အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) သံသတ္တုတွင်း... သံသတ္တုတွင်းကြီးပဲ...
"ဟုတ်ပါတယ်... ကျွန်တော် သေချာပါတယ်..." ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။
"မစ္စတာဆွန်... ရှင်က သတ္တုရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို ငှားပြီး ဒီမြေနေရာကို လာစစ်ဆေးခိုင်းတာဟာ တကယ် ဟုတ်မဟုတ် အတည်ပြုချင်လို့လား ရှင်..." အနောက်တိုင်းသူ သတင်းထောက်မလေးက ဆက်လက် မေးမြန်းလေသည်။
"မှန်ပါတယ်..."
"မစ္စတာဆွန်... ရှင်က ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီကို တည်ထောင်ထားတယ်လို့ ကြားပါတယ်... ဘာဖြစ်လို့ ရှင့်ရဲ့ ကုမ္ပဏီက လူတွေကို မသုံးဘဲ တခြား ကုမ္ပဏီက သတ္တုရှာဖွေရေး အဖွဲ့ကို ငှားရမ်း အသုံးပြုရတာလဲ ရှင်..."
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ကုမ္ပဏီက အခုမှ စတင် တည်ထောင်ကာစ ဖြစ်လို့ အဲဒီလို ရှာဖွေရေး အဖွဲ့မျိုး မရှိသေးလို့ပါပဲ..." ဆွန်ဖုန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။
ထို့နောက် အခြားသော သတင်းစာတိုက်များမှ သတင်းထောက်များလည်း ဆွန်ဖုန်းအနီးသို့ ဝိုင်းအုံလာကြပြီး အင်တာဗျူးရန် ပြင်ဆင်ကြလေသည်။ ဆွန်ဖုန်းက ဧက နှစ်ထောင်ကျော် ကျယ်ဝန်းသော မြေနေရာကို တစ်ခါတည်း ဝယ်ယူလိုက်ပြီး ထိုနေရာတွင် သတ္တုကြော ရှိနေသည်ဟု ဆိုသဖြင့် သတင်းထောက်များမှာ မေးခွန်းများ တစ်ခုပြီးတစ်ခု အဆက်မပြတ် မေးမြန်းနေကြလေသည်။
ဆွန်ဖုန်းသည်လည်း စိတ်မရှည်ခြင်း မရှိဘဲ တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေလေသည်။
တစ်ချိန်တည်းမှာပင် ဂျက်ဆန် ဦးဆောင်သော သတ္တုရှာဖွေရေး အဖွဲ့မှာလည်း စစ်ဆေးမှုများကို စတင်နေပြီ ဖြစ်သည်။ သူတို့သည် ကားပေါ်မှ အမျိုးမျိုးသော စက်ကိရိယာများကို ချကာ တပ်ဆင်ခြင်းနှင့် ချိန်ညှိခြင်းများ ပြုလုပ်နေကြလေသည်။
လူဆယ်ဂဏန်းခန့် အလုပ်များနေကြပြီး နာရီဝက်ခန့် အကြာတွင် စစ်ဆေးမှု လုပ်ငန်းစဉ်များ တရားဝင် စတင်လေတော့သည်။
ဂျက်ဆန်နှင့် အက်စတန်တို့က လက်အောက်ငယ်သားများကို စက်ကိရိယာ အသီးသီး ဖွင့်၍ စစ်ဆေးရန် ညွှန်ကြားနေကြလေသည်။
ဤစက်ကိရိယာများကို ဆွန်ဖုန်း တစ်ခုမျှ နားမလည်သော်လည်း အတော်လေး အဆင့်မြင့်မည်ကိုတော့ ခန့်မှန်းမိလေသည်။
စစ်ဆေးမှုများ စတင်နေစဉ် ဂျက်ဆန်နှင့် အက်စတန်တို့မှာ ဆေးလိပ်သောက်ရင်း စကားစမြည် ပြောဆိုနေကြလေသည်။ သူတို့ နှစ်ဦးစလုံးက ဤနေရာတွင် သတ္တုကြော တွေ့ရှိမည်ဟု လုံးဝ မယုံကြည်ကြဘဲ ဟန်ပြ လုပ်ဆောင်ပြီး ပြန်သွားရန်သာ ရည်ရွယ်ထားကြလေသည်။
"တီ... တီ... တီ..."
ထိုအချိန်တွင် စက်ကိရိယာများဆီမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဘာဖြစ်တာလဲ..." အက်စတန်သည် ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီး အမြန်လျှောက်သွားလိုက်လေသည်။ ဂျက်ဆန်လည်း အလွန် အံ့ဩသွားကာ နောက်မှ လိုက်သွားလေသည်။ ဤအသံမှာ မြေအောက်တွင် သတ္တုကြော ရှိနေကြောင်းကို စက်က အချက်ပြသော အသံဖြစ်ရာ သူတို့ မအံ့ဩဘဲ နေနိုင်ပါမည်လား။
"ခေါင်းဆောင်... မြေအောက်မှာ တကယ်ပဲ သတ္တုကြော ရှိနေတယ်လို့ စက်က ပြနေတယ်ဗျ..." ပိန်ပိန်ပါးပါး လူငယ်တစ်ဦးက စက်မျက်နှာပြင်ကို စိုက်ကြည့်နေရာမှ အလျင်အမြန် ရောက်လာသော အက်စတန်ကို လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။
"ဘာ..." အက်စတန်နှင့် ဂျက်ဆန်တို့၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားလေသည်။ ဤတရုတ်လူမျိုး ဝယ်ထားသော မြေနေရာအောက်တွင် တကယ်ပဲ သတ္တုကြော ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"မင်း ငါ့ကို လာမနောက်နဲ့နော်..." အက်စတန်သည် လျင်မြန်စွာ လျှောက်သွားပြီး စက်အနီးသို့ ရောက်သောအခါ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။
"တကယ်ကြီးပါလား... ဘုရားရေ..." ဂျက်ဆန်လည်း အနီးသို့ ရောက်လာပြီး ကြည့်လိုက်ရာ မြေအောက်တွင် သတ္တုကြော အမှန်တကယ် ရှိနေကြောင်း စက်က ပြသနေသည်ကို မြင်သောအခါ အံ့ဩတကြီး အော်ဟစ်လိုက်မိလေသည်။
ထိုအဖြစ်အပျက် အားလုံးကို အင်တာဗျူး ဖြေနေသော ဆွန်ဖုန်းက အဝေးမှ ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
သတ္တုကြော အတု ဖော်ပြစက် မှာ တကယ်ကို မျှော်လင့်ထားသည့်အတိုင်း ကမ္ဘာမြေပေါ်ရှိ ဤကဲ့သို့သော အဆင့်နိမ့် နည်းပညာများကို အလွယ်တကူ လှည့်စားနိုင်ကြောင်း သူ တွေးလိုက်မိလေသည်။ သတ္တုကြော မရှိသော မြေနေရာကို သတ္တုကြော ရှိနေသည့်အလား လှည့်စားပြသနိုင်သည် မဟုတ်ပါလား။
"ဟိုဘက်မှာ တစ်ခုခု ထူးခြားနေပြီ ထင်တယ်... ငါတို့ အတူတူ သွားကြည့်ရအောင်..." ဆွန်ဖုန်းက ပြုံး၍ သတင်းထောက် လေး၊ ငါးဦးခန့်ကို ပြောလိုက်လေသည်။
"အာ... ထူးခြားတာ ရှိတယ် ဟုတ်လား... ဘာသတ္တုကြောလဲ မသိဘူး..."
"သွား... သွားကြည့်ရအောင်..."
"ဒီနေရာမှာ သတ္တုကြော တွေ့ပြီဆိုတော့ ငါတို့ ဒီအထိ လာရတာ အလကား မဖြစ်တော့ဘူး... ပိုက်ဆံရတဲ့ အပြင် ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ်ပါ ရဦးမယ်..."
သတင်းထောက်များက ဆွန်ဖုန်း၏ နောက်မှ လိုက်ပါလာရင်း တီးတိုး ပြောဆိုနေကြလေသည်။
ထိုအခြေအနေကို မြင်သော စူးမေးမှာလည်း အလွန် အံ့ဩသွားလေသည်။ သူမသည် မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်ကာ အလျင်အမြန် လိုက်သွားလေသည်။
သူမ၏ သူဌေးက အလွယ်တကူ ဝယ်လိုက်သော မြေနေရာအောက်တွင် သတ္တုကြော တကယ် ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ မူလက သူမသည် ဆွန်ဖုန်းက ဤမြေနေရာကို ဝယ်ယူ၍ လယ်ယာမြေ လုပ်မည်ဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"မြန်မြန်... အသေးစိတ် ထပ်ပြီး စစ်ဆေးကြည့်... ဘာသတ္တုကြောလဲ ဆိုတာနဲ့ ပမာဏ ဘယ်လောက် ရှိလဲ... ဘယ်လို ပြန့်ကျဲနေလဲ ဆိုတာ သေချာ ကြည့်..." အက်စတန်က အံ့ဩနေစဉ်မှာပင် သူ၏ လက်အောက်ငယ်သားများကို အလျင်အမြန် ညွှန်ကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."
အက်စတန်နှင့် ဂျက်ဆန်တို့မှာ အချင်းချင်း ကြည့်ကာ သူတို့၏ ရင်ထဲရှိ အံ့ဩတုန်လှုပ်မှုများကို ဖုံးကွယ်၍ မရနိုင်အောင် ဖြစ်နေကြလေသည်။ သူတို့သည် သတ္တုရှာဖွေရေး လုပ်ငန်းကို ဆယ်နှစ်ကျော် လုပ်ကိုင်လာခဲ့သော်လည်း ဤကဲ့သို့ ကြိုတင် ခန့်မှန်း၍ မရနိုင်သော အခြေအနေမျိုးကို ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်လေသည်။
သို့သော် သတ္တုရှာဖွေရေး လုပ်ငန်းဆိုသည်မှာ အမှန်တကယ်ပင် ရှုပ်ထွေးလှပေသည်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ရှာဖွေရေး လုပ်ငန်းစဉ်များ ပိုမို အဆင့်မြင့်လာပြီး လွယ်ကူလာမည် ဖြစ်သော်လည်း သတ္တုတွင်း ဆိုသည်မှာ တိတိကျကျ ပြောဆို၍ မရသော အရာတစ်ခု ဖြစ်သည်။
ယခင်က တရုတ်နိုင်ငံကို ရေနံရှားပါးသော နိုင်ငံဟု ဆိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရေနံများ တွေ့ရှိခဲ့သည် မဟုတ်ပါလား။ နေရာအချို့တွင် ရွှေသတ္တုတွင်းများ ကုန်သွားပြီဟု ဆိုသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကြီးမားသော သတ္တုကြော အသစ်များ ထပ်မံ ထွက်ပေါ်လာတတ်သည် မဟုတ်ပါလား။
"ငါတို့ ဒီသတင်းကို ကုမ္ပဏီ ရုံးချုပ်ကို ချက်ချင်း အကြောင်းကြားရမယ်... အကယ်လို့ ကြီးမားတဲ့ သတ္တုကြောကြီးသာ ဖြစ်နေမယ် ဆိုရင် ငါတို့ ကုမ္ပဏီ အနေနဲ့ ဒီတရုတ်လူမျိုးဆီကနေ သတ္တုကြောကို ဝယ်ယူလို့ ရအောင်လို့..." အက်စတန်က ဂျက်ဆန်အား တိုးတိုးလေး ပြောလိုက်လေသည်။
"အင်း... ငါ အခုပဲ ကုမ္ပဏီ ရုံးချုပ်ကို ဖုန်းဆက်လိုက်မယ်..." ဂျက်ဆန်က ပြောပြီးသည်နှင့် ဘေးသို့ ထွက်ကာ ဖုန်းဆက်လေတော့သည်။ သတ္တုကြော ဆိုသည်မှာ ငွေကြေးပင် ဖြစ်ရာ ဤလုပ်ငန်း လုပ်ကိုင်သူတိုင်း ငွေမရှာချင်ဘဲ နေပါမည်လား။ ဆွန်ဖုန်း၏ နေရာတွင် သတ္တုကြော တွေ့ရှိသည်ကို မြင်သောအခါ သူတို့ မည်သို့ ငြိမ်နေနိုင်မည်နည်း။
အကယ်၍ ဆွန်ဖုန်းက ဤမြေနေရာကို ဝယ်ယူမထားရသေးလျှင် သူတို့ ကိုယ်တိုင် ချက်ချင်း စတင် တူးဖော်လောက်ပြီ ဖြစ်သည်။
လက်ရှိ ကနေဒါနိုင်ငံတွင် သတ္တုကြောများ တစ်နေ့တခြား နည်းပါးလာပြီး တူးဖော်မှုများလည်း ပိုမို ကြီးမားလာရာ ဤနေရာတွင် သတ္တုကြော တစ်ခု တွေ့ရှိပါက သေချာပေါက် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ခွဲဝေရယူလိုကြမည် ဖြစ်သည်။
"ဘယ်လို အခြေအနေ ရှိလဲ..." ဆွန်ဖုန်းက အက်စတန် အနီးသို့ ရောက်လာပြီး မေးလိုက်လေသည်။
"အော်... မစ္စတာဆွန်... ဒီလိုပါ... စက်ကိရိယာတွေအရ မြေအောက်မှာ သတ္တုကြော ရှိနေတာ သေချာပါတယ်... လက်ရှိ အသေးစိတ် ထပ်ပြီး စစ်ဆေးနေလို့ ခဏလောက်တော့ စောင့်ရပါဦးမယ်..." အက်စတန်က မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးကာ ဖြေလိုက်လေသည်။
"အင်း... သတ္တုကြော ရှိတယ်ဆိုရင် ကောင်းတာပေါ့..." ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။
"မစ္စတာဆွန်က ဒီလွင်ပြင်ငယ်အောက်မှာ သတ္တုကြော ရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ မသိဘူး..." အက်စတန်သည် မျက်လုံးကို ကလယ်ကလယ် လုပ်ကာ အကြံအစည် တစ်ခုဖြင့် မေးလိုက်လေသည်။
"ဟဲဟဲ... အဲဒီကိစ္စကို အက်စတန် စိတ်ပူနေစရာ မလိုပါဘူး... ခင်ဗျားရဲ့ တာဝန်က ဒါ ဘာသတ္တုကြောလဲ၊ ပမာဏ ဘယ်လောက် ရှိလဲ ဆိုတာကိုပဲ သေချာ စစ်ဆေးပေးဖို့ပါပဲ..." ဆွန်ဖုန်းက အေးစက်စွာ ပြုံး၍ ဖြေလိုက်လေသည်။ အက်စတန်၏ စကားကို ကြားသည်နှင့် သူ ဘာကြံစည်နေသည်ကို ဆွန်ဖုန်း ကောင်းစွာ သိရှိလေသည်။ သတင်းနှိုက်ချင်နေသည် မဟုတ်ပါလား။ လုံးဝ စိတ်ကူးယဉ် မနေပါနှင့်။
"အော်... ဟုတ်ကဲ့ပါ..." အက်စတန်၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး ဆက်မမေးတော့ချေ။
ဘေးရှိ သတင်းထောက်များက ဤနေရာတွင် သတ္တုကြော အမှန်တကယ် ရှိကြောင်း ကြားသောအခါ အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး အက်စတန်အား သတ္တုကြောနှင့် ပတ်သက်သော မေးခွန်းများ စတင် မေးမြန်းကြလေတော့သည်။
"သူဌေး... ငါတို့တော့ ချမ်းသာပြီ ထင်တယ်..." စူးမေးက ဆွန်ဖုန်း အနီးသို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။ သူမ၏ လှပသော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလေသည်။
"ဟဲဟဲ... ချမ်းသာပြီလို့တော့ မပြောရဲသေးပါဘူး... ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ငါတို့ စီးပွားရေး လုပ်စရာ ရှိသွားပြီပေါ့..." ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။
"သူဌေး... ရှင်က ဒီမြေနေရာအောက်မှာ သတ္တုကြော ရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ... အရင်တုန်းက ရှင် ဧက နှစ်ထောင်ကျော်လောက် ဝယ်မယ် ပြောတုန်းက ရှင့်ဦးနှောက်များ တစ်ခုခု ဖြစ်နေပြီလားလို့ ကျွန်မတောင် ထင်မိသေးတယ်..." စူးမေးက လျှာလေးထုတ်ကာ နောက်ပြောင်၍ ပြောလိုက်လေသည်။ သီတင်းပတ် အနည်းငယ် အတူနေထိုင်လာပြီးနောက် ဆွန်ဖုန်းမှာ ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်ကြောင်း သိလာသဖြင့် စူးမေးလည်း ယခုကဲ့သို့ နောက်ပြောင်ရဲလာခြင်း ဖြစ်သည်။
"ဟဲဟဲ... ဘယ်လို သိသလဲ ဆိုတာကတော့ မင်း မေးစရာ မလိုပါဘူး..." ဤအရာများ အားလုံးမှာ သူ၏ အစီအစဉ်များသာ ဖြစ်ကြောင်း ဆွန်ဖုန်းက လုံးဝ ပြောပြမည် မဟုတ်ချေ။
တစ်နာရီကျော် အကြာတွင်...
သတ္တုရှာဖွေရေး အဖွဲ့မှ စက်ကိရိယာများဖြင့် စစ်ဆေးမှုအရ ဤမြေနေရာအောက်ရှိ သတ္တုကြောမှာ သံသတ္တုကြော ဖြစ်ပြီး ပမာဏမှာ တန်ချိန် သန်း ၉၀ ခန့် ရှိကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
ဤသတင်း ထွက်ပေါ်လာသည်နှင့် သတင်းထောက်များအားလုံး အံ့ဩမှင်တက်သွားကာ မေ့လဲတော့မတတ် ဖြစ်သွားကြလေသည်။ စူးမေးလည်း အလွန် ဝမ်းသာသွားပြီး ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဆွန်ဖုန်းထက်ပင် ပို၍ အော်ဟစ် ပျော်ရွှင်နေလေတော့သည်။ သို့သော် ဆွန်ဖုန်း တစ်ယောက်တည်းသာ တည်ငြိမ်စွာ ပြုံး၍ ရပ်နေလေသည်။
(တစ်ဖန် ပြန်လည် အသိပေးလိုသည်မှာ ဤမြေနေရာတွင် အမှန်တကယ် သံသတ္တုကြော မရှိပါ။ ဇာတ်လိုက်က သတ္တုရှာဖွေရေး အဖွဲ့၏ စက်ကိရိယာများကို နှောင့်ယှက်ရန် သတ္တုကြော အတု ဖော်ပြစက် ကို အသုံးပြုထားခြင်းသာ ဖြစ်ပြီး ထို့ကြောင့် ဤနေရာတွင် သံသတ္တုကြော ရှိနေသည်ဟု ဖော်ပြနေခြင်း ဖြစ်သည်။ ဇာတ်လိုက်သည် ဤအတုအယောင် သံသတ္တုကြောကို အကြောင်းပြချက် ပေးကာ ပင်လယ်ကြမ်းပြင်မှ တူးဖော်လာသော သံသတ္တုရိုင်းများကို ဤမြေအောက်သို့ လာရောက် ထည့်သွင်းမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဆွန်ဖုန်း၏ သံသတ္တုရိုင်းများအတွက် ထွက်ပေါက်တစ်ခု ရရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် ဆက်လက်၍ သေချာစွာ ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဖတ်မိဖတ်ရာ ဖတ်ပြီး အထင်အမြင်လွဲမှားကာ ဝေဖန်ခြင်းများ မပြုလုပ်ကြရန် တောင်းဆိုအပ်ပါသည်။)
(TN/ မူရင်းစာရေးသူပြောတာနော်)