← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) ရေနက်ပိုင်းမှ နစ်မြုပ်နေသော သင်္ဘော

တစ်ညတာလုံး အရူးအမူး ကဲပြီးနောက် ဒုတိယနေ့ နေအတော်မြင့်မှပင် ဆွန်ဖုန်းသည် အိပ်ရာမှ အပျင်းကြောဆန့်ကာ ထလာခဲ့လေသည်။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် လှပနုနယ်သော ယန်ရွှယ်ကို ခေါ်ကာ မနက်စာ သွားစားလိုက်လေသည်။

ယန်ရွှယ် အလုပ်သို့ သွားပြီးနောက် ဆွန်ဖုန်းသည် ဖာရာရီကို မောင်းကာ အိမ်သို့ ပြန်လာခဲ့လေသည်။

သံမဏိစက်ရုံ ကိစ္စများမှာ အတော်လေး အဆင်ပြေသွားပြီ ဖြစ်ပြီး ယွမ်ဆယ်သန်း တန်ဖိုးရှိသော အော်ဒါ ရထားသဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ အလုပ်များနေတော့မည် ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းသည် ပင်လယ်ထဲသို့ နောက်တစ်ခေါက် ထပ်ဆင်းရန် ဆုံးဖြတ်လိုက်လေသည်။ ပင်လယ်ထဲ မဆင်းလျှင်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

ဟယ်မင်ယီကို နှုတ်ဆက်ပြီးနောက် ဆွန်ဖုန်းသည် ပင်လယ်ထဲသို့ ထပ်မံ ရောက်ရှိသွားလေသည်။ ဤတစ်ကြိမ်တွင် တောင်တရုတ်ပင်လယ်ဘက်သို့ သွားရောက် လည်ပတ်ရန် ရည်ရွယ်ထားပြီး ထူးခြားသည့် ရှာဖွေတွေ့ရှိမှုများ ရှိလာမည်ဟု မျှော်လင့်နေမိလေသည်။

"ပစ်မှတ်က တောင်တရုတ်ပင်လယ်ပဲ..."

ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်..."

တောက်ပသော အနီရောင် ရေငုပ်စက်ရုပ်သည် ပင်လယ်ရေအောက်တွင် အလွန် လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ချီတက်သွားလေသည်။

တောင်တရုတ်ပင်လယ်မှာ အတော်လေး အလုပ်များသော ရေကြောင်းလမ်း တစ်ခု ဖြစ်သည်။ ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်တွင် တစ်ခါတစ်ရံ မြန်မြန်၊ တစ်ခါတစ်ရံ နှေးနှေးဖြင့် သွားလာနေလေသည်။

ရေငုပ်စက်ရုပ်၏ မျက်နှာပြင်မှတစ်ဆင့် တန်ဖိုးကြီးပြီး အရသာရှိသော ပင်လယ်စာများကို တွေ့ရှိပါက အားလုံးကို သိမ်းယူလိုက်ပြီး အိမ်ပြန်ရောက်လျှင် ဟင်းချက်စားရန် ရည်ရွယ်ထားလေသည်။

ပင်လယ်ထဲတွင် အစားအစာများစွာ ရှိပေသည်။ ငါးမျိုးစိတ်ပေါင်း သန်းချီ၍ ရှိသည်ဟု မပြောနှင့်ဦး၊ ပင်လယ်ကြမ်းပြင်တွင် စားသုံးနိုင်သော အပင်များ ဖြစ်သည့် ရေညှိ၊ ပင်လယ်ရေမှော် စသည်တို့မှာလည်း အတော်လေး ကောင်းမွန်လှပေသည်။

'အခွင့်အရေး ရရင်တော့ ကိုယ်ပိုင် ကျွန်းလေး တစ်ကျွန်းလောက် ဝယ်ထားပြီး အပန်းဖြေတာလည်း မဆိုးဘူးပဲ...'

ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်ရှိ လူသူကင်းမဲ့သော ကျွန်းငယ်လေး တစ်ခုသို့ ရောက်ရှိလာပြီး ထိုကျွန်းလေးကို ကြည့်ကာ တွေးလိုက်မိလေသည်။

ထိုကျွန်းလေးမှာ ရှုခင်း အလွန်လှပပြီး သဲသောင်ပြင်ငယ်လေး တစ်ခု၊ အုန်းပင်များနှင့် သဘာဝ သစ်သီးပင် အမျိုးမျိုး ရှိနေလေသည်။

'ဒီနေရာမှာ အိမ်ကြီး တစ်လုံး ဆောက်မယ်... ပင်လယ်ကြီးကို မျက်နှာမူထားပြီး လေညင်းလေး ခံမယ်... အားနေရင် အုန်းသီးခူးမယ်... ငါးမျှားမယ်... ရေကူးမယ်... ညဘက်ရောက်ရင် ပက်လက်ကုလားထိုင်လေး တစ်လုံး ယူပြီး အေးမြတဲ့ ပင်လယ်လေကို ခံရင်း ဝိုင်နီလေး သောက်မယ်... ပင်လယ်စာတွေ စားမယ်... နောက်ဆုံး ဘေးနားမှာ မိန်းမချောလေးတွေ အများကြီး ဝိုင်းရံနေမယ်ဆိုရင်... ဒါက ဘယ်လောက်တောင် သာယာတဲ့ ဘဝလေး ဖြစ်နေမလဲ...'

စဉ်းစားကြည့်ရုံဖြင့်ပင် အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

'အင်း... ဇိမ်ခံ ရွက်လှေ အကြီးကြီးတွေလည်း ဝယ်ထားဦးမှ... အားနေရင် မိန်းမချောလေးတွေကို ခေါ်ပြီး ပင်လယ်ထဲ လျှောက်လည်မယ်... တကယ် မိုက်မှာပဲ...'

ဆွန်ဖုန်းသည် ရေငုပ်စက်ရုပ်ကို ချွတ်လိုက်ပြီး ကျွန်းငယ်လေးပေါ်သို့ တက်ကာ အုန်းပင်ပေါ် တွယ်တက်၍ မှည့်နေသော အုန်းသီး တစ်လုံးကို ခူးလိုက်လေသည်။

ထို့နောက် ထက်မြက်သော ဓားတစ်ချောင်းကို ထုတ်ကာ အပေါက်ဖောက်လိုက်ပြီး အထဲမှ အုန်းစိမ်းရည်ကို သောက်လိုက်ရာ အလွန် ချိုမြိန်နေသည်ကို ခံစားလိုက်ရလေသည်။

ဤလူသူကင်းမဲ့သော ကျွန်းငယ်လေးပေါ်တွင် ခဏတာ အနားယူပြီးနောက် ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ် ခရီးစဉ်ကို ဆက်လက် ထွက်ခွာခဲ့လေသည်။

ယခင်က တောင်တရုတ်ပင်လယ်သို့ အကြိမ်များစွာ လာရောက်ခဲ့ဖူးသော်လည်း တောင်တရုတ်ပင်လယ်ကြီးမှာ အလွန် ကျယ်ဝန်းလှသဖြင့် ရာခိုင်နှုန်း ၉၀ သော ရေပြင်များကို သူ မရောက်ဖူးသေးချေ။ ဤတစ်ကြိမ်တွင် သေချာစွာ လှည့်လည် ကြည့်ရှုပြီး သတ္တုကြော မည်မျှ ရှာဖွေတွေ့ရှိမည်နည်း၊ မည်ကဲ့သို့သော ပစ္စည်းကောင်းများကို တွေ့ရမည်နည်း ဆိုသည်ကို စူးစမ်းရန် ရည်ရွယ်ထားလေသည်။

"ပိုင်ရှင့်ကို အစီရင်ခံပါတယ်... ရှေ့ ကီလိုမီတာ ၅၀ အကွာမှာ နစ်မြုပ်နေတဲ့ သင်္ဘော တစ်စီးကို ရှာဖွေတွေ့ရှိထားပါတယ်..."

ရှေ့သို့ ဆက်လက် ထွက်ခွာနေသော ဆွန်ဖုန်းသည် အသံလက်ထောက်၏ သတိပေးချက်ကို ရရှိလိုက်လေသည်။

"နစ်မြုပ်နေတဲ့ သင်္ဘောလား..."

ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားလေသည်။ သူ ပင်လယ်ထဲသို့ ဆင်းလာခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့သော်လည်း နစ်မြုပ်နေသော သင်္ဘောကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ပင်လယ်ထဲတွင် နစ်မြုပ်နေသော သင်္ဘောများစွာ ရှိသည် ဆိုသော်လည်း အလွယ်တကူ တွေ့ရှိရန်မှာ မလွယ်ကူလှပေ။ သူ၏ ရေငုပ်စက်ရုပ်မှာ ကီလိုမီတာ ၅၀ ပတ်လည်ကိုသာ ရှာဖွေနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

"ခေတ်သစ် သင်္ဘောလား... ဒါမှမဟုတ် ရှေးဟောင်း သင်္ဘောလား..."

ဆွန်ဖုန်းက ရပ်တန့်လိုက်ပြီး အသံလက်ထောက်ကို မေးလိုက်လေသည်။

"ရှေးဟောင်း သင်္ဘော ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပါတယ်..."

အသံလက်ထောက်က ပြန်ဖြေရင်း နစ်မြုပ်နေသော သင်္ဘော၏ 3D ပုံရိပ်ကို မျက်နှာပြင်ပေါ်တွင် ဖော်ပြပေးလိုက်လေသည်။

ဆွန်ဖုန်းသည် မျက်နှာပြင်ပေါ်ရှိ ဆွေးမြည့်နေသော သစ်သားသင်္ဘောကြီးကို ကြည့်ကာ ရှေးဟောင်း သင်္ဘောအစစ် ဖြစ်မည်ဟု တွေးလိုက်မိလေသည်။ ဆွေးမြည့်နေသော သစ်သားများက အကောင်းဆုံး သက်သေပင် ဖြစ်သည်။

"ကောင်းပြီ... သင်္ဘောရှိတဲ့ ဆီကို သွားကြတာပေါ့..."

ဆွန်ဖုန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး နစ်မြုပ်နေသော သင်္ဘော ရှိရာသို့ ဦးတည် သွားလိုက်လေသည်။ သူ၏ ရင်ထဲတွင် ရတနာများ တစ်ခုခု တွေ့နိုင်မည်လား ဟု မျှော်လင့်နေမိလေသည်။

မကြာမီမှာပင် ဆွန်ဖုန်းသည် နစ်မြုပ်နေသော သင်္ဘော၏ အပေါ်သို့ ရောက်ရှိသွားလေသည်။

သူ၏ ခြေအောက်ရှိ နစ်မြုပ်နေသော သင်္ဘောကြီးကို ကြည့်ကာ ဆွန်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိလေသည်။ ဤရှေးဟောင်း သင်္ဘောကြီးမှာ အလျား မီတာ တစ်ရာကျော်၊ အနံ မီတာ ဆယ်ဂဏန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ရှေးခေတ်က ကုန်သည် သင်္ဘောကြီး သို့မဟုတ် စစ်သင်္ဘောကြီး ဖြစ်ဟန်တူသည်။ သာမန် တံငါလှေများမှာ ဤမျှ မကြီးမားနိုင်ချေ။

သင်္ဘော၏ ပုံစံမှာ ရွက်လှေ တစ်စီးနှင့် တူပြီး တစ်စီးလုံးကို သစ်သားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သစ်သားများမှာ အတော်လေး ဆွေးမြည့် ပျက်စီးနေလေပြီ။

'ဒါက မင်မင်းဆက် ခေတ်က ရတနာ သင်္ဘောကြီးများလား...'

ဆွန်ဖုန်းသည် တတိယတန်းစား တက္ကသိုလ်တွင် တက်ရောက်ခဲ့ဖူးသော်လည်း ရှေးခေတ် တရုတ်ပြည်၏ မင်မင်းဆက် ခေတ်တွင် ရေကြောင်း သွားလာရေးမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်းကို သိရှိထားလေသည်။ အထူးသဖြင့် ကျိန်းဟဲ ၏ အနောက်ဘက် သမုဒ္ဒရာ ခရီးစဉ်မှာ အလွန် နာမည်ကြီးပြီး သူ၏ ခရီးစဉ်များမှာ တောင်တရုတ်ပင်လယ် တစ်ဝိုက်မှ ဖြတ်သန်းသွားခြင်း ဖြစ်သည်။

ထို့အပြင် မင်မင်းဆက် ခေတ်မှ စတင်၍ အရှေ့တိုင်းနှင့် အနောက်တိုင်းတို့ အကြား ကုန်သွယ်ရေး သင်္ဘောများ ပိုမို များပြားလာခဲ့ပြီး ဖြတ်သန်းသွားရသော နေရာများမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းရခြင်း ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဤတောင်တရုတ်ပင်လယ် ကြမ်းပြင်တွင် သင်္ဘောမည်မျှ နစ်မြုပ်ခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။

ဆွန်ဖုန်းသည် ရှေးဟောင်း သင်္ဘောများနှင့် ပတ်သက်၍ သိပ်နားမလည်သဖြင့် ဤသင်္ဘောမှာ မည်သည့် သင်္ဘော အမျိုးအစား ဖြစ်သည်၊ မည်သည့် ခေတ်က ဖြစ်သည် ဆိုသည်ကို မခွဲခြားနိုင်ချေ။

"အောက်ဆင်းပြီး သွားကြည့်ရအောင်..."

ဆွန်ဖုန်းသည် ရေငုပ်စက်ရုပ်ကို မောင်းနှင်ကာ ဤနစ်မြုပ်နေသော သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

သို့သော် သူ ကုန်းပတ်ပေါ်သို့ ခြေချလိုက်သည်နှင့် နှစ်ရာပေါင်းများစွာ ပင်လယ်ရေထဲတွင် စိမ်ခံထားရသော သစ်သားပြားများမှာ ရေငုပ်စက်ရုပ်၏ အလေးချိန်ကို မခံနိုင်တော့ဘဲ "ဝုန်း" ခနဲ ကျိုးကျသွားကာ ဆွန်ဖုန်းမှာ ကုန်းပတ်အောက်ရှိ သင်္ဘောဝမ်းဗိုက်ထဲသို့ ပြုတ်ကျသွားလေတော့သည်။

"လခွီး..."

ဆွန်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်မိလေသည်။

သင်္ဘောဝမ်းဗိုက်ထဲသို့ ပြုတ်ကျသွားပြီးနောက် ဆွန်ဖုန်းသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ၏ ပြုတ်ကျသံကြောင့် လန့်ပြေးသွားသော ငါးအုပ်များမှလွဲ၍ ဘာမျှ မရှိသည်ကို တွေ့လိုက်ရလေသည်။ ဆွေးမြည့်နေသော သစ်သားတုံးများသာ ပြန့်ကျဲနေလေသည်။

"ရတနာတွေ ပါဆို... ရွှေတွေ ပါဆို..."

ဘာမှ မတွေ့ရသဖြင့် ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာလေသည်။ ရုပ်ရှင် ဇာတ်လမ်းများထဲတွင်မူ နစ်မြုပ်နေသော သင်္ဘော အများစု၌ ရတနာများ၊ ရှေးဟောင်း ပစ္စည်းများ ပါရှိတတ်သည်ဟု ဆိုကြသည် မဟုတ်ပါလား။

သို့သော် ဆွန်ဖုန်းသည် အောက်ထပ်တွင် အခေါက်ခေါက်အခါခါ လိုက်လံ ရှာဖွေပါသော်လည်း ဘာတစ်ခုမှ မတွေ့ရှိရချေ။ သေးခံခွက် အနည်းငယ်သာ တွေ့ရသဖြင့် ဒေါသထွက်လွန်း၍ အော်ဟစ်လိုက်မိလေသည်။

"သောက်စုတ်ပြတ်နေတဲ့ သင်္ဘောကြီး..."

ဆွန်ဖုန်းက တံတွေးထွေးဟန်ပြုကာ ခရီးဆက်ရန် ထွက်လာခဲ့လေသည်။

ကီလိုမီတာ သုံးရာကျော်ခန့် သွားပြီးနောက် အသံလက်ထောက်က ရှေ့ ကီလိုမီတာ ၃၀ အကွာတွင် နောက်ထပ် ရှေးဟောင်း သင်္ဘောပျက် တစ်စီး တွေ့ရှိကြောင်း သတိပေးလာပြန်လေသည်။

"သွားကြည့်တာပေါ့..."

ဆွန်ဖုန်းမှာ သိပ်မသွားချင်တော့သော်လည်း ဘာလုပ်ရမှန်း မသိသဖြင့် သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

သင်္ဘောပျက် ရှိရာသို့ ရောက်သောအခါ သင်္ဘော တစ်စီးတည်း မဟုတ်ဘဲ နှစ်စီး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ၎င်းတို့ နှစ်စီးမှာ ၅ ကီလိုမီတာခန့်သာ ကွာဝေးလေသည်။

"ဟဲဟဲ... စိတ်ဝင်စားစရာပဲ..."

ဆွန်ဖုန်းသည် သင်္ဘောပျက် တစ်စီးပေါ်သို့ သွားရောက် ကြည့်ရှုလိုက်ရာ ဤသင်္ဘောမှာ ရှေးဟောင်း စစ်သင်္ဘော တစ်စီး ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ပုံစံကို ကြည့်ရသည်မှာ ဥရောပ ရှေးဟောင်း စစ်သင်္ဘော တစ်စီးနှင့် တူပေသည်။

ဆွန်ဖုန်းသည် အောက်သို့ ဆင်းကာ ရှာဖွေကြည့်သော်လည်း ဘာမှ မရရှိခဲ့ချေ။ သံချေး အလွန်တက်နေပြီး ဆွေးမြည့်နေသော သံအမြောက် ဆယ်လက်ကျော်နှင့် ပျက်စီးနေသော သေနတ် အလက် နှစ်ဆယ်ခန့်သာ တွေ့ရှိခဲ့ရလေသည်။

"ကံဆိုးလိုက်တာ..."

ဆွန်ဖုန်းက ကျိန်ဆဲလိုက်ပြီး နောက်ထပ် သင်္ဘောပျက် တစ်စီးဆီသို့ သွားရောက် ရှာဖွေရာ တူညီသော ရလဒ်ကိုသာ ရရှိခဲ့လေသည်။ ဤသင်္ဘော နှစ်စီးမှာ အချင်းချင်း တိုက်ခိုက်ကြပြီးနောက် ဤအမှောင်ထုဖုံးလွှမ်းနေသော ပင်လယ်ကြမ်းပြင်တွင် အတူတကွ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ဟန်တူပေသည်။

ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်တွင် ဆက်လက် လှည့်လည် သွားလာနေလေသည်။ လမ်းတွင် လူသတ်ဝေလငါး တစ်ကောင်နှင့် ငါးမန်းအုပ်ကြီး တစ်အုပ် တိုက်ခိုက်နေကြသည်ကို အလွန် စိတ်လှုပ်ရှားဖွယ် တွေ့မြင်ခဲ့ရလေသည်။

အမှန်တကယ်တော့ ပင်လယ်ကြမ်းပြင် ဆိုသည်မှာ အလွန် အန္တရာယ် များလှပေသည်။ သူ့တွင်သာ ရေငုပ်စက်ရုပ် မရှိပါက ပင်လယ်ကြမ်းပြင်တွင် ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ချေ။

"ပိုင်ရှင့်ကို အစီရင်ခံပါတယ်... ရှေ့မှာ သင်္ဘောပျက် တစ်စီးကို တွေ့ရှိထားပါတယ်..."

အသံလက်ထောက်၏ သတိပေးချက်ကို ကြားသောအခါ ဆွန်ဖုန်း အနည်းငယ် စိတ်ညစ်သွားလေသည်။ ယနေ့ တစ်နေ့တည်းဖြင့် နစ်မြုပ်နေသော သင်္ဘော မည်မျှတောင် တွေ့နေရသနည်း။

အမှန်တကယ်တော့ ဤသည်မှာ ဆွန်ဖုန်း ကံဆိုးနေခြင်း မဟုတ်ပေ။ သူ သွားနေသော လမ်းကြောင်းမှာ ရှေးခေတ် ပင်လယ်ရေကြောင်း လမ်းခရီးစဉ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်း သင်္ဘောပျက်များကို ဆက်တိုက် တွေ့နေရခြင်းမှာ မတတ်နိုင်သော ကိစ္စပင် ဖြစ်လေသည်။

"သွားကြည့်လိုက်ပါဦးမယ်လေ..."

ဆွန်ဖုန်းက ကိုယ့်ဘာသာ ရေရွတ်လိုက်လေသည်။

မိနစ်အနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ထိုသင်္ဘောပျက်၏ ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားလေသည်။ ဤသင်္ဘော၏ ကုန်းပတ်မှာ ယခင် သင်္ဘောများလောက် မဆွေးမြည့်သေးဘဲ လူရပ်၍ ရနိုင်သေးလေသည်။

ဤသင်္ဘောမှာ မင်မင်းဆက် ခေတ်က သင်္ဘောနှင့် တူပေသည်။

အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းသည် သင်္ဘောဝမ်းဗိုက်ထဲတွင် အပြာနှင့်အဖြူ ရောစပ်ထားသော ကြွေထည် များကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

ဆွန်ဖုန်းသည် ထိုကြွေထည်များ ရှိရာသို့ လျှောက်သွားလိုက်သည်။ မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ကြွေထည် ဆယ်ဂဏန်းခန့် ရှိသော်လည်း အများစုမှာ ကွဲကြေနေပြီ ဖြစ်သည်။ ခုနစ်ခု၊ ရှစ်ခုခန့်သာ အကောင်းပကတိ ကျန်ရှိနေသေးလေသည်။

ဆွန်ဖုန်းသည် ကြွေပန်းကန် တစ်လုံးကို ကောက်ယူလိုက်ပြီး အသံလက်ထောက်အား မေးလိုက်လေသည်။

"ဒါက မင်မင်းဆက် ခေတ်က အပြာနဲ့ အဖြူစပ် ကြွေထည်တွေလား..."

"စကင်န် ဖတ်နေပါတယ်... စစ်ဆေးနေပါတယ်... ကမ္ဘာမြေ ကွန်ရက်ထဲက အချက်အလက်တွေနဲ့ စစ်ဆေးရေး နည်းလမ်းတွေအရ ဒါဟာ မင်မင်းဆက် ခေတ်က အပြာနဲ့အဖြူစပ် ကြွေထည် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပါတယ်..."

အသံလက်ထောက်က ဒေတာဘေ့စ် အတွင်းမှ ကြွေထည်နှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေ စကင်န်ဖတ်ပြီးနောက် ပြန်လည် ဖြေကြားလိုက်လေသည်။

All Chapters