← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) မြောက်ပိုင်း ပစိဖိတ် သမုဒ္ဒရာ

"ဒါနဲ့ ဝူကျွင်းဟွာ... မင်းတို့နဲ့ အတူတူ အငြိမ်းစား ယူလာတဲ့ အထူးတပ်ဖွဲ့ဝင် ညီအစ်ကိုတွေ ရှိသေးလား... ရှိရင် ခေါ်ခဲ့လို့ ရတယ်... သူတို့ကိုလည်း တစ်နှစ် လစာ ယွမ် ၅ သိန်း အတူတူ ပေးမယ်... ငါက လူ ၁၅ ယောက်လောက် ခေါ်ချင်တာ... အခုမှ မင်းနဲ့ လျောင်ကျွင်း နှစ်ယောက်ပဲ ရသေးတယ်... ငါ့ရဲ့ အဓိက လိုအပ်ချက်က ကနေဒါနိုင်ငံကို လိုက်ပြီး အလုပ်လုပ်ရမှာ... အကယ်လို့ မင်းတို့ သဘောတူမယ် ဆိုရင် တစ်ယောက်ကို နေရာချထားရေး စရိတ် ယွမ် တစ်သိန်း စီ ကြိုထုတ်ပေးမယ်..." ဆွန်ဖုန်းက ဝူကျွင်းဟွာအား ပြောလိုက်လေသည်။

"ကနေဒါနိုင်ငံ ဟုတ်လား..."

ဝူကျွင်းဟွာနှင့် လျောင်ကျွင်းတို့သည် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားပြီး စဉ်းစားခန်း ဝင်သွားကြလေသည်။

မွေးရပ်မြေကို စွန့်ခွာပြီး နိုင်ငံခြားသို့ မည်သူက သွားရောက် လုပ်ကိုင်ချင်မည်နည်း။ သို့သော် တစ်နှစ်စာ လစာ ယွမ် ၅ သိန်း ဆိုသည်မှာ ကြီးမားသော ဆွဲဆောင်မှု တစ်ခု ဖြစ်နေပြီး ဆွန်ဖုန်းက နေရာချထားရေး စရိတ် ယွမ် တစ်သိန်း ကြိုထုတ်ပေးမည် ဆိုသည်မှာလည်း နောက်ထပ် မက်လုံးကြီး တစ်ခု ဖြစ်နေလေသည်။

သူတို့လို စစ်သားများမှာ ပညာအရည်အချင်း သိပ်မမြင့်မားကြဘဲ အများစုမှာ အထက်တန်း သို့မဟုတ် ကောလိပ် အဆင့်လောက်သာ ရှိကြသည်။ အကယ်၍ ဘွဲ့ရပြီးမှ စစ်ထဲဝင်ခဲ့မည် ဆိုလျှင် ဤမျှ အခြေအနေ ဆိုးနေမည် မဟုတ်ဘဲ အနည်းဆုံးတော့ တပ်စုမှူး အဆင့်လောက်တော့ ရရှိပြီး ယခုဆိုလျှင် အစိုးရ အရာရှိ အဆင့်လောက် ဖြစ်နေလောက်ပြီ ဖြစ်သည်။

ယခုကဲ့သို့ အငြိမ်းစား ယူပြီးနောက် စက်ရုံတွင် အလုပ်သမား ဝင်လုပ်ခြင်း သို့မဟုတ် လုံခြုံရေး ဝန်ထမ်း ဝင်လုပ်ခြင်းတို့ဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေရပြီး လစာမှာလည်း အလွန် နည်းပါးလှပေသည်။

"ရပါတယ်... ကျွန်တော်တို့နဲ့ အတူတူ အငြိမ်းစား ယူလာတဲ့ ညီအစ်ကို ဆယ်ယောက်ကျော်လောက်တော့ ရှိပါသေးတယ်... သူတို့လည်း အခု အခြေအနေ သိပ်မကောင်းကြပါဘူး... သူတို့ လာချင်မလား ဆိုတာ ကျွန်တော် ဆက်သွယ်ပြီး မေးကြည့်လိုက်ပါ့မယ်..."

ဝူကျွင်းဟွာက ခဏစဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။ လျောင်ကျွင်းကလည်း ကနေဒါသို့ လိုက်ပါရန် သဘောတူလိုက်လေသည်။

"ကောင်းပြီ... ငါ မင်းတို့ကို နိုင်ငံခြားမှာ အလုပ်လုပ်ခိုင်းတာ ဘာမကောင်းတဲ့ ကိစ္စမှ မဟုတ်ပါဘူး... ငါ့ရဲ့ သံသတ္တုတွင်းကို လုံခြုံရေး ယူပေးဖို့ပါပဲ... ကဲ... မင်းတို့ ပြန်လို့ ရပါပြီ... မနက်ဖြန် ဟိုင်ယန်မြို့က သံမဏိစက်ရုံမှာ သွားပြီး သတင်းပို့ဖို့ မမေ့နဲ့နော်..." ဆွန်ဖုန်းက ဝူကျွင်းဟွာနှင့် လျောင်ကျွင်းကို လက်ပြ နှုတ်ဆက်လိုက်လေသည်။

"ဟုတ်ကဲ့ပါ..."

သူတို့ နှစ်ဦး ထွက်သွားပြီးနောက် ဆွန်ဖုန်းလည်း ဟိုတယ်သို့ ပြန်လာခဲ့လေသည်။

ဟုတ်ပေသည်။ ဆွန်ဖုန်းသည် မိမိနိုင်ငံသား လုံခြုံရေး ဝန်ထမ်း ဆယ်ဦးကျော်ခန့်ကို မားလ် သံသတ္တုတွင်းသို့ ခေါ်ဆောင်သွားပြီး လုံခြုံရေး ယူခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ မိမိနိုင်ငံသားများက ပို၍ ယုံကြည် စိတ်ချရသည် မဟုတ်ပါလား။

သူကိုယ်တိုင်၏ လုံခြုံရေး အတွက်ကမူ အစွမ်းမြှင့် ဆေးရည် ထိုးနှံထားပြီး ဖြစ်ရာ သူ၏ ခွန်အားမှာ အလွန် သန်မာလှသဖြင့် သက်တော်စောင့်များ လိုအပ်မည် မဟုတ်ချေ။

ဟိုတယ်သို့ ပြန်ရောက်သောအခါ စူးမေးက ဆွန်ဖုန်းကို ဖုန်းဆက်ပြီး ယနေ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စများ အားလုံး ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် ကနေဒါသို့ လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာပြီး မားလ် သံသတ္တုတွင်း ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း အကြောင်းကြားလာလေသည်။

စူးမေး ဟိုဘက်တွင် ရှိနေသဖြင့် ဆွန်ဖုန်း အနေဖြင့် ကနေဒါသို့ အမြန် ပြန်သွားရန် မလိုအပ်တော့ချေ။ အဓိက အကြောင်းရင်းမှာ ဟယ်မင်ယီက ရှန်ကွမ်ကျစ်ရှီ၊ ဟွမ်ကျားချန်းတို့နှင့်အတူ ဟိုင်ထျန်းမြို့တွင် ပျော်ရွှင်စွာ လည်ပတ်နေပြီး ကနေဒါသို့ အမြန် မသွားချင်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းသည်လည်း ရက်အနည်းငယ် ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆွန်ဖုန်းသည် ဟိုတယ်တွင် အားနေသဖြင့် ဟယ်မင်ယီတို့နှင့်အတူ သွားရောက် လည်ပတ်ချင်သော်လည်း မိန်းကလေး သုံးဦးက သူ့ကို အဖော်မခေါ်သဖြင့် ဟိုတယ်တွင်သာ ပျင်းရိစွာ နေနေရလေသည်။

"ထားလိုက်ပါတော့... အားနေတုန်း ပင်လယ်ကြမ်းပြင်မှာ သွားပြီး လျှောက်လည်လိုက်ဦးမယ်..."

နောက်ဆုံးတွင် အားလပ်နေသော ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်သို့ သွားရောက် လည်ပတ်ရန် ဆုံးဖြတ်လိုက်လေသည်။ အမှန်တကယ် ပြောရလျှင် ဆွန်ဖုန်း ပင်လယ်ထဲ မဆင်းဖြစ်သည်မှာ နှစ်လနီးပါး ရှိနေပြီ ဖြစ်သည်။

တစ်နာရီခန့် အကြာတွင် ဆွန်ဖုန်းသည် သမုဒ္ဒရာ အတွင်းသို့ ရောက်ရှိသွားလေပြီ။

"ပစ်မှတ် - မြောက်ပိုင်း ပစိဖိတ် သမုဒ္ဒရာ ..."

ဆွန်ဖုန်းသည် မြောက်ပိုင်း ပစိဖိတ် သမုဒ္ဒရာသို့ သွားရောက် လည်ပတ်ရန် ဆုံးဖြတ်လိုက်လေသည်။

"လက်ခံရရှိပါပြီ သူဌေး..."

ရေငုပ်ဝတ်စုံသည် အရှိန်ပြင်းစွာဖြင့် မြောက်ပိုင်း ပစိဖိတ် သမုဒ္ဒရာဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။

ယခုအခါ ဆောင်းဦးပေါက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သမုဒ္ဒရာ အတွင်း၌ ငါးအုပ်ကြီးများမှာ အုပ်စုလိုက် ကူးခတ်၍ အစာရှာဖွေနေကြသည်ကို တွေ့ရလေသည်။ ဆွန်ဖုန်းသည် ငါးအုပ်ကြီးများကို ဖြတ်သန်း သွားသော်လည်း ထိုငါးများက သူ့ကို လုံးဝ ရှောင်ရှားခြင်း မရှိကြချေ။

နေရောင်ခြည်က ရေပြင်ကို ဖြတ်သန်း ကျဆင်းလာပြီး ငါးအုပ်များနှင့် ပင်လယ်ကြမ်းပြင် ရှုခင်းများကို ထင်ဟပ်နေရာ ထူးခြားလှပသော မြင်ကွင်း တစ်ခုကို ဖန်တီးပေးနေလေသည်။ ဤနေရာမှာ ဂျပန်ပင်လယ် နှင့် အိုခေါ့စ်ပင်လယ် အနီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆွန်ဖုန်း ခန့်မှန်းမိလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ငါးအုပ်များ ရုတ်တရက် များပြားလာပြီး ငါးအမျိုးအစားများလည်း စုံလင်လာသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။

ဤပင်လယ်ပြင် နှစ်ခုမှာ ကမ္ဘာ့ အရေးပါသော ငါးဖမ်းကွင်းကြီးများ ဖြစ်ကြပြီး ဟဲရင်းငါး ၊ ကော့ဒ်ငါး ၊ တူနာငါး ၊ ကဏန်း အစရှိသည်တို့ အများအပြား ထွက်ရှိကြောင်း သူ ကောင်းစွာ သိထားလေသည်။

"လခွီး... ငါးအုပ်တွေ ဒီလောက် အများကြီး... ဂျပန်ကောင်တွေတော့ ကောင်းကောင်းကြီး စားရတော့မယ်..."

ဆွန်ဖုန်းသည် အုပ်စုလိုက် ကူးခတ်နေသော ငါးအုပ်ကြီးများကို ကြည့်ကာ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်မိလေသည်။ ဂျပန်ပင်လယ်တွင် ငါးမျိုးစုံ ပေါများစွာ ထွက်ရှိရာ ယခင်က တရုတ် တံငါသည်များ သွားရောက်၍ ငါးခိုးဖမ်းကြောင်း သတင်းစာများတွင် မကြာခဏ ဖော်ပြခံရသည်မှာ အံ့ဩစရာ မဟုတ်ပေ။ အခမဲ့ ရနိုင်သော ငါးများကို မည်သူက မဖမ်းချင်ဘဲ နေမည်နည်း။ ဤသည်မှာ ငွေကြေးများပင် မဟုတ်ပါလား။

"ဟူး... ကနေဒါဘက်မှာ ငါးဖမ်းကွင်း တစ်ခုလောက် လုပ်ဖို့ ဘာလို့ မတွေးမိပါလိမ့်... အဲဒီဘက်မှာလည်း ငါးအုပ်တွေ အများကြီး ရှိတာပဲ... နည်းနည်းလောက် ဖမ်းပြီး ပြန်ရောင်းလို့ ရတာကို..."

ဆွန်ဖုန်းသည် ငါးအုပ်ကြီးများကို ကြည့်ကာ သွားရည်ကျလာမိလေသည်။

တကယ်တော့ ပင်လယ်ငါးများမှာ အလွန် အရသာ ရှိလှပေသည်။ မြစ်ချောင်းများရှိ ငါးများထက် ပိုမို အရသာရှိရုံသာမက ကန်များတွင် မွေးမြူထားသော ငါးများနှင့် ယှဉ်လျှင်လည်း မိုးနှင့်မြေ ကဲ့သို့ ကွာခြားလှပေသည်။

"အရသာရှိတဲ့ ငါးနည်းနည်းလောက် ဖမ်းသွားဦးမှ..."

ဆွန်ဖုန်းသည် ကနေဒါသို့ ရောက်ကတည်းက ပင်လယ်စာ မစားရသည်မှာ တစ်လကျော် ရှိနေပြီ ဖြစ်သည်။

"သတိပေးချက် သူဌေး... အရှေ့ဘက် ကီလိုမီတာ ၁၀ အကွာမှာ ငါးအုပ်တွေ တိုက်ခိုက်နေကြပါတယ်..."

ဆွန်ဖုန်း ငါးဖမ်းရန် စဉ်းစားနေစဉ် အသံလက်ထောက်က ရုတ်တရက် သတိပေးလာလေသည်။

"ဟူး... မနောက်ပါနဲ့ကွာ... ငါက စာမဖတ်ဖူးတဲ့ လူ မဟုတ်ပါဘူး... ငါးအုပ်တွေက ဘယ်လိုလုပ် တိုက်ခိုက်ကြမှာလဲ... ပင်လယ်ကြမ်းပြင်မှာ သတ္တဝါကြီးတွေ တိုက်ခိုက်ကြတယ် ဆိုရင်တော့ ယုံဦးမယ်..." ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။

"သူဌေး... ကြီးမြတ်လှတဲ့ ကျွန်တော်က သူဌေးကို လိမ်ပြောစရာလား... အရှေ့ဘက်မှာ တကယ်ပဲ ဘလူးဖင် တူနာငါး တွေနဲ့ ငါးမန်းတွေ အုပ်စုဖွဲ့ တိုက်ခိုက်နေကြပါတယ်..." အသံလက်ထောက်က ပြန်ပြောလိုက်လေသည်။

"ဟုတ်လို့လား... ဘလူးဖင် တူနာငါးက အဲဒီလောက်တောင် အစွမ်းထက်လို့လား... ငါးမန်းကိုတောင် သွားရန်စရဲတယ်... ငါးမန်းက ဘလူးဖင် တူနာငါးတွေကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။ ငါးမန်းတို့၏ ရက်စက်ကြမ်းကြုတ်မှုမှာ လူသားတို့ ကမ္ဘာတွင်ပင် နာမည်ကြီးလှသည် မဟုတ်ပါလား။

"သူဌေး... သွားကြည့်လိုက်ရင် သိပါလိမ့်မယ်..."

"ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် အားနေတာပဲ... သွားကြည့်ကြတာပေါ့..."

ဆွန်ဖုန်းက ပြောလိုက်လေသည်။

မိနစ်အနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ငါးအုပ်များ တိုက်ခိုက်နေသော နေရာသို့ ရောက်ရှိသွားလေသည်။

အရှေ့ဘက်တွင် အပြာရင့်ရောင် ငါးအကောင် ၃၀ ကျော်ခန့်က ငါးမန်းကြီး ၁၀ ကောင်ခန့်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရလေသည်။ ထိုအပြာရင့်ရောင် ငါးများမှာ ဘလူးဖင် တူနာငါးများပင် ဖြစ်မည်။

သူတို့၏ ခန္ဓာကိုယ်မှာ တိုတိုတုတ်တုတ်နှင့် သန်မာပြီး အမြီးပိုင်းမှာ ခက်ရင်းခွ ပုံစံ ရှိသည်။ ကျောဘက်တွင် အပြာရင့်ရောင် ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းတွင် အရောင်လင်းနေကာ အတောင်ပံငယ်လေးများမှာ အဝါနုရောင် သန်းနေပြီး အမြီးရင်းမှာ အနက်ရောင် ရှိလေသည်။

အကောင်ငယ်များမှာ တစ်မီတာကျော်ခန့် ရှိပြီး အကြီးဆုံး အကောင်များမှာ သုံးမီတာကျော်ခန့်ပင် ရှိလေသည်။ 'ဝါး... ငါးမန်းကိုတောင် ပြန်ချရဲတယ်ဆိုတော့... တကယ်ပဲ အစွမ်းထက်တာကိုး...' ဟု ဆွန်ဖုန်း တွေးလိုက်မိလေသည်။

"ဒီ တူနာငါးတွေက ရေကူးအမြန်ဆုံး ပင်လယ် သတ္တဝါတွေထဲက တစ်မျိုးပါ... အလွန် ကြမ်းကြုတ်တဲ့ ငါးမန်းတွေနဲ့ လင်းပိုင်ကြီးတွေပဲ သူတို့ကို ယှဉ်နိုင်တာပါ... တူနာငါးတွေ အမြန်ဆုံး ကူးခတ်တဲ့ အချိန်မှာ အမြန်နှုန်းက တစ်နာရီကို ရေမိုင် ၅၅ မိုင် အထိ ရှိပါတယ်..." အသံလက်ထောက်က ဆွန်ဖုန်း၏ အံ့ဩနေသော မျက်နှာကို မြင်သောအခါ ရှင်းပြပေးလိုက်လေသည်။

"ကောင်းပြီ... ငါ မြင်လိုက်ပါပြီ..."

ဆွန်ဖုန်းသည် ဘလူးဖင် တူနာငါး အကောင် ၃၀ ကျော်က သူတို့၏ အမြန်နှုန်းကို အသုံးပြုကာ ငါးမန်း ၃ ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ ကျန်ငါးမန်း ၇ ကောင်မှာ အဝေးတွင် ကျန်ရစ်ခဲ့ပြီး ကူညီရန် အခွင့်အရေး မရဘဲ ဖြစ်နေကြလေသည်။

ဘလူးဖင် တူနာငါး ၃၀ ကျော်က ငါးမန်း ၃ ကောင်ကို အပြင်းအထန် ဝင်တိုက်ကြရာ ထိုငါးမန်း ၃ ကောင်မှာ ဒဏ်ရာများ ရရှိသွားကြလေသည်။

"တကယ်ကို ကြမ်းကြုတ်တာပဲ... ငါးမန်းတွေတောင် အနိုင်ကျင့်ခံရတဲ့ အချိန် ရှိသေးတာကိုး..." ဆွန်ဖုန်းက တီးတိုး ရေရွတ်လိုက်လေသည်။

မကြာမီမှာပင် ထိုငါးမန်း ၁၀ ကောင်စလုံး ဘလူးဖင် တူနာငါး ၃၀ ကျော်၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ထွက်ပြေးသွားကြလေတော့သည်။

"ကောင်းပြီ... ဒီတစ်ခေါက်တော့ တကယ် ဗဟုသုတ တိုးသွားပြီ..."

ဆွန်ဖုန်းသည် တိုက်ပွဲ ပြီးဆုံးသွားသည်ကို ကြည့်ကာ ခေါင်းခါ၍ ပြောလိုက်လေသည်။ ထို့နောက် သမုဒ္ဒရာ အတွင်း ဆက်လက် လည်ပတ်ရန် ပြင်လိုက်သော်လည်း အပြန်တွင် ဘလူးဖင် တူနာငါး တစ်ကောင်ကို ဖမ်းဆီးကာ သိုလှောင်ရုံ စနစ်ထဲသို့ ထည့်လိုက်လေသည်။ အိမ်ပြန်ရောက်လျှင် ဘလူးဖင် တူနာငါးဖြင့် အစားအသောက် ချက်စားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ခရီးတစ်ပိုင်း ဆက်သွားပြီးနောက် ဆွန်ဖုန်းသည် မြောက်ပိုင်း ပစိဖိတ် သမုဒ္ဒရာ၏ ရေနက်ပိုင်းသို့ ရောက်ရှိလာခဲ့လေပြီ။ ဤနေရာတွင် ရေအနက်မှာ မီတာ ၅၀၀၀ ကျော်ခန့် ရှိလေသည်။

All Chapters