အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆) မရောင်းဘူး
"အိနိုဘဲ တာရို... မလောပါနဲ့... ညှိနှိုင်းမှုတွေကို အဆင့်လိုက် လုပ်သွားပါမယ်... ချိန်းဆိုထားတဲ့ အချိန်အရဆိုရင် ခင်ဗျားက နောက်ဆုံးမှ ရောက်တာလေ... ဒါကြောင့် ကျွန်တော် မစ္စတာ ဂျော့ချ် နဲ့ အရင် ဆွေးနွေးပါရစေ..."
ဆွန်ဖုန်းက အိနိုဘဲ တာရိုကို ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော် အရမ်း လောသွားလို့ပါ... ခင်ဗျားပဲ ဆက်ပြောပါ..."
အိနိုဘဲ တာရိုက အနည်းငယ် ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်လေသည်။
စောစောက သူသည် ဆွန်ဖုန်းနှင့် စမစ်တို့၏ ဆွေးနွေးမှုကို မြင်တွေ့ခဲ့ပြီး တစ်တန်လျှင် သုံးဒေါ်လာ လျှော့ပေးလိုက်သည်ကို တွေ့လိုက်ရသဖြင့် အလွန် လောသွားမိခြင်း ဖြစ်လေသည်။
ဘေးရှိ ဂျော့ချ်က ဆွန်ဖုန်း၏ စကားကို ကြားသောအခါ မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးများ ထွက်ပေါ်လာလေသည်။
"မစ္စတာဆွန်... ဒီလိုပါ... ကျွန်တော်ကလည်း သံသတ္တုရိုင်း တန်ချိန် တစ်သိန်းခွဲ ဝယ်ချင်လို့ပါ... အဲဒါ တစ်တန်ကို ၈၇ ဒေါ်လာနှုန်းနဲ့ပဲ ရောင်းပေးလို့ ရမလား..."
စီးပွားရေးသမားတိုင်းမှာ ပါးနပ်ကြသည်ချည်း ဖြစ်ရာ သူသည် စမစ်က ၈၇ ဒေါ်လာဖြင့် ဝယ်ယူနိုင်ခဲ့သည်ကို မြင်သောအခါ ထိုဈေးနှုန်းဖြင့်ပင် ဝယ်ယူလိုကြောင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အစပိုင်းက တန်ချိန် တစ်သိန်း နှစ်သောင်း ခန့်သာ ဝယ်ယူရန် ရည်ရွယ်ထားသော်လည်း ဈေးနှုန်း သက်သာနေသည်ကို မြင်သောအခါ ပို၍ ဝယ်ယူလိုက်လျှင်လည်း ပြဿနာ မရှိနိုင်ဟု တွေးလိုက်မိလေသည်။
ထို့အပြင် စမစ်၏ အရောင်းအဝယ်ကို မြင်ပြီးနောက် ဆွန်ဖုန်းက ၉၀ ဒေါ်လာဖြင့် ဆက်လက် ရောင်းချမည် မဟုတ်ကြောင်း ဂျော့ချ် ကောင်းစွာ ခန့်မှန်းမိလေသည်။ ယခုအခါ ကုမ္ပဏီ သုံးခုက တစ်ပြိုင်နက်တည်း ညှိနှိုင်းနေကြသည် မဟုတ်ပါလား။
မူလက ဤဆွေးနွေးပွဲများကို စူးမေးက သုံးကြိမ် ခွဲ၍ လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ဆွန်ဖုန်းက အလုပ်ရှုပ်မခံချင်သဖြင့် တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာ အနည်းငယ် လျှော့ပေးရမည်ကို ဆွန်ဖုန်း လုံးဝ ဂရုမစိုက်ချေ။ မားလ် သံသတ္တုတွင်းမှာ ယခုမှ စတင် လည်ပတ်ခြင်း ဖြစ်ရာ ဈေးနှုန်း အနည်းငယ် လျှော့ပေးခြင်းက ပြဿနာ မဟုတ်ပေ။ ဆွန်ဖုန်း လိုချင်သည်မှာ အရေအတွက် များများ ရောင်းရရန်သာ ဖြစ်သည်။
လက်ရှိ သတ္တုတွင်း လုပ်ငန်းမှာ အခြေအနေ သိပ်မကောင်းသဖြင့် ပမာဏ များများ ဝယ်ယူမည့် ဖောက်သည်မျိုးကို ရှာတွေ့ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
တစ်ဖက်လူကလည်း တန်ချိန် တစ်သိန်းခွဲ ဝယ်ယူမည်ကို ကြားသောအခါ ဆွန်ဖုန်းက လုံးဝ ငြင်းဆန်ခြင်း မရှိဘဲ ပြောလိုက်လေသည်။
"၈၇ ဒေါ်လာနဲ့ ရပါတယ်... ဒါပေမယ့် သယ်ယူပို့ဆောင်ရေး အတွက်တော့ ကျွန်တော် ကူညီပေးလို့ မရပါဘူး... ခင်ဗျား ဘာသာပဲ သယ်ယူရပါလိမ့်မယ်..."
ဆွန်ဖုန်းက ဤသို့ အလွယ်တကူ သဘောတူလိုက်မည်ဟု ဂျော့ချ် လုံးဝ ထင်မှတ်မထားခဲ့ချေ။
ထို့ကြောင့် ဝမ်းသာအားရဖြင့် ဖြေလိုက်လေသည်။ "ပြဿနာ မရှိပါဘူး... ကျေးဇူးတင်ပါတယ် မစ္စတာဆွန်... သယ်ယူပို့ဆောင်ရေး အတွက် ကျွန်တော် ဘာသာပဲ ဖြေရှင်းလိုက်ပါ့မယ်..."
ဂျော့ချ်၏ သံမဏိ စက်ရုံမှာ လီယာဒယ်ဘော့ မြို့နှင့် မြို့နှစ်မြို့စာခန့် ဝေးကွာသဖြင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ အတော်လေး ဝေးကွာလေသည်။ ဆွန်ဖုန်း အနေဖြင့် ဤမျှ ဝေးကွာသော နေရာသို့ အရှုံးခံ၍ သယ်ယူပို့ဆောင်ပေးမည် မဟုတ်ချေ။ မားလ် သံသတ္တုတွင်း၏ ယာဉ်တန်းမှာ အနီးအနားရှိ မြို့များသို့သာ ဆီဖိုး အနည်းငယ် ယူ၍ ဝန်ဆောင်မှု ပေးခြင်း ဖြစ်လေသည်။
သို့သော် ဂျော့ချ် အနေဖြင့် ဈေးနှုန်း သက်သာစွာ ရရှိခဲ့ပြီ ဖြစ်ရာ သယ်ယူပို့ဆောင်ရေး ကိစ္စကို ဆွန်ဖုန်းက တာဝန်ယူပေးမည်ဟုလည်း မမျှော်လင့်ထားခဲ့ချေ။
မကြာမီမှာပင် ဆွန်ဖုန်းသည် ဂျော့ချ်နှင့် သဘောတူညီမှု ရရှိသွားပြီး ရက်အနည်းငယ် အတွင်း စာချုပ် ချုပ်ဆိုရန် စီစဉ်လိုက်လေသည်။
ဆွန်ဖုန်းနှင့် ဂျော့ချ်တို့ ဆွေးနွေးပြီးသွားသည်ကို မြင်သောအခါ အိနိုဘဲ တာရိုမှာ သူ၏ အလှည့် ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
စမစ်နှင့် ဂျော့ချ်တို့ နှစ်ဦးစလုံး ၈၇ ဒေါ်လာဖြင့် ရရှိခဲ့သည်ကို မြင်ခဲ့ရသဖြင့် သူလည်း ထိုဈေးနှုန်းဖြင့် ရရှိမည်ဟု အပြည့်အဝ ယုံကြည်နေလေသည်။
"ကောင်းပြီ... အခု အိနိုဘဲ တာရိုရဲ့ ကုမ္ပဏီ အလှည့် ရောက်ပါပြီ..."
ဆွန်ဖုန်းက လက်ထဲရှိ စာရွက်စာတမ်းများကို ကိုင်ကာ ကာတို သံလမ်း စက်ရုံ၏ အကြောင်းကို ကြည့်လိုက်လေသည်။
အမှန်တကယ် ပြောရလျှင် ဆွန်ဖုန်းမှာ အနည်းငယ် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူ တစ်ဦး ဖြစ်ရာ ဂျပန်လူမျိုးများကို အစဉ်အမြဲ အမြင်မကြည်ခဲ့ချေ။ သို့သော် သူတို့၏ အကြီးစား စက်မှုလုပ်ငန်းများမှာ အလွန် အဆင့်မြင့်ကြောင်းကိုမူ ဝန်ခံရမည် ဖြစ်သည်။
ယခု အိနိုဘဲ တာရို ကိုယ်စားပြု လာရောက်သော ကာတို သံလမ်း စက်ရုံမှာ လီယာဒယ်ဘော့ မြို့တွင် နာမည်ကြီး ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ရထားလမ်းများအတွက် သံလမ်းများကို အဓိက ထုတ်လုပ်သည့် စက်ရုံ ဖြစ်လေသည်။
စာရွက်စာတမ်းများကို ကြည့်နေရင်း ဆွန်ဖုန်း၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကျုံ့ဝင်လာလေသည်။ ဤ ကာတို သံလမ်း စက်ရုံမှာ လီယာဒယ်ဘော့ မြို့ရှိ နာမည်ကြီး ကုမ္ပဏီ တစ်ခု ဖြစ်သော်လည်း ၎င်း၏ ပင်မ ကုမ္ပဏီမှာ ဂျပန်နိုင်ငံမှ ကာဝါဆာကီ အကြီးစား စက်မှုလုပ်ငန်းစု လက်အောက်ရှိ သံလမ်း ထုတ်လုပ်ရေး ဌာန၏ နိုင်ငံရပ်ခြားခွဲ ကုမ္ပဏီ တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ဆိုလိုသည်မှာ ဤစက်ရုံမှ ထုတ်လုပ်သော သံလမ်းများမှာ ကာဝါဆာကီ အကြီးစား စက်မှုလုပ်ငန်းစုအတွက် ထုတ်လုပ်ပေးနေခြင်း ဖြစ်ပေသည်။
"လခွီး... ဒီ ကာတို စက်ရုံက ထုတ်တဲ့ သံလမ်းတွေက ဂျပန်ကောင်တွေ သုံးဖို့ အတွက်ကိုး... ဟွန်း... မင်းတို့ကို ဘယ်လို ဒုက္ခပေးရမလဲ ဆိုတာ ကြည့်နေလိုက်..."
ဆွန်ဖုန်းသည် ထိုအချက်ကို တွေ့ရှိလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် ကောက်ကျစ်သော အကြံအစည်များ ပေါ်လာလေတော့သည်။
"ခင်ဗျားကရော ဘယ်လောက် ဝယ်ချင်တာလဲ..." ဆွန်ဖုန်းက လက်ထဲရှိ စာရွက်များကို ချကာ အေးစက်စွာ မေးလိုက်လေသည်။
"တန်ချိန် တစ်သိန်းခွဲပါ ခင်ဗျာ..."
အိနိုဘဲ တာရိုက ပြန်ဖြေလိုက်လေသည်။
ဂျပန်နိုင်ငံမှာ သယံဇာတ အလွန် ရှားပါးသော နိုင်ငံ တစ်ခု ဖြစ်ပြီး ရေနံ၊ သံမဏိ၊ ကျောက်မီးသွေးနှင့် အခြား တွင်းထွက် ပစ္စည်းများ အားလုံးကို ပြည်ပမှ မှီခိုနေရလေသည်။ သို့သော် အကြီးစား စက်မှုလုပ်ငန်းများမှာမူ အလွန် ဖွံ့ဖြိုးတိုးတက်လှပေသည်။
သံမဏိ ထုတ်လုပ်မှု အပိုင်းတွင် ကမ္ဘာ့ အဆင့်မီ ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ရထားလမ်း အပိုင်းတွင်လည်း အလွန် အဆင့်မြင့်လှပေသည်။
ကာဝါဆာကီ အကြီးစား စက်မှုလုပ်ငန်းစုမှာ ရထားတွဲများ ထုတ်လုပ်ရာတွင် နာမည်ကြီး ကုမ္ပဏီကြီး တစ်ခု ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ သံလမ်းများ တင်ပို့ ရောင်းချရာတွင်လည်း အလွန် ကြီးမားသော ဈေးကွက်ကို ပိုင်ဆိုင်ထားလေသည်။ နိုင်ငံ အများအပြားက သူတို့ ထုတ်လုပ်သော သံလမ်းများကို ဝယ်ယူ အသုံးပြုကြလေသည်။
"အော်... တန်ချိန် တစ်သိန်းခွဲ ဟုတ်လား... ရပါတယ်... တစ်တန်ကို ၁၂၀ ဒေါ်လာ... သယ်ယူပို့ဆောင်ရေးကိုတော့ ခင်ဗျား ဘာသာပဲ တာဝန်ယူရလိမ့်မယ်..." ဆွန်ဖုန်းက အေးစက်စက် အသံဖြင့် ပြောလိုက်လေသည်။
"ဘာ... တစ်တန်ကို ၁၂၀ ဒေါ်လာ ဟုတ်လား..."
အိနိုဘဲ တာရိုမှာ ထိုစကားကို ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားပြီး နေရာမှပင် ထရပ်ကာ မေးလိုက်လေသည်။ "မစ္စတာဆွန်... ခင်ဗျား နောက်နေတာ မဟုတ်လား... ဈေးကွက် ပေါက်ဈေးက တစ်တန်ကို ၉၀ ဒေါ်လာပဲ ရှိတာကို... စောစောက စမစ်နဲ့ ဂျော့ချ်ကို ရောင်းလိုက်တာကလည်း တစ်တန်ကို ၈၇ ဒေါ်လာနဲ့ပဲ ရောင်းတာလေ... ဘာလို့ ကျွန်တော့်ကျမှ ဒီလောက် ဈေးတင်ရောင်းရတာလဲ..."
ဆွန်ဖုန်းက ဈေးတင်ပြောလိုက်သည်ကို မြင်သောအခါ စမစ်နှင့် ဂျော့ချ်တို့မှာ အနည်းငယ် အံ့ဩသွားကြပြီး ဝမ်းသာသွားကြလေသည်။ သူတို့ နှစ်ဦးမှာ တစ်တန်လျှင် ၈၇ ဒေါ်လာဖြင့် ရရှိခဲ့သော်လည်း ဤဂျပန်လူမျိုးကျမှ ၁၂၀ ဒေါ်လာ ဖြစ်သွားရာ ဤသည်မှာ အိနိုဘဲ တာရို၏ အသက်ကို နုတ်ယူနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
ဆွန်ဖုန်းက ဒေါသထွက်နေသော အိနိုဘဲ တာရိုကို ကြည့်ကာ စိတ်ထဲမှ အလွန် သဘောကျနေလေသည်။ "ငါ မင်းကို အမြင်မကြည်လို့၊ ဂျပန်လူမျိုး ဖြစ်နေလို့ မရောင်းချင်တာ..." ဟု သူ တွေးလိုက်မိသော်လည်း အပြင်သို့ ထုတ်မပြောချေ။
စမစ်နှင့် ဂျော့ချ်တို့မှာ အိနိုဘဲ တာရိုကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေကြလေသည်။
"ဘာလို့ရယ်လို့ မရှိပါဘူး... ဝယ်ချင်ရင် ဝယ်... မဝယ်ချင် နေလို့ ရပါတယ်..." ဆွန်ဖုန်းက ရှင်းပြရန်ပင် ပျင်းရိနေဟန်ဖြင့် နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"မစ္စတာဆွန်... ခင်ဗျားက ကျွန်တော့် အပေါ်မှာ အမြင်မကြည်တာ များ ရှိလို့လား... ဒါမှမဟုတ် ကျွန်တော်ကများ တစ်ခုခု မှားယွင်းသွားလို့လား... တစ်တန်ကို ၉၀ ဒေါ်လာလောက်နဲ့ ရောင်းပေးရင်လည်း ရပါတယ်ဗျာ..."
အိနိုဘဲ တာရိုက စိတ်ထဲမှ ဒေါသများကို ဖုံးကွယ်ကာ တောင်းပန်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"အဓိက အကြောင်းရင်းကတော့ ခင်ဗျားက အရမ်း ရုပ်ဆိုးလွန်းလို့... ကျွန်တော် မရောင်းချင်တာပါ..."
ဆွန်ဖုန်းက အိနိုဘဲ တာရို အရှုံးမပေးသေးသည်ကို မြင်သောအခါ ထိုကောင်ကို ရွံရှာဖွယ်ရာ စကားဖြင့် တိုက်ခိုက်လိုက်လေသည်။
"ခင်ဗျား..."
အိနိုဘဲ တာရိုသည် ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသထွက်လွန်း၍ ဆံပင်များပင် ထောင်တက်သွားမတတ် ဖြစ်သွားပြီး စကားပင် ဆက်မပြောနိုင်တော့ချေ။ မျက်နှာကြီး တစ်ခုလုံး အပြာရောင် သန်းလာလေတော့သည်။
ထိုစကားကို စကားပြန်မလေးက ဘာသာပြန်ပေးလိုက်သောအခါ ဘေးတွင် နားထောင်နေသော စမစ်နှင့် ဂျော့ချ်တို့မှာ အသံထွက်အောင်ပင် ရယ်မောလိုက်ကြလေသည်။ စကားပြန်မလေး ကိုယ်တိုင်လည်း ပါးစပ်ကို အုပ်ကာ ခိုး၍ ရယ်မောနေလေသည်။
တကယ်တမ်း ပြောရလျှင် အိနိုဘဲ တာရိုမှာ အတော်လေး ရုပ်ဆိုးလှပေသည်။ အရပ်က ၁.၅၇ မီတာ (၅ ပေ ၂ လက်မခန့်) သာ ရှိပြီး အလွန် ဝဖြိုးနေကာ မျက်နှာကြီးမှာလည်း ပြားချပ်ချပ် ဖြစ်နေသည်။ နှုတ်ခမ်းမွေး ကော့ကော့လေးနှင့် ဆိုတော့ ဆာမူရိုင်း ဝတ်စုံသာ ဝတ်ပေးလိုက်ပါက တကယ့်ကို ဂျပန် ဝက်ပုလေး တစ်ကောင်နှင့် တူနေမည် ဖြစ်လေသည်။
"တောက်... ဆွန်ဖုန်း... ခင်ဗျား တကယ် ယုတ်မာလွန်းတယ်... ဒီအရောင်းအဝယ်ကို ကျွန်တော် မလုပ်တော့ဘူး..."
အိနိုဘဲ တာရိုသည် အခြားသူများ၏ လှောင်ပြောင် ရယ်မောမှုကို ခံရသောအခါ ဤနေရာတွင် ဆက်မနေနိုင်တော့ဘဲ အခန်းထဲမှ ဒေါသတကြီး ထွက်သွားလေတော့သည်။
"ကောင်းကောင်း သွားပါ... ဂျပန် ဝက်ပုလေးရေ..." ဆွန်ဖုန်းက ထွက်သွားသော အိနိုဘဲ တာရိုကို ကြည့်ကာ ပြုံး၍ အော်ပြောလိုက်လေသည်။
"ဖူး..."
အစည်းအဝေး ခန်းမ အပြင်သို့ ရောက်သွားသော အိနိုဘဲ တာရိုမှာ ဒေါသထွက်လွန်း၍ ချော်လဲတော့မတတ် ဖြစ်သွားရလေသည်။
"ဟွန်း... ငါ့ရဲ့ သယံဇာတတွေကို မင်းတို့ ဂျပန်ကောင်တွေကို လုံးဝ မရောင်းဘူးကွ... ငါ့ရဲ့ အမိနိုင်ငံက လူတွေကို အလကား ပေးရင်ပေးမယ်... မင်းတို့ကိုတော့ လုံးဝ မရောင်းဘူး..." ဆွန်ဖုန်းက စိတ်ထဲမှ တေးမှတ်ထားလိုက်လေသည်။