အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) အပြာနှင့်အဖြူစပ် ကြွေထည်
လက်ထဲတွင် ကိုင်ထားသော ကြွေထည်မှာ မင်မင်းဆက် ခေတ်က အပြာနှင့်အဖြူစပ် ကြွေထည် ဖြစ်ကြောင်း သေချာသွားသောအခါ ဆွန်ဖုန်း အနည်းငယ် နှမြောသွားမိသည်။
အဘယ်ကြောင့်ဆိုသော် ကြွေထည် ဆယ်ဂဏန်းခန့်တွင် ခုနစ်ခု၊ ရှစ်ခုခန့်သာ အကောင်းပကတိ ကျန်ရှိနေပြီး ကျန်ရှိသော ကြွေထည်များမှာ မြေကြီးပေါ်တွင် ကွဲကြေနေသောကြောင့် ဖြစ်သည်။ ကွဲကြေနေသော ကြွေထည်များမှာ စုဆောင်းရန်သော်လည်းကောင်း၊ ရောင်းချရန်သော်လည်းကောင်း တန်ဖိုး မရှိတော့ချေ။ အကယ်၍ တန်ဖိုး ရှိခဲ့လျှင်တောင်မှ ငွေအများကြီး ရနိုင်မည် မဟုတ်ပေ။
"ခြင်ခြေထောက်လည်း အသားပဲလေ..."
ဆွန်ဖုန်းသည် ထိုအကောင်းပကတိ ကျန်ရှိနေသေးသော ကြွေထည် ခုနစ်ခု၊ ရှစ်ခုကို သိမ်းဆည်းလိုက်ပြီးနောက် သင်္ဘောပေါ်တွင် အခြား တန်ဖိုးရှိသော ပစ္စည်းများ ရှိသေးသလား ဆိုသည်ကို ဆက်လက် ရှာဖွေလေတော့သည်။
ကွေ့ကောက်နေသော လမ်းများအတိုင်း လျှောက်သွားပြီးနောက် ဆွန်ဖုန်းသည် ကုန်စည်များ သိုလှောင်ထားသော အခန်းတစ်ခန်းသို့ ရောက်ရှိသွားလေသည်။ ထိုနေရာတွင် သစ်သားသေတ္တာကြီး အချို့ကို တွေ့လိုက်ရသော်လည်း ထိုသေတ္တာကြီးများမှာ ဆွေးမြည့်ပျက်စီးနေပြီး အထဲမှ ပစ္စည်းများမှာလည်း မြေကြီးပေါ်သို့ ပြန့်ကျဲနေလေသည်။
"ရွှေ၊ ငွေ၊ ရတနာတွေလား..."
ဆွန်ဖုန်းသည် မြေကြီးပေါ်မှ စိမ်းလန်းသော ကျောက်မျက်တစ်ခု မြှုပ်နှံထားသည့် ရွှေလက်စွပ် တစ်ကွင်းကို ကောက်ယူလိုက်လေသည်။ သူက ကျောက်မျက်ရတနာများ အကြောင်းကို သိပ်နားမလည်သဖြင့် ဤကျောက်မျက်မှာ ကျောက်စိမ်း ဟုတ်မဟုတ် ဆိုသည်ကို မသိရှိချေ။
မြေကြီးပေါ်တွင် အခြားသော ရှေးဟောင်း လက်ဝတ်ရတနာများ ဖြစ်သည့် ဆွဲကြိုးများ၊ ကျောက်စိမ်း ပုတီးစေ့များ၊ ဆွဲသီးများ၊ ရွှေတုံးများ၊ ပုလဲများ၊ ညဉ့်လင်းပုလဲများ၊ ငွေထည် အရက်အိုးများ အစရှိသည်တို့ကို အများအပြား တွေ့ရှိရလေသည်။
အချို့ပစ္စည်းများမှာ သံချေးတက်နေပြီး အများစုမှာ အရောင်အဆင်း မှေးမှိန်နေကာ အပေါ်တွင် ရွှံ့နွံများ ဖုံးလွှမ်းနေလေသည်။
"အင်း... ဒီသေတ္တာ အနည်းငယ်လောက်ကတော့ တန်ဖိုးရှိလောက်တယ်..."
ဆွန်ဖုန်းသည် ထိုပစ္စည်းများကို လှန်လှောကြည့်ရင်း တီးတိုး ရေရွတ်လိုက်လေသည်။ ခဏအကြာတွင် ထိုပစ္စည်းများ အားလုံးကို သူ၏ သိုလှောင်ရုံ စနစ်ထဲသို့ သိမ်းဆည်းလိုက်လေတော့သည်။
ထိုပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် အခြား အခန်းများဆီသို့ ဆက်လက် လျှောက်သွားလေသည်။ ဤသင်္ဘောကြီးမှာ အတော်လေး ကြီးမားပေသည်။ ယနေ့ခေတ် စံနှုန်းများနှင့် ယှဉ်လျှင် အလွန် ကြီးမားသည်ဟု မဆိုနိုင်သော်လည်း ရှေးခေတ်ကမူ ဤကဲ့သို့သော သင်္ဘောမျိုးမှာ အလွန် ကြီးမားပြီး သမုဒ္ဒရာဖြတ် ကုန်သွယ်ရေး သင်္ဘောကြီးဟုပင် ဆိုနိုင်ပေသည်။
ဤသင်္ဘောမှာ ထိုပစ္စည်းများကို အခြားနေရာများသို့ သွားရောက် ရောင်းချမည့် ကုန်သွယ်ရေး သင်္ဘော တစ်စီး ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်သွားခဲ့ရသည်ကိုမူ ဆွန်ဖုန်း မခန့်မှန်းတတ်ချေ။
"ဝုန်း..."
ဆွန်ဖုန်းသည် သူ၏ ရှေ့တွင် ပိတ်ဆို့နေသော သစ်သားနံရံ တစ်ခုကို ခြေထောက်ဖြင့် အကြမ်းပတမ်း ကန်ချိုးလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခန်း၏ ဝင်ပေါက်တွင် သစ်သားတိုင် တစ်တိုင်က ပိတ်ဆို့နေသဖြင့် ဆွေးမြည့်နေသော သစ်သားနံရံကို ကန်ချိုး၍ ဝင်ရောက်ခြင်းက ပိုမို လွယ်ကူသောကြောင့် ဖြစ်သည်။
အခန်းထဲသို့ ဝင်ရောက်သွားသောအခါ မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ပန်းကန်လုံးများ၊ ပန်းကန်ပြားများနှင့် အိုးခွက်များကို တွေ့လိုက်ရလေသည်။
"ဘုရားရေ... အားလုံးက အပြာနဲ့အဖြူစပ် ကြွေထည်တွေချည်းပဲလား..."
ဆွန်ဖုန်းသည် အခန်းထဲတွင် ပြန့်ကျဲနေသော ကြွေထည်များကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ထိုကြွေထည်များကို မူလက သစ်သားသေတ္တာများဖြင့် ထည့်ထားခြင်း ဖြစ်သော်လည်း မည်သည့် အကြောင်းကြောင့်မှန်း မသိ၊ သေတ္တာ အများစုမှာ တိမ်းစောင်း လဲကျနေပြီး ကြွေထည်များမှာ မြေကြီးပေါ်သို့ ပြန့်ကျဲနေခြင်း ဖြစ်သည်။ သင်္ဘော နစ်မြုပ်ချိန်တွင် တစ်စုံတစ်ခုနှင့် တိုက်မိခြင်း သို့မဟုတ် သင်္ဘော တိမ်းစောင်းသွားခြင်းကြောင့် သေတ္တာများ လဲကျကာ ဤကဲ့သို့ ဖြစ်သွားခြင်း ဖြစ်မည်ဟု ဆွန်ဖုန်း ခန့်မှန်းလိုက်လေသည်။
"အသံလက်ထောက်... ဒီအရာတွေက အပြာနဲ့အဖြူစပ် ကြွေထည်တွေ ဟုတ်မဟုတ် စကင်န် ဖတ်ပေးပါဦး..."
"တီ တီ တီ... စကင်န် ဖတ်လို့ ပြီးပါပြီ... မင်မင်းဆက် ခေတ်က အပြာနဲ့အဖြူစပ် ကြွေထည်တွေ ဖြစ်ပါတယ်..."
အဖြေကို ရရှိပြီးနောက် ဆွန်ဖုန်းမှာ ပျော်လွန်း၍ ပါးစပ်ပင် မစိနိုင်တော့ချေ။ ဤတစ်ကြိမ် ပင်လယ်ထဲသို့ ဆင်းရသည်မှာ လုံးဝ မရှုံးပေ။ အလွန် ကြီးမားသော အမြတ်အစွန်းကို ရရှိခဲ့ပြီ ဖြစ်သည်။
မြေကြီးပေါ်ရှိ ကြွေထည်များကို ကြည့်ကာ အနည်းဆုံး ရာနှင့်ချီ၍ ရှိမည်ဟု သူ ခန့်မှန်းလိုက်လေသည်။
ယနေ့ခေတ်တွင် အပြာနှင့်အဖြူစပ် ကြွေထည်များ၏ ဈေးနှုန်းမှာ အပေါဆုံး ယွမ်သောင်းဂဏန်းမှ အမြင့်ဆုံး ယွမ်သန်းဆယ်ဂဏန်းအထိ ပေါက်ဈေး ရှိပေသည်။
"ချမ်းသာပြီ... ချမ်းသာပြီ..."
ဆွန်ဖုန်းသည် ရှေ့သို့ လျှောက်သွားကာ ဘယ်လက်ဖြင့် ကြွေထည် တစ်ခုကို ကိုင်ကြည့်လိုက်၊ ညာလက်ဖြင့် နောက်တစ်ခုကို ကိုင်ကြည့်လိုက် လုပ်နေလေသည်။
အမှန်တကယ်တော့ ဆွန်ဖုန်း အနေဖြင့် စဉ်းစား၍ မရသော အချက်တစ်ခု ရှိပေသည်။ ဤကြွေထည် အစုတ်လေး တစ်ခုက အဘယ်ကြောင့် ဤမျှ ဈေးကြီးရသနည်း။
အင်း... ရှားပါးသော ပစ္စည်းများက တန်ဖိုးကြီးသည် ဟူသော စကားအတိုင်း ဖြစ်ပေမည်။ ငွေကြေး ချမ်းသာသူများ၏ ကမ္ဘာကို သူ နားမလည်နိုင်ချေ။
အကယ်၍ သူသာ ယွမ်ဆယ်သန်း ရှိခဲ့ပါက ထိုငွေကို အဓိပ္ပာယ်ရှိသော ကိစ္စတစ်ခုခုတွင် အသုံးပြုမည် ဖြစ်သည်။ ယွမ်ဆယ်သန်း ပေး၍ စား၍လည်းမရ၊ ထမင်းထည့်၍လည်း မရသော၊ အလှပြရုံ သက်သက်သာ ဖြစ်သည့် ကြွေထည် အစုတ်တစ်ခုကို ဝယ်မည့်သူမှာ လူမိုက်သာ ဖြစ်ပေမည်။ ထိုငွေဖြင့် ကားတစ်စီး ဝယ်၍ ဝင်တိုက်ပစ်လိုက်ခြင်းကပင် ပို၍ ကောင်းမွန်သေးသည်။
ထို့အပြင် ယခုနောက်ပိုင်း နှစ်များတွင် နိုင်ငံခြားသားများ လုယူသွားခဲ့သော ချင်းမင်းဆက် ခေတ်က နိုင်ငံတော် ရတနာများကို ငွေကြေး အမြောက်အမြား ပေး၍ ပြန်လည် ဝယ်ယူနေကြသည်ဟူသော သတင်းများကိုလည်း မကြာခဏ တွေ့ရတတ်သည်။
အကယ်၍ ဆွန်ဖုန်းသာ ဆိုလျှင် ထိုသို့ လုံးဝ လုပ်မည် မဟုတ်ချေ။ ထိုငွေများဖြင့် ပရဟိတ မူလတန်းကျောင်း သောင်းနှင့်ချီ၍ ဆောက်လုပ်ပေးခြင်း သို့မဟုတ် ပရဟိတ စီမံကိန်း များတွင် လှူဒါန်းခြင်းက ပို၍ ကောင်းမွန်ပေမည်။ ထိုသို့ဆိုလျှင် ဆင်းရဲမွဲတေမှု ဆိုသည်ကို မည်သို့ ရေးရမည်ကိုပင် မသိနိုင်လောက်အောင် ဖြစ်သွားပေမည်။
အချို့က ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်ဟု ဆိုကြပေမည်။ လခွီး... အနောက်နိုင်ငံများတွင် မည်သည့် ယဉ်ကျေးမှု အမွေအနှစ်မှ မရှိဘဲ ကမ္ဘာကို လွှမ်းမိုးထားနိုင်သည် မဟုတ်ပါလား။
အမှန်တကယ်တော့ ကောင်းမှုကုသိုလ် ပြုလုပ်ပြီး နာမည် မခံခြင်းကသာ အကောင်းဆုံးသော ရိုးရာ ယဉ်ကျေးမှုပင် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်နိုင်သူ မည်မျှ ရှိပါသနည်း။
ဆွန်ဖုန်းသည် မြေကြီးပေါ်ရှိ ကြွေထည် ရာချီ၍ ရှိနေသည်ကို ကြည့်ကာ အနည်းငယ် နှမြောသွားမိလေသည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ ကွဲကြေနေသောကြောင့် ဖြစ်သည်။
မြေကြီးပေါ်ရှိ ရာနှင့်ချီသော ကြွေထည်များထဲတွင် အကောင်းပကတိ ကျန်ရှိနေသေးသော ကြွေထည်မှာ တစ်ရာကျော်ခန့်သာ ရှိမည်ဟု သူ ခန့်မှန်းလိုက်လေသည်။
"မဆိုးပါဘူး... တစ်ရာကျော်ဆိုတာလည်း မနည်းပါဘူး... ငွေအများကြီး ရနိုင်ပါတယ်..."
ဆွန်ဖုန်းသည် စိတ်ထဲတွင် ကျေနပ်နေမိလေသည်။
ထို့နောက် ဆွန်ဖုန်းသည် မြေကြီးပေါ်မှ ကြွေထည်များကို စတင် ရွေးချယ်လေတော့သည်။ ကွဲကြေနေသော ကြွေထည်များကို ထားခဲ့ပြီး အကောင်းပကတိ ကျန်ရှိနေသော ကြွေထည်များကိုသာ သိုလှောင်ရုံ စနစ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။
ဤတစ်ကြိမ် ရိတ်သိမ်းမှုမှာ အလွန် ကောင်းမွန်လှပေသည်။ ရွှေ၊ ငွေ၊ ရတနာ သေတ္တာ အချို့နှင့် အပြာနှင့်အဖြူစပ် ကြွေထည် တစ်ရာကျော်ကို ရရှိခဲ့သည်။ ၎င်းတို့၏ တန်ဖိုးကို အတိအကျ မသိရသော်လည်း အိမ်ပြန်ရောက်ပါက စုန်းကျဲကို ကျွမ်းကျင်သူ တစ်ဦး ခေါ်လာပြီး သေချာစွာ စစ်ဆေးခိုင်းရန် ရည်ရွယ်ထားလေသည်။
ဆွန်ဖုန်း၏ လက်ထဲတွင် တန်ဖိုးကြီး ပစ္စည်းများ အများအပြား ရှိနေပေသည်။ ရွှေသတ္တုရိုင်း တန်ချိန် ငါးဆယ်ကျော်ကို မပြောနှင့်ဦး၊ သူ၏ လက်ထဲတွင် အရည်အသွေး အမျိုးမျိုးရှိသော ကျောက်စိမ်း အတုံး နှစ်ရာကျော်၊ ယခု ရရှိလာသော ကြွေထည် တစ်ရာကျော်နှင့် ရွှေ၊ ငွေ၊ ရတနာ သေတ္တာ အချို့ ရှိနေသေးရာ လေလံပွဲ အကြိမ်ပေါင်းများစွာကိုပင် ကျင်းပနိုင်လောက်ပေသည်။
"ဟုတ်သားပဲ... စုန်းကျဲ တစ်ယောက်တည်းက ဒီလောက်များတဲ့ ပစ္စည်းတွေကို ဝယ်နိုင်မှာ မဟုတ်ဘူး... ငါ သူ့ရဲ့ လေလံပွဲမှာ သွားပြီး လေလံတင် ရောင်းချလို့ ရတာပဲ..."
ဆွန်ဖုန်းသည် ထိုအကြံကို ရုတ်တရက် တွေးမိသွားလေသည်။
"အားတဲ့အခါ စုန်းကျဲနဲ့ သွားပြီး စကားပြောကြည့်ရမယ်..."
ကြွေထည်များကို သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်တွင် ဆက်လက် လှည့်လည် သွားလာနေလေသည်။
နောက်ထပ် ကီလိုမီတာ ရာပေါင်းများစွာကို ဖြည်းညင်းစွာ သွားလာပြီးနောက် အချိန်ကို ကြည့်လိုက်သောအခါ မွန်းလွဲ ၄ နာရီကျော်နေပြီ ဖြစ်သဖြင့် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။ ညဘက်တွင် ပင်လယ်ကြမ်းပြင်၌ သော်လည်းကောင်း၊ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်၌ သော်လည်းကောင်း အိပ်စက်ရန် သူ မရည်ရွယ်ထားချေ။
သုံးနာရီကျော် ကြာပြီးနောက် ဆွန်ဖုန်းသည် ဟိုင်ယန်မြို့ ကမ်းခြေရှိ အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့သည်။ ကားကို ယူကာ အနီရောင် ဖာရာရီ ပြိုင်ကားကြီးကို မောင်းနှင်၍ အိမ်သို့ ပြန်လာခဲ့လေသည်။
ထိုအချိန်မှာ ည ၇ နာရီကျော်နေပြီ ဖြစ်ပြီး ရုံးဆင်းချိန် ဖြစ်သဖြင့် မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ယာဉ်ကြော ပိတ်ဆို့မှုများကို ရှည်လျားစွာ တွေ့လိုက်ရရာ ဆွန်ဖုန်းမှာ သက်ပြင်းချလိုက်မိလေသည်။
နာရီဝက်ခန့် ကားပိတ်ပြီးနောက် ဆွန်ဖုန်းသည် အိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သို့သော် သူသည် အဝေးထိန်း ခလုတ်ဖြင့် ဗီလာအိမ်ကြီး၏ တံခါးကို ဖွင့်ရန် ပြင်လိုက်စဉ် အိမ်ရှေ့တွင် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ် သောက်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအမျိုးသား၏ ဘေးတွင် ယွမ်သန်းချီ တန်ဖိုးရှိမည့် မာစီးဒီးဘင့်ဇ် ကားကြီး တစ်စီး ရပ်ထားလေသည်။
"အစ်ကိုကြီး... ခဏလောက် ဖယ်ပေးပါလား... ကျွန်တော် ကားမောင်းဝင်မလို့ပါ..."
ဆွန်ဖုန်းသည် ကားပြတင်းပေါက်ကို ချကာ ထိုလူလတ်ပိုင်း အရွယ် အမျိုးသားကို ပြောလိုက်လေသည်။
"မင်းက ဆွန်ဖုန်းလား..."
ထိုအမျိုးသားမှာ ဖယ်မပေးသည့်အပြင် ဆွန်ဖုန်း၏ အနီးသို့ လျှောက်လာကာ မေးလိုက်လေသည်။
ဆွန်ဖုန်းသည် သူ၏ ရှေ့မှ လူလတ်ပိုင်း အရွယ် အမျိုးသားကို သေချာ ကြည့်လိုက်လေသည်။
ထိုအမျိုးသားမှာ ရုပ်ရည်သန့်ပြန့်ပြီး ငယ်စဉ်က အလွန် ချောမောခဲ့မည်မှာ သေချာလှပေသည်။ မျက်မှန် တပ်ထားပြီး အဆင့်အတန်းရှိသော အောင်မြင်သည့် စီးပွားရေးသမား တစ်ဦးနှင့် တူပေသည်။
ဆွန်ဖုန်းသည် ဤလပိုင်းများအတွင်း အောင်မြင်သူ အများအပြားနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသဖြင့် လူကဲခတ် အတော်လေး တတ်နေပြီ ဖြစ်သည်။
"ခင်ဗျားက ကျွန်တော့်ကို သိလို့လား..."
ဆွန်ဖုန်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ ထိုအမျိုးသားကို သေချာ ကြည့်သော်လည်း သူ မသိကျွမ်းဖူးကြောင်း သေချာနေပေသည်။ သို့ဆိုလျှင် ထိုအမျိုးသားက သူ၏ နာမည်ကို မည်သို့ သိရှိနေသနည်း။
"ငါက ဟယ်မင်ယီရဲ့ အဖေပဲ..."
ထိုအမျိုးသား၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားလေသည်။
"အာ... ယောက္ခမကြီး ပါလား..."
ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားလေသည်။ သေချာ ကြည့်လိုက်သောအခါ ဤယောက္ခမကြီးမှာ ဟယ်မင်ယီနှင့် သုံးပုံတစ်ပုံခန့် ဆင်တူနေသည်ကို တွေ့လိုက်ရလေသည်။
ဆွန်ဖုန်းသည် အလျင်အမြန် ကားပေါ်မှ ဆင်းလိုက်ပြီး ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေမိလေသည်။
ဟယ်မင်ယီ၏ ဖခင်က ဤသို့ ရုတ်တရက်ကြီး ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရလေတော့သည်။