အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) ချစ်သူကောင်လေးကို ခဏလောက် ငှားသုံးမယ်
နောက်ရက်အနည်းငယ်တွင် ဆွန်ဖုန်း အတော်လေး အလုပ်ရှုပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စုန်းကျဲနှင့် အရောင်းအဝယ် လုပ်ထားသော သံသတ္တုရိုင်း တန်ချိန် ၅ သန်းအနက် နောက်ဆုံးကျန်ရှိနေသော တန်ချိန် ၁ သန်းကို လွှဲပြောင်းပေးရမည် ဖြစ်သောကြောင့်ပင်။
ဤအသုတ်ကို လွှဲပြောင်းပေးပြီးသည်နှင့် ဆွန်ဖုန်းနှင့် စုန်းကျဲတို့၏ သံသတ္တုရိုင်း တန်ချိန် ၅ သန်း အရောင်းအဝယ် ကိစ္စမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် အရေအတွက် များပြားသော်လည်း လွှဲပြောင်းမှု လုပ်ငန်းစဉ် တစ်ခုလုံးမှာ အတော်လေး ချောမွေ့ခဲ့သည်။
ဆွန်ဖုန်းသည် တစ်ပတ်ခန့် အလုပ်ရှုပ်ပြီးနောက် နောက်ဆုံးတွင် အားလုံး ပြီးစီးသွားခဲ့လေသည်။ ယခုအခါ သူ၏ ဆွစ်ဇာလန် ဘဏ်အကောင့်ထဲတွင် ယွမ်ငွေ ၃.၅ ဘီလီယံ (သန်း ၃၅၀၀) ရှိနေပြီ ဖြစ်သည်။ သံသတ္တုရိုင်း တန်ချိန် ၅ သန်းအတွက် ယွမ် ၃ ဘီလီယံ၊ ကျောက်စိမ်း ရောင်းရငွေ၊ သံမဏိစက်ရုံမှ အော်ဒါ၊ သန္တာနီ ရောင်းရငွေ အစရှိသည်တို့ ပါဝင်သည်။ ဤကာလအတွင်း ဆွန်ဖုန်းသည် အိမ်ဝယ်၊ ကားဝယ်၊ စက်ရုံ တည်ထောင်ခြင်းတို့အတွက် ငွေအချို့ သုံးစွဲခဲ့ရသော်လည်း လက်ရှိတွင် ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု ငွေကြေး ယွမ် ၃.၅ ဘီလီယံကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
တကယ့် ဘီလီယံနာ သူဌေးကြီးပင် ဖြစ်ပေသည်။
ဤမျှ ကြီးမားသော ငွေကြေး ရင်းနှီးမြှုပ်နှံမှု ရရှိထားပြီ ဖြစ်ရာ နိုင်ငံခြားသို့ ထွက်ကာ သူ၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို စတင်နိုင်ပြီဟု သူ ခံစားရလေသည်။ ပြည်တွင်းတွင် အလုပ်လုပ်ရာ၌ အကန့်အသတ်များစွာ ရှိပြီး အတော်လေး ရှုပ်ထွေးလှပေသည်။ နိုင်ငံခြားသို့ သွားပါက များစွာ လွယ်ကူသွားမည် ဖြစ်ပြီး ငွေရှိပါက မြေနေရာ ဝယ်ယူခြင်း၊ သတ္တုတွင်းများတွင် ရင်းနှီးမြှုပ်နှံခြင်း စသည်တို့ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ဆွန်ဖုန်း၏ ပထမဆုံး ပစ်မှတ်မှာ ကနေဒါ နိုင်ငံပင် ဖြစ်သည်။ ထိုနေရာတွင် ပိုမို လွတ်လပ်ပြီး သတ္တုတွင်းများ၊ ငါးဖမ်းကွင်းများ စသည်တို့တွင် ရင်းနှီးမြှုပ်နှံနိုင်ပေသည်။ သို့သော် ဤအစီအစဉ်ကို ဖြည်းဖြည်းချင်း အကောင်အထည် ဖော်ရမည် ဖြစ်ပြီး ပထမဦးစွာ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိရန် လုပ်ဆောင်ပြီးမှသာ နောက်တစ်ဆင့်သို့ ဆက်သွားရန် ဆုံးဖြတ်ထားလေသည်။
တစ်ပတ်ခန့် အလုပ်ရှုပ်ပြီးနောက် ဆွန်ဖုန်း အိမ်သို့ ပြန်ရောက်လာခဲ့သည်။
"ဟိုင်း... မိန်းကလေးဟွမ်လည်း ဒီမှာ ရှိနေတာကိုး..."
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဆွန်ဖုန်းသည် ဟယ်မင်ယီနှင့် အေးအေးဆေးဆေး ကြည်နူးရန် ပြင်ဆင်ထားသော်လည်း ဟွမ်ကျားချန်းပါ ရှိနေသည်ကို တွေ့လိုက်ရလေသည်။ အလှလေး ဟွမ်ကျားချန်းမှာ ဆွန်ဖုန်း၏ အိမ်သို့ မကြာခဏ လာရောက်လေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းလာစားတတ်လေသည်။ သူမသည် ဟိုင်ယန်မြို့တွင် တစ်ယောက်တည်း နေထိုင်ပြီး ပုံမှန်အားဖြင့် သူမ၏ ဟိုတယ်ကိုသာ ကြီးကြပ်ကွပ်ကဲနေရလေသည်။ အားလပ်ချိန်များတွင် သူငယ်ချင်းဖြစ်သူ ဟယ်မင်ယီနှင့် လာရောက် ဆော့ကစားလေ့ ရှိသည်။ ယခင်က သူမနှင့် ဟယ်မင်ယီတို့ အတူနေထိုင်ခဲ့ကြသော်လည်း ဟယ်မင်ယီက ဆွန်ဖုန်းနှင့် လာရောက် နေထိုင်ကတည်းက ဟွမ်ကျားချန်းမှာ ဆွန်ဖုန်းကို အတော်လေး မျက်မုန်းကျိုးနေခဲ့လေသည်။ ထို့ကြောင့် သူမသည် ဟယ်မင်ယီနှင့် တွေ့ဆုံရန် ဤအိမ်သို့ မကြာခဏ လာရောက်ရခြင်း ဖြစ်သည်။
"အင်း..."
ဟွမ်ကျားချန်းက ခေါင်းညိတ်ပြလိုက်ပြီး ဟယ်မင်ယီနှင့် ဆက်လက်၍ တီးတိုး စကားပြောနေလေသည်။
ထိုအချိန်မှာ ည ၇ နာရီကျော်နေပြီ ဖြစ်ရာ ဟွမ်ကျားချန်းက ထမင်းလာစားခြင်း ဖြစ်ကြောင်း ဆွန်ဖုန်း ကောင်းစွာ သိလိုက်လေသည်။ ဟယ်မင်ယီကဲ့သို့ပင် သူဌေးသမီးလေး တစ်ဦး ဖြစ်ရာ တစ်ယောက်တည်း နေထိုင်ပါက မည်သို့ ဟင်းချက်စားမည်နည်း။
"ဒီနေ့ည မင်းတို့ ဘာဟင်းစားချင်လဲ..."
ဆွန်ဖုန်းက ဖိနပ်လဲပြီးနောက် ဧည့်ခန်းထဲရှိ မိန်းကလေး နှစ်ဦးကို မေးလိုက်လေသည်။
"တို့ဟူး သွပ်စားမယ်... တို့ဟူးတွေ ငါ ဝယ်ထားပြီးပြီ... ရေခဲသေတ္တာထဲမှာ ရှိတယ်..."
ဧည့်ခန်းထဲမှ ဟယ်မင်ယီ၏ အသံ ထွက်ပေါ်လာလေသည်။
"ရပါတယ်... ဒါပေမယ့် ဒီဟင်းက ချက်ရတာ နည်းနည်း ကြာတယ်နော်... ခဏလောက် စောင့်ကြ..."
ဈေးထဲ တစ်ခါမှ မသွားဖူးသော အစားအသောက်ကြူးသည့် ဟယ်မင်ယီ တစ်ယောက် တို့ဟူးသွပ် စားချင်လွန်းသဖြင့် တို့ဟူးကိုပင် ကိုယ်တိုင် ဝယ်ထားသည်မှာ အတော်လေး ရှားပါးလှပေသည် ဟု ဆွန်ဖုန်း စိတ်ထဲမှ တွေးလိုက်မိလေသည်။
တို့ဟူးသွပ် ဆိုသည်မှာ ဆွန်ဖုန်း၏ ဇာတိမြေမှ ဟင်းလျာ တစ်မျိုး ဖြစ်ပြီး ကွမ်တုန်းနှင့် ကွမ်ရှီး ဒေသများ၏ ရိုးရာ ဟင်းလျာ တစ်မျိုး ဖြစ်သည်။ ကွမ်တုန်းနှင့် ကွမ်ရှီးရှိ စားသောက်ဆိုင် အများစုတွင်ပင် ဤဟင်းလျာကို မရနိုင်ဘဲ အိမ်ချက် ဟင်းလျာ အဖြစ်သာ ရှိလေသည်။ ချက်ပြုတ်ပုံမှာ မရှုပ်ထွေးသော်လည်း အချိန်နှင့် စိတ်ရှည်မှု လိုအပ်ပေသည်။ အရသာ ရှိအောင် ချက်ပြုတ်နိုင်ရန်မှာ လက်ရာ သေချာရန် အလွန် အရေးကြီးလှပေသည်။
"ဟူး... နင့်ကောင်လေးက တကယ်ကို ကောင်းတာပဲ... အိမ်မှုကိစ္စလည်း နိုင်နင်းတယ်... လူကိုလည်း အဲဒီလောက်တောင် ဂရုစိုက်တတ်သေးတယ်... နင့်ကိုယ်နင် ကြည့်ဦး... နှစ်လတောင် မပြည့်သေးဘူး ဝလာလိုက်တာ ဘယ်လောက်တောင် ရှိနေပြီလဲ... ဆွန်ဖုန်းက နေ့တိုင်း စွပ်ပြုတ် ချက်တိုက်နေတော့ ငါတောင် အားကျလာပြီ..."
ဟွမ်ကျားချန်းသည် မီးဖိုချောင်ထဲမှ အသားစဉ်းသံများကို ကြားရင်း အားကျစွာဖြင့် ပြောလိုက်လေသည်။
အမှန်တကယ်လည်း ဆွန်ဖုန်းမှာ အနည်းငယ် မျက်နှာများတတ်ပြီး သာမန်ကောင်လေး တစ်ယောက်နှင့် တူသော်လည်း ဟယ်မင်ယီ၏ အပေါ်တွင်မူ အလွန် ဂရုစိုက်လှပေသည်။ သူမ စားချင်သည်များကို အမြဲတမ်း ချက်ပြုတ်ပေးလေ့ ရှိသည်။ ရုပ်လည်းချော၊ ငွေလည်းရှိပြီး ဟင်းလည်း ချက်တတ်သေးရာ ၂၁ ရာစု၏ ပြိုင်ဘက်ကင်း ယောက်ျားကောင်း တစ်ယောက်ဟုပင် ဆိုနိုင်ပေသည်။
"အို... နင် အားကျရင်လည်း တစ်ယောက်လောက် ရှာလိုက်လေ... နင့်ရဲ့ အလှနဲ့ဆိုရင် ယောက်ျားတွေ အများကြီး နင့်နောက် လိုက်ကြမှာပါ..."
ဟယ်မင်ယီက အနည်းငယ် ဂုဏ်ယူသည့် မျက်နှာဖြင့် ပြောလိုက်လေသည်။ သူမ၏ ရင်ထဲတွင် ဆွန်ဖုန်းမှာ မိန်းမရှုပ်တတ်သည်မှလွဲ၍ ကျန်သည့် အချက်များ အားလုံးတွင် အမှတ်ပြည့် ရရှိထားလေသည်။
"အဲဒီ ယောက်ျားတွေက ငါ့ကို လိုက်တုန်းကသာ မျက်နှာချိုသွေးနေကြတာလေ... လက်ထပ်ပြီးသွားရင် ဘယ်လို ဖြစ်လာမလဲ ဘယ်သူ သိမှာလဲ..." ဟွမ်ကျားချန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။ "ပြီးတော့ ငါတို့လို မိသားစုမျိုးက ဘယ်မှာ လွတ်လပ်စွာ ရည်းစားထားခွင့် ရှိမှာလဲ... မနေ့ကတင် ငါ့အမေက မနက်ဖြန် အဲဒီ ချူဝမ်ကျဲ ဆိုတဲ့ လူနဲ့ ထမင်းသွားစားဖို့ အမိန့်ပေးထားသေးတယ်... ငါတောင် စိတ်ညစ်နေတာ... ကြည့်ရတာ ငါ့မိဘတွေက ငါနဲ့ ချူဝမ်ကျဲကို အတင်း ပေးစားမယ့်ပုံပဲ..."
"ချူဝမ်ကျဲ ဟုတ်လား... ဟိုင်ထျန်းမြို့ရဲ့ မိသားစုကြီး ခြောက်ခုထဲက ချူမိသားစုလေ... ဟုတ်သားပဲ... နင့်မိသားစု စီးပွားရေးနဲ့ ချူမိသားစု စီးပွားရေးက အရမ်း ရင်းနှီးနေတာဆိုတော့ နင့်မိဘတွေက ဒီလို လုပ်မယ်ဆိုတာလည်း... ဟူး..."
ဟယ်မင်ယီသည် ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်မိလေသည်။ သူဌေးသမီးလေး တစ်ဦး ဖြစ်သော ဟွမ်ကျားချန်း၏ အိမ်ထောင်ရေးကို မိဘများက ကြိုတင် စီစဉ်ထားပြီး ဖြစ်မည်ဆိုတာ သူမ ကောင်းစွာ သိရှိလေသည်။
သူဌေး မိသားစု အများစု၏ အိမ်ထောင်ရေးမှာ ဤကဲ့သို့ပင် ဖြစ်သည်။ အဆင့်အတန်း တူညီမှုနှင့် မိသားစု စီးပွားရေးကိုသာ အဓိကထား ကြည့်ရှုလေ့ ရှိကြသည်။ ဟွမ်ကျားချန်းက ဤသို့ဖြစ်နေသကဲ့သို့ ဟယ်မင်ယီမှာလည်း ဤသို့ပင် မဟုတ်ပါလား။ သူမ၏ ဖခင်ကလည်း သူမကို အခြားသူများနှင့် အတင်း စေ့စပ်ပေးရန် ကြိုးစားနေသည် မဟုတ်ပါလား။ သို့သော် သူမမှာ ကံဆိုးသလိုလို၊ ကံကောင်းသလိုလိုဖြင့် ဆွန်ဖုန်း၏ အမြတ်ထုတ်ခြင်းကို ခံလိုက်ရသော်လည်း ဤစေ့စပ်ပွဲများကို ရှောင်လွှဲနိုင်ခဲ့လေသည်။
"အဲဒီ ချူဝမ်ကျဲ ဆိုတဲ့ကောင်က ဒုတိယတန်းစား မင်းသမီးတွေ၊ မော်ဒယ်မလေးတွေကို မကြာခဏ အပန်းဖြေဖို့ ခေါ်ထားတတ်တယ်လို့ ငါ ကြားဖူးတယ်... ငါကတော့ သူနဲ့ လုံးဝ သဘောမတူနိုင်ဘူး..." ဟွမ်ကျားချန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"ငါ့အိမ်က တစ်ယောက်ကရော အဲဒီလိုမျိုး မဟုတ်လို့လား..." ဟယ်မင်ယီက ဝင်ပြောလိုက်လေသည်။
"နင့်ကောင်လေးက အဲဒီလို ဆိုပေမယ့်လည်း လက်ရှိ အခြေအနေအရဆိုရင် အငယ်အနှောင်း တစ်ယောက်ပဲ ရှိသေးတာလေ... အရမ်းကြီးတော့ ရှုပ်ပွေမနေပါဘူး... ပြီးတော့ သူက ညတိုင်း အိမ်ပြန်လာတယ်... အပြင်မှာ ညအိပ်လေ့ မရှိဘူး... နင့်ကိုလည်း နေ့တိုင်း ဟင်းချက်ကျွေးတယ်... အဲဒီ ချူဝမ်ကျဲဆိုတဲ့ ကောင်ထက် ဘယ်လောက်တောင် ပိုကောင်းနေလဲ မသိဘူး..."
ဟွမ်ကျားချန်းက ပြန်ပြောလိုက်လေသည်။ ချူဝမ်ကျဲ အနေဖြင့် သူမကို ဤကဲ့သို့ ဂရုစိုက်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။
"ဒါဆိုရင် မနက်ဖြန်ညကျရင် နင့်ကောင်လေးကို ငါ့ကို ခဏလောက် ငှားပါလား... ချူဝမ်ကျဲရဲ့ အကျင့်စရိုက်အရဆိုရင် မနက်ဖြန်ကျရင် ငါ့ကို သေချာပေါက် ရစ်တော့မှာပဲ... အဲဒါ နင့်ကောင်လေးကို ငါ့ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းပြီး သူ့ကို ကာကွယ်ခိုင်းမယ်... ပြီးတော့ သူ့ကိုပါ ဒေါသထွက်အောင် လုပ်ပစ်မယ်..."
ဟွမ်ကျားချန်းက ရုတ်တရက် အကြံရသွားကာ ပြောလိုက်လေသည်။
"ရပါတယ်... ကြိုက်သလောက် ငှားသုံးလေ... သူက ဟန်ရေးပြရတာကို အကြိုက်ဆုံးပဲ..." ဟယ်မင်ယီက ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။
ထိုအချိန်မှာပင် ဆွန်ဖုန်းသည် ဟင်းများကို ကိုင်ကာ ထွက်လာရာ ဟယ်မင်ယီ၏ စကားကို ကြားလိုက်ရသဖြင့် အတော်လေး စိတ်အိုက်သွားလေသည်။ "လခွီး... ငါက ဘယ်တုန်းက ဟန်ရေးပြရတာကို သဘောကျလို့လဲ... ငါက အရမ်း နှိမ့်ချတတ်တဲ့ သူပါကွာ..."
"ဟွန်း..." ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
"......"
"ကဲ ကဲ... စားကြရအောင်..."
"ဝါး... မွှေးလိုက်တာ..." ဟယ်မင်ယီသည် စားပွဲပေါ်ရှိ တို့ဟူးသွပ်ကို ကြည့်ကာ သွားရည်ကျမတတ် ဖြစ်သွားလေသည်။
"စားကောင်းရင် များများစား..." ဆွန်ဖုန်းက ဟယ်မင်ယီကို ဟင်းခပ်ထည့်ပေးလိုက်လေသည်။
"အို... ငါ့ရှေ့မှာ လာပြီး ရိုမန်တစ် ဆန်မပြကြပါနဲ့..." ဟွမ်ကျားချန်းက ပြုံး၍ ပြောလိုက်လေသည်။
"ဒါဆိုရင် ငါ နင့်ကိုလည်း တစ်ခုလောက် ခပ်ထည့်ပေးရမလား..." ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"ရှင် ရဲလို့လား..." ဟယ်မင်ယီက ဆွန်ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ကောင်းပါပြီဗျာ..." ဆွန်ဖုန်းမှာ အနေရခက်စွာ ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ထမင်းကိုသာ ဆက်စားနေလိုက်လေသည်။
ထမင်းစားနေရင်း ဟွမ်ကျားချန်းက ဆွန်ဖုန်းကို ပြောလိုက်လေသည်။ "ဆွန်ဖုန်း... မနက်ဖြန်ကျရင် နင် ငါ့ကို ကူညီပေးလို့ ရမလား..."
"ဘာကိစ္စလဲ..." ဆွန်ဖုန်းသည် ဝက်ခြေထောက် တစ်ခုကို ကိုက်စားရင်း မေးလိုက်လေသည်။ စူပါ သွေးရည်ကြည် ထိုးသွင်းပြီးကတည်းက သူ၏ အစားအသောက်မှာ လူကြီး သုံးယောက်စာလောက်အထိ များပြားလာခဲ့ရာ ဟယ်မင်ယီက သူ့ကို ထမင်းအိုးကြီးဟု မကြာခဏ နောက်ပြောင်တတ်သဖြင့် အတော်လေး စိတ်အိုက်နေရလေသည်။
"မနက်ဖြန်ညကျရင် ငါ့ရဲ့ ချစ်သူကောင်လေး အဖြစ် ဟန်ဆောင်ပြီး တစ်ယောက်ယောက်ကို ဒေါသထွက်အောင် သွားလုပ်ပေးရမယ်..." ဟွမ်ကျားချန်းက ပြောလိုက်လေသည်။
"ဒါက..." ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အလွန် သဘောကျသွားလေသည်။ မည်သို့ပင်ဆိုစေ ဟွမ်ကျားချန်းမှာ ဟယ်မင်ယီကဲ့သို့ပင် အလွန် လှပသော မိန်းမချောလေး တစ်ဦး မဟုတ်ပါလား။ ထို့အပြင် ပို၍ ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိသေးသည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းမျိုးကို မည်သူက ငြင်းဆန်မည်နည်း။ သို့သော် မိမိ၏ ဇနီးလောင်း ရှေ့တွင် ချက်ချင်း သဘောတူရန် မရဲသဖြင့် ဟယ်မင်ယီကို တစ်ချက် ကြည့်လိုက်လေသည်။
"သဘောတူချင်ရင်လည်း တူလိုက်လေ... ငါ့ကို လာကြည့်မနေနဲ့..." ဟယ်မင်ယီက လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"အိုကေလေ..." ဆွန်ဖုန်းသည် စိတ်ထဲတွင် အလွန် ပျော်ရွှင်သွားလေသည်။
"ကောင်းပြီ... အချိန် အတိအကျကို မနက်ဖြန်ကျမှ ငါ ထပ်ပြောမယ်..."
ထမင်းစားပြီးနောက် ဟွမ်ကျားချန်း ပြန်သွားလေသည်။
ဆွန်ဖုန်းသည် ရေချိုးပြီးနောက် ဟယ်မင်ယီနှင့် အတူ LOL ဂိမ်း စတင် ကစားလေတော့သည်။ အမှန်တကယ်တော့ ဟယ်မင်ယီကို သူ့အား အဆင့်တင်ပေးရန် အကူအညီ တောင်းခြင်း ဖြစ်သည်။ ဆွန်ဖုန်းသည် LOL ဂိမ်းကို သုံးနှစ်တိတိ ဆော့ကစားခဲ့သော်လည်း ငွေ အဆင့် ၁ တွင်သာ ရှိသေးသည်။ သို့သော် ဟယ်မင်ယီမှာမူ နှစ်လသာ ဆော့ကစားရသေးသော်လည်း စိန် အဆင့် ၁ သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဆွန်ဖုန်းမှာ အလွန် အားကျနေမိလေသည်။ ထို့ကြောင့် မိမိ၏ ဇနီးလောင်းကို အကူအညီ တောင်းကာ အဆင့်တင်နေရခြင်း ဖြစ်လေတော့သည်။