← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) ဈေးတင်ခြင်း

"စားပွဲပေါ်မှာ တင်ထားတဲ့ ဒီပစ္စည်း နှစ်ခုကတော့ တန်ဖိုး မဖြတ်နိုင်လောက်အောင် ရှားပါးလှတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်... အားလုံးပဲ လေ့လာ ကြည့်ရှုပေးကြပါရှင်..."

အစီအစဉ် တင်ဆက်သူ မိန်းကလေးက အနက်ရောင် ပိတ်စကို ဆွဲခွာလိုက်သည်နှင့် ကြည်လင်တောက်ပနေသော ဖန်သားရည် ကျောက်စိမ်း နှစ်တုံးက လူတိုင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာလေသည်။

"အစိမ်းရောင် အပြည့်ပါတဲ့ ဖန်သားရည် ကျောက်စိမ်း နှစ်တုံးပါရှင်..." အစီအစဉ် တင်ဆက်သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

ထို့နောက် သူမက ထိုကျောက်စိမ်း နှစ်တုံး၏ အသေးစိတ် အချက်အလက်များကို စတင် ရှင်းပြလေတော့သည်။

"လခွီး... ဖန်သားရည် ကျောက်စိမ်းတောင်မှ ဒီလောက် ကြီးတာလား... လူကြီး တစ်ယောက်ရဲ့ လက်ဝါးလောက်တောင် ရှိတယ်... မဟုတ်ဘူး... နည်းနည်းတောင် ပိုကြီးသေးတယ်..." လူလတ်ပိုင်း အမျိုးသား တစ်ဦးက စင်ပေါ်ရှိ ကျောက်စိမ်းများကို ကြည့်ကာ အံ့ဩတကြီး အော်ဟစ်လိုက်လေသည်။

"ဒါက ထွင်းထုထားတာ မဟုတ်ဘဲ သဘာဝအတိုင်း ထွက်လာတဲ့ ကျောက်စိမ်း အရိုင်းတုံးတွေနော်..."

"လခွီး... ဒီလောက် ကြီးတာကိုမှ အစိမ်းရောင် အပြည့်ပါတဲ့ ဖန်သားရည် ကျောက်စိမ်း ဆိုတော့... တစ်တုံးကို အနည်းဆုံး ယွမ်သန်း တစ်ရာကျော်လောက်တော့ တန်တယ်..."

"ဒီလိုမှပေါ့ ပွဲသိမ်း ပစ္စည်းဆိုတာ... တကယ်ကို ရင်ခုန်စရာပဲ..."

"ဒီကျောက်စိမ်း နှစ်တုံးထဲက တစ်တုံးကိုတော့ ငါ သေချာပေါက် အမိအရ ယူရမယ်..."

အောက်ဘက်ရှိ ဝယ်ယူမည့်သူများမှာ အလွန် စိတ်လှုပ်ရှားကာ ဆူညံစွာ ဆွေးနွေးနေကြလေသည်။

ဖန်သားရည် ဆိုသည်မှာ ကျောက်စိမ်း အမျိုးအစားများထဲတွင် အကောင်းဆုံးနှင့် အရှားပါးဆုံး ဖြစ်သည်။ ထိုအောက်တွင် ရေခဲသားရည် ၊ ကြက်ဥဖြူရည် ၊ ကောက်ညှင်းရည် ၊ လိုင်ချီးရည် ၊ ပဲစေ့ရည် အစရှိသဖြင့် အဆင့်ဆင့် ရှိကြပြီး ပွင့်လင်းမြင်သာမှု အပေါ် မူတည်၍ ခွဲခြားထားခြင်း ဖြစ်သည်။

ဖန်သားရည် ကျောက်စိမ်း၏ အဓိက ထူးခြားချက်မှာ ပွင့်လင်းမြင်သာမှု အမြင့်ဆုံး ဖြစ်ပြီး ဖန်သားကဲ့သို့ ကြည်လင်နေခြင်း ဖြစ်သည်။ အတွင်းတွင် အညစ်အကြေးများ လုံးဝ မပါဝင်ဘဲ အလွန် ကြည်လင် တောက်ပနေသည်။ ကျောက်မျက် လောကတွင် ဖန်သားရည်ကို သက်တမ်း အရင့်ဆုံး နှင့် ရေဓာတ် အပြည့်ဝဆုံး ဟု တင်စား ခေါ်ဝေါ်ကြသည်။ ရေဓာတ်ကို တစ် မှ ဆယ် အထိ အဆင့် ခွဲခြားထားရာ ဖန်သားရည်မှာ အမြင့်ဆုံး အဆင့်တွင် ရှိသဖြင့် အလွန် တန်ဖိုးကြီးမားလှပေသည်။

ယခု စင်ပေါ်တွင် ပြသထားသည်မှာ အစိမ်းရောင် အပြည့်ပါသော ဖန်သားရည် ကျောက်စိမ်း နှစ်တုံး ဖြစ်ပြီး အရွယ်အစားကလည်း ကြီးမားလှရာ အောက်ဘက်ရှိ လူများ မည်သို့ မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

လက်ရှိ ကမ္ဘာပေါ်တွင် ကျောက်စိမ်းကြောများ တစ်နေ့တခြား ရှားပါးလာပြီး ကျောက်စိမ်း ထွက်ရှိမှုလည်း နည်းပါးလာရာ ဤနှစ်ပိုင်းအတွင်း ကျောက်စိမ်း ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာခဲ့သည်။ အချုပ်အားဖြင့် ဆိုရလျှင် ကျောက်စိမ်း ဝယ်ယူထားပါက အရှုံးပေါ်ရန် မရှိဘဲ ဈေးတက်ရန်သာ ရှိလေသည်။

ယခင် လေလံပွဲ မှတ်တမ်းများအရ အစိမ်းရောင် အပြည့်ပါသော ဖန်သားရည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆွဲသီးလေး တစ်ခုပင်လျှင် ယွမ်သန်းချီ၍ ရောင်းချရပြီး လက်စွပ်လေး တစ်ကွင်းကို ယွမ်ဆယ်သန်းကျော်၊ လက်ကောက် တစ်ကွင်းကို ယွမ် ၁၉ သန်းကျော်၊ ပုတီးစိပ် တစ်ကုံးကို ယွမ်သန်း ၈၀ အထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ခန်းမထဲရှိ လူများ အားလုံးမှာ သွေးနံ့ရသော ငမန်းများကဲ့သို့ ထိုကျောက်စိမ်း နှစ်တုံးကို ကြည့်ကာ ဈေးပေး ဝယ်ယူရန် အပြိုင်အဆိုင် ပြင်ဆင်နေကြလေတော့သည်။

"ကောင်းပါပြီရှင်... ဒီကျောက်စိမ်း နှစ်တုံးကို တစ်တွဲတည်း လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်... အနိမ့်ဆုံး ကြမ်းခင်းဈေးက ယွမ်သန်း ၁၈၀ ပါ... တစ်ကြိမ် ဈေးခေါ်ရင် အနည်းဆုံး ယွမ် တစ်သန်း အထက်ကနေ စခေါ်ရပါမယ်... လေလံပွဲကို အခုပဲ စတင်လိုက်ပါပြီရှင်..." အစီအစဉ် တင်ဆက်သူက စိတ်အားထက်သန်စွာ အော်ဟစ်လိုက်လေသည်။

'ဒေါင်' ဆိုသော ခေါင်းလောင်းသံနှင့်အတူ ဤကျောက်စိမ်း နှစ်တုံး၏ လေလံပွဲ တရားဝင် စတင်လေတော့သည်။

"ယွမ်သန်း ၁၈၁ သန်း ..." ခန်းမထဲမှ လူလတ်ပိုင်း အမျိုးသား တစ်ဦးက ဆိုင်းဘုတ်ကို မြှောက်ကာ အော်လိုက်လေသည်။

"ဟုတ်ကဲ့... ဒီလူကြီးမင်းက ယွမ်သန်း ၁၈၁ သန်း ဈေးပေးထားပါတယ်ရှင်..." အစီအစဉ် တင်ဆက်သူက ကြေညာလိုက်လေသည်။

"ယွမ်သန်း ၁၉၀ ..." အသက် ၆၀ ကျော် အရွယ် အဘိုးအို တစ်ဦးက ဆိုင်းဘုတ် မြှောက်လိုက်လေသည်။

"ယွမ်သန်း ၁၉၀... ဒီလူကြီးမင်းက ယွမ်သန်း ၁၉၀ ဈေးပေးထားပါတယ်ရှင်..."

"ယွမ်သန်း ၁၉၃ သန်း .."

မကြာမီမှာပင် လေလံဈေးမှာ ယွမ်သန်း ၂၀၀ သို့ ရောက်ရှိသွားလေသည်။

"ယွမ်သန်း ၂၁၀ .." ချူဝမ်ကျဲက မောက်မာသော မျက်နှာထားဖြင့် ဆိုင်းဘုတ်ကို မြှောက်ကာ အော်လိုက်လေသည်။

"လခွီး... ဒီကောင် တော်တော် ပိုက်ဆံရှိတာပဲ..." ဆွန်ဖုန်းက ဘေးရှိ VIP ထိုင်ခုံမှ ချူဝမ်ကျဲ ဆိုင်းဘုတ် မြှောက်လိုက်သည်ကို မြင်သောအခါ ရယ်မော၍ ပြောလိုက်လေသည်။

"ငါတို့ သူ့ကို ဈေးတင်ပြီး ဒုက္ခပေးလိုက်ရမလား..." ထိုအချိန်တွင် ဟွမ်ကျားချန်းက ဆွန်ဖုန်း အနားသို့ တိုးလာကာ တိုးတိုးလေး အကြံပေးလိုက်လေသည်။

"သိပ်တော့ မကောင်းဘူး ထင်တယ်..." ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။ စင်ပေါ်မှ ကျောက်စိမ်း နှစ်တုံးမှာ သူ၏ ပစ္စည်းများ ဖြစ်ရာ ကိုယ့်ပစ္စည်းကို ကိုယ်တိုင် ဈေးပြန်တင်ခြင်းမှာ စည်းကမ်း ဖောက်ဖျက်ရာ ကျပေမည်။ အကယ်၍ အခြားသူများ သိသွားပါက စုန်းကျဲသာမက သူ့အတွက်ပါ မကောင်းနိုင်ချေ။

"ကိစ္စမရှိပါဘူး... ရှင် ဈေးတင်တာမှ မဟုတ်တာ... ကျွန်မ ဈေးတင်မှာလေ..." ဟွမ်ကျားချန်း၏ မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ဆိုင်းဘုတ်ကို ချက်ချင်း မြှောက်ကာ အော်လိုက်လေသည်။ "ယွမ်သန်း ၂၂၀ ..."

"လခွီး... တကယ် ဆိုးတာပဲ..." ဆွန်ဖုန်းသည် ဟွမ်ကျားချန်းကို ကြည့်ကာ ဆွံ့အသွားလေသည်။ ဤကောင်မလေးသည် ချူဝမ်ကျဲကို မည်မျှတောင် မုန်းတီးနေသနည်း။

"ဝါး... ဒီက အမျိုးသမီးက ယွမ်သန်း ၂၂၀ ဈေးပေးထားပါတယ်ရှင်... ယွမ်သန်း ၂၂၀ တစ်ကြိမ်... ယွမ်သန်း ၂၂၀ နှစ်ကြိမ်..." အစီအစဉ် တင်ဆက်သူမှာ ပါးစပ်ပင် မစိနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ အော်ဟစ်နေလေသည်။

ဤအချိန်တွင် ခန်းမထဲရှိ လူများ အားလုံး တိတ်ဆိတ်သွားကြလေသည်။ ယွမ်သန်း ၂၂၀ ဆိုသော ဈေးနှုန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထို့ထက် ပိုပေးပါက အရှုံးပေါ်နိုင်သဖြင့် မည်သူမျှ ဆက်မခေါ်ရဲကြတော့ချေ။

"သောက်ဖာသည်မ..." ချူဝမ်ကျဲသည် ဟွမ်ကျားချန်းက သူနှင့် အပြိုင် ဈေးတင်နေသည်ကို မြင်သောအခါ ကျိန်ဆဲလိုက်ပြီး ဆိုင်းဘုတ်ကို ထပ်မြှောက်လိုက်လေသည်။ "ယွမ် ၂၂၅ သန်း ..."

"ဝါး... ဒီလူကြီးမင်းက ယွမ် ၂၂၅ သန်း ဈေးပေးထားပါတယ်ရှင်..." အစီအစဉ် တင်ဆက်သူ၏ မျက်နှာမှာ နီရဲနေပြီး အသံကုန် အော်ဟစ်နေလေသည်။

"ယွမ်သန်း ၂၃၀ ..." ဟွမ်ကျားချန်းက လုံးဝ စဉ်းစားမနေဘဲ ဆိုင်းဘုတ်ကို ချက်ချင်း မြှောက်လိုက်ပြီး ဘေးရှိ ချူဝမ်ကျဲကို လျှာထုတ်ကာ လှောင်ပြောင်လိုက်လေသည်။

"လခွီး... မိုက်တယ်ဟေ့..." ဆွန်ဖုန်းက ဟွမ်ကျားချန်းကို လက်မထောင်ပြလိုက်လေသည်။

ချူဝမ်ကျဲမှာ ထိုကျောက်စိမ်း နှစ်တုံးကို မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားပုံရသည်။ ဟွမ်ကျားချန်း၏ မောက်မာသော အမူအရာကို မြင်သောအခါ သွားကြိတ်ကာ အော်လိုက်လေသည်။ "ယွမ်သန်း ၂၄၀ ..."

"ဝါး... ယွမ်သန်း ၂၄၀ ပါရှင်... ယွမ်သန်း ၂၄၀ တစ်ကြိမ်... ယွမ်သန်း ၂၄၀ နှစ်ကြိမ်..."

"ယွမ်သန်း ၂၆၀ ..." ဟွမ်ကျားချန်းက ချူဝမ်ကျဲကို အထင်သေးစွာ ကြည့်ကာ ဆိုင်းဘုတ်ကို ထပ်မြှောက်လိုက်လေသည်။ သူမ၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ အပြည့်အဝ ရှိနေလေသည်။

"သောက်ကောင်မ... ငါ့ကို အထင်သေးနေတာလား..." ချူဝမ်ကျဲသည် ဟွမ်ကျားချန်း၏ အထင်သေးသော အမူအရာကို မြင်သောအခါ ဒေါသထွက်သွားလေသည်။ မကြာသေးမီကမှ သူ၏ မိဘများက ဟွမ်ကျားချန်းနှင့် ဆက်လက် စေ့စပ်ပေးရန် ကြိုးစားနေကြသည်ကို သူ သတိရသွားသည်။

ထိုနေ့က စားသောက်ဆိုင်တွင် ဆွန်ဖုန်း၏ အရှက်မရှိသော စကားများနှင့် သူတို့ နှစ်ဦး နမ်းနေကြသော မြင်ကွင်းကို ပြန်တွေးမိတိုင်း သူ၏ ရင်ထဲတွင် မသက်မသာ ဖြစ်ရပြီး အလွန် ရွံရှာမိလေသည်။

"ယွမ်သန်း ၂၇၀ ..." ချူဝမ်ကျဲက အလျှော့မပေးဘဲ ဆိုင်းဘုတ်ကို ထပ်မြှောက်လိုက်လေသည်။

"ငွေများပြီး လူမိုက်ဖြစ်နေတဲ့ ကောင်... နင့်ကို ပေးလိုက်ပါပြီ..." ဟွမ်ကျားချန်းက အဝေးမှ ချူဝမ်ကျဲကို လှမ်း၍ အော်ပြောလိုက်လေသည်။

"ယွမ်သန်း ၂၇၀ တစ်ကြိမ်... ယွမ်သန်း ၂၇၀ နှစ်ကြိမ်... ယွမ်သန်း ၂၇၀ သုံးကြိမ်... ရောင်းချလိုက်ပါပြီရှင်..." တူထုသံနှင့်အတူ ထိုကျောက်စိမ်း နှစ်တုံးကို ချူဝမ်ကျဲက ရရှိသွားလေတော့သည်။

သို့သော် ယခုအခါ ချူဝမ်ကျဲမှာ ဟွမ်ကျားချန်း၏ စကားကြောင့် ဒေါသထွက်လွန်း၍ သွေးအန်တော့မတတ် ဖြစ်သွားရလေသည်။ သူ ဟွမ်ကျားချန်း၏ ကျော့ကွင်းထဲ သက်သက် ဝင်တိုးမိကြောင်း သဘောပေါက်သွားလေသည်။

"မိုက်တယ်... မိုက်တယ်..." ဆွန်ဖုန်းက ရယ်မောကာ ဟွမ်ကျားချန်းကို လက်မထောင်ပြလိုက်လေသည်။

"တော်တယ်... တော်တယ်..." ဟယ်မင်ယီကလည်း ဟွမ်ကျားချန်းကို လက်မထောင်ပြလိုက်လေသည်။

"ရိုးရိုးလေးပါပဲ..." ဟွမ်ကျားချန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။

ထို့နောက် နောက်ထပ် ဖန်သားရည် ကျောက်စိမ်း ၃ တုံးကို စင်ပေါ်သို့ တင်လာပြန်သည်။ ဤ ၃ တုံးမှာလည်း ဆွန်ဖုန်း၏ ပစ္စည်းများပင် ဖြစ်သည်။ လေလံပွဲ ဆက်လက် ကျင်းပရာ ချူဝမ်ကျဲမှာ စောစောက အလိမ်ခံလိုက်ရသဖြင့် ဆက်မခေါ်ရဲတော့ချေ။

သူ၏ ငွေကြေးများလည်း ကုန်လုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။ စောစောက ယွမ်သန်း ၂၇၀ တောင် အသုံးပြုလိုက်ရသည် မဟုတ်ပါလား။ တကယ်ကို အကြီးအကျယ် ရှုံးသွားလေသည်။

ကျန်ရှိနေသော ကျောက်စိမ်း ၃ တုံးကို ရှန်ကွမ်ကျစ်ရှီ ဆိုသော အလှလေးက ယွမ်သန်း ၃၀၀ နီးပါး ဖြင့် အားလုံး ဝယ်ယူသွားလေသည်။

ဤတစ်ကြိမ် လေလံပွဲတွင် ဆွန်ဖုန်း၏ ကျောက်စိမ်း ၅ တုံးနှင့် အပြာနှင့်အဖြူစပ် ကြွေထည် ၁၀ ခုမှာ စုစုပေါင်း ယွမ်သန်း ၆၀၀ ရရှိခဲ့လေသည်။

ကော်မရှင်ခ ၅ ရာခိုင်နှုန်း နုတ်ပြီးနောက် ဆွန်ဖုန်းသည် အသားတင် ယွမ် ၅၇၀ သန်း ကို ရရှိခဲ့လေသည်။ အမှန်တကယ်တော့ ဆွန်ဖုန်း အနေဖြင့် ဤမျှ အများကြီး ရရှိမည် မဟုတ်ချေ။

ဟွမ်ကျားချန်းက ချူဝမ်ကျဲကို ဈေးတင်ကာ ကောင်းကောင်းကြီး လှည့်စားလိုက်သောကြောင့်သာ ဤမျှ များပြားသော ငွေကြေးကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

လေလံပွဲ အပြီးတွင် ဟယ်မင်ယီ၊ ဟွမ်ကျားချန်းနှင့် ရှန်ကွမ်ကျစ်ရှီတို့ သုံးဦးမှာ မတွေ့ရသည်မှာ ကြာပြီ ဖြစ်ရာ အတူတကွ ထမင်းသွားစားရန် စီစဉ်ကြသဖြင့် ဆွန်ဖုန်းလည်း အနောက်မှ လိုက်ပါသွားလေတော့သည်။

All Chapters