အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) အိမ်ပြန်ခြင်း
နောက်တစ်နေ့တွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် အမိနိုင်ငံသို့ ပြန်မည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ကြလေသည်။
အိမ်နှင့် ခွဲခွာနေရသည်မှာ တစ်လကျော် ရှိနေပြီ ဖြစ်ရာ ဆွန်ဖုန်းမှာ ထိုကောင်မလေး ဟယ်မင်ယီကို အလွန် လွမ်းဆွတ်နေမိလေသည်။ ဤကာလအတွင်း သူမ ကောင်းကောင်း စားသောက် အိပ်စက်နိုင်ပါရဲ့လား၊ ဗိုက်ထဲက ကလေးလေးရော ဘယ်လို အခြေအနေ ရှိနေပြီလဲ ဆိုသည်ကို သူ အလွန် သိချင်နေမိသည်။
"အိမ်ပြန်ချင်စိတ်တွေ လောနေပြီကွာ..."
ဆွန်ဖုန်းက လေယာဉ်ပေါ်တွင် ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ ပြာလဲ့သော ကောင်းကင်ကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။ ကနေဒါနိုင်ငံတွင် တစ်လကျော် နေထိုင်ခဲ့ရသော်လည်း အမှန်တကယ်တော့ သူ သိပ်မပျော်ရွှင်ခဲ့ချေ။ ထိုနေရာတွင် လူသူစိမ်းကျက်ပြီး စကားပြောစရာဆို၍ စူးမေး တစ်ယောက်တည်းသာ ရှိသည်။ သို့မဟုတ်ပါက အလုပ်များနေခြင်းသာ ရှိသည်။ သူစိမ်းပြင်ပြင် ပတ်ဝန်းကျင်က မိမိအိမ်လို ဘယ်မှာ သက်တောင့်သက်သာ ရှိပါမည်နည်း။ သို့သော် စီးပွားရေးအတွက် မွေးရပ်မြေကို စွန့်ခွာခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ် အရေးကြီးဆုံးမှာ မိသားစု တစ်ခု ရှိလာခြင်းပင် ဖြစ်သည်။ မသိမသာဖြင့် အသက် ၂၄ နှစ် အရွယ် ဆွန်ဖုန်းတွင် မိသားစု တစ်ခု ရှိလာခဲ့ပြီ ဖြစ်ပြီး မကြာမီ အနာဂတ်တွင် ဖခင် တစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပါလား။
"ဟုတ်တယ်... အိမ်ပြန်ရောက်ရင် ကျွန်မ တစ်ဝကြီး စားပစ်ဦးမယ်... ကနေဒါမှာ နေ့တိုင်း ပေါင်မုန့်နဲ့ အမဲသားကင်ချည်း စားနေရတာ အန်ချင်လာပြီ..."
စူးမေးက ဆွန်ဖုန်းကို လျှာလေးထုတ်ပြကာ မြည်တွန်တောက်တီးလိုက်လေသည်။
"ဟား ဟား... အိမ်ပြန်ရောက်ရင် မင်းကို ငါ အစားကောင်းတွေ လိုက်ကျွေးမယ်..."
ဆွန်ဖုန်းက ဆွဲဆောင်မှုရှိသော စူးမေးကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။
"အို... ရှင်ပြောပြီးသားနော်..."
စူးမေးက ပြုံးလိုက်ရာ သူမ၏ ကြည်လင်သော မျက်လုံးဝိုင်းလေးများက လခြမ်းလေးများ အဖြစ် ပြောင်းလဲသွားလေသည်။
"သေချာတာပေါ့... ငါ့ရဲ့ အဓိက တာဝန်ခံကြီးကို သေချာပေါက် ကျွေးရမှာပေါ့..."
ဤတစ်လကျော် ကာလအတွင်း စူးမေးမှာ ဆွန်ဖုန်းအတွက် ဟိုဟိုဒီဒီ ပြေးလွှား အလုပ်လုပ်ပေးခဲ့ရပြီး နေ့စဉ် ခြေမအား၊ လက်မအား ရှိခဲ့ရသည်။ ဤကာလတိုလေး အတွင်းမှာပင် သူမ အတော်လေး ပိန်ကျသွားခဲ့သော်လည်း ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်လေသည်။
"ကျွန်မကို သီးသန့် လိုက်ကျွေးရင် ရှင့်ချစ်သူ သိသွားမှာ မကြောက်ဘူးလား ရှင်..."
စူးမေးက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ နောက်ပြောင်၍ မေးလိုက်လေသည်။
"သိတော့ရော ဘာဖြစ်လဲ... ငါက မယားငယ်နဲ့ ထမင်းသွားစားတာမှ မဟုတ်တာ... ဘာကြောက်စရာ ရှိလို့လဲ..."
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ဖြေလိုက်လေသည်။
စူးမေးသည် ထိုစကားကို ကြားသောအခါ ပါးပြင်လေးများ အနည်းငယ် နီရဲသွားလေသည်။ မူလကတည်းက တိုင်းပြည်ကိုတောင် ပျက်စီးစေနိုင်လောက်အောင် လှပဆွဲဆောင်မှု ရှိပြီး နတ်မိမယ် တစ်ပါးကဲ့သို့ ဖြစ်နေသော သူမ၏ မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာသွားသောအခါ ပို၍ပင် ဆွဲဆောင်မှု ရှိသွားလေရာ ဆွန်ဖုန်းမှာ မျက်စိပင် မခွာနိုင်အောင် ဖြစ်သွားရလေသည်။
"သူဌေး... အဲဒီလောက်ကြီး စိုက်ကြည့်မနေပါနဲ့... နေရခက်လို့ပါ ရှင်..."
စူးမေးက ဆွန်ဖုန်း၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲတော့ဘဲ တိုးညင်းစွာ ပြောလိုက်လေသည်။
"ဘယ်သူက မင်းကို ဒီလောက် လှအောင် မွေးလာခိုင်းလို့လဲ... ဟူး... ငါတောင် မင်းကို လိုက်ချင်စိတ်တွေ ပေါက်လာပြီ..."
ဆွန်ဖုန်းမှာ မျက်နှာပြောင်တိုက်တတ်သူ ဖြစ်ရာ အနေရခက်ခြင်းဆိုသည်ကို လုံးဝ မသိရှိချေ။
"သူဌေး... ရှင့်မှာ ချစ်သူ ရှိနေပြီကိုများ ကျွန်မကို လိုက်ချင်သေးတယ်... တကယ် မိန်းမရှုပ်တဲ့ လူပဲ..."
စူးမေးက ဆွန်ဖုန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
"မိန်းမမရှုပ်ရင် ဘယ်သူကမှ မချစ်ဘူးလေ... ရိုးသားတဲ့ ယောက်ျားရဲ့ မိန်းမက ဖောက်ပြန်တတ်ပြီး... မိန်းမရှုပ်တဲ့ ယောက်ျားကိုမှ မိန်းမတွေက ဝိုင်းချစ်ကြတာပါဗျာ..."
"......"
ညနေ ၅ နာရီတွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် ဟိုင်ယန်မြို့သို့ ပြန်လည် ရောက်ရှိလာကြလေသည်။
ဆွန်ဖုန်းသည် ကတိအတိုင်း အနီးနားရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စူးမေးအား ထမင်းတစ်ဝကြီး ကျွေးလိုက်လေသည်။ ထမင်းစားပြီးနောက် စူးမေးက ဆွန်ဖုန်းကို နှုတ်ဆက်ကာ အိမ်သို့ ပြန်သွားလေသည်။
ဆွန်ဖုန်းသည်လည်း အငှားယာဉ် တစ်စီးဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။ သူ ပြန်လာမည့် အကြောင်းကို ဟယ်မင်ယီအား မပြောပြထားဘဲ အံ့ဩဝမ်းသာသွားစေရန် စီစဉ်ထားခြင်း ဖြစ်သည်။
"ဒင်ဒေါင်... ဒင်ဒေါင်..."
ဆွန်ဖုန်းသည် မိမိ၏ ဗီလာအိမ်ကြီး ရှေ့တွင် ရပ်ကာ လူခေါ်ခေါင်းလောင်းကို တီးလိုက်လေသည်။
ဧည့်ခန်းထဲတွင် ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေသော ဟယ်မင်ယီသည် အသံကြားသောအခါ တံခါးဝသို့ လာကြည့်လိုက်လေသည်။ အီလက်ထရောနစ် ဖန်သားပြင်မှ တစ်ဆင့် အပြင်တွင် ရပ်နေသူမှာ ဆွန်ဖုန်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဟယ်မင်ယီ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးများ ထွက်ပေါ်လာလေတော့သည်။
တံခါး ဖွင့်ပြီးနောက် ဆွန်ဖုန်းသည် ခြံဝင်းကို ဖြတ်၍ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။
"ချစ်လေး... ကိုယ် ပြန်ရောက်ပြီ..."
ဆွန်ဖုန်းသည် ခရီးဆောင်အိတ်ကို ချကာ ပြေးဝင်လာသော ဟယ်မင်ယီကို ဖမ်းဆီး ပွေ့ဖက်လိုက်လေသည်။
"လူဆိုးကြီး... အခုမှ ပြန်လာဖို့ သတိရတော့တယ်ပေါ့..."
ဟယ်မင်ယီ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေလေသည်။
"ဒီလောက် တင်းကျပ်နေအောင် မဖက်နဲ့လေ... ဗိုက်ထဲက ကလေးလေး ပိသွားဦးမယ်..."
ဆွန်ဖုန်းက ဟယ်မင်ယီ၏ ကျောပြင်လေးကို ဖွဖွလေး ပုတ်ကာ တိုးညင်းစွာ ပြောလိုက်လေသည်။ ဟယ်မင်ယီ ဤမျှ နူးညံ့ပျော့ပျောင်းနေသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် နွေးထွေးသွားလေသည်။
"ကဲ... ထမင်းစားပြီးပြီလား..."
ဆွန်ဖုန်းက ဟယ်မင်ယီကို လွှတ်ပေးလိုက်ပြီး မေးလိုက်လေသည်။
"မစားရသေးဘူး... သွားချက်ပေး... ရှင့် လက်ရာကို မစားရတာ ကြာပြီ..."
ဟယ်မင်ယီသည် ပထမဆုံး အကြိမ် အဖြစ် ဆွန်ဖုန်းအား ချွဲနွဲ့၍ ပြောလိုက်လေသည်။
"ဒီအချိန်အထိ ထမင်းမစားရသေးဘူးလား... ကြည့်စမ်း... အစားအသောက်တွေ မမှန်ပြန်ဘူး... ကိုယ် အိမ်မှာ မရှိတာနဲ့ မင်းက ဒီလို ဖြစ်နေတာပဲ..."
ဆွန်ဖုန်းက စိတ်ဆိုးချင်ယောင် ဆောင်ကာ ပြောလိုက်လေသည်။ "ကိုယ့်ကို တစ်ချက် နမ်း... မနမ်းရင် မချက်ပေးဘူး..."
ဟယ်မင်ယီက ဆွန်ဖုန်း စိတ်ဆိုးနေသည်ကို မြင်သောအခါ ရယ်မောကာ ဆွန်ဖုန်း၏ လက်ကို ဆွဲယမ်းရင်း ညုတုတု အသံလေးဖြင့် ပြောလိုက်လေသည်။
"သွားချက်ပေးပါနော်... ကျွန်မ မစားရင်တောင် ဗိုက်ထဲက ကလေးလေးက စားရဦးမယ်လေ..."
ထို့နောက် သူမသည် ခြေဖျားထောက်ကာ ဆွန်ဖုန်း၏ ပါးပြင်ကို လျင်မြန်စွာ တစ်ချက် နမ်းလိုက်ပြီးနောက် ကိုရီးယား ဇာတ်လမ်းတွဲ ဆက်ကြည့်ရန် ပြေးသွားလေတော့သည်။
"အိုကေ... ချက်ချင်း သွားချက်ပေးမယ်..."
ဆွန်ဖုန်းသည် တစ်ကိုယ်လုံး ခွန်အားတွေ ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရလေသည်။ သူနှင့် ဟယ်မင်ယီတို့၏ ဆက်ဆံရေးမှာ တစ်ဆင့် ထပ်မံ တိုးတက်လာပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလိုက်လေသည်။
နာရီဝက်ခန့် အကြာတွင် ဆွန်ဖုန်းသည် အာဟာရ ပြည့်ဝသော အိမ်ချက် ဟင်းလျာ အနည်းငယ်ကို ချက်ပြုတ် ပြီးစီးသွားရာ နှစ်ဦးသား နွေးထွေးသော ညစာကို အတူတကွ စားသောက်ကြလေသည်။ စောစောကမှ စူးမေးနှင့်အတူ ထမင်းစားခဲ့ပြီး ဖြစ်ရာ ဆွန်ဖုန်းမှာ သိပ်မစားနိုင်တော့ဘဲ ဟယ်မင်ယီ စားနေသည်ကိုသာ ကြည့်နေလိုက်လေသည်။
"ရှင်က ဘာလို့ မစားတာလဲ..."
ဟယ်မင်ယီက ထမင်းစားနေရင်း ခေါင်းမော့ကာ ဆွန်ဖုန်းကို မေးလိုက်လေသည်။
"ရပါတယ်... မင်းပဲ စား... မင်း စားနေတာကို ကိုယ် ကြည့်နေမယ်..."
"အရူးကြီး..."
ဟယ်မင်ယီက နှုတ်ခမ်းမဲ့ကာ ဆက်စားနေလိုက်လေသည်။ ကိုယ်ဝန် ရှိနေပြီ ဖြစ်ရာ ဟယ်မင်ယီ၏ အစားအသောက်မှာ အတော်လေး များပြားလာခဲ့လေသည်။
"......"
ညစာ စားပြီးနောက် ပန်းကန်များ ဆေးကြောပြီးသောအခါ ဟယ်မင်ယီသည် ဆွန်ဖုန်း၏ လုပ်ရပ်များကို သဘောကျကာ ဆွန်ဖုန်းအား ဂိမ်းတွင် အဆင့်တင်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
ထို့ကြောင့် စာကြည့်ခန်း အတွင်း လူတစ်ယောက် ကွန်ပျူတာ တစ်လုံးစီဖြင့် ဂိမ်းကို စတင် ကစားကြလေတော့သည်။
ဂိမ်းဆော့ရင်း စကားပြောကြရာ ဤတစ်လကျော် အတွင်း ဟယ်မင်ယီမှာ အတော်လေး အဆင်ပြေပြေ နေထိုင်ခဲ့ကြောင်း သိရလေသည်။ နေ့စဉ် လေ့ကျင့်ခန်း လုပ်သည်၊ အချိန်မှန် ထမင်းစားသည်၊ ညဘက်တွင် ဟွမ်ကျားချန်းနှင့် မကြာခဏ အပြင်ထွက် ထမင်းစားလေ့ ရှိပြီး အားလပ်ချိန်များတွင်လည်း ဟွမ်ကျားချန်းကို ခေါ်ကာ ဈေးဝယ်ထွက်လေ့ ရှိသဖြင့် သိပ်ပြီးတော့ မပျင်းရကြောင်း သိရလေသည်။
ဂိမ်းဆော့ပြီးနောက် ရေချိုးကာ အိပ်ရာဝင်ကြလေသည်။
ကုတင်ပေါ်တွင် နှစ်ဦးသား လှဲလျောင်းရင်း စကားပြောနေကြလေသည်။
"အင်း... လူဆိုးကြီး... ရှင် ပြောကြည့်... ကျွန်မတို့ ဘယ်တော့လောက် မင်္ဂလာဆောင်ရင် ကောင်းမလဲ... ကလေး မွေးပြီးမှ ကလေး ကင်ပွန်းတပ်ပွဲနဲ့ အတူတူ လုပ်မလား... ဒါမှမဟုတ် အခုပဲ အရင် မင်္ဂလာဆောင်လိုက်မလား..." ဟယ်မင်ယီက စဉ်းစားရခက်စွာဖြင့် မေးလိုက်လေသည်။
"မင်း သဘောပါပဲ... မိန်းမရေ..." ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။
"အိမ်ထောင်စုစာရင်းက အဖေ့ဆီမှာ ရှိနေတုန်းပဲ... အခု ကျွန်မ အိမ်ပြန်သွားယူရင် အဖေက ကျွန်မကို ပြန်ထွက်ခွင့် ပေးတော့မှာ မဟုတ်ဘူး..." ဟယ်မင်ယီက စိတ်ညစ်စွာဖြင့် ပြောလိုက်လေသည်။
"ဒါဆိုရင်လည်း ကလေး မွေးပြီးမှ မင်္ဂလာပွဲနဲ့ ကင်ပွန်းတပ်ပွဲကို တစ်ခါတည်း ပေါင်းလုပ်လိုက်တာပေါ့... အဲဒီအချိန်ကျရင် မင်းအဖေက အဘိုး ဖြစ်နေပြီပဲ... ငါတို့ မင်္ဂလာဆောင်တာကို သူ တားလိမ့်မယ် မထင်ဘူး..."
"အင်း... ဒါလည်း ဟုတ်တာပဲနော်..."
"အဲဒါနဲ့... မိန်းမရေ... ကိုယ် ကြားဖူးတာကတော့ ကိုယ်ဝန် သုံးလ ကျော်သွားရင် ဟိုကိစ္စ လုပ်လို့ ရတယ်တဲ့... ကိုယ်တို့ စမ်းကြည့်ကြမလား..." ဆွန်ဖုန်းက ဟယ်မင်ယီဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်လေသည်။
"သေချင်နေတာလား... အသေဆိုးနဲ့ သေသွားချင်လို့လား..." ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ အော်လိုက်လေသည်။
"မဖြစ်နိုင်ပါဘူး... ဒါက သိပ္ပံနည်းကျ အထောက်အထား ရှိပါတယ်... ဘယ်လိုလုပ် အသေဆိုးနဲ့ သေမှာလဲ..." ဆွန်ဖုန်းက နားမလည်စွာ ပြန်ပြောလိုက်လေသည်။
ဟယ်မင်ယီက ခဏစဉ်းစားပြီးနောက် ဆွန်ဖုန်းကို ကျောခိုင်းကာ လှည့်အိပ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်လေသည်။
"လူဆိုးကြီး... လာလေ..."
"ဟေး... အိုကေ... ဟဲဟဲ..." ဆွန်ဖုန်းမှာ အလွန် ဝမ်းသာသွားလေတော့သည်။
တစ်ညတာ ကုန်လွန်သွားပြီး နောက်တစ်နေ့တွင် နှစ်ဦးသား နေထွက်သည်အထိ အိပ်ရာမှ မထကြချေ။ အိပ်ချင်သလောက် အိပ်ပြီး ငွေရေရလွန်း၍ လက်ညောင်းသည် ဆိုသော စကားမှာ ဤကဲ့သို့သော ဘဝမျိုးကို ဆိုလိုခြင်းပင် ဖြစ်လေသည်။
နေ့သစ် တစ်ခုတွင် ဆွန်ဖုန်းသည် ဟယ်မင်ယီနှင့်အတူ လမ်းမလျှောက်ဖြစ်သည်မှာ ကြာပြီ ဖြစ်ရာ နံနက်စာ စားပြီးနောက် သူမနှင့်အတူ လမ်းလျှောက် ထွက်ခဲ့လေသည်။ လတ်ဆတ်သော လေကို ရှူရှိုက်ခြင်းက သန္ဓေသား ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည် မဟုတ်ပါလား။