လဲကျကာ အန်နေလောက်ပြီ ဖြစ်သည်။
သို့သော် မကြာမီက စူပါ သွေးရည်ကြည် ထိုးသွင်းထားသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုများ တိုးတက်လာခဲ့ရာ အရက်ဖြူ တစ်ပုလင်းကျော် သောက်ပြီးသည်တိုင်အောင် ကြီးကြီးမားမား ဘာမှ မဖြစ်သေးချေ။ သို့သော် ခေါင်းအနည်းငယ် မူးနေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
"မစ္စတာဆွန်... အရက်သောက်နိုင်စွမ်း အတော်လေး ကောင်းတာပဲ... လာ... ကျွန်တော်နဲ့လည်း တစ်ခွက် သောက်ရအောင်... ကျွန်တော် အကုန်မော့လိုက်မယ်... ခင်ဗျားကတော့ ကြိုက်သလောက် သောက်ပါ..."
ရှောင်ကျိုးကလည်း ရှောင်ယန်ကဲ့သို့ပင် အရက်ဖြူ တစ်ပုလင်းကို ယူကာ ခေါင်းမော့၍ မော့သောက်လိုက်လေသည်။
'လခွီး... သုံးယောက်ပေါင်းပြီး ငါ တစ်ယောက်တည်းကို ဝိုင်းတိုက်နေတာလား... ယောက်ျား နှစ်ယောက်ကလည်း တစ်ပုလင်းပြီး တစ်ပုလင်း မော့နေတယ်... မင်းတို့ မြန်မြန် အဆိပ်တက်ပြီး သေပါစေ...'
ဆွန်ဖုန်းသည် ရှောင်ကျိုး တစ်ပုလင်းလုံး မော့သောက်နေသည်ကို ကြည့်ကာ ဒေါသထွက်လွန်း၍ မျက်လုံးများပင် မီးဝင်းဝင်း တောက်နေလေသည်။
သို့သော် သူ ချက်ချင်း စဉ်းစားလိုက်မိသည်။
'ဟွန်း... မင်းတို့က ငါ့ကို ပညာပေးချင်တာလား... ဒါဆိုလည်း မင်းတို့ကို ကောင်းကောင်းကြီး ပညာပေးရသေးတာပေါ့...'
"ကောင်းတဲ့ အရက်သောက်နိုင်စွမ်းပဲ... ကျွန်တော်လည်း အကုန် သောက်လိုက်မယ်..."
ဆွန်ဖုန်းသည် အရက်ဖြူ နောက်တစ်ပုလင်းကို ဆွဲယူကာ ထပ်မံ၍ မော့သောက်လိုက်လေသည်။ မှန်ပေသည်... သူသည် လျူဖေးဖေးတို့ အဖွဲ့နှင့် အပြတ်အသတ် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဝူမုန်ရှင်းသည် ဆွန်ဖုန်းက အရက်ဖြူ နောက်တစ်ပုလင်းကို ထပ်မံ သောက်နေသည်ကို မြင်သောအခါ အလျင်အမြန် တားလိုက်လေသည်။
"အစ်ကိုဖုန်း... အများကြီး မသောက်ပါနဲ့... ကျန်းမာရေး ထိခိုက်လိမ့်မယ်..."
ဝူမုန်ရှင်း၏ ဂရုစိုက်မှုကို ခံရသောအခါ ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။
"ကိစ္စမရှိပါဘူး... ငါက အရမ်း အစွမ်းထက်တာပါ..."
"ဒါက..."
"အရက်သောက်နိုင်စွမ်း တကယ် ကောင်းတာပဲ..."
လျူဖေးဖေးသည် ဆွန်ဖုန်းက တစ်ပုလင်းပြီး တစ်ပုလင်း သောက်နေသော်လည်း ဘာမှ မဖြစ်သေးသည်ကို မြင်သောအခါ အထင်ကြီးလေးစားသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ဆွန်ဖုန်းက ဤမျှ သောက်နိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤသည်မှာ အရက်ဖြူ ဖြစ်သည်။ တစ်ဆက်တည်း အရက်ဖြူ နှစ်ပုလင်း သောက်လိုက်ခြင်း ဖြစ်သည်။ ရှောင်ကျိုးနှင့် ရှောင်ယန်တို့တောင်မှ ဤကဲ့သို့ တစ်ဆက်တည်း နှစ်ပုလင်း သောက်လိုက်ပါက အတော်လေး ခံစားရမည်မှာ သေချာလှပေသည်။
"ဟင်းလေး ဘာလေး စားပြီး အမူးပြေအောင် လုပ်လိုက်ဦး..."
ဆွန်ဖုန်းသည် အရက်သောက်ပြီးနောက် ခေါင်းငုံ့ကာ ဟင်းများ စားရင်း တက်လာသော အရက်ရှိန်များကို ပြန်လည် ထိန်းချုပ်နေလိုက်လေသည်။
လျူဖေးဖေးသည် ဤအခြေအနေကို မြင်သောအခါ ရှောင်ကျိုးနှင့် ရှောင်ယန်တို့ကို ဆွန်ဖုန်းအား ဆက်လက် အရက်တိုက်ရန် မခိုင်းတော့ချေ။ အကယ်၍ နောက်တစ်ကျော့ ထပ်လုပ်ပါက တမင်သက်သက် လုပ်နေမှန်း အလွန် သိသာသွားမည် ဖြစ်သည်။
ထိုအချိန်တွင် ဆွန်ဖုန်း၏ မျက်နှာမှာ အနည်းငယ် နီရဲလာပြီး ခေါင်းများလည်း ပို၍ မူးလာလေသည်။ စူပါ သွေးရည်ကြည်ကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာသော်လည်း မူလကတည်းက အရက်မသောက်နိုင်သူ ဖြစ်ရာ အနည်းငယ်တော့ ခံစားရပေသည်။
ထို့နောက် လျူဖေးဖေးသည် ဆွန်ဖုန်းအား စကားဖြင့် ထောက်ချောက်ဆင်ကာ သတင်းအချက်အလက်များကို မေးမြန်းရန် ကြိုးစားလေတော့သည်။
သို့သော် ဆွန်ဖုန်းမှာ ခေါင်းမူးနေသော်လည်း ဦးနှောက်ကမူ အလွန် ကြည်လင်နေသဖြင့် သူမ၏ ထောက်ချောက်ထဲသို့ လုံးဝ မကျရောက်ခဲ့ချေ။
ဆွန်ဖုန်းက ထောက်ချောက်ထဲ မဝင်သည်ကို မြင်သောအခါ လျူဖေးဖေးသည် ရှောင်ကျိုးနှင့် ရှောင်ယန်တို့ကို ထပ်မံ၍ အဆက်မပြတ် အရက်တိုက်ခိုင်းလေတော့သည်။ ဆွန်ဖုန်းကလည်း နောက်မဆုတ်ဘဲ အကုန်လုံးကို ပြန်လည် ရင်ဆိုင်လေသည်။
ထို့ကြောင့် နောက်ဆုံးတွင် ကျန်ရှိနေသော အရက် ၄၊ ၅ ပုလင်းခန့်မှာ ဆွန်ဖုန်း၊ ရှောင်ကျိုးနှင့် ရှောင်ယန်တို့၏ ဗိုက်ထဲသို့ အကုန် ရောက်ရှိသွားလေတော့သည်။
နောက်ဆုံးတွင် ရှောင်ကျိုးမှာ အန်ချလိုက်ပြီး ရှောင်ယန်မှာလည်း စားပွဲပေါ်တွင် မှောက်ကျသွားလေသည်။
ဆွန်ဖုန်းကမူ ဘာမှ မဖြစ်သကဲ့သို့ ရှိနေသော်လည်း ခေါင်းကမူ အလွန် မူးဝေနေလေသည်။ သို့သော် သူ၏ ဦးနှောက်ကမူ အလွန် ကြည်လင်နေဆဲ ဖြစ်သည်။
လျူဖေးဖေးမှာလည်း အတော်လေး မူးနေပြီ ဖြစ်သည်။ သူမသည် အရက် အနည်းငယ် သောက်လျှင် ရသော်လည်း အများကြီး သောက်လိုက်ပါက လေပေါ် ပျံနေသကဲ့သို့ ဖြစ်သွားတတ်ပြီး စကားပြောရာတွင်လည်း ပုံမှန် မဟုတ်တော့ချေ။
နောက်ဆုံးတွင် အားလုံး မူးယစ်နေသော အခြေအနေဖြင့် စားပွဲ သိမ်းလိုက်ကြလေသည်။
ဝူမုန်ရှင်းသည် ဆွန်ဖုန်းကို တွဲ၍ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့လေသည်။ ဆွန်ဖုန်းမှာ အရက်သောက်ထားသဖြင့် ကားမောင်း၍ မရနိုင်တော့ချေ။ ဝူမုန်ရှင်းမှာ အများကြီး မသောက်ထားသော်လည်း အရက် အနည်းငယ် ဝင်ထားသဖြင့် ကားမောင်းရန် စွန့်စားရဲခြင်း မရှိချေ။
"ကျွန်မတို့ တက္ကစီငှားပြီး ပြန်ကြမလား..."
ဝူမုန်ရှင်းက အကြံပြုလိုက်လေသည်။
"တက္ကစီ မငှားနဲ့တော့... ငါ အိမ်မပြန်တော့ဘူး... ဟိုတယ်မှာ သွားအိပ်လိုက်မယ်..."
ဆွန်ဖုန်းသည် အနီးနားရှိ ဟိုတယ်တစ်ခုကို မြင်လိုက်ရသဖြင့် ထိုဟိုတယ်ဆီသို့ လျှောက်သွားလိုက်လေသည်။
"အယ်... အယ်... အိမ်ကို မပြန်ဘဲ ဟိုတယ်မှာ သွားအိပ်မလို့လား... ဟေ့... နေပါဦး... ရှင် အရက်မူးပြီး ရူးသွားပြီလား..."
ဝူမုန်ရှင်းသည် ဆွန်ဖုန်း၏ နောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
မကြာမီမှာပင် ဆွန်ဖုန်းသည် ဟိုတယ်တွင် အခန်းတစ်ခန်း ငှားလိုက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းကာ အနားယူနေလိုက်လေသည်။ သူ၏ ခေါင်းမှာ အလွန် မူးဝေနေသည်ကို သတိထားမိလိုက်သည်။
ဝူမုန်ရှင်းမှာလည်း စိုးရိမ်တကြီးဖြင့် ဆွန်ဖုန်း၏ ဘေးတွင် ပြုစုပေးနေလေသည်။
သို့သော် မကြာမီမှာပင် ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့ နှစ်ဦးသား ကုတင်ပေါ်တွင် လုံးထွေးသွားကြလေသည်။
သို့သော် နောက်ဆုံး အဆင့်သို့ ရောက်ခါနီးတွင် ဝူမုန်ရှင်းက ဆွန်ဖုန်းကို တွန်းဖယ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြေးထွက်သွားလေတော့သည်။
ဆွန်ဖုန်းမှာ အရက်အနည်းငယ် ပြေသွားပြီး မိမိ၏ အောက်ပိုင်းကို ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်မိလေသည်။
ထို့နောက် ယန်ရွှယ်ထံသို့ ဖုန်းဆက်၍ အကူအညီ တောင်းလိုက်ရလေတော့သည်။
ညဉ့်နက် ၁၁ နာရီကျော် အချိန်တွင် ယန်ရွှယ်သည် အိမ်မှနေ၍ အလျင်စလို ပြေးလာကာ ဆွန်ဖုန်းကို နှစ်သိမ့်ပေးရလေတော့သည်။