အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) အမေအရင်းတောင် မှတ်မိမှာ မဟုတ်တဲ့အထိ ရိုက်နှက်ခြင်း
"ကောင်းပြီ... မင်းတို့ သိပ်ကောင်းတယ်... သောက်ကောင်တွေ..."
ချူဝမ်ကျဲမှာ ယခုအချိန်တွင် ချေးစားထားရသကဲ့သို့ ဖြူဖျော့နေသော မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်းတို့ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"အေး... ညီလေး... အဲဒီလိုကြီး မပြောပါနဲ့ကွာ... ငါက မင်းအတွက် အများကြီး အနစ်နာခံပြီး ကျားချန်းကို သေချာ သင်ကြားပေးထားရတာနော်... နောက်ဆိုရင် မင်း အသုံးပြုတဲ့အခါ ပိုပြီး ချောမွေ့သွားမှာပါ... အဓိကက နောက်ဆို သူ အကုန် သိနေပြီဆိုတော့ မင်း သင်ပေးနေစရာ မလိုတော့ဘူးလေ... မင်းက ဇိမ်ခံရုံပဲ... ဒါတောင် ငါ့ကို ကျေးဇူးမတင်ဘဲ ဆဲနေသေးတယ်... မင်းက တကယ် ကျေးဇူးကန်းတဲ့ ကောင်ပဲ... ငါ ညတိုင်း ခါးနာခံပြီး အလုပ်လုပ်ပေးထားရတာ အလကား ဖြစ်သွားပြီ..."
ဆွန်ဖုန်း၏ မျက်နှာပြောင်တိုက်မှုမှာ တရုတ်ပြည် မဟာတံတိုင်းကြီးထက်ပင် ပို၍ ထူထဲလှပေသည်။ ဘေးတွင် ထိုင်နေသော ဟွမ်ကျားချန်း တစ်ယောက် ဒေါသပေါက်ကွဲတော့မည်ကို လုံးဝ ဂရုမစိုက်ချေ။
'ငါ သည်းခံရမယ်... ငါ သည်းခံရမယ်...'
ဟွမ်ကျားချန်းမှာ ဒေါသကြောင့် မျက်နှာလေး နီရဲနေပြီး ဆွန်ဖုန်း၏ အရှက်မရှိသော စကားများကို နားပိတ်ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။
ချူဝမ်ကျဲမှာမူ ပို၍ပင် ဒေါသထွက်သွားပြီး သွေးအန်တော့မတတ် ဖြစ်သွားရလေသည်။ ယခုအချိန်တွင် သူသည် ဟွမ်ကျားချန်းကို လိုက်လံ ပိုးပန်းလိုစိတ် လုံးဝ မရှိတော့ချေ။ အိမ်ပြန်ရောက်သည်နှင့် မိဘများကို ဟွမ်ကျားချန်းနှင့် မစေ့စပ်ပေးရန် ချက်ချင်း ပြောဆိုတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ ဆွန်ဖုန်း၏ စကားများကို ကြားပြီးနောက်တွင် ဟွမ်ကျားချန်းကို လက်ထပ်ရန် သူ လုံးဝ မရဲတော့ချေ။
"မင်း သတ္တိရှိရင် စောင့်ကြည့်နေလိုက်..."
ချူဝမ်ကျဲသည် ထိုနေရာတွင် ဆက်မနေနိုင်တော့ချေ။ သူသည် ဆွန်ဖုန်းကို အသေအလဲ ထိုးကြိတ်ပစ်ချင်သော်လည်း ဆွန်ဖုန်း၏ အရပ်အမောင်းကို ကြည့်ကာ မနည်း သည်းခံလိုက်ရလေသည်။ ထို့နောက် ခြိမ်းခြောက်စကား တစ်ခွန်း ဆိုကာ လှည့်ထွက်သွားလေတော့သည်။
"ဟေ့ ဟေ့ ဟေ့... မသွားပါနဲ့ဦး... ပြန်မယ်ဆိုရင်တောင် ထမင်းဖိုးတော့ ရှင်းသွားဦးလေ..."
ဆွန်ဖုန်းက ချူဝမ်ကျဲ တံခါးဝသို့ ရောက်သွားသည်ကို မြင်သောအခါ လှမ်း၍ သတိပေးလိုက်လေသည်။
ချူဝမ်ကျဲသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ သွေးအန်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့မတတ် ဖြစ်သွားရလေသည်။
နောက်ဆုံးတွင် ချူဝမ်ကျဲ ထွက်သွားလေပြီ။ ဆွန်ဖုန်းကမူ ကျေနပ်စွာ ပြုံးနေလေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်... အချိန်အတော်ကြာအောင် သည်းခံထားရသော ဟွမ်ကျားချန်းသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားလေတော့သည်။
"ဆွန်ဖုန်း... နင် ဒီသောက်ကျိုးနည်းကောင်... ငါ... ငါ နင့်ကို သတ်ပစ်မယ်..."
ပြောပြောဆိုဆိုဖြင့် ဟွမ်ကျားချန်းသည် ဆွန်ဖုန်းဆီသို့ လက်သည်းများဖြင့် ကုတ်ရန် ပြေးဝင်လာလေတော့သည်။
"ငါ့ကိုများ အခွင့်ကောင်း ယူရဲတယ်... ငါ့ရဲ့ ဂုဏ်သိက္ခာကိုလည်း ဖျက်ဆီးသေးတယ်... အား... အား... အား..."
ဟွမ်ကျားချန်းသည် ဆွန်ဖုန်းနှင့် အပြင်းအထန် လုံးထွေး သတ်ပုတ်လေတော့သည်။
"ဟေ့ ဟေ့ ဟေ့... လူကြီးလူကောင်းဆိုတာ ပါးစပ်နဲ့ပဲ ဖြေရှင်းတယ်... လက်မပါဘူးလေ... ပြီးတော့... ငါက နင့်ကို ကူညီပေးနေတာပါဆို... စောစောက အဲဒီ ချူဝမ်ကျဲ ချေးစားထားရသလို ဖြစ်သွားတာကို နင် မမြင်လိုက်ဘူးလား... အခွင့်ကောင်း ယူတယ် ဆိုတာကလည်း ဟန်ဆောင်တာ ပိုပြီး ပီပြင်သွားအောင် လုပ်ရတာပါ..."
ဆွန်ဖုန်းသည် သူ့ဆီသို့ ပြေးဝင်လာသော ဟွမ်ကျားချန်းကို လက်နှစ်ဖက်ဖြင့် တွန်းထုတ်ကာ ရှင်းပြနေလေသည်။
သို့သော် ဆွန်ဖုန်း၏ လက်တံများက ရှည်လျားသဖြင့် ရှေ့သို့ တွန်းထုတ်လိုက်ရာ တင်းရင်းနေသော အရာနှစ်ခုကို သွားရောက် ကိုင်မိသွားလေသည်။ 'ဝါး... အိစက်နေတာပဲ... မိုက်တယ်...'
"အား... ဆွန်ဖုန်း... ငါ နင်နဲ့ အသေပဲ..."
"အဲဒါက... မတော်တဆ... မတော်တဆ ဖြစ်သွားတာပါ..."
"ငါ တိုင်မယ်... နင် ငါ့ကို အခွင့်ကောင်း ယူပါတယ်လို့ မင်ယီကို ငါ သွားတိုင်မယ်..."
ဟွမ်ကျားချန်းသည် ဆွန်ဖုန်းကို မနိုင်သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"အို... နည်းနည်းပါးပါး ကိုင်မိတာ အသားပဲ့ပါသွားတာမှ မဟုတ်တာ... ပိုတောင် ကြီးလာနိုင်သေးတယ်..."
ဆွန်ဖုန်းက တီးတိုး ရေရွတ်လိုက်ပြီး ဟွမ်ကျားချန်း၏ စကားကို လုံးဝ ဂရုမစိုက်ချေ။
"နင်..."
ဟွမ်ကျားချန်းသည် ပထမဆုံးအကြိမ် အနေဖြင့် မည်သို့မျှ မတတ်နိုင်သော ခံစားချက်ကို ခံစားလိုက်ရလေသည်။ အမြဲတမ်း အေးစက်တည်ငြိမ်တတ်သော သူမသည် အရှက်မရှိသော ဆွန်ဖုန်းနှင့် တွေ့သောအခါ ဆွန်ဖုန်းမှာ သူမ၏ အတိတ်ကံဆိုးမှု တစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ယခုအခါ ဆွန်ဖုန်းကို မိမိချစ်သူအဖြစ် ဟန်ဆောင်ခိုင်းခဲ့ခြင်းကို အလွန် နောင်တရနေမိလေပြီ။ ချူဝမ်ကျဲကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့သော်လည်း သူမကိုယ်တိုင်လည်း ဒေါသထွက်လွန်း၍ ဝိညာဉ်ပင် လွင့်ထွက်တော့မတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
"ကဲပါ... ကဲပါ... မဆူပါနဲ့တော့... ထမင်းစားပြီးရင် အိမ်ပြန်ကြတာပေါ့..."
ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြောကာ ထမင်းများကို ဆက်စားရင်း ဝိုင်သောက်နေလေသည်။
"ဟွန်း..."
ဟွမ်ကျားချန်းက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်လေသည်။
ထမင်းစားပြီးနောက် ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်းတို့ အိမ်ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် ဟွမ်ကျားချန်းသည် ဆွန်ဖုန်းကို လုံးဝ စကားမပြောတော့ချေ။ စောစောက အလွန် ဒေါသထွက်ထားသောကြောင့် ဖြစ်မည်။ ဆွန်ဖုန်းမှာ အရက်သောက်ထားသဖြင့် ဟွမ်ကျားချန်းကသာ ကားမောင်းလာခဲ့လေသည်။
"အို... ဘာတွေများ ဒေါသထွက်နေတာလဲ... အလွန်ဆုံး နောက်ဆိုရင် ငါ နင့်ကို ပြန်ပြီး လျော်ကြေးပေးလိုက်မယ်လေ..."
ဆွန်ဖုန်းက ဟွမ်ကျားချန်း၏ အေးစက်နေသော မျက်နှာကို ကြည့်ကာ ပြောလိုက်လေသည်။
"ဟွန်း..."
ဟွမ်ကျားချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆွန်ဖုန်းကို ဂရုမစိုက်ချေ။
"ထားလိုက်ပါတော့... မိန်းမတွေက တစ်လမှာ ရက်အနည်းငယ်တော့ ဒီလိုပဲ ဖြစ်တတ်တာပဲ... ရက်အနည်းငယ် နေရင် ကောင်းသွားမှာပါ..."
ဆွန်ဖုန်းသည် ဟွမ်ကျားချန်းက သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ တီးတိုး ရေရွတ်လိုက်ပြီး ကားပြတင်းပေါက် အပြင်ဘက်သို့သာ ငေးကြည့်နေလိုက်လေသည်။
ကားက အတန်ကြာ မောင်းနှင်လာပြီးနောက် ရုတ်တရက် ဆွန်ဖုန်းသည် လမ်း၏ တစ်ဖက်ခြမ်းတွင် ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အမှန်တော့ ရန်သူဟု ခေါ်ရမည် ဖြစ်သည်။
"လီကျီဝမ်..."
ဆွန်ဖုန်းသည် လမ်းတစ်ဖက်ခြမ်းရှိ ဘားတစ်ခု၏ အရှေ့တွင် လီကျီဝမ် တစ်ယောက် ကောင်မလေး တစ်ယောက်ကို ဖက်ကာ လမ်းမပေါ်တွင် ပရောပရည် လုပ်နေသည်ကို တွေ့လိုက်ရလေသည်။
"လခွီး... ဒီသောက်ကောင် လီကျီဝမ် ကတော့ နောက်ထပ် မိန်းကလေး တစ်ယောက်ကို ဖျက်ဆီးဖို့ ကြံနေပြန်ပြီ..."
ဆွန်ဖုန်းက ကျိန်ဆဲလိုက်လေသည်။ ဤကောင်ကို သွားရောက် ပညာပေးရန်နှင့် လက်စားချေရန် သူ ဆုံးဖြတ်လိုက်လေသည်။ ယခင်က ဆွန်ဖုန်းမှာ ဤကောင်၏ ရိုက်နှက်မှုကို အတော်လေး ပြင်းထန်စွာ ခံခဲ့ရဖူးသည် မဟုတ်ပါလား။
"ဟွမ်ကျားချန်း... ကားခဏ ရပ်ပေး..."
"ဘာလုပ်မလို့လဲ..." ဟွမ်ကျားချန်းက နားမလည်စွာ မေးလိုက်လေသည်။
"ကားခဏ ရပ်လိုက်... နင် ဒီမှာ ခဏစောင့်နေ... ငါ ကိစ္စလေး တစ်ခု သွားရှင်းလိုက်ဦးမယ်... ခဏလေးပဲ..."
ဆွန်ဖုန်းက ပြောရင်း ဟွမ်ကျားချန်း၏ အိတ်ကပ်ထဲမှ မျက်နှာဖုံး အဝတ်တစ်ခုကို နှိုက်ယူကာ ကားတံခါးကို ဖွင့်ပြီး လမ်းတစ်ဖက်ခြမ်းသို့ ကူးသွားလေတော့သည်။
"နင် သောက်ရူးပဲ..."
ဟွမ်ကျားချန်းမှာ ဆွန်ဖုန်းက သူမကို ထပ်မံ အခွင့်ကောင်း ယူသွားပြန်သဖြင့် ဆဲရေးလိုက်မိလေသည်။
ဆွန်ဖုန်းသည် မျက်နှာဖုံးကို တပ်ကာ လမ်းကူးသွားပြီး မကြာမီ ထိုဘား၏ အရှေ့သို့ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် လီကျီဝမ်မှာ ထိုလူငယ် ကောင်မလေးကို ဖက်ထားရင်း အထက်အောက် လက်သရမ်းကာ ချော့မြူနေသဖြင့် ထိုကောင်မလေးမှာ သဘောကျကာ တခစ်ခစ် ရယ်မောနေလေသည်။
ဆွန်ဖုန်းသည် အေးစက်စွာ ပြုံးလိုက်ပြီး လျင်မြန်စွာ လျှောက်သွားကာ လီကျီဝမ်၏ ပခုံးကို နောက်မှ လှမ်းပုတ်လိုက်လေသည်။
"ဘယ်သူလဲ..."
လီကျီဝမ်နှင့် ထိုကောင်မလေးတို့ နှစ်ဦးစလုံး လှည့်ကြည့်လိုက်ရာ အရပ် တစ်မီတာ ရှစ်ဆယ် (၅ ပေ ၁၁ လက်မခန့်) မြင့်သော မျက်နှာဖုံးစွပ် အမျိုးသား တစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုသူမှာ ဆွန်ဖုန်းပင် ဖြစ်သည်။
"မင်းက ဘယ်ကကောင်လဲ... ငါ့ကောင်မလေးကိုများ လာပရောပရည် လုပ်ရဲတယ်ပေါ့..."
ဆွန်ဖုန်းသည် အသံကို တမင်တကာ ဩရှရှ လုပ်ကာ လီကျီဝမ်အား ဒေါသတကြီး မေးလိုက်လေသည်။
"ဒါက ခင်ဗျား ကောင်မလေးလား..."
လီကျီဝမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ ဤကောင်မလေးမှာ စောစောကမှ ဘားထဲတွင် သူ ပိုးပန်းထားခြင်း ဖြစ်ပြီး ယခု ဟိုဒင်းဟိုဟာ သွားလုပ်ရန် အစီအစဉ်ဆွဲနေခြင်း ဖြစ်သည်။ သို့သော် ဤကောင်မလေး၏ ချစ်သူနှင့် ပက်ပင်းတိုးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ စောစောက ဤကောင်မလေးက သူမတွင် ရည်းစားမရှိဟု ပြောထားသည် မဟုတ်ပါလား။ တကယ်ကို ကံဆိုးလှပေသည်။
အနည်းငယ် ရုပ်ရည်ရှိသော ထိုကောင်မလေးမှာလည်း ဆွန်ဖုန်းကို နားမလည်နိုင်စွာ ကြည့်နေလေသည်။ သူမတွင် ချစ်သူ ရှိသည်ကို သူမကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ ဤလူက ဘာကြောင့် ရမ်းသန်းပြီး ဆွေမျိုး လာစပ်နေရသနည်း။
"ဟုတ်တယ်... မင်းက တကယ် သတ္တိကောင်းတာပဲ... ငါ လုံအောက်ထျန်း ရဲ့ မိန်းမကိုများ လာပရောပရည် လုပ်ရဲတယ်... မင်း သေချင်နေတာပဲ..."
ဆွန်ဖုန်းသည် တမင်သက်သက် ဒေါသထွက်နေဟန် ဆောင်ကာ အော်ဟစ်လိုက်ပြီး လီကျီဝမ်ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်လေသည်။ သေချာသည်မှာ သူ အားကို ထိန်း၍ ကန်လိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤတစ်ချက်တည်းဖြင့် လီကျီဝမ်မှာ သေသွားနိုင်ပေသည်။
လီကျီဝမ်မှာ ဆွန်ဖုန်း၏ အကန်ခံလိုက်ရသဖြင့် မြေကြီးပေါ်သို့ လဲကျသွားပြီး မျက်နှာတွင် အထိတ်တလန့် ဖြစ်သွားကာ နောက်သို့ ဆုတ်ရင်း ပြောလိုက်လေသည်။
"အစ်ကိုကြီး... အာ... အစ်ကိုလုံ... အစ်ကိုလုံ... ဒါ အထင်လွဲနေတာပါ... အထင်လွဲနေတာပါ... သူက သူက ကျွန်တော့်ကို အရင် မြူဆွယ်တာပါ... သူက ရည်းစား မရှိဘူးလို့ ပြောလို့ပါ... ဒီလိုလုပ်ပါ... ကျွန်တော် အစ်ကိုကြီးကို လျော်ကြေးပေးပါ့မယ်... အစ်ကိုလုံ... ဘယ်လောက် လိုချင်လဲဆိုတာ သာ ပြောလိုက်ပါ..."
သေချာသည်မှာ လီကျီဝမ်မှာ ဆွန်ဖုန်း၏ အကန်ခံလိုက်ရသဖြင့် အတော်လေး ကြောက်လန့်သွားခြင်း ဖြစ်သည်။ ယခင်က လီကျီဝမ် အပြင်ထွက်၍ ပျော်ပါးရာတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးများနှင့် အကြိမ်များစွာ ကြုံတွေ့ခဲ့ဖူးပြီး ပုံမှန်အားဖြင့် ငွေဖြင့်သာ ဖြေရှင်းလေ့ ရှိသည်။ ငွေဖြင့် ဖြေရှင်းပြီးပါက ထိုမိန်းမနှင့် ဆက်လက်၍ ပျော်ပါးခွင့် ရလေ့ရှိသည်။ ထို့ကြောင့် ယခုအခါတွင်လည်း လီကျီဝမ်သည် ငွေဖြင့် ဖြေရှင်းရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။
"လခွီး... မင်းကြည့်ရတာ ငါ့ကို ပိုက်ဆံလိုနေတဲ့သူနဲ့ တူနေလို့လား..."
ဆွန်ဖုန်းသည် ရှေ့သို့ တိုးသွားကာ လီကျီဝမ်၏ ဗိုက်ပေါ်သို့ ခွထိုင်လိုက်လေသည်။ လီကျီဝမ်မှာ နာကျင်လွန်း၍ သွေးပင် အန်ချင်သွားလေသည်။ ဆွန်ဖုန်းသည် ဆဲဆိုရင်း လီကျီဝမ်၏ မျက်နှာကို ဘယ်ညာ အဆက်မပြတ် ပါးချည်းလှည့်ရိုက်လေတော့သည်။
"ငါ့မိန်းမကို မြူဆွယ်ချင်ဦး..."
“ဖြန်း... ဖြန်း…”
"မြူဆွယ်ချင်ဦးလေ..."
“ဖြန်း... ဖြန်း…”
"ဟန်ရေးပြချင်ဦးလေ..."
“ဖြန်း... ဖြန်း…”
ဆွန်ဖုန်းက လီကျီဝမ်ကို ပါးရိုက်နေစဉ် ထိုကောင်မလေးမှာ အထိတ်တလန့် အော်ဟစ်ကာ ထွက်ပြေးသွားလေတော့သည်။
နှစ်မိနစ်ခန့် အကြာတွင် လီကျီဝမ်မှာ ဆွန်ဖုန်း၏ ရိုက်နှက်မှုကြောင့် မျက်နှာတစ်ခုလုံး ဖူးယောင်ကာ ဝက်ရုပ် ပေါက်သွားပြီး အမေအရင်းပင် မှတ်မိမည် မဟုတ်တော့ချေ။
"အား... အစ်ကိုကြီး... ကျွန်တော် မှားသွားပါပြီ... ကျွန်တော် မှားသွားပါပြီ..."
ဝက်ရုပ်ပေါက်နေသော လီကျီဝမ်မှာ သွား ၅ ချောင်း၊ ၆ ချောင်းခန့် ကျွတ်ထွက်သွားပြီး မျက်နှာတစ်ခုလုံး သွေးများ ပေကျံကာ မြေးတစ်ယောက်ကဲ့သို့ ငိုယို တောင်းပန်နေလေတော့သည်။
"ဘာတွေ အော်နေတာလဲ..."
ဆွန်ဖုန်းက နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်လေသည်။
"အစ်ကိုကြီး... တောင်းပန်ပါတယ်... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..." လီကျီဝမ်က ဆက်လက် တောင်းပန်နေလေသည်။
"အစ်ကိုကြီး ဆိုတာ မင်းခေါ်ချင်တိုင်း ခေါ်လို့ရတဲ့ နာမည်လား..."
ဆွန်ဖုန်းက ဒေါသတကြီးဖြင့် နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
"ပြောစမ်း... နောက်ဆိုရင် မိန်းကလေးတွေကို သွားပြီး မြူဆွယ်ရဲသေးလား..."
ဆွန်ဖုန်းက နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ရာ လီကျီဝမ်မှာ သတိလစ်တော့မတတ် ဖြစ်သွားရလေသည်။
"မ... မလုပ်ရဲတော့ပါဘူး..." လီကျီဝမ်က အားနည်းသော လေသံဖြင့် ပြန်ဖြေလေသည်။
"ကောင်းပြီ... ဒါဆိုရင်လည်း ချေးသာ သွားစားလိုက်တော့..."
ဆွန်ဖုန်းသည် အနီးနားတွင် ခွေးချေးပုံ တစ်ပုံ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လီကျီဝမ်ကို ထိုခွေးချေးပုံ အနီးသို့ ဆွဲခေါ်သွားပြီး ခေါင်းကို ဖိကာ မျက်နှာကို ခွေးချေးပုံပေါ်သို့ အတင်း ဖိချလိုက်လေတော့သည်။
"ဝေါ့..."
လီကျီဝမ်မှာ ချက်ချင်းပင် အော့အန်လေတော့သည်။
"အသုံးမကျတဲ့ ကောင်... ခွေးချေးလေး စားရတာကိုတောင် အန်နေသေးတယ်..."
ဆွန်ဖုန်းက လီကျီဝမ်ကို နောက်ထပ် တစ်ချက် ထပ်ကန်လိုက်ပြီးနောက် မောက်မာစွာ လှည့်ထွက်သွားလေတော့သည်။
"ဟဲဟဲ... နောက်ဆုံးတော့ လက်စားချေလို့ ပြီးသွားပြီ..."
မကြာမီမှာပင် ဆွန်ဖုန်းသည် ကားပေါ်သို့ ပြန်ရောက်လာပြီး အိမ်သို့ ဦးတည် မောင်းနှင်သွားလေသည်။
"နင် ဘာသွားလုပ်တာလဲ..." ဟွမ်ကျားချန်းက ဆွန်ဖုန်း ပြန်ရောက်လာသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"ဒေါသ သွားဖြေတာလေ..."
"......"