အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀) အပန်းဖြေကျွန်း တည်ဆောက်ခြင်း
လီယာဒယ်ဘော့ လေဆိပ်။
လူသွားလူလာ များပြားနေသော လေဆိပ်ထဲမှ ဗိုက်ကလေး အနည်းငယ် စူထွက်နေပြီ ဖြစ်သော ဟယ်မင်ယီ ထွက်လာသည်ကို ဆွန်ဖုန်း တစ်ချက်တည်းနှင့် မြင်လိုက်လေသည်။
ဟယ်မင်ယီသည် ပွပွချောင်ချောင် အင်္ကျီကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ထားကာ ခရီးဆောင်အိတ်ကို တွန်းရင်း ဘယ်ညာ လှည့်ပတ် ကြည့်ရှုနေလေသည်။
ဆွန်ဖုန်းကို ရှာဖွေနေခြင်း ဖြစ်မည်။
ဆွန်ဖုန်းက ပြုံး၍ သူမဆီသို့ ပြေးသွားလိုက်လေသည်။
"မင်ယီ... ကိုယ် ဒီမှာ..."
"အတော်ပဲ... မြန်မြန်လာ... ခရီးဆောင်အိတ် ကူဆွဲပေးဦး..."
ဟယ်မင်ယီက ဗိုက်ကလေးကို ကော့ကာ ဆွန်ဖုန်းအား ချွဲနွဲ့၍ ပြောလိုက်လေသည်။
"သေချာတာပေါ့ဗျာ... ဟီးဟီး..."
ဆွန်ဖုန်းက လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်ကို ဆွဲကာ အခြား လက်တစ်ဖက်ဖြင့် ဟယ်မင်ယီကို တွဲ၍ လေဆိပ် အပြင်သို့ ထွက်လာခဲ့လေသည်။
"ဒါနဲ့... မင်းကို ဝမ်းသာစရာ ကိစ္စလေး တစ်ခု ပြောပြစရာ ရှိတယ်... ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုယ် ကိုယ်ပိုင်ကျွန်း တစ်ကျွန်း ဝယ်ထားတယ်... အဲဒီကျွန်းပေါ်မှာ အိမ်တွေ၊ အပန်းဖြေစရာ နေရာတွေ ဆောက်မလို့ စီစဉ်နေတာ... မင်းလည်း ကိုယ့်ကို ကူပြီး အကြံပေးပါဦး..."
ကားပေါ်တွင် ဆွန်ဖုန်းက ဟယ်မင်ယီအား ပြောလိုက်လေသည်။
"ပိုက်ဆံဖြုန်းတဲ့ လူဆိုးကြီး... ဘာဝမ်းသာစရာ ကိစ္စလဲ... ကိုယ်ပိုင်ကျွန်း ဝယ်ဖို့ဆိုတာ ငွေတွေ အများကြီး ကုန်တာကို... ကလေးမွေးလာရင် သုံးဖို့ ပိုက်ဆံ နည်းနည်းပါးပါး ချန်ထားဦးမှပေါ့..."
ဟယ်မင်ယီသည် ဆွန်ဖုန်း ကိုယ်ပိုင်ကျွန်း ဝယ်လိုက်ကြောင်း ကြားသောအခါ အနည်းငယ် စိတ်ဆိုးသွားလေသည်။ ကျွန်းဝယ်ရန် ငွေကြေး များစွာ ကုန်ကျသည့် အပြင် ကျွန်းပေါ်တွင် အိမ်များ၊ စက်ကိရိယာများ ဆောက်လုပ်ရန်အတွက်ပါ ငွေထပ်ကုန်မည်ကို သူမ ကောင်းစွာ သိထားလေသည်။
"ကိစ္စမရှိပါဘူး... ကိုယ့်မှာ ပိုက်ဆံတွေ ရှိပါသေးတယ်... ပြီးတော့ ကလေးလေး တစ်ယောက်အတွက် ဘယ်လောက်များ ကုန်မှာမို့လို့လဲ..."
ဆွန်ဖုန်းက စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။ ယခုအခါ ဟယ်မင်ယီ၏ စကား ဆယ်ခွန်းတွင် သုံးခွန်းလောက်က ကလေးအကြောင်းချည်း ဖြစ်နေသဖြင့် သူမမှာ မိခင်ရောဂါ စွဲကပ်နေပြီဟု တွေးလိုက်မိလေသည်။
"ဟွန်း..."
ဟယ်မင်ယီသည် ဆွန်ဖုန်း၏ အဖြေကို သဘောမကျသဖြင့် မျက်နှာလွှဲသွားလေတော့သည်။
ဗီလာသို့ ပြန်ရောက်သောအခါ ဟယ်မင်ယီမှာ အနည်းငယ် ပင်ပန်းနေသဖြင့် အစားအနည်းငယ် စားပြီးနောက် အိပ်ရာဝင်သွားလေသည်။
ဆွန်ဖုန်းကမူ ဈေးသို့ သွားကာ ဟင်းသီးဟင်းရွက်များ ဝယ်ယူပြီး ချက်ပြုတ်နေလေသည်။
ညဘက်သို့ ရောက်သောအခါ ဆွန်ဖုန်းသည် မွှေးကြိုင်သော ဟင်းလျာများကို ချက်ပြုတ် ပြီးစီးသွားရာ ဧည့်ခန်းထဲတွင် ရှိနေသော ဟယ်မင်ယီကို ထမင်းစားရန် ခေါ်လိုက်လေသည်။
ဤညစာမှာ အလွန် နွေးထွေးပြီး လင်မယား နှစ်ယောက် ရယ်မော ပျော်ရွှင်စွာဖြင့် စားသောက်ခဲ့ကြလေသည်။
နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် ဟယ်မင်ယီကို ခေါ်ကာ ဗန်ကူးဗားမြို့သို့ ရက်အနည်းငယ် သွားရောက် လည်ပတ်ကြလေသည်။
ထို့နောက် ဆွန်ဖုန်း ဝယ်ယူထားသော ကိုယ်ပိုင်ကျွန်းပေါ်သို့ သွားရောက် ကြည့်ရှုကြရာ ဟယ်မင်ယီလည်း ဤကျွန်းလေးကို အလွန် သဘောကျသွားလေသည်။
ကျွန်းပေါ်တွင် မည်ကဲ့သို့သော အိမ်မျိုး ဆောက်လုပ်သင့်ကြောင်းကိုလည်း ဆွန်ဖုန်းအား စတင် ကူညီ အကြံပေးလေတော့သည်။
ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ ရက်အနည်းငယ် တိုင်ပင်ပြီးနောက် ကနဦး အစီအစဉ် တစ်ခု ရရှိသွားလေသည်။
ရိုးရှင်းသော လေယာဉ်ပြေးလမ်းငယ် တစ်ခု တည်ဆောက်မည်။ နောင်တွင် ကိုယ်ပိုင် လေယာဉ် တစ်စီး ဝယ်ယူရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
အပန်းဖြေ အနားယူရန် အသေးစား ဂေါက်ကွင်း တစ်ခု ပါဝင်မည်။
ကျွန်းပေါ်ရှိ ပင်မအိမ်ကြီးကို ဆီဒါသစ်သားများဖြင့် တည်ဆောက်ကာ အထပ်နှစ်ထပ် ပါဝင်သော လှပသည့် သစ်သားအိမ်ကြီး တစ်လုံး အဖြစ် ဖန်တီးမည်။
အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၅၀၀ ခန့် ရှိမည် ဖြစ်ပြီး မြေညီထပ်တွင် အပန်းဖြေစင်တာ၊ အားကစားခန်းမ၊ မီးဖိုချောင်၊ ဧည့်ခန်းတို့ ပါဝင်ကာ အပေါ်ထပ်တွင် အိပ်ခန်းကြီး လေးခန်း ပါဝင်မည် ဖြစ်သည်။
ဤသည်မှာ ကျွန်းပေါ်ရှိ ကနဦး တည်ဆောက်ရေး အစီအစဉ်မျှသာ ဖြစ်ပြီး နောင်တွင် အခြား စီမံကိန်းများကိုလည်း ထပ်မံ ထည့်သွင်းသွားမည် ဖြစ်သည်။
ရေနှင့် မီး အသုံးပြုရေး အတွက်မူ ဆွန်ဖုန်း ကိုယ်တိုင် ဖန်တီးမည် ဖြစ်လေသည်။
တိုင်ပင် ဆွေးနွေးပြီးနောက် ဆွန်ဖုန်းသည် ဗန်ကူးဗား မြို့တွင်းရှိ နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုသို့ သွားရောက်ကာ အပ်နှံခဲ့လေသည်။
ထိုကုမ္ပဏီက သုံးလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု အာမခံချက် ပေးခဲ့ရာ အတော်လေး မြန်ဆန်သည်ဟု ဆိုရမည် ဖြစ်သည်။
သုံးလအတွင်း ပြီးစီးနိုင်ခြင်းမှာ သစ်သားအိမ်ကြီး၊ အတွင်းပိုင်း အပြင်အဆင်များနှင့် လေယာဉ်ပြေးလမ်းတို့ကိုသာ အဓိက တည်ဆောက်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဂေါက်ကွင်းကိုမူ နောင်မှ ဖြည်းဖြည်းချင်း တည်ဆောက်မည် ဖြစ်ပြီး ဆွန်ဖုန်း အနေဖြင့် အမြန်ဆုံး ဝင်ရောက် နေထိုင်ချင်နေသောကြောင့် ဖြစ်လေသည်။
ဤကိစ္စများကို စီစဉ်ပြီးနောက် ဆွန်ဖုန်းသည် အားလပ်နေသဖြင့် ဟယ်မင်ယီကို ခေါ်ကာ ကနေဒါနိုင်ငံ တစ်ဝိုက်တွင် အပျော်ခရီး ထွက်ခဲ့ကြလေသည်။
မားလ် သံသတ္တုတွင်းကို စူးမေးက စီမံခန့်ခွဲနေပြီး မြေအောက် သိုလှောင်ရုံထဲရှိ သံသတ္တုရိုင်း တန်ချိန် သန်း ၃၀ မှာလည်း အချိန်အတော်ကြာ ရောင်းချနိုင်ဦးမည် ဖြစ်ရာ လက်ရှိတွင် သတ္တုတွင်း ကိစ္စများကို စိတ်ပူစရာ မလိုတော့ချေ။
ပြည်တွင်းရှိ ကျောက်မျက်ရတနာဆိုင်ကို ယန်ရွှယ် က ဦးစီးနေပြီး သံမဏိစက်ရုံကို ဝူမုန်းရှင်း နှင့် လျန်ယင်း တို့က ကြီးကြပ်နေကြရာ ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။
သံမဏိစက်ရုံအတွက် လိုအပ်သော သံသတ္တုရိုင်းများကိုမူ ဝူမုန်းရှင်းအား သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တစ်ခု ငှားရမ်းကာ မားလ် သံသတ္တုတွင်းမှ တိုက်ရိုက် လာရောက် သယ်ဆောင်စေရန် စီစဉ်ထားလိုက်လေသည်။
မားလ် သံသတ္တုတွင်း ရှိနေပြီ ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် သိုလှောင်ရုံ စနစ်ကို အသုံးပြု၍ သံမဏိစက်ရုံသို့ သံသတ္တုရိုင်းများ သွားရောက် ပို့ဆောင်ပေးရန် မလိုအပ်တော့ချေ။
သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဝေးကွာသွားသော်လည်း အစိုးရ၏ စစ်ဆေးမှုကို ခံရမည် မဟုတ်တော့ဘဲ သံသတ္တုရိုင်းများ၏ အရင်းအမြစ်မှာလည်း တရားဝင် ဖြစ်သွားပြီ ဖြစ်လေသည်။
လက်ရှိတွင် မားလ် သံသတ္တုတွင်း၏ လည်ပတ်မှုမှာ အလွန် တည်ငြိမ်နေလေသည်။ ဆွန်ဖုန်းသည် တစ်ကြိမ်တည်းနှင့် များပြားစွာ ရောင်းချခြင်းကြောင့် အခြားသူများ၏ သံသယကို ခံရမည် စိုးသဖြင့် လစဉ် ရောင်းချမည့် သံသတ္တုရိုင်း ပမာဏကို ထိန်းချုပ်ထားရန် စူးမေးကို မှာကြားထားလေသည်။
ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ နှစ်လကျော်ခန့် ခရီးသွားပြီးနောက် လှပသော ဗန်ကူးဗား မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြလေသည်။
ဆွန်ဖုန်း၏ ကိုယ်ပိုင်ကျွန်းပေါ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများမှာလည်း အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဆောက်လုပ်ရေး ကုမ္ပဏီက ဆွန်ဖုန်းအား ပရိဘောဂများနှင့် အားကစားခန်းမအတွက် လိုအပ်သော ပစ္စည်းများကို ကြိုတင် ဝယ်ယူထားရန် အကြောင်းကြားလာလေသည်။ သို့မှသာ သူတို့၏ အလှဆင် ဌာနက တပ်ဆင်ပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့သည် ကုတင်၊ ဗီရို၊ စောင်၊ စားပွဲ၊ စာအုပ်စင် စသည့် ပရိဘောဂများကို အကြီးအကျယ် ဈေးဝယ်ထွက်ကြလေတော့သည်။ အားကစား ပစ္စည်းများကိုမူ ဟယ်မင်ယီ ကိုယ်တိုင် ရွေးချယ်ခဲ့လေသည်။
သုံးရက်ဆက်တိုက် ဈေးဝယ်ပြီးနောက် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကို ငှားရမ်းကာ ထိုပစ္စည်းများ အားလုံးကို ကိုယ်ပိုင်ကျွန်းပေါ်သို့ ပို့ဆောင်ခိုင်းလိုက်လေသည်။
ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ ခါးလေးကို ဖက်ကာ သဲသောင်ပြင်ပေါ်တွင် ရပ်၍ မြက်ခင်းပြင်ထက်၌ တည်ဆောက်ထားသော အထပ်နှစ်ထပ် သစ်သား ဗီလာအိမ်လေးကို ကြည့်နေလေသည်။
သို့သော် အိမ်ထဲမှ တဒေါက်ဒေါက် မြည်နေသော အလှဆင် လုပ်သားများ၏ အသံများကိုတော့ ကြားနေရဆဲ ဖြစ်လေသည်။
"တကယ် လှတာပဲ... ရှေးဟောင်း အငွေ့အသက်လေးလည်း ပါတယ်... ခေတ်လည်း မီတယ်..."
ဟယ်မင်ယီက ကျေနပ်စွာ ချီးကျူးလိုက်လေသည်။
"ဟားဟား... သေချာတာပေါ့... နာမည်ကြီး ဒီဇိုင်နာကို ငှားပြီး အထူး ဆွဲခိုင်းထားတာလေ..."
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"အင်း... နောက်ဆိုရင် ဒီကို အမြဲတမ်း လာပြီး အပန်းဖြေရမယ်..."
"မင်း လာချင်တဲ့ အချိန်ကျရင် ကိုယ် လိုက်ပို့ပေးမှာပေါ့..."
"ကဲ... အရင် ပြန်ကြရအောင်... ဒီမှာ လာနေဖို့ တစ်ပတ်လောက် စောင့်ရဦးမှာပဲကို... လေတွေလည်း တိုက်နေပြီဆိုတော့ အအေးမိသွားဦးမယ်... ပြန်ရအောင်..."
ဆွန်ဖုန်းက ဟယ်မင်ယီကို နူးညံ့စွာ တွဲကာ ကျွန်းပေါ်မှ ထွက်ခွာလာခဲ့လေသည်။
ယခုအခါ ဟယ်မင်ယီ၏ ကိုယ်ဝန်မှာ ၆ လ၊ ၇ လခန့် ရှိနေပြီ ဖြစ်ပြီး လအနည်းငယ် အကြာတွင် ကလေး မွေးဖွားတော့မည် ဖြစ်သည်။
ဆေးစစ်ချက်အရ ယောက်ျားလေး ဖြစ်ကြောင်း သိရလေသည်။ ထို့ကြောင့် ဟယ်မင်ယီမှာ အားနေတိုင်း ကလေးအတွက် နာမည် ပေးရန် စဉ်းစားနေတတ်ပြီး သူမ၏ စကားများကြောင့် ဆွန်ဖုန်း၏ နားများပင် ကန်းတော့မတတ် ဖြစ်နေရလေသည်။
"နောက်တစ်ပတ်ဆိုရင် ငါတို့ ကျွန်းပေါ်မှာ နေလို့ ရပြီနော်... အစ်မ ကျားချန်း ကိုပါ လာလည်ဖို့ ခေါ်လိုက်ရမလား... အော် ဒါနဲ့... ရှင် ဝူမုန်းရှင်း နဲ့ လျန်ယင်း ကိုပါ ခေါ်လိုက်လေ... လူများများဆိုတော့ ပိုပျော်ရတာပေါ့... ငါတို့ နှစ်ယောက်တည်း ဆိုရင် ခြောက်ကပ်ကပ် နိုင်လွန်းတယ်..."
ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေသော ဟယ်မင်ယီက ဆွန်ဖုန်းကို ရုတ်တရက် အကြံပေးလိုက်လေသည်။
"ရတာပေါ့... မင်းပဲ ဆက်သွယ်လိုက်လေ..."
ဟယ်မင်ယီက ဝူမုန်းရှင်းနှင့် လျန်ယင်းတို့ကိုပါ ခေါ်ရန် ကိုယ်တိုင် ပြောလာလိမ့်မည်ဟု ဆွန်ဖုန်း လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ကောင်းပြီလေ..."
နောက်ရက်များတွင် ဆွန်ဖုန်းသည် ကိုယ်ပိုင်ကျွန်းပေါ်သို့ တစ်ယောက်တည်း သွားရောက်ကာ အသံလက်ထောက် ဖန်တီးပေးထားသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေး စက်နှင့် ပင်လယ်ရေ သန့်စင်စက်တို့ကို တပ်ဆင်လိုက်လေသည်။
ထိုစက်နှစ်ခုကို တပ်ဆင်လိုက်သည်နှင့် ကျွန်းပေါ်တွင် ရေနှင့် မီး သုံးစွဲရေး ပြဿနာ အားလုံး ပြေလည်သွားလေတော့သည်။
နောက်ထပ် ရက်အနည်းငယ် အကြာတွင် အားလုံး အပြီးသတ် ပြင်ဆင်ပြီးစီးပါက အပန်းဖြေရန် သွားရောက်နိုင်ပြီ ဖြစ်လေသည်။