← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) လုံခြုံရေးဝန်ထမ်း ခေါ်ယူခြင်း

(PS - စာဖတ်သူတချို့က လက်ရှိ ကမ္ဘာမြေပေါ်မှာရော သတ္တုရှာဖွေရေး စက်ကိရိယာတွေ မရှိဘူးလားလို့ မေးကြပါတယ်။ ကျွန်တော့်ရဲ့ အဖြေကတော့ ရှိပါတယ်၊ ဒါပေမယ့် လက်ရှိ ကမ္ဘာပေါ်က စက်တွေက သိပ်ပြီး အဆင့်မမြင့်သေးပါဘူး။ ပထမအချက်က သူတို့ရဲ့ ရှာဖွေနိုင်တဲ့ အကွာအဝေးက အရမ်းကို သေးငယ်လွန်းပါတယ်။ ဇာတ်လိုက် သုံးနေတဲ့ စက်လိုမျိုး လုံးဝ အသုံးပြုလို့ မရပါဘူး။ ဇာတ်လိုက်ရဲ့ စက်က ကီလိုမီတာ ၅၀ ပတ်လည်အထိ ရှာဖွေနိုင်ပြီး ဉာဏ်ရည်တုနဲ့ပါ ခွဲခြားသိရှိနိုင်စွမ်း ရှိပါတယ်။

ဒုတိယအချက်အနေနဲ့ ကီလိုမီတာ ၅၀ ပတ်လည်ဆိုတာ ဘယ်လောက်တောင် ကျယ်ဝန်းသလဲ ဆိုတာ စဉ်းစားကြည့်ပါ။ သာမန် မြို့ငယ်လေး တစ်မြို့စာလောက်ကို အလွယ်တကူ လွှမ်းခြုံနိုင်ပါတယ်။

တတိယအချက်က လက်ရှိ သတ္တုတွင်း ကုမ္ပဏီတွေက သတ္တုရှာဖွေရေး အဖွဲ့တွေနဲ့ ရှာကြရတာပါ။ သူတို့ရဲ့ အတွေ့အကြုံ၊ ဘူမိဗေဒ အနေအထား၊ မြေဆီလွှာ၊ ဓာတုဗေဒ စမ်းသပ်မှု၊ ရူပဗေဒ စမ်းသပ်မှုတွေ အပေါ် အခြေခံပြီး သတ္တုကြော ရှိနိုင်မယ့် နေရာကို ခန့်မှန်းကြရတာပါ။ အဲဒီနောက်မှ စက်ကိရိယာတွေနဲ့ အတည်ပြု စစ်ဆေးတာ ဒါမှမဟုတ် တူးဖော်ကြည့်တာမျိုး လုပ်ကြရတာပါ။

ဒါကြောင့် ဇာတ်လိုက်ရဲ့ စက်က ရေဒါတစ်ခုလိုပဲ ကီလိုမီတာ ၅၀ ပတ်လည်နဲ့ မြေအောက် ကီလိုမီတာ အများကြီး အထိ ရှာဖွေနိုင်လို့ တကယ်ကို အစွမ်းထက်လွန်းလှပါတယ်။ ကီလိုမီတာ ၅၀ တောင် နည်းသေးတယ်လို့ ထင်လို့ နောက်ပိုင်းကျရင် အကွာအဝေးကို ထပ်တိုးပေးပါဦးမယ်။)

(TN-မူရင်းရေးသူထည့်ထားလို့)

......

ထမင်းစားနေစဉ် မိန်းကလေး သုံးဦးမှာ တီးတိုး စကားပြောနေကြပြီး ဆွန်ဖုန်းကို လုံးဝ မရှိသူ တစ်ယောက်လို သဘောထားနေကြလေသည်။ ထို့ကြောင့် ဆွန်ဖုန်းမှာ ခေါင်းငုံ့၍ ထမင်းကိုသာ ဆက်စားနေရလေသည်။

"ဒါနဲ့ ညီမလေး မင်ယီ... နင်က ဘာလို့ ဒီလောက် အစောကြီး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်တာလဲ... နင့်အသက်က အခုမှ ၂၃ နှစ်ပဲ ရှိသေးတာကို... အော် ဒါနဲ့... အဲဒီ ဆွန်ဖုန်းက နင့်အပေါ် ကောင်းရဲ့လား... နင်တို့ ဘယ်လို သိခဲ့ကြတာလဲ..."

ရှန်ကွမ်ကျစ်ရှီက ဟယ်မင်ယီနှင့် ဆွန်ဖုန်းတို့၏ အကြောင်းကို အလွန် သိချင်နေလေသည်။ သူမတို့ သုံးဦးမှာ ညီအစ်မရင်းများကဲ့သို့ ခင်မင်ကြသူများ ဖြစ်ရာ ဤကဲ့သို့သော ဘဝလက်တွဲဖော် ကိစ္စမျိုးကို သေချာပေါက် မေးမြန်းရမည် မဟုတ်ပါလား။

ဟယ်မင်ယီသည် ဆွန်ဖုန်းနှင့် မည်သို့ သိကျွမ်းခဲ့ကြောင်းကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားလေသည်။ သေချာသည်မှာ ဆွန်ဖုန်းက သူမကို အဓမ္မ ပြုကျင့်ခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

"ဟူး... ကလေးတောင် မွေးတော့မှာဆိုတော့... လက်မထပ်လို့လည်း မရတော့ဘူးလေ... သူက ငါ့အပေါ် ကောင်းပါတယ်..." ဟယ်မင်ယီက ဖြေလိုက်လေသည်။

"နင့်အဖေကရော သဘောတူလို့လား..." ရှန်ကွမ်ကျစ်ရှီက ဆက်မေးလေသည်။

"သူ သဘောတူတူ၊ မတူတူ ဂရုမစိုက်ပါဘူး..." ဟယ်မင်ယီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"အင်း... ကြည့်ရတာ နင်နဲ့ နင့်အဖေရဲ့ ဆက်ဆံရေးက အဆင်မပြေသေးဘူး ထင်တယ်..."

"ဟုတ်တယ်... ကျွန်မလည်း အဖေနဲ့အမေကို စိတ်ညစ်နေတာ... သူတို့က အဲဒီ ချူဝမ်ကျဲဆိုတဲ့ ကောင်နဲ့ပဲ အတင်း သဘောတူခိုင်းနေတာ... တကယ် စိတ်ရှုပ်စရာ ကောင်းတယ်..." ဟွမ်ကျားချန်းကလည်း ဝင်ရောက် ညည်းတွားလိုက်လေသည်။

"ဟူး... ငါလည်း စိတ်ညစ်ရတာပါပဲ... ငါ့အဖေနဲ့အမေကလည်း မြို့တော်က နာမည်ကြီး သူဌေးသား လေးယောက်ထဲက တစ်ယောက်နဲ့ ငါ့ကို ပေးစားချင်နေတာ... နိုင်ငံခြားမှာ နှစ်အတော်ကြာ ကျောင်းသွားတက်ပြီး ပြန်လာရင်တော့ သူတို့ အဲဒီလို မလုပ်လောက်တော့ဘူးလို့ ထင်ခဲ့တာ... ဒါပေမယ့် အခု ပြန်ရောက်တာ တစ်လတောင် မပြည့်သေးဘူး... မြို့တော်ကို သွားပြီး အဲဒီလူနဲ့ တွေ့ဖို့ နေ့တိုင်း လာပြောနေကြတယ်... တကယ် စိတ်ရှုပ်ဖို့ ကောင်းတယ်..."

ရှန်ကွမ်ကျစ်ရှီကလည်း မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်လေသည်။

မိန်းကလေး သုံးဦးမှာ သူတို့၏ ခံစားချက်များကို ရင်ဖွင့် ပြောဆိုနေကြလေသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆွန်ဖုန်းမှာမူ ထိုစကားများ အားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားနေရလေသည်။

သူသည် အစွမ်းမြှင့် ဆေးရည်ကို ထိုးနှံထားပြီးနောက် ခွန်အား၊ အမြန်နှုန်း၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့မှာ သာမန် လူသားများထက် အဆပေါင်းများစွာ သာလွန်နေရုံသာမက အကြားအာရုံမှာလည်း အလွန် ထက်မြက်နေလေသည်။

"ဟွန်း... အထက်တန်းလွှာတွေက အချင်းချင်း အမျိုးစပ်ချင်ကြတာချည်းပဲ... ကမ္ဘာကျော် အဆိုတော် မိုက်ကယ်ဂျက်ဆန်က အဲလ်ဗစ်ပရက်စလေရဲ့ သမီးကို လက်ထပ်ခဲ့သလိုမျိုး... ဟိုမိသားစုနဲ့ ဒီမိသားစု အမျိုးစပ်တာတွေက တကယ်ကို ရိုးအီနေတဲ့ ဇာတ်လမ်းတွေပဲ..."

ဆွန်ဖုန်းက နားထောင်ရင်း နှုတ်ခမ်းမဲ့ကာ စိတ်ထဲမှ တွေးလိုက်မိလေသည်။ နောင်တွင် သူ၏ သားသမီးများကိုမူ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လုံးဝ ခွဲခြားမည် မဟုတ်ချေ။

ထမင်းစားပြီးနောက် ရှန်ကွမ်ကျစ်ရှီနှင့် ဟွမ်ကျားချန်းတို့ အိမ်ပြန်သွားကြလေသည်။ ဟယ်မင်ယီမှာ အဖေဖြစ်သူ၏ အိမ်သို့ မပြန်လိုသဖြင့် ဆွန်ဖုန်းနှင့်အတူ ဟိုတယ်တွင်သာ တည်းခိုလိုက်လေသည်။

နောက်တစ်နေ့တွင် ဟယ်မင်ယီသည် သူမ၏ သူငယ်ချင်း နှစ်ဦးနှင့် သွားရောက် လည်ပတ်ပြန်လေသည်။ ဆွန်ဖုန်းကလည်း နောက်မှ မလိုက်လိုတော့ဘဲ ကနေဒါသို့ ခေါ်သွားရန် လုံခြုံရေး ဝန်ထမ်းအချို့ သွားရောက် ရှာဖွေရန် ဆုံးဖြတ်လိုက်လေသည်။ မည်သို့ပင်ဆိုစေ မိမိနိုင်ငံသားများက ပို၍ စိတ်ချရသည် မဟုတ်ပါလား။

ဟိုင်ထျန်းမြို့ရှိ အလုပ်အကိုင် ရှာဖွေရေး စင်တာ တစ်ခုတွင် ဆွန်ဖုန်းသည် နေရာတစ်ခု ငှားရမ်းကာ အလုပ်ခေါ်စာ တစ်စောင်ကို ရေးသား ကပ်ထားလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်၍ ငိုက်မျဉ်းနေလေသည်။

အလုပ်ခေါ်စာတွင် ဤသို့ ရေးသားထားလေသည်။

လုံခြုံရေး ဝန်ထမ်း အလိုရှိသည်။

တစ်နှစ်စာ လစာ - ယွမ် ၅ သိန်း ။

ပညာအရည်အချင်း - အလယ်တန်း အောင်မြင်ပြီးသူ။

လိုအပ်ချက် - တစ်ယောက်တည်းဖြင့် လူဆယ်ယောက်ကို ယှဉ်ချနိုင်ရမည်။ အထူးတပ်ဖွဲ့ဝင်ဟောင်းများကို ဦးစားပေးမည်။

ကုမ္ပဏီ - ရွေ့ဖုန်း စက်မှုလုပ်ငန်း။

ဤအလုပ်ခေါ်စာ ထွက်ပေါ်လာသည်နှင့် တစ်နှစ်စာ လစာ ယွမ် ၅ သိန်း ဆိုသော စကားလုံးကြောင့် လူရာပေါင်းများစွာက အပြေးအလွှား လာရောက် လျှောက်ထားကြရာ ဆွန်ဖုန်း၏ နေရာလေးမှာ လူများဖြင့် ပြည့်ကျပ်သွားလေတော့သည်။

"သူဌေး... သူဌေး... ကျွန်တော် လျှောက်ချင်တယ်... ကျွန်တော်က တစ်ယောက်တည်း လူဆယ်ယောက်ကို ယှဉ်ချနိုင်တယ်..."

"လခွီး... မင်းလို ပိန်ပိန်ပါးပါး ကောင်ကများ လူဆယ်ယောက်ကို ယှဉ်ချနိုင်တယ် ဆိုရင်... ငါက လူနှစ်ဆယ်ကိုတောင် ယှဉ်ချနိုင်တယ်ကွ..."

"လခွီး... တစ်နှစ်ကို လစာ ယွမ် ၅ သိန်းတောင်တဲ့... သူဌေး... ကျွန်တော့်ကို ခန့်ပါ... ကျွန်တော်က တစ်ချိန်တုန်းက နိုင်ငံလုံးဆိုင်ရာ စန်းတာ (တရုတ်ကိုယ်ခံပညာ) ချန်ပီယံ ဖြစ်ခဲ့ဖူးတယ်..."

"ဘေးအိမ်က အစ်ကိုဝမ်... ခင်ဗျားက မူလတန်းတုန်းက ကျောင်းတွင်း ချန်ပီယံ ဖြစ်ခဲ့တာလေ... ဘယ်တုန်းက နိုင်ငံလုံးဆိုင်ရာ ချန်ပီယံ ဖြစ်သွားတာလဲ..."

"လခွီး... လောင်ပီ ... ငါနဲ့ မင်း ဘာရန်ငြိုးများ ရှိလို့လဲ... ဘာလို့ ငါ့အရှုပ်ထုပ်တွေကို လာဖော်နေတာလဲ..."

လူရာပေါင်းများစွာက တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြရာ နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး အလုပ်အကိုင် ရှာဖွေရေး စင်တာတွင် ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်သွားလေတော့သည်။

"အဟမ်း... အဟမ်း... ဟိုဟာလေ... မလောကြပါနဲ့... မလောကြပါနဲ့... အားလုံး အခွင့်အရေး ရှိပါတယ်... အားလုံး အခွင့်အရေး ရှိပါတယ်... ဝမ်းလျားမှောက် အိပ်ထမတင် အကြိမ် ၁၀၀ လုပ်နိုင်တဲ့သူ ပထမ အဆင့် အောင်မြင်မယ်..."

ဆွန်ဖုန်းက တရုတ် တံဆိပ် စီးကရက် တစ်လိပ်ကို မီးညှိကာ ပြုံးစိစိဖြင့် ပြောလိုက်လေသည်။

"လခွီး... အိပ်ထမတင် အကြိမ် ၁၀၀ တောင်... ဒါ လူကို သတ်နေတာပဲ... အား... ညတုန်းက အလုပ်တွေ အရမ်း လုပ်ထားလို့ ခါးတွေ နာနေတာ... ယွမ် ၅ သိန်း ရမယ့် ဒီအလုပ်ကိုတော့ ငါ မလုပ်နိုင်တော့ဘူး..."

"စွန့်စားကြည့်တာပေါ့... စက်ဘီးကနေ ဆိုင်ကယ် ဖြစ်ချင် ဖြစ်သွားနိုင်တယ်လေ... လုပ်မယ်ကွာ..."

"သောက်ရမ်း လုပ်မယ်... ချောမောလှပတဲ့ မိန်းမချောလေးကို လက်ထပ်နိုင်ဖို့အတွက်..."

သို့သော် အစပိုင်းက ဝိုင်းအုံနေသော လူတစ်ရာကျော်မှာ ချက်ချင်းပင် တစ်ဝက်ကျော် ထွက်သွားကြပြီး လူလေးဆယ်၊ ငါးဆယ်ခန့်သာ ကျန်ရှိတော့လေသည်။

"ကောင်းပြီ... ကောင်းပြီ... စမယ်... စမယ်... ငါ ရေတွက်နေမှာနော်... လိမ်ဖို့ မစဉ်းစားနဲ့..." ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။

"စမယ်..."

လူ ၄၀၊ ၅၀ ခန့်သည် ထိုနေရာတွင် တန်းစီကာ အိပ်ထမတင် လေ့ကျင့်ခန်းကို စတင် လုပ်ဆောင်ကြလေတော့သည်။

"အာ... ငါ့ရဲ့ ခါးလေးတော့ သွားပါပြီ... ညတုန်းက မိန်းမက အရမ်း သန်မာနေတာကိုး..."

"လခွီး... ဟိုဒင်း သွားလုပ်ရတာထက်တောင် ပိုပြီး ပင်ပန်းသေးတယ်..."

နောက်ဆုံးတွင် လူ ၁၀ ဦးသာ ပထမ အဆင့်ကို အောင်မြင်သွားလေသည်။

"ကောင်းပြီ... နောက်တစ်ဆင့်ကတော့ လက်ထောက်တွန်းတင် အကြိမ် ၂၀၀ လုပ်ရမယ်... လုပ်နိုင်တဲ့သူကို အခု ချက်ချင်း အလုပ်ခန့်မယ်... တစ်နှစ်စာ လစာ ယွမ် ၅ သိန်းက မင်းတို့ကို စောင့်နေတယ်..."

ဆွန်ဖုန်းက အောင်မြင်သွားသော လူ ၁၀ ဦးကို တည်ငြိမ်စွာ ပြောလိုက်လေသည်။

"အာ... လက်ထောက်တွန်းတင် အကြိမ် ၂၀၀ ထပ်လုပ်ရဦးမလို့လား... ကျွန်တော်တော့ တကယ် မခံနိုင်တော့ဘူး... ခဏလောက် နားခွင့်ပေးရင်တော့ တော်သေးတယ်..." လူကောင်ထွားထွား တစ်ယောက်က အမောတကော ပြောလိုက်လေသည်။

"ကျွန်တော် နုတ်ထွက်တယ်..."

ချက်ချင်းပင် လူသုံးဦး နုတ်ထွက်သွားလေသည်။

သို့သော် ဆွန်ဖုန်းသည် ထွက်သွားသော ထိုသုံးဦးကို တစ်ယောက်လျှင် ယွမ် ၂၀၀ စီ အိတ်နီလေးများ ပေးလိုက်လေသည်။ မည်သို့ပင်ဆိုစေ စောစောက သူတို့ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ရသည် မဟုတ်ပါလား။

ကျန်ရှိနေသော လူ ၇ ဦးက လက်ထောက်တွန်းတင် ဆက်လုပ်ကြလေသည်။ အမှန်တကယ် ပြောရလျှင် ဤကဲ့သို့သော ပြင်းထန်သည့် လေ့ကျင့်ခန်းမျိုးကို အဆုံးအထိ တောင့်ခံနိုင်သူ အလွန် ရှားပါးလှပေသည်။ စစ်တပ်မှ အငြိမ်းစား ယူလာသူများပင်လျှင် အိပ်ထမတင် အကြိမ် ၁၀၀ လုပ်ပြီးနောက် လက်ထောက်တွန်းတင် အကြိမ် ၂၀၀ ကို ဆက်တိုက် လုပ်နိုင်မည်ဟု အာမခံရန် ခက်ခဲလှပေသည်။

နောက်ဆုံးတွင် လူနှစ်ဦးသာ အဆုံးအထိ တောင့်ခံနိုင်ခဲ့လေသည်။ တစ်ဦးမှာ ဝူကျွင်းဟွာ ဖြစ်ပြီး ကျန်တစ်ဦးမှာ လျောင်ကျွင်း ဖြစ်လေသည်။

"ဝူကျွင်းဟွာ... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါဦး..." ဆွန်ဖုန်းက အရပ် ၅ ပေ ၁၁ လက်မခန့် ရှိသော ဝူကျွင်းဟွာကို ပြောလိုက်လေသည်။

"ဝူကျွင်းဟွာ... ကျား... အသက် ၂၆ နှစ်... အထူးတပ်ဖွဲ့ကနေ အငြိမ်းစား ယူလာတာပါ..." ဝူကျွင်းဟွာက မတ်မတ်ရပ်ကာ လေးနက်သော အသံဖြင့် ဖြေလိုက်လေသည်။

"အင်း... သိပ်ကောင်းတယ်..." ဆွန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး လျောင်ကျွင်းဘက် လှည့်ကာ မေးလိုက်လေသည်။ "မင်းကရော..."

"လျောင်ကျွင်း... ကျား... အသက် ၂၂ နှစ်... သာမန် တပ်မတော်ကနေ အငြိမ်းစား ယူလာတာပါ... အစ်ကိုဝူလို အထူးတပ်ဖွဲ့ကတော့ မဟုတ်ပါဘူး..." လျောင်ကျွင်းက ပြုံးစိစိဖြင့် ဖြေလိုက်လေသည်။

"ကောင်းပြီ... မင်းတို့ နှစ်ယောက်လုံးကို အလုပ်ခန့်လိုက်ပြီ... မနက်ဖြန် ဟိုင်ယန်မြို့က ရွေ့ဖုန်း သံမဏိစက်ရုံကို သွားပြီး သတင်းပို့လိုက်ပါ... အဲဒီရောက်ရင် မင်းတို့ကို နေရာချထားပေးမယ့်သူ ရှိလိမ့်မယ်..." ဆွန်ဖုန်းက သူတို့ကို လိပ်စာကတ် တစ်ခုစီ ကမ်းပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ..."

All Chapters