← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) အတွင်းရေးမှူး ခေါ်ယူခြင်း

တစ်ပတ်အကြာတွင် ဆွန်ဖုန်းသည် ကနေဒါနိုင်ငံသို့ သွားရောက် စီးပွားရေး လုပ်ရန် အပြီးအပိုင် ဆုံးဖြတ်လိုက်လေသည်။ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်ခွင့် လျှောက်ထားခြင်းကို လွန်ခဲ့သော နှစ်လကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကနေဒါနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့် ရရှိနေပြီ ဖြစ်သည်။

သို့သော် ဆွန်ဖုန်းသည် ဟယ်မင်ယီကို ချက်ချင်း မခေါ်သွားသေးဘဲ ထိုနေရာတွင် အစစအရာရာ အဆင်ပြေသွားမှသာ သူမကို လာရောက် ခေါ်ယူရန် ရည်ရွယ်ထားလေသည်။ သူ ကနေဒါနိုင်ငံသို့ သွားရောက် စီးပွားရေး လုပ်မည်၊ နိုင်ငံသား ခံယူမည် ဟု ပြောစဉ်က ဟယ်မင်ယီမှာ လုံးဝ ကန့်ကွက်ခြင်း မရှိခဲ့ချေ။

သို့သော် သူ၏ မိသားစုကိုမူ နိုင်ငံခြားသို့ ပြောင်းရွှေ့မည့် အကြောင်းကို မပြောပြထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ စီးပွားရေး သွားလုပ်ခြင်းသာ ဖြစ်ပြီး မကြာခဏ ပြန်လာနိုင်မည် မဟုတ်ပါလား။

ထို့အပြင် ဆွန်ဖုန်းသည် ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ကိုလည်း လက်ရှိတွင် ခေါ်မသွားသေးဘဲ သံမဏိစက်ရုံကို ဆက်လက် ဦးစီးခိုင်းထားလိုက်လေသည်။ သူတို့ နှစ်ဦးစလုံးမှာ ဤနေရာတွင် မိသားစုများ ရှိနေသဖြင့် ချက်ချင်း ခေါ်သွားရန် မသင့်လျော်သောကြောင့် ဖြစ်သည်။

မသွားမီ ဆွန်ဖုန်းသည် မိမိအတွက် ဘက်စုံတော်သော အမျိုးသမီး အတွင်းရေးမှူး တစ်ဦးကို ခေါ်ယူရန် ဆုံးဖြတ်လိုက်လေသည်။ အနည်းဆုံးတော့ အင်္ဂလိပ်စာ၊ ပြင်သစ်စာ တတ်ကျွမ်းပြီး ပညာအရည်အချင်း မြင့်မားကာ ဥပဒေပိုင်းကို နားလည်ပြီး ရုပ်ရည်ချောမောသူ ဖြစ်ရမည်ဟု သတ်မှတ်ထားလေသည်။

ဟိုင်ယန်မြို့၏ နာမည်ကြီး အလုပ်အကိုင် ရှာဖွေရေး စင်တာ တစ်ခုတွင် ဆွန်ဖုန်းသည် နေရာတစ်ခု ငှားရမ်းကာ အလုပ်ခေါ်စာ တစ်စောင်ကို ကပ်ထားလိုက်လေသည်။

အလုပ်ခေါ်စာတွင် ဤသို့ ရေးသားထားလေသည်။

လိုအပ်ချက်များ...

၁။ နာမည်ကြီး တက္ကသိုလ်မှ ကျောင်းပြီးသူ ဖြစ်ရမည်။

၂။ အင်္ဂလိပ်စာ၊ ပြင်သစ်စာ ကျွမ်းကျင်ရမည်။

၃။ ကျား/မ - မ။

၄။ ရုပ်ရည် ချောမောရမည်။

၅။ မှတ်ချက် - ဥပဒေပိုင်းကို နားလည်ပါက ပို၍ ကောင်းမွန်သည်။

ကုမ္ပဏီ - ရွေ့ဖုန်း စက်မှုလုပ်ငန်း ။

ခေါ်ယူမည့် ရာထူး - အတွင်းရေးမှူး။

တစ်နှစ်စာ လစာ - ယွမ် တစ်သန်း (၁,၀၀၀,၀၀၀)။

အနည်းငယ် ထူးဆန်းသော ဤအလုပ်ခေါ်စာ ထွက်ပေါ်လာသည်နှင့် အလုပ်ရှာဖွေနေသော အမျိုးသမီးများစွာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သော်လည်း လိုအပ်ချက်များကို မြင်သောအခါ အများစုမှာ နောက်ဆုတ်သွားကြလေသည်။

အချို့က ပညာအရည်အချင်း မြင့်မားသော်လည်း ပြင်သစ်စာ မတတ်ကျွမ်းချေ။ အချို့က အင်္ဂလိပ်စာ၊ ပြင်သစ်စာ တတ်ကျွမ်းသော်လည်း နာမည်ကြီး တက္ကသိုလ်မှ ကျောင်းပြီးထားခြင်း မဟုတ်ပေ။ အချို့က အထက်ပါ အချက်များ အားလုံးနှင့် ကိုက်ညီသော်လည်း ရုပ်ရည်က ဒိုင်နိုဆောနှင့် တူနေသဖြင့် ဆွန်ဖုန်းက သဘောမကျချေ။

သို့သော် တစ်နှစ်စာ လစာ ယွမ် တစ်သန်းဆိုသော အချက်က အမျိုးသမီး အလုပ်ရှာဖွေသူ အများအပြားကို မျက်လုံးပြူးသွားစေခဲ့သည်။

မနက်ခင်း တစ်ပိုင်းလုံး ကုန်လွန်သွားသော်လည်း အလုပ်လာလျှောက်သူ တစ်ဦးမျှ မရှိခဲ့ချေ။ လာလျှောက်သူများ ရှိခဲ့လျှင်တောင်မှ မျက်နှာပြောင်တိုက်၍ လာလျှောက်သူများသာ ဖြစ်ပြီး ဆွန်ဖုန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီသူ တစ်ဦးမျှ မပါဝင်ခဲ့ပေ။

ဤတစ်ကြိမ် ကနေဒါနိုင်ငံသို့ သွားရောက်ရာတွင် ဆွန်ဖုန်း အနေဖြင့် သူ၏ အရည်အချင်းများကို အပြည့်အဝ ထုတ်ဖော်ပြသရမည် ဖြစ်ရာ ဤအတွင်းရေးမှူးမှာ အလွန် အစွမ်းထက်ရန် လိုအပ်လှပေသည်။

ဘာသာပြန်ပေးရန်သာမက ကုမ္ပဏီ တည်ထောင်ခြင်း၊ စာချုပ်များ ဖတ်ရှု စစ်ဆေးခြင်းတို့တွင်ပါ ကျွမ်းကျင်ရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းကိုယ်တိုင်က ဤကိစ္စများတွင် လုံးဝ နားမလည်သောကြောင့် ဖြစ်သည်။ အင်္ဂလိပ်စာ level 4 ကိုပင် မအောင်ခဲ့သလို ပြင်သစ်စာဆိုလျှင် ပို၍ပင် ဝေးသေးသည်။

ဤသို့ဖြင့် တစ်နေ့တာ ကုန်လွန်သွားသော်လည်း ဘာမှ မထူးခြားခဲ့ချေ။

ဒုတိယနေ့တွင် ဆွန်ဖုန်းသည် ထိုနေရာတွင်ပင် ဆက်လက် စောင့်ဆိုင်းနေလေသည်။ အခြား ရွေးချယ်စရာ မရှိသဖြင့် စောင့်ဆိုင်းရုံသာ ရှိလေသည်။

တတိယနေ့သို့ ရောက်သောအခါ နောက်ဆုံးတွင် လိုအပ်ချက်များနှင့် ကိုက်ညီမည့်သူ တစ်ဦး ရောက်ရှိလာလေတော့သည်။

"မင်္ဂလာပါ... ဒီနေရာက အတွင်းရေးမှူး ခေါ်နေတာလား ရှင်... ကျွန်မ လာလျှောက်တာပါ..."

ဆွန်ဖုန်း တစ်ယောက် ကုလားထိုင်ပေါ်တွင် ငိုက်မျဉ်းနေစဉ် ကြည်လင်သော အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာလေသည်။

ဆွန်ဖုန်း မျက်လုံး ဖွင့်ကြည့်လိုက်ရာ ရုံးဝတ်စုံ ဝတ်ဆင်ထားသော မိန်းမချောလေး တစ်ဦးက ကိုယ်ရေးရာဇဝင် ဖောင်ကို ကမ်းပေးနေသည်ကို တွေ့လိုက်ရလေသည်။ ဆွန်ဖုန်းသည် ထိုဖောင်ကို လှမ်းယူလိုက်ပြီး သူ၏ ရှေ့မှ မိန်းမချောလေးကို အကဲခတ်ကြည့်လိုက်လေသည်။

ထိုမိန်းမချောလေးမှာ အရပ် ၅ ပေ ၇ လက်မခန့် ရှိပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ကာ အသားအရေ ဖြူဝင်းနေလေသည်။ သွယ်လျသော မျက်နှာလေးပေါ်တွင် မိတ်ကပ် အပါးစားလေး လိမ်းခြယ်ထားပြီး အနက်ရောင် မျက်မှန်ကိုင်းလေး တပ်ဆင်ထားသည်။ ဆံပင်ကို ပခုံးပေါ် ချထားပြီး ပညာတတ် တစ်ဦး၏ အသွင်အပြင်နှင့် ဆွဲဆောင်မှု ရှိသော အလှတရားတို့ ပေါင်းစပ်နေသည်ကို တွေ့ရလေသည်။

အသက် ၂၃၊ ၂၄ နှစ်ခန့်သာ ရှိသေးပြီး ရုပ်ရည်ပိုင်းတွင် ဆွန်ဖုန်း၏ လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီကာ တကယ့် မိန်းမချောလေး တစ်ဦးပင် ဖြစ်ပေသည်။

"အရင် ထိုင်ပါဦး..."

ဆွန်ဖုန်းက ထိုင်ခိုင်းလိုက်ပြီး ကိုယ်ရေးရာဇဝင် ဖောင်ကို စတင် ဖတ်ရှုလေတော့သည်။

ဖောင်ပေါ်တွင် သူမ၏ နာမည်ကို စူးမေး ဟု ရေးသားထားလေသည်။ 'တကယ်ပဲ နာမည်နဲ့ လိုက်အောင် လှတာပဲ' ဟု ဆွန်ဖုန်း စိတ်ထဲမှ တွေးလိုက်မိသည်။

(စူးမေး ဆိုသည်မှာ ဆွဲဆောင်မှုရှိသော၊ လှပသော ဟု အဓိပ္ပာယ်ရသည်။)

ထို့အပြင် မြို့တော် တက္ကသိုလ် မှ ကျောင်းပြီးထားကြောင်း တွေ့လိုက်ရသည်။ 'လခွီး... ပြည်တွင်းက နံပါတ်တစ် နာမည်ကြီး တက္ကသိုလ်ကနေ ကျောင်းပြီးထားတာပဲ... ပညာအရည်အချင်း အပိုင်းကတော့ ကိုက်ညီသွားပြီ...'

အင်္ဂလိပ်စာ level 4 နှင့် ပြင်သစ်စာ B1 အဆင့် အောင်မြင်ထားသည်။ 'အင်း... ဘာသာစကား အပိုင်းလည်း ကိုက်ညီတယ်...'

ဆက်လက် ဖတ်ရှုလိုက်ရာ ထိုမိန်းမချောလေး၏ ထူးချွန်ပြောင်မြောက်သော မှတ်တမ်းများကို တွေ့လိုက်ရလေသည်။ အထက်တန်းကျောင်းတွင် ပထမဆုများ အကြိမ်ကြိမ် ရရှိခဲ့ပြီး၊ တက္ကသိုလ်တွင်လည်း ပထမဆုများ ဆက်တိုက် ရရှိခဲ့သည်။ 'လခွီး... တကယ့် စာဂျပိုးကြီး ပါလား...'

ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီးနောက် ဆွန်ဖုန်း အနည်းငယ် ချွေးပြန်သွားလေသည်။ သူ၏ ရှေ့မှ လှပသော ကောင်မလေးမှာ တကယ့် စာဂျပိုးမလေး တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

"အဟမ်း... အဟမ်း... မင်းရဲ့ အချက်အလက်တွေက ငါတို့ရဲ့ လိုအပ်ချက်တွေနဲ့ အကြမ်းဖျင်း ကိုက်ညီပါတယ်... လစာ အပိုင်းကလည်း တစ်နှစ်ကို ယွမ်တစ်သန်း ဆိုတာ အမှန်ပါပဲ... ဒါပေမယ့် ကန့်သတ်ချက် တစ်ခုကတော့... မင်း ငါနဲ့အတူ နိုင်ငံခြားကို သွားပြီး စီးပွားရေး ကိစ္စတွေ လုပ်ပေးရမယ်... အကယ်လို့ မင်း လက်ခံနိုင်မယ် ဆိုရင် အခု ချက်ချင်းပဲ အလုပ်ခန့်လိုက်မယ်..."

ဆွန်ဖုန်းက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

"နိုင်ငံခြား ဟုတ်လား..."

စူးမေးက မျက်မှောင်ကြုတ်သွားလေသည်။

"ဟုတ်တယ်... ငါက ရွေ့ဖုန်း ကုမ္ပဏီရဲ့ သူဌေးပါ... ကနေဒါနိုင်ငံကို သွားပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စတစ်ခု သွားလုပ်မလို့... ဒါကြောင့် ဒီတစ်ခေါက် မင်းက ဘာသာပြန် အဖြစ် လုပ်ပေးရမယ့် အပြင် ဥပဒေပိုင်းကိုလည်း နည်းနည်းပါးပါး နားလည်ထားဖို့ လိုတယ်..."

ဆွန်ဖုန်းက သူမကို နိုင်ငံခြားသို့ ခေါ်သွားမည့် အကြောင်းကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။

"ရွေ့ဖုန်း ကုမ္ပဏီ အကြောင်းကို ကျွန်မ စုံစမ်းပြီးပါပြီ... လက်ရှိအချိန်အထိ နိုင်ငံခြားနဲ့ ဆက်သွယ် လုပ်ကိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်..."

စူးမေးက အနည်းငယ် အံ့ဩစွာ ပြန်ပြောလိုက်လေသည်။ ဆွန်ဖုန်း၏ စကားကို ကြားသောအခါ သူမ အနည်းငယ် သံသယ ဝင်သွားလေသည်။ နိုင်ငံခြားသို့ ခေါ်သွားမည် ဆိုတော့ ဤလူက သူမကို သွားရောင်းစားမည်လား မည်သူ သိနိုင်မည်နည်း။ ရွေ့ဖုန်း စက်မှုလုပ်ငန်းမှာ ကုမ္ပဏီ အတု မဟုတ်မှန်း သူမ သိထားသော်လည်း အနည်းငယ်တော့ စိုးရိမ်နေမိလေသည်။

"ဒါက ငါတို့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်လေ... ဒီနေရာမှာ အများကြီး ပြောလို့ မရဘူး... မင်း လုပ်ချင်ရင် လုပ်... မလုပ်ချင်ရင်လည်း ရပါတယ်..."

ဆွန်ဖုန်းက ဤကောင်မလေး လှပသည် ဆိုရုံဖြင့် အများကြီး ရှင်းပြနေမည် မဟုတ်ချေ။

စူးမေးသည် မိနစ်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ... ရှင့် ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ..."

"သိပ်ကောင်းတယ်..."

ဤသို့ဖြင့် ဆွန်ဖုန်းသည် လှပသော အတွင်းရေးမှူးမလေး စူးမေးကို ရရှိသွားလေသည်။ ယခုအခါ ဆွန်ဖုန်းသည်လည်း 'အလုပ်ရှိရင် အတွင်းရေးမှူး လုပ်၊ အလုပ်မရှိရင် အတွင်းရေးမှူးကို... အဟမ်း...' ဟူသော ဆိုရိုးစကားကို ကိုယ်တိုင် ခံစားကြည့်နိုင်ပြီ ဖြစ်သည်။

သို့သော် ဆွန်ဖုန်းသည် လက်ရှိအချိန်တွင် ထိုသို့သော ယုတ်မာသည့် အကြံအစည်များ မရှိသေးချေ။ စီးပွားရေး လုပ်ငန်းကိုသာ အပြည့်အဝ အာရုံစိုက်နေပြီး ကောင်းမွန်သော သူဌေး တစ်ယောက် ဖြစ်ရာ ဤကောင်မလေးကို ဒုက္ခပေးမည် မဟုတ်ချေ။

ဆွန်ဖုန်းနှင့် စူးမေးတို့ စာချုပ် ချုပ်ဆိုပြီးနောက် ကနေဒါနိုင်ငံသို့ သွားရောက်ရန် ဗီဇာ ကိစ္စများကို ချက်ချင်း စီစဉ်ခိုင်းလိုက်လေသည်။ ဤသို့ဖြင့် အားလုံး ပြင်ဆင်ပြီးစီးသွားကာ ခရီးထွက်ရန်သာ ကျန်တော့လေသည်။

ဟိုင်ယန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်...

ဟယ်မင်ယီ၊ ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ သုံးဦးစလုံး ဆွန်ဖုန်းကို လာရောက် ပို့ဆောင်ပေးကြလေသည်။ သို့သော် ဆွန်ဖုန်း၏ ဘေးရှိ လှပသော အတွင်းရေးမှူးမလေး စူးမေးကို မြင်သောအခါ သုံးဦးစလုံး ဆွန်ဖုန်းအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

အထူးသဖြင့် ဟယ်မင်ယီမှာ သဝန်တိုလွန်း၍ ဆွန်ဖုန်း၏ နားရွက်ကို ဆွဲလိမ်ကာ ပြောလိုက်လေသည်။

"နင် ဒီလောက် လှတဲ့ အတွင်းရေးမှူးမလေးကို ခေါ်သွားပြီးတော့... နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှု သွားလုပ်မလို့ ဟုတ်လား... အဲဒီ မိန်းမပျက်မလေးနဲ့ သွားပြီး ဟန်းနီးမွန်း သွားထွက်မလို့ မဟုတ်ဘူးလား... နင် ဒီသောက်ကောင်... ငါ နင့်ကို သတ်ပစ်မယ်..."

ဟယ်မင်ယီက အားကုန်သုံး၍ ဆွဲလိမ်လိုက်ရာ ဆွန်ဖုန်းမှာ နာကျင်လွန်း၍ အော်ဟစ်လိုက်မိလေသည်။

"အာ... မလိမ်ပါနဲ့တော့... ဒေါသ မထွက်ပါနဲ့... ကလေး ထိခိုက်သွားဦးမယ်..."

"ဟွန်း... ကလေး ထိခိုက်တာ နင့်ကြောင့်လေ..."

ဆွန်ဖုန်း၏ နောက်တွင် ရပ်နေသော စူးမေးမှာ ထိုအခြေအနေကို မြင်သောအခါ သူမ လိမ်ညာမခံရကြောင်း သေချာသွားလေသည်။ အမှန်တကယ်တော့ သူမ အနေဖြင့် နိုင်ငံခြားသို့ သွားရောက်ရာတွင် လူကုန်ကူး ခံရမည်ကို အနည်းငယ် စိုးရိမ်နေခဲ့မိသည်။ သို့သော် ယခု အခြေအနေကို ကြည့်ရသည်မှာ ထိုသို့ မဖြစ်နိုင်တော့ချေ။

"ကဲ... အချိန်ကျပြီ... ငါ လေယာဉ်ပေါ် တက်တော့မယ်... မင်းတို့ အားလုံး ဂရုစိုက်ကြဦး... နောက် လအနည်းငယ် နေရင် ငါ ပြန်လာခဲ့မယ်..."

ဆွန်ဖုန်းက မိန်းကလေး သုံးဦးကို လက်ပြ နှုတ်ဆက်လိုက်လေသည်။

ဟယ်မင်ယီ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေလေသည်။ ဆွန်ဖုန်းကို အမှန်တကယ် ချစ်မိနေပြီ ဖြစ်ကြောင်း သူမ သတိထားမိလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်... တစ်ခုခု ဆိုရင် ငါ့ဆီ ဖုန်းဆက်လိုက်... ငါ ချက်ချင်း ပြန်လာခဲ့မယ်..."

ဆွန်ဖုန်းက ဟယ်မင်ယီကို ဖက်ကာ နှုတ်ဆက်ပြီးနောက် လှည့်မကြည့်တော့ဘဲ လေယာဉ်ပေါ်သို့ တက်သွားလေတော့သည်။

"ခရီးလမ်း ချောမွေ့ပါစေ..." ဟယ်မင်ယီက ဆုတောင်းပေးလိုက်လေသည်။

ဤသို့ဖြင့် ဆွန်ဖုန်းနှင့် စူးမေးတို့သည် ကနေဒါနိုင်ငံသို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်ရောက်ကာ ခရီးထွက်ခွာသွားကြလေတော့သည်။

All Chapters