← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီ

ညဘက်၊ ဗီလာအိမ်ကြီး၏ မီးဖိုချောင်ထဲတွင် ဆွန်ဖုန်း တစ်ယောက် ဟင်းချက်နေပြီး စူးမေးက ဘေးမှ ကူညီပေးနေလေသည်။ သို့သော် စူးမေးမှာ ဟင်းချက်သည့် ပင်ကိုယ်ပါရမီ လုံးဝ မရှိပုံရသည်။ အကူအညီ မရသည့်အပြင် ပို၍ပင် အလုပ်ရှုပ်သွားစေသည်။

"ဟူး... မင်း ဒီမှာ ရပ်ပြီး ငါ ဟင်းချက်တာကိုပဲ အေးအေးဆေးဆေး ကြည့်နေလိုက်ပါတော့..." ကြက်သွန်နီများကို အကြီးတစ်လှည့် အသေးတစ်လှည့် လှီးဖြတ်နေသော စူးမေးကို ကြည့်ကာ ဆွန်ဖုန်းက မတတ်သာသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ဟုတ်... ဟုတ်ကဲ့ပါ..." စူးမေး၏ မျက်နှာလေးမှာ အနည်းငယ် ရှက်ရွံ့သွားလေသည်။ မိန်းကလေး တစ်ယောက် ဖြစ်ပါလျက်နှင့် ဟင်းမချက်တတ်ဘဲ ဘီလီယံနာ သူဌေးကြီး ဖြစ်သော ဆွန်ဖုန်းက ဟင်းချက် အလွန်ကောင်းနေသည်မှာ သူမအတွက် အတော်လေး စိတ်ဝင်စားစရာ ဖြစ်နေမိသည်။

"သူဌေးလို ဘီလီယံနာ သူဌေးကြီး တစ်ယောက်က ဟင်းချက်တတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး... တကယ်ကို အံ့ဩစရာပဲ..." စူးမေးက ခဲယဉ်းစွာဖြင့် မြှောက်ပင့် ပြောဆိုလိုက်လေသည်။

"ဆင်းရဲတဲ့ တောင်ပေါ်ဒေသက လာတဲ့ ကလေးတွေအတွက်တော့ ဟင်းချက်တယ် ဆိုတာလောက်က ဘာမှ မဟုတ်ပါဘူး..." ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။ အမှန်တကယ်လည်း တောရွာမှ ကလေးများမှာ ဆင်းရဲဒုက္ခကို ခံစားကြီးပြင်းလာရသူများ ဖြစ်ရာ မြို့က ကလေးများလို အလိုလိုက်ခံထားရသူများ မဟုတ်ချေ။

"ငါ မှတ်မိသေးတယ်... စတုတ္ထတန်း တက်နေတဲ့ အရွယ်မှာ အဖေက နောက်ကနေ ကန်ပြီး ချေးပုံး သွားထမ်းခိုင်းတာ... အဲဒီတုန်းက ချေးပုံးက ငါ့အရပ် တစ်ဝက်လောက်တောင် ရှိတယ်... လယ်ထဲက အလုပ်တွေ အကုန်လုံး လုပ်ခဲ့ရတာပဲ... အဲဒီတုန်းက တော်တော် ဆင်းရဲတယ်... ဝက်စာကျွေး၊ ကြက်စာကျွေး၊ ထင်းခုတ်၊ လယ်လုပ်၊ ဝက်စာရိတ်... တစ်ပတ်နေလို့မှ အသား တစ်ခါ မစားရဘူး..." ဆွန်ဖုန်းက အတိတ်ကို လွမ်းဆွတ်စွာဖြင့် ဆက်ပြောလေသည်။

"အဲဒီတုန်းက ကလေးတိုင်းက တော်တော် ဆော့ကြတယ်... သစ်သီးတွေ ခိုးခူးတယ်၊ ချောင်းထဲဆင်းပြီး ငါးဖမ်းတယ်၊ တောကြွက်တွေ ဖမ်းတယ်... ဒါပေမယ့် အဲဒါက ငါ့ဘဝရဲ့ အပျော်ရွှင်ဆုံး ကလေးဘဝလေးပါပဲ... ဆင်းရဲတဲ့ ကြားကနေ ပျော်ရွှင်မှုတွေ ရှာတွေ့ခဲ့တာပေါ့..."

စူးမေးသည် တိတ်ဆိတ်စွာ နားထောင်နေလေသည်။ မိမိ၏ သူဌေးတွင် ဤကဲ့သို့သော ကလေးဘဝမျိုး ရှိခဲ့လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ၉၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူများ အတူတူ ဖြစ်သော်လည်း ဘဝဖြတ်သန်းမှုချင်းကား လုံးဝ ကွာခြားလှပေသည်။

မူလက ဆွန်ဖုန်းကို ဒုတိယမျိုးဆက် သူဌေးသား တစ်ဦးဟု သူမ ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တော့ ဤသို့ ဖြစ်နေသည် မဟုတ်ပါလား။

ထမင်းစားနေစဉ် ဆွန်ဖုန်းက စူးမေးကို မေးလိုက်လေသည်။ "ဒါနဲ့... သတ္တုတွင်း ကုမ္ပဏီ တည်ထောင်မယ့် ကိစ္စ ဘယ်လို အခြေအနေ ရှိပြီလဲ..."

"ဒီလိုပါ ရှင်... အကယ်လို့ ကျွန်မတို့က သတ္တုတွင်း ကုမ္ပဏီ အသစ် တစ်ခုကို ပြန်ပြီး မှတ်ပုံတင်မယ် ဆိုရင် အလုပ်ရှုပ်ရုံတင် မကဘူး အချိန်လည်း အများကြီး ပေးရလိမ့်မယ်... ဒါကြောင့် ဒေဝါလီ ခံတော့မယ့် သတ္တုတွင်း ကုမ္ပဏီ တစ်ခုကို တိုက်ရိုက် ဝယ်ယူလိုက်ရင် ပိုကောင်းမယ်လို့ စဉ်းစားထားပါတယ်... သူဌေး ဘယ်လိုသဘောရလဲ..." စူးမေးက အကြံပြုလိုက်လေသည်။

"ရတယ်လေ... မင်း သင့်တော်သလိုသာ လုပ်... ဘယ်လောက် မြန်မြန်ရရ ပိုကောင်းတယ်..." ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ကဲ့... သီတင်း နှစ်ပတ်လောက် အတွင်းမှာ အားလုံး ပြီးစီးအောင် လုပ်ပေးနိုင်မယ်လို့ ခန့်မှန်းပါတယ်..." စူးမေးက တာဝန်ယူမှု အပြည့်ဖြင့် ပြောလိုက်လေသည်။

အလုပ်ကိစ္စများကို အနည်းငယ် ထပ်မံ ဆွေးနွေးပြီးနောက် ဆွန်ဖုန်းသည် စကားအရာကို စူးမေးဘက်သို့ လှည့်လိုက်လေသည်။ "ဒါနဲ့ စူးမေး... မင်းမှာ ချစ်သူ ရှိပြီလား..."

"မရှိသေးပါဘူး... ဘာဖြစ်လို့လဲ ရှင်..." စူးမေးသည် ဟင်းစားနေရင်း ဆွန်ဖုန်းက ရုတ်တရက် ထမေးလိုက်သဖြင့် ခေါင်းမော့ကာ နားမလည်စွာ ပြန်မေးလိုက်လေသည်။

"ဘာမှ မဟုတ်ပါဘူး... မင်းက ဒီလောက် လှနေတော့ သေချာပေါက် ချစ်သူ ရှိမယ်လို့ ထင်လို့ပါ..." ဆွန်ဖုန်းက သွားဖြဲကာ ရယ်မောလိုက်လေသည်။ အမှန်တကယ်တော့ သူ ပြောချင်သည်က 'ဈေးသာခေါ်လိုက်... ကိုယ် မင်းကို မွေးစားထားမယ်... ကိုယ်လည်း အလုပ်ရှိရင် အတွင်းရေးမှူး လုပ်ခိုင်းပြီး... အလုပ်မရှိရင် အတွင်းရေးမှူးကို ဟိုဒင်း လုပ်တဲ့ ဘဝမျိုးကို မြည်းစမ်းကြည့်ချင်လို့...' ဟု ဖြစ်သည်။ သေချာသည်မှာ ဤသည်မှာ ဆွန်ဖုန်း၏ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်လေသည်။

"ကျွန်မကို လိုက်တဲ့သူတွေကတော့ အများကြီးပါပဲ... ဒါပေမယ့် တစ်ယောက်ကိုမှ သဘောမကျလို့ပါ..." စူးမေးက အေးစက်တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"အဟမ်း... အဟမ်း... သိသာပါတယ်..."

......

နောက်ထပ် သီတင်း နှစ်ပတ်လုံးလုံး စူးမေးမှာ အလုပ်များနေခဲ့ပြီး ဆွန်ဖုန်းကမူ အော့ဖ်ရုဒ် ကားကို မောင်းနှင်ကာ အနီးနားရှိ ကျေးရွာများနှင့် မြို့ငယ်လေးများတွင် သင့်လျော်သော မြေနေရာကို ဆက်လက် ရှာဖွေနေလေသည်။ သို့သော် ရက်အနည်းငယ် ဆက်ရှာသော်လည်း သင့်လျော်သော နေရာကို မတွေ့ရှိခဲ့ချေ။

သို့သော် တစ်ပတ်ခန့် အကြာတွင် ဆွန်ဖုန်းသည် သင့်လျော်သော နေရာတစ်ခုကို နောက်ဆုံးတွင် ရှာဖွေ တွေ့ရှိသွားလေသည်။ ထိုနေရာမှာ လွင်ပြင်ငယ် တစ်ခု ဖြစ်ပြီး လူသူ ကင်းမဲ့ကာ အနီးဆုံး ရွာနှင့်ပင် ကီလိုမီတာ ၃၀ ကျော် ကွာဝေးလေသည်။

"အင်း... ဒီနေရာက တော်တော်လေး သင့်လျော်တယ်..." ဆွန်ဖုန်းသည် တောင်ကုန်းငယ် တစ်ခုပေါ်တွင် ရပ်ကာ အဝေးရှိ လွင်ပြင်ငယ်ကို ကြည့်ရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်လေသည်။ ဤလွင်ပြင်ငယ်မှာ စတုရန်း ကီလိုမီတာ ၄၀၊ ၅၀ ခန့် ကျယ်ဝန်းပြီး ဆွန်ဖုန်းက ဤလွင်ပြင်ငယ် တစ်ခုလုံးကို တိုက်ရိုက် ဝယ်ယူရန် ရည်ရွယ်ထားလေသည်။

ဆွန်ဖုန်း သင့်လျော်သော မြေနေရာကို ရှာတွေ့ချိန်နှင့် တစ်ပြိုင်နက် သီတင်း နှစ်ပတ် အကြာတွင် စူးမေးသည်လည်း သတ္တုတွင်း ကုမ္ပဏီကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့လေသည်။ တရားဝင် ကိုယ်စားလှယ်မှာ ဆွန်ဖုန်း ဖြစ်ပြီး ကုမ္ပဏီ အမည်ကို ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီ ဟု ပေးထားလေသည်။

သေချာသည်မှာ လက်ရှိအချိန်တွင် ဝန်ထမ်း တစ်ဦးမျှ မရှိသေးသော ကုမ္ပဏီ အခွံသက်သက်သာ ဖြစ်သည်။ ဝန်ထမ်းဟု ဆိုလျှင်လည်း လက်ရှိတွင် စူးမေး တစ်ဦးတည်းသာ ရှိပြီး ဆွန်ဖုန်းက သူဌေး ဖြစ်လေသည်။

ကုမ္ပဏီ တည်ထောင်ပြီးစီးသွားပြီ ဖြစ်ရာ နောက်တစ်ဆင့် အနေဖြင့် မြေနေရာ ဝယ်ယူရမည် ဖြစ်သည်။ နိုင်ငံခြားတွင် မြေနေရာ ဝယ်ယူရာ၌ ငွေရှိရန်သာ လိုအပ်သည်။ အထူးသဖြင့် ကနေဒါနိုင်ငံတွင် ငွေရှိပါက လိုသလောက် ဝယ်ယူနိုင်ပေသည်။ သေချာသည်မှာ အကန့်အသတ်တော့ ရှိနိုင်ပေမည်။ ယခု ဆွန်ဖုန်း မြေနေရာ ဝယ်ယူရန်မှာ အလွန် ရိုးရှင်းပြီး ကနေဒါ အစိုးရထံမှ တိုက်ရိုက် ဝယ်ယူလိုက်ရုံသာ ဖြစ်သည်။

ကနေဒါနိုင်ငံမှာ မြေနေရာ ကျယ်ဝန်းပြီး လူဦးရေ ကျဲပါးကာ နိုင်ငံအတွင်းရှိ လူအများစုမှာ နိုင်ငံခြားမှ ပြောင်းရွှေ့လာသူများ ဖြစ်ကြသည်။ ဆွန်ဖုန်းကဲ့သို့ မြေနေရာ ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကာ စီးပွားရေးကို မြှင့်တင်ပေးမည့် သူမျိုးကို ကနေဒါ အစိုးရက ပို၍ပင် ကြိုဆိုမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လက်ရှိတွင် ဆွန်ဖုန်းမှာ ကနေဒါ နိုင်ငံသား တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။

လီယာဒယ်ဘော့ မြို့လယ်ခေါင်ရှိ မိုးမျှော်တိုက်ကြီး တစ်ခု၏ ၂၂ လွှာတွင်...

"အင်း... ဒီနေရာကို သတ္တုတွင်း ကုမ္ပဏီရဲ့ ရုံးချုပ် လုပ်ဖို့ တော်တော်လေး ကောင်းတယ်..." ဆွန်ဖုန်းသည် စူးမေးနှင့် အတူ အခန်းအလှဆင်သည့် ကုမ္ပဏီမှ လူများက အသစ် တည်ထောင်လိုက်သော ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီ ရုံးချုပ်ကို ပြင်ဆင် အလှဆင်နေကြသည်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

မှန်ပေသည်။ ဆွန်ဖုန်းသည် အသစ် တည်ထောင်လိုက်သော ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီ၏ ရုံးချုပ်ကို လီယာဒယ်ဘော့ မြို့တွင် တိုက်ရိုက် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

"ဒါနဲ့... ဒီဘက်က အလုပ်တွေ အတော်လေး ပြီးသွားပြီဆိုတော့... မင်း ငါ့အတွက် နာမည်ကြီး သတ္တုတွင်း ကုမ္ပဏီတစ်ခုကို ကြိုတင် ရှာထားပေး... သူတို့ဆီကနေ သတ္တုရှာဖွေရေး ကျွမ်းကျင် ပညာရှင်တွေနဲ့ အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းထားပေးပါ... အဲဒီအချိန်ကျရင် ငါ သုံးစရာ အရေးကြီး ကိစ္စ ရှိတယ်..." ဆွန်ဖုန်းက စူးမေးကို မှာကြားလိုက်လေသည်။

"ဟုတ်ကဲ့..." စူးမေးက အကြောင်းရင်းကို ဆက်မမေးတော့ချေ။ အစပိုင်းက စူးမေးသည် ဆွန်ဖုန်းမှာ အဝေးကြီးမှ လာရောက်၍ သတ္တုတွင်း လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသည်ကို ကြည့်ကာ ငွေများပြီး လူမိုက် တစ်ဦး ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဤရက်ပိုင်းအတွင်း ထိတွေ့ ဆက်ဆံကြည့်ပြီးနောက် ဆွန်ဖုန်းမှာ အရှုံးပေါ်မည့် အလုပ်မျိုးကို လုပ်မည့်သူ မဟုတ်မှန်း သူမ သိရှိသွားခဲ့သည်။

ဆွန်ဖုန်းက ဆက်လက်၍ မည်သို့ လုပ်ဆောင်မည်ကို သူမ မသိသော်လည်း ဤအရာများက သူမအတွက် အရေးမကြီးချေ။ ဆွန်ဖုန်း ပေးအပ်သော တာဝန်များကို အစွမ်းကုန် ကြိုးစား လုပ်ဆောင်ပေးရန်သာ လိုအပ်ပေသည်။

ဆွန်ဖုန်း၏ အစီအစဉ်များမှာ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်စွာ ပြီးစီးနေပြီ ဖြစ်သည်။ နောက်တစ်ဆင့် အနေဖြင့် မြေနေရာ ဝယ်ယူရမည် ဖြစ်ရာ ဆွန်ဖုန်းသည် စူးမေးအား လီယာဒယ်ဘော့ မြို့တော်၏ မြေယာရောင်းချရေး တာဝန်ခံ အစိုးရ အရာရှိများနှင့် တိုက်ရိုက် ဆက်သွယ်ခိုင်းလိုက်လေသည်။

ဤအပိုင်းကို စူးမေးအား တာဝန်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ ဒေသတွင်း မြေနေရာ ဈေးနှုန်းများနှင့် အခြား အချက်အလက်များကို စတင် စုံစမ်း ရှာဖွေလေတော့သည်။

မြေနေရာ ဝယ်ယူရတော့မည် ဖြစ်ရာ ဈေးနှုန်းပိုင်းကို သေချာ လေ့လာထားရန် လိုအပ်ပေသည်။ သို့မှသာ အလိမ်အညာ ခံရခြင်းမှ ကင်းဝေးမည် ဖြစ်သည်။

ဤကိစ္စများ လုပ်ဆောင်နေစဉ်မှာပင် ဆွန်ဖုန်းသည် စူးမေးအား ကုန်ကြမ်း အနည်းငယ် ဝယ်ယူပေးရန် မှာကြားလိုက်လေသည်။ ထိုကုန်ကြမ်းများမှာ များပြားလှခြင်း မရှိဘဲ ရက်အနည်းငယ် အတွင်း ဝယ်ယူရရှိနိုင်ပေသည်။ ဤကုန်ကြမ်းများမှာ သတ္တုကြော အတု ဖော်ပြစက် တည်ဆောက်ရန် ဆွန်ဖုန်း အသုံးပြုမည့် ပစ္စည်းများ ဖြစ်သည်။

နှစ်ရက် အကြာတွင် ကုန်ကြမ်းများ အားလုံး ရောက်ရှိလာရာ ဆွန်ဖုန်းသည် အခန်းထဲတွင် ပုန်းနေပြီး ထိုကုန်ကြမ်းများကို သိုလှောင်ရုံ စနစ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် အသံလက်ထောက်အား ရေအောက် တူးဖော်ရေး စနစ်ကြီးကို အသုံးပြု၍ သတ္တုကြော အတု ဖော်ပြစက် ကို တည်ဆောက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်လေသည်။

သုံးနာရီ အကြာတွင် လက်ကိုင်ဖုန်း အရွယ်အစားခန့်ရှိသော သတ္တုကြော အတု ဖော်ပြစက် တစ်ခု ဆွန်ဖုန်း၏ လက်ထဲသို့ ရောက်ရှိလာလေသည်။

ဤ သတ္တုကြော အတု ဖော်ပြစက် သည် ကမ္ဘာမြေပေါ်ရှိ သတ္တုရှာဖွေရေး စက်များကို နှောင့်ယှက်နိုင်စွမ်း ရှိပြီး အမှန်တကယ် သတ္တုကြော မရှိသော နေရာကိုပင် သတ္တုကြော ရှိနေကြောင်း တိုက်ရိုက် ဖော်ပြပေးနိုင်စွမ်း ရှိသည်။ အမှန်တကယ်တော့ ထိုသတ္တုကြောမှာ သတ္တုကြော အတု ဖော်ပြစက် မှ ဖန်တီးထားသော ပုံရိပ်ယောင်သာ ဖြစ်လေသည်။

ဤစက်ကိရိယာ၏ အများဆုံး လွှမ်းခြုံနိုင်သော ဧရိယာမှာ ကီလိုမီတာ တစ်ရာ ပတ်လည်ခန့် ဖြစ်ပြီး လွှမ်းခြုံမည့် အကျယ်အဝန်းကိုလည်း စိတ်ကြိုက် ချိန်ညှိနိုင်သဖြင့် အတော်လေး အသုံးဝင်လှပေသည်။

"ကောင်းပြီ... ဒီပစ္စည်း ရပြီဆိုတော့... ဟင်း ဟင်း... ငါ့ရဲ့ မျက်စိလှည့်စားမယ့် အစီအစဉ်ကို စတင်လို့ ရပြီ..." ဆွန်ဖုန်းသည် လက်ထဲရှိ သတ္တုကြော အတု ဖော်ပြစက် ကို ကြည့်ကာ ပြောလိုက်လေသည်။

ဤနေရာတွင် အကယ်၍ တစ်စုံတစ်ယောက်က စစ်ဆေးလာလျှင် မည်သို့ လုပ်မည်နည်းဟု မေးစရာ ရှိလာပေမည်။ ထိုကိစ္စအတွက် လုံးဝ စိတ်ပူစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများက လာရောက် စစ်ဆေးပါက ဤနေရာတွင် သတ္တုကြော အမှန်တကယ် ရှိနေကြောင်း တွေ့ရှိရမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် ဆွန်ဖုန်းက ထိုမြေနေရာကို ဝယ်ယူထားပြီး ဖြစ်ရာ မြေနေရာမှာ ဆွန်ဖုန်း၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီ မဟုတ်ပါလား။ အခြားလူများက သတ္တုကြော ရှိမရှိ သိရန် အတင်းအကျပ် လာရောက် တူးဖော်စစ်ဆေးနိုင်ပါမည်လား။

ကနေဒါနိုင်ငံ ဆိုသည်မှာ မိမိတို့ နိုင်ငံနှင့် မတူဘဲ ဥပဒေပိုင်းတွင် အလွန် တင်းကျပ်ကြောင်း သိထားရမည် ဖြစ်သည်။ အကယ်၍ ထိုသို့ လာရောက် တူးဖော်ပါက ထောင်ထဲတွင် အရိုးဆွေးသည်အထိ တရားစွဲခံရမည် ဖြစ်ပေသည်။

All Chapters