အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) ယောက္ခမကြီး ရောက်လာခြင်း
ဆွန်ဖုန်းသည် မျက်နှာထား တင်းမာနေသော ယောက္ခမလောင်းကြီးကို ကြည့်ကာ သူ့အပေါ် သဘောမကျမှန်း သိလိုက်လေသည်။ သို့သော် ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သဖြင့် ဤသို့ဖြစ်မည်မှာ သဘာဝပင် ဖြစ်သည်။ မည်သူမဆို မိမိ၏ သမီးကို ခိုးယူသွားသူအား ကြည်ဖြူမည် မဟုတ်ချေ။
ဆွန်ဖုန်းသည် ယောက္ခမလောင်းကြီးက အိမ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ် သောက်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့ကို စောင့်နေခြင်းလော၊ သို့မဟုတ် စကားပြောရန် တမင် စောင့်နေခြင်းလော ဟု တွေးတောနေမိလေသည်။
"အဲ... ယောက္ခမကြီး..."
ဆွန်ဖုန်းက ယောင်ရမ်း၍ စကားစလိုက်စဉ် ဟယ်လင်က ဖြတ်ပြောလိုက်လေသည်။
"ဘယ်သူက မင်းရဲ့ ယောက္ခမကြီးလဲ... မင်း လျှောက်မခေါ်နဲ့နော်..."
ဟယ်လင်က အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
ဆွန်ဖုန်းမှာ အတော်လေး အနေရခက်သွားသော်လည်း ဟယ်လင်၏ မျက်နှာထားကို ကြည့်ကာ ဒေါသမထွက်ရဲဘဲ စကားပြောင်းလိုက်လေသည်။
"ဦးလေးဟယ်... မင်ယီ အိမ်မှာ မရှိဘူးလား..."
ဆွန်ဖုန်းက မိမိ၏ သမီး အိမ်ထဲတွင် ရှိနေလျက်နှင့် အဘယ်ကြောင့် အိမ်ထဲ မဝင်ဘဲ အပြင်တွင် ဆောင့်ကြောင့် ထိုင်နေရသနည်း ဟု သွယ်ဝိုက် မေးလိုက်ခြင်း ဖြစ်သည်။
"အဟမ်း... အဟမ်း... မင်ယီက ငါနဲ့ စိတ်ကောက်ပြီး အထဲပေးမဝင်လို့ပါ..."
ဟယ်လင်၏ အေးစက်နေသော မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး အရှက်ပြေ ပြောလိုက်လေသည်။
ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ သဘောပေါက်သွားလေသည်။
'ကြည့်ရတာ ငါ့မိန်းမက သူ့အဖေနဲ့ စစ်အေး တိုက်နေပြန်ပြီ ထင်တယ်... ပြီးတော့ အတော်လေး ပြင်းထန်မယ့်ပုံပဲ... အဖေအရင်းကို အိမ်ထဲ ပေးမဝင်ဘဲ အပြင်မှာ ဒီလောက်ကြာအောင် ဆောင့်ကြောင့် ထိုင်ခိုင်းထားတယ်ဆိုတော့ ဘယ်လောက်တောင် ရန်ငြိုးကြီးနေလဲ မသိဘူး...'
"အာ... ဒါဆိုရင် ဦးလေးဟယ် ထမင်းစားပြီးပြီလား မသိဘူး... ကျွန်တော်တို့ အထဲဝင်ပြီး ထမင်းစားရင်း မင်ယီနဲ့ စကားပြောကြည့်ကြမလား..."
ဆွန်ဖုန်းက အိမ်တံခါးကို ဖွင့်ပေးရင်း ဟယ်လင်ကို ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်လေသည်။
"ကောင်းပြီလေ..."
ဟယ်လင်က မတတ်သာသည့်ဟန်ဖြင့် သဘောတူလိုက်လေသည်။ အမှန်တကယ်တော့ သူ၏ ဗိုက်ထဲမှ အသံများက သူ အပြင်တွင် မည်မျှကြာအောင် စောင့်နေခဲ့ရသည်ကို ဖော်ပြနေလေပြီ။
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဆွန်ဖုန်းသည် ဧည့်ခန်း ဆိုဖာပေါ်တွင် ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေသော ဟယ်မင်ယီကို တွေ့လိုက်ရလေသည်။
ဟယ်မင်ယီက ဆွန်ဖုန်းကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်လိုက်သော်လည်း သူ၏ နောက်မှ လိုက်ပါလာသော ဖခင်ဖြစ်သူ ဟယ်လင်ကို မြင်လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်း တင်းမာသွားပြီး ပြောလိုက်လေသည်။
"အဖေ ဒီကို ဘာလာလုပ်တာလဲ... သမီး ပြန်ခိုင်းထားတယ် မဟုတ်လား..."
ဟယ်လင်သည် မွန်းတည့်ချိန်လောက်ကတည်းက ဆွန်ဖုန်း၏ အိမ်ရှေ့သို့ ရောက်နေခြင်း ဖြစ်သည်။ လူခေါ်ခေါင်းလောင်း တီးလိုက်သောအခါ ဖခင်ဖြစ်သူကို မြင်သဖြင့် သူမက တံခါး မဖွင့်ပေးဘဲ ပြန်ခိုင်းခဲ့ခြင်း ဖြစ်သည်။
"ဘယ်ကို ပြန်ရမှာလဲ... ဒီတစ်ခေါက်တော့ သမီးကို နားချနိုင်တဲ့အထိ အဖေ ပြန်မှာ မဟုတ်ဘူး..."
ဟယ်လင်က ပြောရင်း ဟယ်မင်ယီ၏ ဘေးတွင် ဝင်ထိုင်ကာ စတင် ဆုံးမလေတော့သည်။
ဆွန်ဖုန်းသည် သားအဖ နှစ်ယောက်၏ စကားများမှုကို မြင်သောအခါ ဝင်ရောက် စွက်ဖက်၍ မရနိုင်မှန်း သိသဖြင့် ရှောင်ထွက်ရန် ဆုံးဖြတ်လိုက်လေသည်။
"အဲ... ဦးလေးတို့ သားအဖ စကားပြောကြဦး... ကျွန်တော် ဟင်းသွားချက်လိုက်ဦးမယ်..."
ဆွန်ဖုန်းသည် ပြောပြီးသည်နှင့် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားလေတော့သည်။
မကြာမီမှာပင် ဧည့်ခန်းထဲမှ ကျယ်လောင်သော ငြင်းခုံသံများ ထွက်ပေါ်လာလေသည်။ ဟယ်လင်က သူမကို အိမ်ပြန်ရန် အတင်းအကျပ် ပြောဆိုနေခြင်း ဖြစ်သည်။
ခဏအကြာတွင် ဟယ်မင်ယီသည် မီးဖိုချောင်ထဲသို့ ပြေးဝင်လာလေသည်။
ဆွန်ဖုန်းက သူမကို ကြည့်ကာ မေးလိုက်လေသည်။
"ဘယ်လိုလဲ... သားအဖ နှစ်ယောက် အခုထိ စစ်အေး တိုက်နေတုန်းပဲလား..."
"ရှင် သူ့ကို ဘာလို့ ပေးဝင်လာတာလဲ..."
ဟယ်မင်ယီက ဆွန်ဖုန်း၏ အမေးကို မဖြေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။
"အာ... ယောက္ခမကြီးက အပြင်မှာ ဆောင့်ကြောင့်ထိုင်ပြီး သနားစရာ ကောင်းနေလို့ ပေးဝင်လိုက်တာပါ... ဘာပဲဖြစ်ဖြစ် မင်းတို့က သားအဖတွေပဲဟာ... သွေးက ရေထက် ပြစ်တယ်လေ... ဘာလို့ ဒီလောက်တောင် တင်းမာနေရတာလဲ..."
ဆွန်ဖုန်းက ကောင်းသော ရည်ရွယ်ချက်ဖြင့် ဖျန်ဖြေပေးလိုက်လေသည်။
သို့သော် ဟယ်မင်ယီသည် ထိုစကားကို ကြားသောအခါ မျက်ရည်များ ဝဲတက်လာပြီး ပြောလိုက်လေသည်။
"ရှင် ဘာသိလို့လဲ... သူက ကျွန်မကို အိမ်ပြန်ခေါ်ပြီး တခြားလူနဲ့ စေ့စပ်ပေးဖို့ လုပ်နေတာလေ... အဲဒါကို ကျွန်မ လိုက်သွားရမှာလား..."
ထို့နောက် ဟယ်မင်ယီမှာ ဝမ်းနည်းပက်လက် ငိုကြွေးလေတော့သည်။
ထိုစကားကို ကြားသည်နှင့် ဆွန်ဖုန်းသည် ချက်ချင်း လှည့်ထွက်သွားလေသည်။
"ဟေ့... ရှင် ဘာလုပ်မလို့လဲ..."
ဟယ်မင်ယီက ဆွန်ဖုန်း လှည့်ထွက်သွားသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်လေသည်။
"တုတ် သွားယူမလို့..."
"တုတ်ယူပြီး ဘာလုပ်မလို့လဲ..."
"သူ့ကို သွားရိုက်မလို့... လခွီး... ငါ့မိန်းမကို အနိုင်ကျင့်ရုံတင် မကဘူး... တခြားလူနဲ့တောင် စေ့စပ်ပေးဖို့ လုပ်နေသေးတယ်... ငါက နင့်ချစ်သူဆိုတာ သူ မသိဘူးလား..."
ဆွန်ဖုန်းမှာ ဒေါသထွက်လွန်း၍ မျက်လုံးများပင် မီးဝင်းဝင်း တောက်နေလေသည်။
စောစောက သူသည် ဤယောက္ခမလောင်းကြီးကို အိမ်ထဲပေးမဝင်ဘဲ သမီးဖြစ်သူက အပြင်တွင် ထားခဲ့သဖြင့် သနားနေခဲ့သေးသည်။ ယခုမူ အပြတ်ရှင်းပစ်ချင်စိတ်ပင် ပေါက်လာလေသည်။ သေချာသည်ကတော့ လူသတ်မည် မဟုတ်ဘဲ ရိုက်နှက်ဆုံးမရန် စဉ်းစားနေခြင်း ဖြစ်သည်။
"ဆွန်ဖုန်း... လျှောက်မလုပ်နဲ့နော်... ဘာပဲဖြစ်ဖြစ် သူက ကျွန်မ အဖေပါ... ကျွန်မ မလိုက်သွားရင် ပြီးတာပဲလေ... သူ ဘယ်လိုပဲ စီစဉ်စီစဉ် ဂရုစိုက်စရာ မလိုပါဘူး..."
ဟယ်မင်ယီက မျက်ရည်များ ကျဆင်းနေရင်း ဆွန်ဖုန်းကို လှမ်းဆွဲထားလိုက်လေသည်။
"ကောင်းပါပြီ..."
ဆွန်ဖုန်းသည် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ စောစောက သူ အနည်းငယ် စိတ်လိုက်မာပါ လုပ်မိသွားကြောင်း သတိပြုမိလေသည်။
"မင်း ငါနဲ့ တွဲနေတဲ့ အကြောင်းကို သူ့ကို မပြောပြထားဘူးလား... ငါက မင်းချစ်သူ ဆိုတာ သူ မသိဘူးလား..."
ဆွန်ဖုန်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ ယခင်က ဟယ်မင်ယီ အိမ်ပြန်သွားစဉ်က သူမ၏ ဖခင်နှင့် ဤကိစ္စကို ဆွေးနွေးခဲ့ပြီး ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
"ကျွန်မ ပြောပြပါတယ်... ဒါပေမယ့် သူက ရှင့်ကို သဘောမကျဘူးတဲ့... ရှင်က ပညာအရည်အချင်း နိမ့်တယ်... ယဉ်ကျေးမှု မရှိဘူး... အလုပ်အကိုင် အတည်တကျ မရှိဘူး ဆိုပြီး ပြောနေတာ..."
ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းတစ်ချက် ထိုးကာ ပြောလိုက်လေသည်။
"လခွီး... ငါက ပညာအရည်အချင်း နိမ့်တယ်... ယဉ်ကျေးမှု မရှိဘူး... အလုပ်အကိုင် အတည်တကျ မရှိဘူး ဟုတ်လား..."
ဆွန်ဖုန်းသည် မိမိကိုယ်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ငါက တတိယတန်းစား တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တာလေ... ဘယ်လိုလုပ် ယဉ်ကျေးမှု မရှိရမှာလဲ... အလုပ်အကိုင် အတည်တကျ မရှိဘူး... လခွီး... ငါ့မှာ ယွမ်သန်းထောင်ချီ ရှိတယ်ဆိုတာ သူ သိရဲ့လား..."
"ငွေနည်းနည်းပါးပါး ရှိတာကလွဲရင် ကျန်တာ အကုန် တူပါတယ်..."
ဟယ်မင်ယီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"သောက်ကျိုးနည်း... မင်းကပါ ငါ့ကို အထင်သေးနေတာလား..."
ဆွန်ဖုန်း၏ မျက်နှာမှာ ချက်ချင်း ညှိုးကျသွားလေတော့သည်။
စိတ်အိုက်နေသော ဆွန်ဖုန်းသည် ဟင်းများကိုသာ ဆက်ချက်နေလိုက်လေသည်။ ဟယ်မင်ယီမှာလည်း ဖခင်ဖြစ်သူကို မရင်ဆိုင်ချင်သဖြင့် မီးဖိုချောင်ထဲတွင်သာ ဆွန်ဖုန်း ဟင်းချက်နေသည်ကို ကြည့်နေလိုက်လေသည်။
နာရီဝက်ခန့် ကြာသောအခါ ဆွန်ဖုန်းသည် ဟင်းများကို စားပွဲပေါ်သို့ တင်ကာ ထမင်းစားရန် ပြင်ဆင်လိုက်လေသည်။
ယောက္ခမလောင်းကြီးက ဆွန်ဖုန်း၏ ချစ်သူကို အခြားသူနှင့် စေ့စပ်ပေးရန် ကြိုးစားနေသဖြင့် ဆွန်ဖုန်း အနေဖြင့် သူ့ကို မျက်နှာကောင်း ပြမည် မဟုတ်ချေ။
ဟယ်မင်ယီကမူ ပို၍ပင် ဆိုးသေးသည်။ ငယ်စဉ်ကတည်းက ဖခင်နှင့် အဆင်မပြေခဲ့ဘဲ ယခုကဲ့သို့ ကိစ္စမျိုး ထပ်ဖြစ်လာသဖြင့် ဖခင်ဖြစ်သူကို လုံးဝ စကားမပြောတော့ချေ။
ထို့ကြောင့် ထမင်းစားပွဲပေါ်တွင် အားလုံး တိတ်ဆိတ်နေကြလေသည်။
ယောက္ခမလောင်းကြီးမှာမူ အတော်လေး ဆာလောင်နေသဖြင့် ထမင်းသုံးပန်းကန်ခန့် စားလိုက်လေသည်။ ထို့နောက် တစ်ရှူးဖြင့် ပါးစပ်ကို သုတ်ကာ ဆွန်ဖုန်းကို တစ်ချက် ကြည့်ပြီး ဟယ်မင်ယီအား ပြောလိုက်လေသည်။
"မင်ယီ... အဖေနဲ့ အိမ်ပြန်လိုက်ခဲ့ပါ... အဖေ မင်းကို မိတ်ဆက်ပေးမယ့် လူက အရပ်ရှည်ပြီး ရုပ်ချောတယ်... ပညာအရည်အချင်းလည်း ရှိတယ်... နောက်ခံလည်း တောင့်တင်းတယ်... အရည်အချင်းလည်း ရှိပြီး ငွေလည်း ချမ်းသာတယ်... သူက အမေရိကန် ဟားဗတ် တက္ကသိုလ် ကနေ ကျောင်းပြီးထားတာ... အသက် ၂၅ နှစ်ပဲ ရှိသေးတယ်... သူ့အဖေရဲ့ ကုမ္ပဏီကြီးကို ဦးဆောင်နေပြီ... အဖေကတော့ သူ့ကို အရမ်း သဘောကျတာပဲ..."
"သဘောကျရင် အဖေ့ဘာသာ ယူလိုက်လေ... သမီးကို လာမပြောနဲ့..."
ဟယ်မင်ယီမှာ ဖခင်ဖြစ်သူနှင့် စကားများရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်ပေသည်။
ထိုစကားများမှာ ဟယ်မင်ယီကို ပြောနေခြင်း ဖြစ်သော်လည်း ဆွန်ဖုန်း အနေဖြင့်မူ သူ့ကို သွယ်ဝိုက် ပြောဆိုနေသည်ဟု ခံစားရလေသည်။
'ဟားဗတ် တက္ကသိုလ်က ဘာအရေးကြီးလို့လဲ... ပိုက်ဆံရှိတာက ဘာအရေးကြီးလို့လဲ... ငါ့မှာ ပိုက်ဆံလည်း ရှိတယ်... ပြီးတော့ ငါက သိုင်းလည်း တတ်တယ်ကွ...'
"မင်ယီ... မင်း ဘယ်လို စကားပြောနေတာလဲ... အဖေက မင်းကို ကောင်းစားစေချင်လို့ ယောက်ျားကောင်း တစ်ယောက်နဲ့ ပေးစားချင်တာလေ... မင်း သူ့ကို ကြည့်စမ်း... သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဖေ စုံစမ်းပြီးပြီ... တတိယတန်းစား တက္ကသိုလ်ကနေ ကျောင်းပြီးထားတာ... ပညာအရည်အချင်းလည်း မရှိ... သံမဏိစက်ရုံ သေးသေးလေး တစ်ခုကိုပဲ ဦးစီးနေတာ... ဘာအရည်အချင်း ရှိလို့လဲ... ဘာအနာဂတ် ရှိလို့လဲ... မင်း သူနဲ့ လိုက်သွားရင် ဒုက္ခရောက်မှာပဲ..."
ဟယ်လင်က ဆွန်ဖုန်းကို လက်ညှိုးထိုးကာ ဟယ်မင်ယီအား ပြောလိုက်လေသည်။
ဆွန်ဖုန်းသည် ထိုအဘိုးကြီး၏ စကားများကို ကြားသောအခါ အမှန်တကယ်ပင် ဒေါသထွက်လာလေသည်။ 'ငါက အဲဒီလောက်တောင် အောက်တန်းကျနေလို့လား...'
"မင်း သူ့ကို ကြည့်စမ်း... စက်ရုံ သေးသေးလေး ဖွင့်ထားပြီးတော့ တန်ဖိုးကြီး ကားတွေ စီးတယ်... ဒီလောက် ဈေးကြီးတဲ့ ဗီလာအိမ်ကြီးကို ဝယ်ထားတယ်... ဒါက ရုတ်တရက် ချမ်းသာလာတဲ့ ငွေရူးတွေရဲ့ လုပ်ရပ်ပဲ..."
ဟယ်လင်သည် ဆွန်ဖုန်းကို ဆက်လက်၍ နှိမ့်ချ ပြောဆိုနေလေသည်။
"လခွီး... အဘိုးကြီး... ခင်ဗျားကို ရွှေတွေနဲ့ ပေါက်သတ်ပစ်လိုက်မယ်နော်..."
ဆွန်ဖုန်းသည် စားပွဲကို ရိုက်ကာ ဟယ်လင်ကို လက်ညှိုးထိုး၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
သူ လုံးဝ သည်းမခံနိုင်တော့ချေ။ သူ၏ လက်ထဲတွင် ရွှေသတ္တုရိုင်း တန်ချိန် ၅၀ ကျော် ရှိနေသည်။ သန့်စင်လိုက်လျှင်ပင် ရွှေ တန်ချိန် ၃၀ ကျော် ရရှိမည် ဖြစ်သည်။ အကယ်၍ သူသာ တကယ် ဒေါသထွက်လာပါက ထိုရွှေများဖြင့် ပေါက်သတ်ပစ်လိုက်မည် ဖြစ်ပေသည်။