အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂) ဧရာမ သတ္တုတွင်း
"ပင်လယ်အောက် မီတာ ၅၀၀၀ ကျော်တောင် ရောက်နေပြီပဲ..." ဆွန်ဖုန်းသည် မှောင်မည်းနေသော ပင်လယ်ရေပြင်ကို ကြည့်ကာ ခြေအောက်သို့ ငုံ့ကြည့်လိုက်သော်လည်း အဆုံးကို မမြင်ရသေးချေ။ ရေငုပ်ဝတ်စုံ၏ ဖန်သားပြင် ပြသချက်အရ ပင်လယ်ကြမ်းပြင်သို့ ရောက်ရန် မီတာ တစ်ထောင်ကျော် လိုသေးကြောင်း သိရသည်။
"သတိပေးချက်... သတိပေးချက်... အန္တရာယ်ရှိတဲ့ သတ္တဝါ ချဉ်းကပ်လာနေပါတယ်... အန္တရာယ်ရှိတဲ့ သတ္တဝါ ချဉ်းကပ်လာနေပါတယ်..."
အသံလက်ထောက်၏ သတိပေးသံနှင့်အတူ ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံ၏ ဖန်သားပြင်မှတစ်ဆင့် သူ၏ အနောက်ဘက်တွင် ၅ မီတာ၊ ၆ မီတာခန့် အရွယ်အစားရှိသော သတ္တဝါကြီး တစ်ကောင်က သူ့ဆီသို့ လက်တံများ ဆန့်တန်းကာ ပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။
"လခွီး... ဒါ... ဒါ ရေဘဝဲကြီးလား..." ဆွန်ဖုန်းမှာ စက္ကန့်အနည်းငယ်ခန့် ကြောင်အမ်းသွားပြီးမှ ထိုသတ္တဝါကြီးမှာ ရေဘဝဲ ဖြစ်ကြောင်း သေချာသွားလေသည်။ ၇ မီတာ၊ ၈ မီတာခန့် ကြီးမားသော ရေဘဝဲကြီး ဖြစ်ပြီး ၎င်း၏ စုပ်ခွက်ပါသော လက်တံများမှာ ၈ မီတာ၊ ၉ မီတာခန့် ရှည်လျားမည်ဟု ခန့်မှန်းရသည်။ ထိုအချိန်တွင် အညိုရင့်ရောင် သတ္တဝါကြီးသည် ၎င်း၏ ကြီးမားသော လက်တံများဖြင့် ရေငုပ်ဝတ်စုံကို စတင် ရစ်ပတ်ရန် ကြိုးစားလာလေသည်။
"လခွီး... သာမန် ရေဘဝဲတွေက ၁ မီတာ၊ ၂ မီတာလောက်ပဲ အကြီးဆုံး ရှိတာကို... ရေနက်ပိုင်းမှာ ဒီလို သတ္တဝါဆိုးကြီးတွေ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..." ဆွန်ဖုန်းသည် ထိတ်လန့်သွားပြီး ရေငုပ်ဝတ်စုံကို မောင်းနှင်၍ အဝေးသို့ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရေငုပ်ဝတ်စုံမှာ ကြီးမားလှသော လက်တံ ၄၊ ၅ ခု၏ ရစ်ပတ်ခြင်းကို ခံလိုက်ရလေပြီ။
"အား..." ဆွန်ဖုန်းသည် ပြင်းထန်စွာ လှုပ်ခါသွားမှုကို ခံစားလိုက်ရပြီး ရေငုပ်ဝတ်စုံမှာ ရေဘဝဲကြီး၏ ရစ်ပတ်မှုကို အပြည့်အဝ ခံထားရပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
"အန္တရာယ်ရှိတဲ့ သတ္တဝါက ရေငုပ်ဝတ်စုံကို ရစ်ပတ်ထားပါတယ်... လက်နက်စနစ်ကို ဖွင့်ပြီး ပြန်လည် တိုက်ခိုက်မလား ခင်ဗျာ..." ဆွန်ဖုန်း တစ်ယောက် လှုပ်ခါမှုကြောင့် ခေါင်းမူးနေစဉ် အသံလက်ထောက်က မေးမြန်းလာလေသည်။
"မင်းနှမ... အစောကြီး ကတည်းက ဖွင့်ထားသင့်တာပေါ့..." ဆွန်ဖုန်းက အော်ဟစ်လိုက်လေသည်။
"သေမင်းတမန် အလင်းတန်း လက်နက်စနစ်ကို စတင် ဖွင့်လှစ်နေပါပြီ..." အသံလက်ထောက်က အေးစက်စက် အသံဖြင့် ပြန်ဖြေလေသည်။
ထိုအချိန်တွင် ရေငုပ်ဝတ်စုံမှာ ရေဘဝဲကြီး၏ အပြည့်အဝ ရစ်ပတ်ခြင်းကို ခံထားရပြီး ရေဘဝဲကြီးက မှင်ရည်များကိုပါ ပန်းထုတ်နေလေသည်။
"ရွှီး... ရွှီး... ရွှီး..." ရေငုပ်ဝတ်စုံဆီမှ အနီရောင် သေမင်းတမန် အလင်းတန်းများ ပစ်ခတ်ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများက ရေဘဝဲကြီး၏ လက်တံများကို ထိမှန်သွားသည်နှင့် တိုဟူးတုံးကို လှီးဖြတ်လိုက်သကဲ့သို့ လက်တံများ ချက်ချင်း ပြတ်တောက်သွားလေတော့သည်။
နောက်တစ်စက္ကန့်တွင် ရေဘဝဲကြီး တစ်ကောင်လုံး သေမင်းတမန် အလင်းတန်းများ၏ ပစ်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားလေတော့သည်။
"လခွီး... တကယ် မိုက်တာပဲ..." ဆွန်ဖုန်းသည် ဖန်သားပြင်မှတစ်ဆင့် ရေဘဝဲကြီး အပိုင်းပိုင်း ပြတ်တောက်သွားသည်ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
ရေငုပ်ဝတ်စုံတွင် လက်နက်စနစ် ပါဝင်ကြောင်း သူ သိထားသော်လည်း တစ်ခါမှ အသုံးမပြုခဲ့ဖူးချေ။ ယခု အသုံးပြုကြည့်လိုက်သောအခါ ဤမျှ အစွမ်းထက်မည်ဟု မထင်ထားခဲ့ပေ။ ရေဘဝဲကြီးကို ချက်ချင်း အဆုံးစီရင်နိုင်ခဲ့သဖြင့် အိုင်းယွန်းမန်း ထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသေးသည် မဟုတ်ပါလား။
"ဖျက်ဆီးမှု ပြီးစီးပါပြီ..." အသံလက်ထောက်က အစီရင်ခံလေသည်။
"အင်း... တကယ် အရမ်း မိုက်တယ်... ဒီလက်နက်စနစ် ရှိနေမှတော့ ပင်လယ်ကြမ်းပြင်မှာ သေသွားမှာကို စိတ်ပူစရာ မလိုတော့ဘူး..." ဆွန်ဖုန်းက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီ... ရှေ့ဆက်သွားမယ်..." ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ..."
"ဒါနဲ့... ရေအောက် တူးဖော်ရေး စနစ်ကြီးရဲ့ ရှာဖွေနိုင်တဲ့ အကွာအဝေးက အခု ကီလိုမီတာ ၅၀ ပတ်လည်ပဲ ရှိတာကို ပိုကျယ်အောင် ချဲ့လို့ရမယ့် နည်းလမ်း မရှိဘူးလား... အခု ကီလိုမီတာ ၅၀ ဆိုတာက သိပ်ပြီး မလုံလောက်သလို ခံစားရတယ်... သမုဒ္ဒရာကြီးက အရမ်း ကျယ်ဝန်းတော့ ဒီလောက် အကွာအဝေးလေးနဲ့ ဆက်ရှာနေရင် သတ္တုကြောတွေ တွေ့ဖို့ တော်တော် ခက်လိမ့်မယ်..." ဆွန်ဖုန်းက ရှေ့ဆက်သွားရင်း အသံလက်ထောက်နှင့် စကားပြောနေလေသည်။ လက်ရှိ ကမ္ဘာမြေ၏ နည်းပညာနှင့် ယှဉ်လျှင် ကီလိုမီတာ ၅၀ ပတ်လည် ရှာဖွေနိုင်စွမ်းမှာ ပြိုင်ဘက်ကင်း ဖြစ်နေသော်လည်း ဆွန်ဖုန်း၏ အမြင်တွင်မူ မလုံလောက်သေးချေ။
"နည်းလမ်းကတော့ ရှိပါတယ်... တကယ်တော့ ရေအောက် တူးဖော်ရေး စနစ်ကြီးရဲ့ အမြင့်ဆုံး ရှာဖွေနိုင်စွမ်းက ကီလိုမီတာ ၁၀၀၀ ပတ်လည် အထိ ရပါတယ်... ဒါပေမယ့် လက်ရှိ ကမ္ဘာမြေမှာ အဲဒီလောက် မြင့်မားတဲ့ စွမ်းအင် အရင်းအမြစ် မရှိဘဲ အညံ့ဖျင်းဆုံး လျှပ်စစ်စွမ်းအင်ကိုပဲ သုံးနေရလို့ ကျွန်တော်လည်း ဘာမှ မကူညီနိုင်တာပါ..." အသံလက်ထောက်က ရှင်းပြလေသည်။
"မင်းနှမ... ဒီစနစ်ကြီးက တော်တော် အဆင့်ရွေးတာပဲ... လျှပ်စစ်စွမ်းအင်ကိုတောင် သူ အသုံးပြုဖူးသမျှထဲမှာ အညံ့ဆုံးလို့ ပြောနေသေးတယ်... မတတ်သာလို့ သုံးနေရတာတဲ့လား..." ဆွန်ဖုန်း အနည်းငယ် ဒေါသထွက်သွားလေသည်။
"အရင်တုန်းက ကျွန်တော်တို့က X စွမ်းအင် အရင်းအမြစ်တွေကို သုံးခဲ့တာလေ... သူဌေးတို့ ကမ္ဘာမြေမှာမှ အဲဒါ မရှိတာ ဆိုတော့... ဘာမှ လုပ်လို့ မရဘူးပေါ့..."
"ဒါပေမယ့် သူဌေးတို့ ကမ္ဘာမြေက နျူကလီးယား စွမ်းအင်ကတော့ လျှပ်စစ်စွမ်းအင်ထက် နည်းနည်း ပိုကောင်းပါတယ်... အကယ်လို့ နျူကလီးယား စွမ်းအင်ကိုသာ သုံးမယ်ဆိုရင် ရှာဖွေနိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၃၀၀ ပတ်လည် အထိ ရောက်သွားပါလိမ့်မယ်..." အသံလက်ထောက်က ဆက်ပြောလေသည်။
"နျူကလီးယား စွမ်းအင် ဟုတ်လား... ငါက အဲဒါကို ဘယ်ကသွားရှာရမှာလဲ..." တချို့သော နိုင်ငံငယ်လေးများက နျူကလီးယား လက်နက်များ လျှို့ဝှက် ထုတ်လုပ်ရန် နျူကလီးယား ကုန်ကြမ်းများကို ခိုးဝယ်ကြရာ အမေရိကန်ကဲ့သို့ နိုင်ငံကြီးများ၏ ဖိအားပေးမှုဖြင့် ဒုက္ခရောက်ခဲ့ရသည်များကို ဆွန်ဖုန်း သိထားလေသည်။ အကယ်၍ သူသာ ထိုကိစ္စမျိုးကို သွားလုပ်ပါက ချက်ချင်း ဖမ်းဆီး စစ်ဆေးခံရမည်မှာ သေချာလှပေသည်။
"ထားလိုက်ပါတော့... နောက်မှပဲ တခြားနည်းလမ်း စဉ်းစားရမယ်... လောလောဆယ်တော့ အဲဒါတွေကို သွားလုပ်လို့ မရသေးဘူး..." ဆွန်ဖုန်းက ခဏစဉ်းစားပြီးနောက် ခေါင်းခဲစရာ ကိစ္စကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်လေသည်။
နောက်ထပ် နာရီဝက်ခန့် လျှောက်လည်ပြီးနောက် ဆွန်ဖုန်း အိမ်ပြန်ရန် ပြင်လိုက်စဉ် အသံလက်ထောက်ထံမှ အရှေ့ဘက် ကီလိုမီတာ ၅၀ အကွာတွင် သတ္တုကြော တစ်ခု တွေ့ရှိကြောင်း သတိပေးချက် ထွက်ပေါ်လာလေသည်။
"သံသတ္တုကြောပါ ခင်ဗျာ..." အသံလက်ထောက်က အသိပေးလိုက်လေသည်။
"သံသတ္တုကြော ဟုတ်လား... တကယ်ပဲ ကံကောင်းတာပဲ..." ဆွန်ဖုန်း အလွန် ဝမ်းသာသွားလေသည်။ လွန်ခဲ့သော ရက်ပိုင်းက သူသည် မားလ် သံသတ္တုတွင်းကို တည်ဆောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်မှ ခိုးယူလာသော သံသတ္တုရိုင်း တန်ချိန် သန်း ၃၀ ကို ထိုသတ္တုတွင်း၏ မြေအောက် ဂိုဒေါင်ထဲသို့ ထည့်သွင်းထားခဲ့သည် မဟုတ်ပါလား။ ဆိုလိုသည်မှာ ထိုသံသတ္တုရိုင်း တန်ချိန် သန်း ၃၀ ကို ရောင်းချပြီးသွားပါက သူ့တွင် ရောင်းစရာ သံသတ္တုရိုင်း ရှိတော့မည် မဟုတ်ချေ။ ယနေ့ နောက်ထပ် သံသတ္တုကြော တစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရခြင်းမှာ တကယ့်ကို ကံကောင်းလှပေသည်။
"သွားမယ်... အခု ချက်ချင်း အဲဒီကို သွားမယ်..." ဆွန်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
မကြာမီမှာပင် ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်ရှိ သံသတ္တုကြော ရှိရာသို့ ရောက်ရှိသွားလေသည်။ ယခုအခါ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၇၀၀၀ ကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ပမာဏ ဘယ်လောက် ရှိလဲ ဆိုတာ စစ်ဆေးကြည့်ပါဦး..."
"ဟုတ်ကဲ့... စစ်ဆေးနေပါတယ်... စစ်ဆေးမှု ပြီးစီးပါပြီ... သူဌေး... လက်ရှိ သံသတ္တုကြောရဲ့ ပမာဏက ခန့်မှန်းခြေ တန်ချိန် သန်း ၁၀၀ လောက် ရှိပါတယ်... ဧရာမ သံသတ္တုကြောကြီးပါပဲ... မြေအောက် ၁၀ မီတာ အနက်မှာပဲ ရှိလို့ တူးဖော်ရ အရမ်း လွယ်ကူတဲ့ သံသတ္တုတွင်း တစ်ခုလို့ ပြောလို့ ရပါတယ်..." အသံလက်ထောက်က အစီရင်ခံလေသည်။
"ဘုရားရေ... တန်ချိန် သန်း ၁၀၀ တောင်... အို ဗုဒ္ဓမြတ်စွာ ဘုရား... ချမ်းသာပြီ... ငါတော့ ချမ်းသာပြီ..."
ဆွန်ဖုန်းသည် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျတော့မတတ် ဖြစ်သွားလေသည်။ ဆံပင်ကို သပ်တင်လိုက်ပြီးနောက် ဆွန်ဖုန်းက ကိုယ့်ဘာသာ ရေရွတ်လိုက်လေသည်။
"ဒီလောက် အပေါ်ယံမှာ ရှိနေတဲ့ သံသတ္တုကြောမျိုး ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ... ၁၀ မီတာလောက်ပဲ ရှိတယ်... ပင်လယ်ကြမ်းပြင်က သဲတွေ ဖုံးနေလို့သာ... ဒါသာ ကုန်းပေါ်မှာဆိုရင် ဟင်းလင်းပွင့် သတ္တုတွင်း ဖြစ်နေလောက်ပြီ..."
"ငါ ကိုယ်တိုင် နည်းနည်းလောက် တူးကြည့်ပြီး ဘာအမျိုးအစားလဲ ဆိုတာ ကြည့်ရမယ်..."
ဆွန်ဖုန်းက ချက်ချင်း စတင် တူးဖော်လေတော့သည်။ ရေငုပ်ဝတ်စုံမှ သေမင်းတမန် အလင်းတန်း အနည်းငယ်ကို ပစ်ခတ်လိုက်ရာ ချက်ချင်းပင် တွင်းငယ်တစ်ခု ထွက်ပေါ်လာလေသည်။
ဆွန်ဖုန်းက ဆင်းသွားပြီး မိနစ်အနည်းငယ်ခန့် တူးဆွလိုက်ရာ မျက်နှာသစ်ဇလုံ အရွယ်အစားခန့်ရှိသော သံသတ္တုရိုင်းတုံး တစ်တုံးကို ထုတ်ယူနိုင်ခဲ့လေသည်။
ဆွန်ဖုန်းသည် ထိုသံသတ္တုရိုင်းတုံးကို ကြည့်ကာ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးများ ထွက်ပေါ်လာလေသည်။ "ဟား ဟား... သံလိုက် သံသတ္တုရိုင်း တွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး... အင်း... သံသတ္တုရိုင်းတွေထဲမှာတော့ အကောင်းဆုံး အမျိုးအစားပဲ..."
ယခင်က တောင်တရုတ်ပင်လယ်မှ သူခိုးယူခဲ့သော သံသတ္တုရိုင်းများမှာ သံနီ သတ္တုရိုင်း များ ဖြစ်ကြသည်။ သံနီ သတ္တုရိုင်းမှာလည်း အတော်လေး ကောင်းမွန်သော အမျိုးအစား ဖြစ်ပြီး သံပါဝင်မှု ၇၀ ရာခိုင်နှုန်းခန့် ရှိလေသည်။
ထို့ကြောင့် ဆွန်ဖုန်း၏ သံသတ္တုရိုင်းများမှာ ဈေးကောင်း ရရှိခဲ့ခြင်း ဖြစ်သည်။ အချို့သော သံပါဝင်မှု နည်းပါးသည့် သံသတ္တုရိုင်းများဆိုလျှင် ဈေးနှုန်း အတော်လေး နည်းပါးလှပေသည်။
ဥပမာအားဖြင့် စိုင်ဒါရိုက် သံသတ္တုရိုင်း ဆိုလျှင် သီအိုရီအရ အမြင့်ဆုံး သံပါဝင်မှုမှာ ၄၈.၃ ရာခိုင်နှုန်းသာ ရှိသည်။ လီမိုနိုက် သံသတ္တုရိုင်း ဆိုလျှင် သံပါဝင်မှု ၆၂ ရာခိုင်နှုန်းခန့် ရှိသည်။ ဤသတ္တုရိုင်း နှစ်မျိုးစလုံးမှာ သံနီ သတ္တုရိုင်းထက် ဈေးနှုန်း သက်သာလေသည်။
ယခု ဆွန်ဖုန်း တွေ့ရှိထားသော သံသတ္တုရိုင်းမှာ သံလိုက် သံသတ္တုရိုင်း ဖြစ်ပြီး သံပါဝင်မှုမှာ ၇၂.၄ ရာခိုင်နှုန်းခန့် ရှိရာ သံပါဝင်မှု အမြင့်ဆုံး ဖြစ်ပေသည်။
သံလိုက် သံသတ္တုရိုင်းသည် သံလိုက်ဓာတ် ရှိသော တွင်းထွက် တစ်မျိုး ဖြစ်ပြီး လေးအောက်ဆိုဒ် သုံးသံ ကြွယ်ဝစွာ ပါဝင်သည်။
အသွင်ပြောင်း သတ္တုသိုက်များနှင့် ကမ္ဘာ့အတွင်းပိုင်း သတ္တုသိုက်များတွင် တွေ့ရှိရတတ်ပြီး ဓာတ်တိုးသွားပါက သံနီ သတ္တုရိုင်း သို့မဟုတ် လီမိုနိုက် သံသတ္တုရိုင်း အဖြစ် ပြောင်းလဲသွားတတ်သည်။ သံရည်ကျိုရာတွင် အဓိက အသုံးပြုသော ကုန်ကြမ်း ဖြစ်လေသည်။
"ကောင်းတယ်... သိပ်ကောင်းတယ်... သံလိုက် သံသတ္တုရိုင်း ဖြစ်နေတဲ့ အပြင် ပမာဏကလည်း တန်ချိန် သန်း ၁၀၀ တောင် ရှိတယ်ဆိုတော့... မားလ် သံသတ္တုတွင်းအတွက် နောက်ထပ် နှစ်အတော်ကြာ ရောင်းစရာ ကုန်ကြမ်း အဆင်သင့် ဖြစ်သွားပြီ..."
ဆွန်ဖုန်း အလွန် ဝမ်းသာနေမိလေသည်။ ဤသတ္တုကြောကို ရှာတွေ့လိုက်ခြင်းက မားလ် သံသတ္တုတွင်း၏ ကုန်ကြမ်း ပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။ မည်သည့် အချိန်တွင် ရောင်းကုန်သွားပါစေ ဤနေရာသို့ လာရောက် တူးဖော်ပြီး ပြန်ဖြည့်တင်းနိုင်ပြီ မဟုတ်ပါလား။