အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) မားလ် သံသတ္တုတွင်းဟု အမည်ပေးခြင်း
ဆွန်ဖုန်းသည် မြေအောက် ဂိုဒေါင် တည်ဆောက်ပြီးစီးသွားသည်ကို မြင်သောအခါ သိုလှောင်ရုံ စနစ်ထဲတွင် ကျန်ရှိနေသေးသော တောင်တရုတ်ပင်လယ်မှ ခိုးယူလာသည့် သံသတ္တုရိုင်း တန်ချိန် သန်း ၃၀ ကို ထိုမြေအောက် ဂိုဒေါင်ထဲသို့ ထည့်သွင်းလိုက်လေသည်။
ယခုဆိုလျှင် ဖောက်သည်များက သံသတ္တုရိုင်းများ လာရောက် ဝယ်ယူပါက ချက်ချင်း ရောင်းချပေးနိုင်ပြီ ဖြစ်သည်။ မြေအောက် ဂိုဒေါင်ကြီး ရှိနေပြီး ထိုထဲတွင် သံသတ္တုရိုင်း တန်ချိန် သန်း ၃၀ လည်း အဆင်သင့် ရှိနေပြီ ဖြစ်ရာ ပို့ဆောင်ရေး လမ်းကြောင်းကို ဖွင့်လိုက်သည်နှင့် သံသတ္တုရိုင်းများက မြေပြင်ပေါ်သို့ ဆက်တိုက် ရောက်ရှိလာပြီး ကားများပေါ်သို့ တိုက်ရိုက် တင်ဆောင်နိုင်မည် ဖြစ်သည်။
သို့သော် ယခုချက်ချင်း ဖောက်သည်များ လာရောက် ဝယ်ယူလျှင်တောင်မှ ဆွန်ဖုန်းက ချက်ချင်း ရောင်းချပေးမည် မဟုတ်သေးချေ။ မည်သို့ပင်ဆိုစေ ဤနေရာက အသစ်တွေ့ရှိထားသော သတ္တုတွင်း ဖြစ်ရာ ဟန်ဆောင်ကာ အချိန်ဆွဲထားရန် လိုအပ်ပေသည်။
ယနေ့မှ သတ္တုကြော တွေ့ရှိကြောင်း သတင်းကြေညာပြီး မနက်ဖြန်တွင် ချက်ချင်း စတင် ရောင်းချနေပါက ဇာတ်လမ်း ပျက်သွားမည် မဟုတ်ပါလား။ ထိုသို့လုပ်ဆောင်ခြင်းက ဤသတ္တုတွင်းမှာ အတုဖြစ်ကြောင်း အခြားသူများကို ပေါ်ပေါ်ထင်ထင် ပြောပြနေသကဲ့သို့ ဖြစ်သွားပေမည်။
ထို့ကြောင့် ဆွန်ဖုန်းသည် တစ်လ၊ နှစ်လခန့် အချိန်ဆွဲထားပြီးမှသာ သံသတ္တုရိုင်းများကို စတင် ရောင်းချရန် ရည်ရွယ်ထားလေသည်။ ထိုအချိန်အတွင်း သူဝယ်ယူထားသော ဤမြေနေရာကို သေချာစွာ တည်ဆောက် ပြင်ဆင်ရန် စီစဉ်ထားသည်။
အနည်းဆုံးတော့ တွင်းပေါက် တစ်ပေါက်တည်းသာ ရှိပြီး ဘာမှ မရှိသော နေရာမျိုး မဖြစ်စေရချေ။ ထိုသို့ဆိုလျှင် အခြားသူများ၏ သံသယကို အလွယ်တကူ ခံရနိုင်ပေသည်။
နောက်တစ်လ အကြာတွင် ဆွန်ဖုန်းသည် တွင်းဝ ပတ်လည်တွင် ခြံစည်းရိုးများ ကာရံခြင်း၊ သတ္တု တူးဖော်ရေး စက်ကိရိယာ အချို့ကို အလှပြ တပ်ဆင်ခြင်းနှင့် ဖောက်သည်များ လာရောက် ဝယ်ယူသည့်အခါ ငွေရှင်းရန်နှင့် ရုံးလုပ်ငန်းများ လုပ်ဆောင်ရန် အဆောက်အအုံ တစ်ခု တည်ဆောက်ခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။
ထို့အပြင် လုံခြုံရေး ဝန်ထမ်း ဆယ်ဦးနှင့် သန့်ရှင်းရေး အလုပ်သမား သုံးလေးဦးခန့်ကိုလည်း ငှားရမ်းထားလိုက်လေသည်။
ဆွန်ဖုန်းသည် ဤသံသတ္တုတွင်းကို မားလ် သံသတ္တုတွင်း ဟု အမည်ပေးလိုက်လေသည်။
တစ်လခန့် အကြာတွင် လူသူကင်းမဲ့သော ဤလွင်ပြင်ငယ်လေးမှာ အဆောက်အအုံများ၊ စက်ကိရိယာများနှင့်အတူ မားလ် သံသတ္တုတွင်းဆီသို့ ဦးတည်သော လမ်းတစ်လမ်းပါ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
တစ်လတာ ကာလအတွင်း ဟိုဟိုဒီဒီ တည်ဆောက် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် စတုရန်း ကီလိုမီတာ ဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ဤလွင်ပြင်ငယ်လေးပေါ်တွင် သံသတ္တုတွင်း တစ်ခု အမှန်တကယ် ပေါ်ပေါက်လာခဲ့လေပြီ။
ဆွန်ဖုန်းသည် မားလ် သံသတ္တုတွင်းကို ကြည့်ကာ အတော်လေး သပ်ရပ်သွားပြီ ဖြစ်ကြောင်း မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေသည်။ လွန်ခဲ့သော တစ်လကျော်က စူးမေးနှင့်အတူ ကနေဒါနိုင်ငံသို့ ရောက်ရှိလာချိန်မှ စ၍ ယခုအခါတွင် သူ၏ ရည်မှန်းချက်များ အားလုံး အောင်မြင်သွားပြီ ဖြစ်သည်။
မြေနေရာ ဝယ်ယူခြင်း၊ သတ္တုကြော အတု ဖန်တီး၍ သတင်းဖြန့်ခြင်း၊ မြေအောက် ဂိုဒေါင် တူးဖော်ခြင်း၊ မြေပြင်ပေါ်တွင် သတ္တုတွင်း ဟန်ဆောင် တည်ဆောက်ခြင်း အစရှိသည်တို့ အားလုံး အောင်မြင်သွားပြီ ဖြစ်သည်။
ဤသည်မှာ ဆွန်ဖုန်း၏ ကြီးကျယ်သော အစီအစဉ်၏ ပထမဆုံး ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။
နောင်တွင် သူ ပင်လယ်ကြမ်းပြင်မှ တူးဖော်ရရှိလာသော သံသတ္တုရိုင်းများအတွက် လုံခြုံစိတ်ချရသော ထွက်ပေါက်တစ်ခု ရရှိသွားပြီ ဖြစ်သည်။
သူ၏ သံသတ္တုရိုင်းများမှာ ဤမြေနေရာအောက်မှ ထွက်ရှိလာခြင်း ဖြစ်သည်ဟု အခြားသူများက ထင်မှတ်သွားကြမည် ဖြစ်ပြီး မြေအောက်တွင် အမှန်တကယ် သံသတ္တုကြော မရှိကြောင်းနှင့် ဆွန်ဖုန်းက ပင်လယ်ကြမ်းပြင်မှ တူးဖော်လာခြင်း ဖြစ်ကြောင်းကို မည်သူမျှ သိရှိမည် မဟုတ်ချေ။
ဤမားလ် သံသတ္တုတွင်းမှာ ဆွန်ဖုန်း၏ သံသတ္တုရိုင်းများ မည်သည့် နေရာမှ ရောက်ရှိလာသည်ကို ဖုံးကွယ်ပေးမည့် အကာအကွယ် တစ်ခုသာ ဖြစ်ပေသည်။
ဤသတ္တုတွင်း ရှိနေသရွေ့ ဆွန်ဖုန်း အနေဖြင့် ပင်လယ်ကြမ်းပြင်တွင် စိတ်ကြိုက် တူးဖော်နိုင်မည် ဖြစ်ပြီး တူးဖော်ရရှိလာသမျှကိုလည်း စိတ်ကြိုက် ရောင်းချနိုင်မည် ဖြစ်သည်။ ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးမည်ကို လုံးဝ ကြောက်ရွံ့စရာ မလိုတော့သလို စိုးရိမ် ထိတ်လန့်နေစရာလည်း မလိုတော့ချေ။
ဤသည်မှာ ဆွန်ဖုန်း ကနေဒါနိုင်ငံသို့ လာရောက် အခြေချရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။
"ကောင်းပြီ... နောက်တစ်ဆင့်ကတော့ ဖောက်သည်တွေ လာဝယ်မယ့် အချိန်ကို စောင့်ရုံပဲ... မြေအောက် ဂိုဒေါင်ထဲက တန်ချိန် သန်း ၃၀ လောက်ကို ရောင်းလို့ ကုန်ခါနီးကျရင်... ပင်လယ်ကြမ်းပြင်ကို သွားပြီး ထပ်တူးရမယ်... ဟဲဟဲ ဟဲ..."
ဆွန်ဖုန်းသည် ဆေးလိပ်သောက်ရင်း သူ၏ မားလ် သံသတ္တုတွင်းကို ကြည့်ကာ သဘောကျလွန်း၍ ရယ်မောလိုက်လေသည်။
နောင်တွင် ရွှေတွင်း ငွေတွင်းကြီး တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ပင်လယ်ကြမ်းပြင်ရှိ သယံဇာတ အားလုံးကို လွှမ်းမိုး ချုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။ အကယ်၍ နောင်တွင် ပင်လယ်ကြမ်းပြင်မှ ရေနံများကို တူးဖော်မည် ဆိုလျှင်လည်း ဤမားလ် သံသတ္တုတွင်း ကဲ့သို့ပင် လုပ်ဆောင်မည် ဖြစ်သည်။
မြေနေရာ တစ်ခု ဝယ်ယူကာ ထိုနေရာတွင် ရေနံ ရှိနေကြောင်း သတင်းဖြန့်မည်၊ ထို့နောက် မြေအောက် သိုလှောင်ရုံ တည်ဆောက်ပြီး ပင်လယ်ကြမ်းပြင်မှ ရေနံများကို ထိုထဲသို့ ထည့်သွင်းကာ ရောင်းချမည် ဖြစ်သည်။ လုံးဝ အဆင်ပြေချောမွေ့သော နည်းလမ်းပင် ဖြစ်လေသည်။
ဤတစ်လတာ ကာလအတွင်း သတ္တုတွင်း ကုမ္ပဏီ အများအပြားက ဆွန်ဖုန်းကို ဆက်သွယ်ကာ ဤသံသတ္တုကြောကို တစ်ခါတည်း ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာကြလေသည်။
သို့သော် ဆွန်ဖုန်းက မည်သို့ ရောင်းချမည်နည်း။ သူတို့က မည်မျှ ဈေးကောင်းပေးပေး ဆွန်ဖုန်း လုံးဝ ရောင်းချမည် မဟုတ်ချေ။
အကယ်၍ ဤမြေနေရာကို အခြားသူများအား ရောင်းချလိုက်ပါက ထိုလူများ စတင် တူးဖော်ချိန်တွင် မြေအောက်၌ မည်သည့် သံသတ္တုကြောမှ မရှိကြောင်း တွေ့ရှိသွားမည် ဖြစ်ပြီး ထိုအချိန်ကျလျှင် ရဲတပ်ဖွဲ့နှင့်အတူ သူ့ကို လာရောက် ဖမ်းဆီးကြမည်မှာ သေချာလှပေသည်။
သို့သော် ဤတစ်လအတွင်းတွင် ဆွန်ဖုန်းထံသို့ သံသတ္တုရိုင်းများ စတင် ထွက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းကာ ကြိုတင် အော်ဒါ လာရောက် မှာယူသူ ဖောက်သည် အများအပြား ရှိနေခဲ့လေသည်။
ထို့ကြောင့် တစ်လပြည့်ပြီးနောက် ဆွန်ဖုန်းသည် သံသတ္တုရိုင်းများကို တရားဝင် စတင် ရောင်းချခဲ့ရာ ကြိုတင် အော်ဒါ မှာယူထားသော ဖောက်သည်များက ကားတန်းကြီးများဖြင့် လာရောက် တင်ဆောင်ကြလေတော့သည်။
တစ်ပတ် အတွင်းမှာပင် ဆွန်ဖုန်း၏ မားလ် သံသတ္တုတွင်းမှ သံသတ္တုရိုင်း တန်ချိန် ၅ သိန်း ကို ရောင်းချနိုင်ခဲ့လေသည်။ လက်ရှိ ဈေးကွက် ပေါက်ဈေးအရ သံသတ္တုရိုင်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၉၀ ဝန်းကျင် ရှိရာ တစ်ပတ် အတွင်းမှာပင် ဆွန်ဖုန်းသည် အမေရိကန် ဒေါ်လာ ၄၅ သန်းကို ရရှိခဲ့လေသည်။
ကမ္ဘာ့ သံသတ္တုရိုင်း ဈေးနှုန်းမှာ ၂၀၁၃ ခုနှစ်က တစ်တန်လျှင် ဒေါ်လာ ၁၆၀၊ ၁၇၀ ခန့် ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၈၀၊ ၉၀ ခန့်အထိ ဆက်တိုက် ကျဆင်းလာခဲ့သော်လည်း ဆွန်ဖုန်း၏ သံသတ္တုရိုင်းများမှာ ပင်လယ်ကြမ်းပြင်မှ အခမဲ့ ရရှိလာခြင်း ဖြစ်ရာ မည်မျှပင် ဈေးကျကျ သူကတော့ အမြတ်အစွန်းများစွာ ရရှိနေဆဲ ဖြစ်လေသည်။
ဗီလာအိမ်ကြီး၏ ထမင်းစားပွဲတွင်...
"သူဌေး... ကျွန်မတို့ သံသတ္တုရိုင်း စရောင်းတာ တစ်ပတ်ပဲ ရှိသေးတယ်... တန်ချိန် ၅ သိန်းတောင် ရောင်းလိုက်ရတယ်... တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်..."
စူးမေးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ သူမ ကနေဒါနိုင်ငံသို့ ရောက်ရှိလာသည်မှာ တစ်လကျော်သာ ရှိသေးသော်လည်း ဆွန်ဖုန်းက ဒေါ်လာ သန်း ၄၀ ကျော် အမြတ်အစွန်း ရရှိသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန် အံ့ဩမှင်တက်နေမိလေသည်။
"မင်းက ဘာမှ မမြင်ဖူးသေးလို့ပါ..."
ဆွန်ဖုန်းက အထင်သေးစွာ ပြောလိုက်လေသည်။ ယခင်က သူသည် စုန်းကျဲအား သံသတ္တုရိုင်း တန်ချိန် ၅ သန်းကို တစ်ခါတည်း ရောင်းချခဲ့ဖူးသည် မဟုတ်ပါလား။
"......"
"သူဌေး... မနက်ဖြန် ကျွန်မ ပြည်တွင်းကို ပြန်သွားမလို့... လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေ အားလုံး အဆင်ပြေသွားပြီ... နောက်ဆုံး လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်..."
စူးမေးက ဆွန်ဖုန်းကို ပြောလိုက်လေသည်။
"အင်း... ငါ ဒီကို ရောက်နေတာလည်း တော်တော် ကြာနေပြီဆိုတော့... ပြန်သွားမလို့ စဉ်းစားနေတာ... မနက်ဖြန် မင်းနဲ့ အတူတူ ပြန်ကြတာပေါ့... ငါ့အတွက်ပါ လေယာဉ်လက်မှတ် တစ်စောင် ကြိုမှာထားလိုက်ဦး..."
ဆွန်ဖုန်းက ပြောလိုက်လေသည်။
သူ ဟယ်မင်ယီနှင့် ခွဲခွာနေရသည်မှာ တစ်လကျော် ရှိနေပြီ ဖြစ်သည်။ လက်ရှိ ဤနေရာတွင် လုပ်ဆောင်စရာ ကိစ္စများ အားလုံး အကြမ်းဖျင်း ပြီးစီးသွားပြီ ဖြစ်ရာ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အိမ်ပြန်ရောက်ပါက ဟယ်မင်ယီကို ကနေဒါနိုင်ငံသို့ ခေါ်လာရန် စီစဉ်ရမည် ဖြစ်သည်။ နောင်တွင် သူ၏ အဓိက စီးပွားရေး လုပ်ငန်းများမှာ ဤနေရာတွင်သာ ရှိနေမည် မဟုတ်ပါလား။
ထို့အပြင် ဤတစ်ခေါက် အိမ်ပြန်ရောက်ပါက သူ၏ လက်ဝယ်ရှိ ကျောက်စိမ်းများ၊ အပြာနှင့်အဖြူစပ် ကြွေထည်များနှင့် ရှေးဟောင်း ပစ္စည်းများကို ရောင်းချရန်လည်း ရည်ရွယ်ထားလေသည်။
ရွှေ တန်ချိန် ၃၀ ကျော်ကိုမူ ချက်ချင်း ရောင်းချရန် မရဲသေးသဖြင့် နောက်မှ အခွင့်အရေး ကြည့်၍ ရောင်းချရန်သာ စဉ်းစားထားလေသည်။
"ဟုတ်ကဲ့ပါ ရှင်..."
စူးမေးက ခေါင်းညိတ်လိုက်လေသည်။
"ဒါနဲ့... မင်း အိမ်ပြန်ပြီး လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေ ပြီးတာနဲ့ ဒီကို အမြန်ဆုံး ပြန်လာခဲ့နော်... မားလ် သံသတ္တုတွင်းနဲ့ ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီက မင်း မရှိလို့ မဖြစ်ဘူး..."
ဆွန်ဖုန်းက စူးမေးကို မှာကြားလိုက်လေသည်။
ဤတစ်ကြိမ် ဆွန်ဖုန်း အိမ်ပြန်ပါက အနည်းဆုံး တစ်ပတ်ခန့် နေမည် ဖြစ်သည်။ သို့သော် ဤဘက်ရှိ သံသတ္တုတွင်းနှင့် ကုမ္ပဏီကို ကြီးကြပ်ကွပ်ကဲမည့်သူ မရှိ၍ မဖြစ်ချေ။ လက်ရှိတွင် စူးမေးကိုသာ ခိုင်းစေရမည် ဖြစ်သည်။
သူမသည် ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာလည်း ဖြစ်ရာ ဤကိစ္စများကို သူမသာ လုပ်ဆောင်ရမည် ဖြစ်သည်။ ဆွန်ဖုန်းကမူ အလုပ်အားလုံးကို လွှဲချထားသော သူဌေးကြီး အဖြစ်သာ နေမည် ဖြစ်သည်။
"ရပါတယ်... ပြည်တွင်းရောက်ရင် တစ်ရက်လောက်ဆို အားလုံး ပြီးပါပြီ... ပြီးတာနဲ့ အဲဒီနေ့ ညပိုင်း လေယာဉ်နဲ့ ဒီကို ချက်ချင်း ပြန်လာခဲ့ပါ့မယ်..."
စူးမေးက စိတ်အားထက်သန်စွာဖြင့် ဖြေလိုက်လေသည်။ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ အတွင်းရေးမှူး အဖြစ်မှ တစ်လမပြည့်မီ အထွေထွေ မန်နေဂျာ ရာထူးသို့ တိုးမြှင့်ခံရသူ ဖြစ်ရာ အလုပ်ကို ကြိုးစား မလုပ်ဘဲ နေပါမည်လား။ ထို့အပြင် သူမတွင် ဤရာထူးကို တာဝန်ယူနိုင်သော အရည်အချင်း အပြည့်အဝ ရှိနေသည် မဟုတ်ပါလား။
"အင်း... ဒီလိုလုပ်ပါ... မင်းလည်း ရာထူးတိုးသွားပြီဆိုတော့... မင်းရဲ့ တစ်နှစ်စာ လစာကို အမေရိကန် ဒေါ်လာ တစ်သန်း အဖြစ် တိုးမြှင့်ပေးလိုက်မယ်..."
ဆွန်ဖုန်းက လုံးဝ နှမြောခြင်း မရှိဘဲ ယခင်က ယွမ် တစ်သန်း ဖြစ်သော လစာကို အမေရိကန် ဒေါ်လာ တစ်သန်း အဖြစ် ပြောင်းလဲ သတ်မှတ်ပေးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် သူဌေး... ကျွန်မ အစွမ်းကုန် ကြိုးစား လုပ်ဆောင်သွားပါ့မယ် ရှင်..."
စူးမေးမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျတော့မတတ် ဖြစ်သွားရလေသည်။ အသက် ၂၃ နှစ် အရွယ် ပညာတတ် ကောင်မလေး တစ်ယောက် အနေဖြင့် တစ်နှစ်စာ လစာ အမေရိကန် ဒေါ်လာ တစ်သန်း ရရှိမည့် အပြင် အထွေထွေ မန်နေဂျာ ရာထူးကိုပါ ရရှိပြီး သူဌေး၏ အပြည့်အဝ ယုံကြည်မှုကို ရရှိထားသည် ဆိုတော့ မည်သူက မဝမ်းသာဘဲ နေမည်နည်း။