အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) ဂျပန်လူမျိုးများ ရောက်လာခြင်း
နှစ်ရက်အကြာတွင် ဆွန်ဖုန်းသည် ကနေဒါသို့ အရင်ထွက်ခွာလာခဲ့လေသည်။
ဟယ်မင်ယီမှာမူ လူဝင်မှုကြီးကြပ်ရေး ကိစ္စများ အပြီးသတ်ရန် အချိန်အနည်းငယ် လိုအပ်သေးသဖြင့် ဟိုင်ယန်မြို့တွင် ဆက်နေခဲ့လေသည်။
မားလ် သံသတ္တုတွင်းရှိ ကိစ္စရပ်များကို ဖြေရှင်းရန် လိုအပ်နေသဖြင့် ဆွန်ဖုန်း အရင်လာခဲ့ခြင်း ဖြစ်ပြီး ဟယ်မင်ယီလည်း မကြာမီ ရောက်ရှိလာမည်ဟု ယုံကြည်ထားလေသည်။
ဤတစ်ကြိမ် ကနေဒါသို့ လာရာတွင် ဆွန်ဖုန်းသည် လူဆယ်ယောက်ကျော်ခန့်ကို ခေါ်ဆောင်လာခဲ့ရာ သူ အသစ်ခေါ်ယူထားသော လုံခြုံရေး ဝန်ထမ်းများပင် ဖြစ်သည်။
ဝူကျွင်းဟွာက သူ့ကို စိတ်မပျက်စေဘဲ အထူးတပ်ဖွဲ့ဝင်ဟောင်း တစ်ဆယ့်သုံးဦးကို ရှာဖွေပေးခဲ့ရာ အားလုံးမှာ တစ်ယောက်တည်းဖြင့် လူဆယ်ယောက်ကို အလွယ်တကူ ယှဉ်ချနိုင်သူများ ဖြစ်ကြသည်။
ဆွန်ဖုန်းကလည်း ကတိအတိုင်း သူတို့အား ကနေဒါတွင် အေးချမ်းစွာ အလုပ်လုပ်နိုင်ရန် နေရာချထားရေး စရိတ် ယွမ် တစ်သိန်းစီ ကြိုတင် ထုတ်ပေးခဲ့လေသည်။
လီယာဒယ်ဘော့ လေဆိပ်တွင် ဆွန်ဖုန်းသည် လူသန်ကြီး ဆယ့်ငါးဦးကို ဦးဆောင်ကာ လေယာဉ်ပေါ်မှ ဆင်းလာခဲ့လေသည်။
သူတို့ အားလုံးမှာ စစ်သားပီပီ သွက်လက်ဖျတ်လတ်ပြီး ဆွန်ဖုန်း၏ နောက်တွင် စည်းကမ်းတကျ လိုက်ပါလာရာ အတော်လေး ခန့်ညားသော မြင်ကွင်း တစ်ခု ဖြစ်နေလေသည်။
"သူဌေး... ဒီဘက်မှာ... ဒီဘက်မှာ..."
ထွက်ပေါက်တွင် စောင့်ကြိုနေသော စူးမေးက လက်ကို ဝှေ့ယမ်းကာ ညုတုတု အသံလေးဖြင့် အော်ဟစ်လိုက်လေသည်။
"ငါ့နောက်က လိုက်ခဲ့ကြ..."
ဆွန်ဖုန်းက အဝေးမှ စူးမေးကို မြင်လိုက်ရသဖြင့် ရှေ့မှ ဦးဆောင် သွားလိုက်လေသည်။
စူးမေးသည် လူအများအပြား ပါလာမည်ကို သိသဖြင့် ဘတ်စ်ကား တစ်စီး ငှားရမ်းကာ လာကြိုခြင်း ဖြစ်သည်။
သာမန် ကားများဖြင့်ဆိုလျှင် ဆံ့မည် မဟုတ်ပါလား။
ကားပေါ်တွင် ဝူကျွင်းဟွာ အပါအဝင် လူတစ်စုမှာ သူစိမ်းပြင်ပြင် မြို့တော်ကို အလွန် စိတ်ဝင်စားနေကြပြီး ပြတင်းပေါက်မှတစ်ဆင့် ဘယ်ညာ လှည့်ပတ် ကြည့်ရှုနေကြလေသည်။
"စူးမေး... မားလ် သံသတ္တုတွင်း အခြေအနေ ဘယ်လို ရှိလဲ..."
ဆွန်ဖုန်းက မေးလိုက်လေသည်။
"အားလုံး ပုံမှန် လည်ပတ်နေပါတယ် သူဌေး... သူဌေး မှာထားတဲ့ အတိုင်း ဖောက်သည်တွေအတွက် သံသတ္တုရိုင်း သယ်ပေးဖို့ သီးသန့် ယာဉ်တန်း တစ်ခု ဖွဲ့စည်းထားပါတယ်... လက်ရှိမှာ လာဝယ်တဲ့ ဖောက်သည်တွေ အတော်လေး များနေပါတယ်..."
စူးမေးက အစီရင်ခံလေသည်။
"သိပ်ကောင်းတယ်..."
ဆွန်ဖုန်းက သီးသန့် ယာဉ်တန်း ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အပြင်လူများ မားလ် သံသတ္တုတွင်းနှင့် တိုက်ရိုက် ထိတွေ့မှု နည်းပါးစေရန် ဖြစ်လေသည်။
ဆွန်ဖုန်းသည် ဝူကျွင်းဟွာတို့ အဖွဲ့ကို မားလ် သံသတ္တုတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားလိုက်လေသည်။ ဤနေရာတွင် အိမ်ငယ်လေး တစ်လုံး ဆောက်လုပ်ထားပြီး သူတို့ကို ထိုနေရာတွင် အရင် နေထိုင်ခိုင်းလိုက်လေသည်။
ယခုအခါ မားလ် သံသတ္တုတွင်း တစ်ဝိုက်တွင် အဆောက်အအုံများ၊ စက်ကိရိယာများနှင့် မြေပြင် သိုလှောင်ရုံများကိုပါ တည်ဆောက်နေပြီ ဖြစ်ပြီး ကုန်တင်ကုန်ချ အလုပ်သမားများ၊ ကုန်တင်ယာဉ် မောင်းနှင်သူများ အစရှိသဖြင့် အလုပ်သမား ရာပေါင်းများစွာကိုလည်း ခေါ်ယူထားလေသည်။
မားလ် သံသတ္တုတွင်းမှာ လူစည်ကားလာပြီး တကယ့် သတ္တုတွင်း တစ်ခုနှင့် ပို၍ တူလာလေသည်။
ဆွန်ဖုန်းက ဤသံသတ္တုရိုင်းများမှာ မြေအောက်မှ တူးဖော်ရရှိခြင်း ဖြစ်သည်ဟု အပြင်လူများကို ပြောဆိုထားရာ အလုပ်သမားများ အနေဖြင့်လည်း တွင်းထဲမှ ဆက်တိုက် ထွက်ပေါ်လာသော သံသတ္တုရိုင်းများကိုသာ မြင်တွေ့နေရသဖြင့် သံသယ ဖြစ်စရာ အကြောင်း မရှိချေ။
တွင်းအောက်သို့ ဆွန်ဖုန်း တစ်ယောက်တည်းသာ ဆင်းနိုင်ပြီး သာမန်အချိန်များတွင် ဓာတ်လှေကားကို ပိတ်ထားသဖြင့် အခြားသူများ ဆင်းလိုလျှင်တောင်မှ ဆင်း၍ မရနိုင်ချေ။
သံသတ္တုရိုင်းများ သယ်ဆောင်သော လမ်းကြောင်းမှလည်း လူအဆင်းအတက် လုပ်၍ မရနိုင်ပေ။
စူးမေးက ဝူကျွင်းဟွာတို့ကို နေရာချထားပေးပြီးနောက် ဆွန်ဖုန်းသည် ဗီလာသို့ ပြန်လာခဲ့လေသည်။
စူးမေးကမူ ကုမ္ပဏီသို့ ပြန်သွားပြီး အလုပ်များကို ဆက်လုပ်နေလေသည်။
နောက်တစ်နေ့ နံနက်စောစောတွင် အိပ်ရာထ နောက်ကျတတ်သော ဆွန်ဖုန်းမှာ စူးမေး၏ နှိုးခြင်းကို ခံလိုက်ရလေသည်။
"ဘာဖြစ်လို့လဲ..."
အိပ်မှုန်စုံမွှား ဖြစ်နေသော ဆွန်ဖုန်းက ဘောင်းဘီတို တစ်ထည်သာ ဝတ်ဆင်ထားလျက် မျက်လုံးကို ပွတ်ကာ တံခါးဝတွင် ရပ်နေသော စူးမေးကို မေးလိုက်လေသည်။
စူးမေးသည် ဆွန်ဖုန်း၏ ကျစ်လျစ်ခိုင်မာသော ခန္ဓာကိုယ်ကို မြင်သောအခါ မျက်နှာ နီရဲသွားပြီး ပြောလိုက်လေသည်။
"သူဌေး... ဒီနေ့ သံသတ္တုရိုင်း ဝယ်ဖို့ ညှိနှိုင်းချင်တဲ့ ဖောက်သည် သုံးယောက် ချိန်းထားတာ ရှိတယ်... သူဌေး သွားကြည့်ပေးလို့ ရမလား... ကျွန်မမှာ တခြား ကိစ္စတွေ ရှိနေလို့ မအားမှာ စိုးလို့ပါ..."
"အော်... ဟုတ်လား... ရပါတယ်... ခဏစောင့်... ငါနဲ့ အတူတူ သွားကြတာပေါ့..."
ဆွန်ဖုန်းက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
သူလည်း အနည်းငယ် အားနာနေမိသည်။
ကုမ္ပဏီ ကိစ္စ အများစုကို စူးမေးအား လွှဲအပ်ထားပြီး သူကမူ နေ့တိုင်း အိပ်ချင်သလောက် အိပ်ကာ ငွေများကိုသာ ရေတွက်နေသည် မဟုတ်ပါလား။
စူးမေးမှာ နေ့စဉ် မိုးလင်းမှ မိုးချုပ် အလုပ်လုပ်ရပြီး ည ၁၀ နာရီ မတိုင်မီ အိမ်ပြန်ရောက်ခဲလှပေသည်။
"ဟုတ်ကဲ့ပါ သူဌေး..."
ဆွန်ဖုန်း မျက်နှာသစ်၊ သွားတိုက်ပြီး နံနက်စာ စားပြီးနောက် ကားကို မောင်းနှင်ကာ စူးမေးနှင့်အတူ လီယာဒယ်ဘော့ မြို့ရှိ ရွေ့ဖုန်း သတ္တုတွင်း ကုမ္ပဏီသို့ ထွက်လာခဲ့လေသည်။
လမ်းတွင် စူးမေးအတွက် ကားတစ်စီး ဝယ်ပေးရန် ဆွန်ဖုန်း ရုတ်တရက် သတိရသွားလေသည်။
သာမန် အချိန်များတွင် သူမသည် အငှားယာဉ် သို့မဟုတ် ဘတ်စ်ကားဖြင့်သာ အလုပ်ဆင်းနေရရာ အတော်လေး သနားစရာ ကောင်းနေသည် မဟုတ်ပါလား။
"စူးမေး... မင်း ကုမ္ပဏီ ဘဏ္ဍာရေး ဌာနကနေ ငွေထုတ်ပြီး ကားတစ်စီး ဝယ်လိုက်ပါ... မင်းအတွက် သီးသန့် ကားပေါ့..."
ဆွန်ဖုန်းက ကားမောင်းရင်း ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ သူဌေး..."
စူးမေးကလည်း မငြင်းဆန်တော့ချေ။
အထွေထွေ မန်နေဂျာ တစ်ယောက် အနေဖြင့် အလုပ်ကိစ္စများ သွားလာရာတွင် ဘတ်စ်ကား၊ အငှားယာဉ်များချည်း စီးနေရပါက အချိန်များစွာ ကြန့်ကြာနိုင်သည် မဟုတ်ပါလား။
ကုမ္ပဏီသို့ ရောက်သောအခါ စူးမေးက ဆွန်ဖုန်းကို အစည်းအဝေး ခန်းမသို့ တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။
ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လူခြောက်ယောက် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
သူတို့သည် ကော်ဖီသောက်ရင်း စကားပြောနေကြလေသည်။
ခြောက်ယောက် အနက် ငါးယောက်မှာ နိုင်ငံခြားသားများ ဖြစ်ကြပြီး တစ်ယောက်မှာ အာရှတိုက်သား ရုပ်ရည်မျိုး ဖြစ်နေသဖြင့် အနည်းငယ် အံ့ဩစရာ ကောင်းနေလေသည်။
၎င်းတို့မှာ နေရာ သုံးခု ခွဲ၍ ထိုင်နေကြရာ ကုမ္ပဏီ သုံးခုမှ လာရောက်ကြသူများ ဖြစ်ကြောင်း သိသာလှပေသည်။
"ဟဲဟဲ... အားလုံးပဲ တောင်းပန်ပါတယ်... အကြာကြီး စောင့်လိုက်ရတယ် ထင်တယ်... သူက ကျွန်မတို့ ကုမ္ပဏီရဲ့ သူဌေး မစ္စတာ ဆွန်ဖုန်း ပါ... ဒါက မစ္စတာ စမစ် ပါ... သူကတော့..."
ဝင်လာသည်နှင့် စူးမေးက ဆွန်ဖုန်းနှင့် ဖောက်သည်များကို အချင်းချင်း မိတ်ဆက်ပေးလေသည်။
မိတ်ဆက်ပေးပြီးနောက် စူးမေးသည် သူမ၏ အလုပ်များ ဆက်လုပ်ရန် ထွက်သွားပြီး ဆွန်ဖုန်းကို စကားပြန် တစ်ဦးနှင့်အတူ ထားခဲ့ကာ ဆွေးနွေးမှုများကို စတင်စေလေသည်။
"မစ္စတာဆွန်... ဒီနေ့ ကျွန်တော် လာရတဲ့ အကြောင်းရင်းကတော့ သံသတ္တုရိုင်း ဝယ်ချင်လို့ပါ... မားလ် သံသတ္တုတွင်းရဲ့ ဈေးနှုန်းက တစ်တန်ကို အမေရိကန် ဒေါ်လာ ၉၀ ဆိုတာ ကျွန်တော် စုံစမ်းထားပြီးပါပြီ... ကျွန်တော်တို့က တန်ချိန် တစ်သိန်းလောက် ဝယ်ချင်တာမို့ ဈေးနည်းနည်းလောက် လျှော့ပေးလို့ ရမလား..."
စမစ်က ပြုံး၍ မေးလိုက်လေသည်။
စောစောက မိတ်ဆက်ပေးချက်များအရ စမစ်မှာ လီယာဒယ်ဘော့ မြို့တွင်းရှိ သံမဏိ စက်ရုံ တစ်ခုမှ ဖြစ်ကြောင်း ဆွန်ဖုန်း သိထားလေသည်။
"မစ္စတာ စမစ်... လက်ရှိ ဈေးကွက် ပေါက်ဈေးက တစ်တန်ကို ၉၀ ဒေါ်လာလောက် ရှိပါတယ်... တချို့ နေရာတွေမှာ နည်းနည်း ဈေးပေါနိုင်ပေမယ့် ကျွန်တော်တို့ ကုမ္ပဏီက ဝယ်သူရဲ့ စက်ရုံအထိ တိုက်ရိုက် သယ်ယူပို့ဆောင် ပေးပါတယ်... သယ်ယူပို့ဆောင်ခ အနေနဲ့ ဆီဖိုးလောက်ပဲ ယူတာပါ... ပြီးတော့ ခင်ဗျားရဲ့ စက်ရုံကလည်း မြို့တွင်းမှာပဲ ရှိတော့ သယ်ယူပို့ဆောင်ရတာ အရမ်း အဆင်ပြေပါတယ်... အကယ်လို့ ခင်ဗျား တခြား သတ္တုတွင်းကနေ ဝယ်မယ်ဆိုရင် သယ်ယူပို့ဆောင်ခချည်းပဲ အများကြီး ကုန်ကျမှာပါ..."
ဆွန်ဖုန်းက ပြုံး၍ ရှင်းပြလိုက်လေသည်။
စမစ်သည် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားလေသည်။
ဆွန်ဖုန်း ပြောသည်မှာ အမှန်ပင် ဖြစ်သည်။
အချို့ သတ္တုတွင်းများတွင် ဈေးနှုန်း အနည်းငယ် သက်သာသော်လည်း အကွာအဝေး ဝေးကွာပါက သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်လာမည် ဖြစ်သည်။
တန်ချိန် တစ်သိန်း ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ချေ။ သယ်ယူပို့ဆောင်စရိတ်မှာ အတော်လေး များပြားမည်မှာ သေချာလှပေသည်။
စမစ် အနေဖြင့် ဆွန်ဖုန်း၏ သတ္တုတွင်းမှ ဝယ်ယူလိုခြင်းမှာလည်း မားလ် သံသတ္တုတွင်းမှာ လီယာဒယ်ဘော့ မြို့နှင့် နီးကပ်စွာ ရှိနေသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ်များ များစွာ သက်သာနိုင်သောကြောင့် ဖြစ်လေသည်။
စမစ်က ခဏစဉ်းစားပြီးနောက် ဖြည်းညင်းစွာ မေးလိုက်လေသည်။
"မစ္စတာဆွန်... အကယ်လို့ ကျွန်တော်တို့က တန်ချိန် တစ်သိန်းခွဲ ဝယ်မယ်ဆိုရင်ရော... ဈေးနည်းနည်း လျှော့ပေးလို့ ရမလား..."
စမစ်၏ မျှော်လင့်တကြီး မျက်နှာကို ကြည့်ကာ ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။
"ဒါဆိုရင်တော့ စဉ်းစားပေးလို့ ရပါတယ်... မစ္စတာ စမစ်က ဘယ်လောက်လောက် ထားပေးရင် သင့်တော်မယ် ထင်လဲ..."
စမစ်၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
ပမာဏ များများ ဝယ်ယူပါက ဈေးနှုန်း လျှော့ပေးမည်မှာ သေချာသွားပြီ မဟုတ်ပါလား။
"၈၅ ဒေါ်လာလောက်ဆို ဘယ်လိုလဲ..."
စမစ်က ခဏစဉ်းစားပြီးနောက် သတိထားကာ မေးလိုက်လေသည်။
"ဟင့်အင်း... ၈၇ ဒေါ်လာပါ... အဲဒါ ကျွန်တော့်ရဲ့ အနိမ့်ဆုံး ဈေးပါပဲ..."
ဆွန်ဖုန်းက တည်ငြိမ်စွာ ဖြေလိုက်လေသည်။
"မစ္စတာဆွန်... ၈၅ ဒေါ်လာလောက်တော့ ထားပေးပါ... ကျွန်တော် တန်ချိန် တစ်သိန်းခွဲတောင် ဝယ်မှာပါနော်..."
စမစ်က တောင်းပန်သည့် ဟန်ဖြင့် ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် မည်သို့ တွေးနေမည်ကိုမူ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
"၈၇ ဒေါ်လာပါ... တစ်ပြားမှ ထပ်လျှော့လို့ မရတော့ပါဘူး..."
ဆွန်ဖုန်းက ခေါင်းခါလိုက်လေသည်။
နောက်ဆုံးတွင် စမစ်မှာ အလျှော့ပေးလိုက်ရပြီး တန်ချိန် တစ်သိန်းခွဲကို တစ်တန်လျှင် ၈၇ ဒေါ်လာနှုန်းဖြင့် ဝယ်ယူရန် သဘောတူညီလိုက်လေသည်။
"မစ္စတာဆွန်... ကျွန်တော်လည်း ကာတို သံမဏိ စက်ရုံကိုယ်စား တန်ချိန် တစ်သိန်းခွဲ ဝယ်ယူချင်ပါတယ်... ၈၇ ဒေါ်လာနှုန်းနဲ့ပဲ ရောင်းပေးလို့ ရမလား..."
အာရှတိုက်သား ရုပ်ရည်နှင့် လူက စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေသည်။
ဆွန်ဖုန်းသည် ထိုလူကို ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင် ရယ်မောလိုက်လေသည်။
ဤလူမှာ တရုတ်လူမျိုး မဟုတ်ဘဲ ဂျပန်လူမျိုး ဖြစ်ကြောင်း သူ သိထားလေသည်။
စောစောက မိတ်ဆက်ပေးစဉ်က သူ၏ အမည်မှာ အိနိုဘဲ တာရို ဟု ကြားလိုက်ရသည် မဟုတ်ပါလား။ ဂျပန်လူမျိုးများသာ ဤကဲ့သို့သော အမည်မျိုး ပေးလေ့ ရှိကြပေသည်။