← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အခန်း (၉၁) မိန်းမချောလေးများ ရောက်လာခြင်း

ဆွန်ဖုန်းက လျန်ယင်း ထံသို့ ဖုန်းခေါ်လိုက်ရာ မကြာမီမှာပင် ဖုန်းကိုင်လေသည်။

"ဟယ်လို ကိုကိုဖုန်း လား..."

ဖုန်းထဲမှ လေးလကျော်ခန့် မကြားရတော့သော အသံလေး ထွက်ပေါ်လာလေသည်။

"ကိုယ်ပါ... အဆင်ပြေရဲ့လား..."

ဆွန်ဖုန်းက သူ၏ ဂျူနီယာလေး လျန်ယင်းကို ဂရုတစိုက် မေးလိုက်လေသည်။

"အဆင်ပြေပါတယ်... ရှင် ကျွန်မကို ဖုန်းမဆက်တာ ဘယ်လောက်တောင် ကြာပြီလဲ... ဒီနေ့မှ ဘယ်လိုဖြစ်လို့ သတိရသွားတာလဲ... ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရလို့လား..."

လျန်ယင်းက ချွဲနွဲ့သော လေသံဖြင့် မေးလိုက်လေသည်။

"ဟီးဟီး... မင်းကို လွမ်းနေလို့ပေါ့..."

ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြန်ပြောလိုက်လေသည်။

"လွမ်းတယ်သာ ပြောတာ... အရင်တစ်ခေါက် နိုင်ငံကို ပြန်လာတုန်းကတောင် လာမတွေ့ဘူး... ဟွန်း..."

လျန်ယင်း၏ အသံထဲတွင် အနည်းငယ် စိတ်ကောက်နေသော အရိပ်အယောင်များ ပါဝင်နေလေသည်။

"အဟမ်း... အဲဒီတုန်းက အလုပ်များနေလို့ပါ... ဒီနေ့ ဖုန်းဆက်တာက မင်းနဲ့ ဝူမုန်းရှင်း ကို ဗန်ကူးဗားမှာ လာလည်ဖို့ ဖိတ်ချင်လို့ပါ... ကိုယ် ကိုယ်ပိုင်ကျွန်း တစ်ကျွန်း ဝယ်ထားတယ်... အဲဒီမှာ လာပြီး အပန်းဖြေဖို့ ခေါ်တာ..."

ဆွန်ဖုန်းက ရှင်းပြလိုက်လေသည်။

"တကယ်လား..."

ဖုန်းထဲမှ လျန်ယင်း၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။

"တကယ်ပေါ့... အမြန်ဆုံး လာခဲ့ကြပါ... ဝူမုန်းရှင်း ကိုပါ တစ်ခါတည်း ခေါ်ခဲ့... ဗန်ကူးဗားကို ရောက်ရင် ဖုန်းဆက်လိုက်..."

"ဟုတ်ကဲ့ပါ..."

ဖုန်းချပြီးနောက် ဆွန်ဖုန်းက ယန်ရွှယ် ဆီသို့ပါ ဖုန်းဆက်ပြီး လာလည်ရန် ဖိတ်ခေါ်လိုက်လေသည်။ ဆွန်ဖုန်းနှင့် ယန်ရွှယ် မတွေ့ရသည်မှာလည်း လအနည်းငယ် ကြာပြီ ဖြစ်လေသည်။

ဟယ်မင်ယီကမူ ဟွမ်ကျားချန်းကို လာလည်ရန် ခေါ်လိုက်လေသည်။

နောက်ရက်များတွင် ဆွန်ဖုန်းသည် ဗန်ကူးဗားမြို့၌ နေထိုင်ရန် ဗီလာ တစ်လုံးကို ဝယ်ယူခဲ့လေသည်။ လီယာဒယ်ဘော့မြို့မှာ ဗန်ကူးဗားမြို့လောက် မစည်ကားသဖြင့် ဗန်ကူးဗားတွင်သာ အမြဲတမ်း နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လီယာဒယ်ဘော့ရှိ ဗီလာကိုမူ စူးမေးအတွက် နေထိုင်ရန် ပေးလိုက်လေသည်။

ဗီလာ ဝယ်ယူပြီးနောက် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့သည် ရွက်လှေ ဝယ်ယူရန် ထွက်လာခဲ့ကြလေသည်။ အပန်းဖြေရန် ပြင်ဆင်နေပြီ ဖြစ်ရာ ကိုယ်ပိုင် ရွက်လှေ တစ်စီး မရှိလျှင် ဘယ်ဖြစ်ပါမည်နည်း။

ဆွန်ဖုန်းသည် အချိန်အတော်ကြာ ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် ဗြိတိန်နိုင်ငံထုတ် ဇိမ်ခံ ရွက်လှေ တစ်စီး ဖြစ်သော Sunseeker 130 Sport ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်။

ဤရွက်လှေ၏ အရှည်မှာ ၃၈.၄ မီတာ ရှိပြီး အကျယ်မှာ ၈ မီတာ ရှိသည်။ ဧည့်သည် ၁၀ ဦးနှင့် သင်္ဘောသား ၈ ဦး တည်းခိုနိုင်လောက်အောင် ကျယ်ဝန်းသော အတွင်းခန်း ပါရှိပြီး ခန့်ညားလှပသော အပြင်အဆင်နှင့် အတူ ခရီးဝေး သွားလာနိုင်စွမ်းလည်း အလွန် ကောင်းမွန်လှပေသည်။

ရွက်လှေ၏ တန်ဖိုးမှာ ယွမ်၂၀၅ သန်း ဖြစ်လေသည်။

ဆွန်ဖုန်းသည် ဤရွက်လှေကို ဝယ်ယူပြီးနောက် လှပသော အမျိုးသမီး သင်္ဘောမောင်း တစ်ဦး၊ အမျိုးသမီး ဝန်ဆောင်မှုပေးသူ လေးဦး၊ အမျိုးသမီး သန့်ရှင်းရေး တစ်ဦးနှင့် အမျိုးသမီး စားဖိုမှူး တစ်ဦးတို့ကို အလုပ်ခန့်လိုက်လေသည်။ အားလုံးမှာ အမျိုးသမီးများချည်း ဖြစ်ပြီး သူ၏ ရွက်လှေပေါ်တွင် အမျိုးသားများ လာရောက် အလုပ်လုပ်မည်ကို သူ လုံးဝ အလိုမရှိချေ။

တစ်ပတ်အကြာတွင် ကိုယ်ပိုင်ကျွန်းပေါ်ရှိ လုပ်ငန်းများ အားလုံး အပြီးသတ် သွားပြီး ရွက်လှေမှာလည်း ဗန်ကူးဗား ကမ်းခြေတွင် ဆိုက်ကပ်ထားပြီ ဖြစ်ရာ လူစုံပါက အပန်းဖြေ ခရီး စတင်နိုင်ပြီ ဖြစ်လေသည်။

ဗန်ကူးဗားရှိ ဆွန်ဖုန်း၏ ဗီလာ အသစ်တွင်...

နံနက် ၈ နာရီ ရှိပြီ ဖြစ်သော်လည်း ဆွန်ဖုန်းမှာ အိပ်မောကျနေဆဲ ဖြစ်သည်။ မနေ့ညက ဟယ်မင်ယီ ဘာစိတ်ကူးပေါက်သည် မသိ၊ ဆွန်ဖုန်းကို ညသန်းခေါင် ၁ နာရီအထိ ဂိမ်းဆော့ရန် အတင်း ခေါ်ထားခဲ့သဖြင့် နှစ်ဦးသား အိပ်ရာထဲတွင် အိပ်မောကျနေကြခြင်း ဖြစ်သည်။

"လူဆိုးကြီး... ကလေး ဆာနေပြီ... မြန်မြန်ထပြီး မနက်စာ သွားလုပ်..."

အိပ်မောကျနေသော ဆွန်ဖုန်းမှာ ဟယ်မင်ယီ၏ ခြေထောက်ဖြင့် ကန်ခြင်းကို ခံလိုက်ရပြီး လန့်နိုးသွားလေသည်။

"ဟူး... အိပ်ချင်သေးတယ်..."

ဆွန်ဖုန်းက မျက်လုံးပင် မဖွင့်နိုင်ဘဲ ဆံပင်ကို ကုတ်ကာ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ကျွန်မကတော့ ကိစ္စမရှိဘူး... ကလေး ဆာနေရင်တော့ ရှင် တာဝန်ယူရမယ်နော်..."

ဟယ်မင်ယီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"ဟင်... ကလေး ဆာနေပြီလား... အေးပါ... အခု ချက်ချင်း သွားလုပ်ပေးပါ့မယ်..."

ဆွန်ဖုန်းသည် ထိုအခါမှ သတိဝင်လာပြီး အိပ်ရာမှ ချက်ချင်း ထကာ မီးဖိုချောင်သို့ သွား၍ နံနက်စာ ပြင်ဆင်လေတော့သည်။ မကြာသေးမီက ဟယ်မင်ယီမှာ ညဘက်များတွင် ဗိုက်ဆာလေ့ ရှိရာ ဗိုက်ထဲရှိ ကလေး အစာစားလိုခြင်း ဖြစ်ပေမည်။

"လုပ်ပြီးရင် ကျွန်မကို လာနှိုးနော်... ကျွန်မ နည်းနည်းလောက် ထပ်အိပ်လိုက်ဦးမယ်... မနေ့ညက ရှင်လို လူညံ့ကို အဆင့်တက်အောင် ဆွဲတင်ပေးရတာ လွယ်တယ်များ မှတ်နေလား..."

ဟယ်မင်ယီက ပြောပြီးနောက် ပြန်အိပ်သွားလေတော့သည်။

နာရီဝက်ကျော်ခန့် အကြာတွင် ဆွန်ဖုန်းသည် ကြက်ဥကြော်၊ နွားနို့နှင့် ဝက်သားစင်းကော ဆန်ပြုတ် အစရှိသော အာဟာရ ပြည့်ဝသည့် နံနက်စာကို ပြင်ဆင် ပြီးစီးသွားလေသည်။

နံနက်စာ စားပြီးနောက် ဟယ်မင်ယီ၏ ဖုန်းမြည်လာရာ ကိုင်လိုက်သောအခါ ဟွမ်ကျားချန်း ရောက်လာပြီ ဖြစ်ကြောင်း သိရသဖြင့် ဆွန်ဖုန်းကို ခေါ်ကာ သွားကြိုကြလေသည်။

တစ်နာရီခန့် အကြာတွင် ဆွန်ဖုန်းသည် အထုတ်အပိုး အမြောက်အမြားကို သယ်ဆောင်လာသော ဟွမ်ကျားချန်းကို ဗီလာသို့ ခေါ်ဆောင်လာခဲ့လေသည်။

"အို... မင်ယီ... နင့်ရဲ့ အိမ်သစ်က မဆိုးဘူးပဲ..."

ဟွမ်ကျားချန်းက ဗီလာကို လှည့်ပတ် ကြည့်ရှုရင်း ချီးကျူးလိုက်လေသည်။

"အင်းလေ... အဲဒါကြောင့် ဒီတစ်ခေါက် ဗန်ကူးဗားမှာ အကြာကြီး နေသွားဖို့ ပြောတာပေါ့... ဒီမှာ လည်စရာတွေ အများကြီးပဲ..."

ဟယ်မင်ယီက ဟွမ်ကျားချန်း၏ လက်ကို ဆွဲကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ... နင့်လို အထီးကျန်နေတဲ့ ကောင်မလေးကို အဖော်လုပ်ပေးပါ့မယ်... အော် မှားလို့... အထီးကျန်နေတဲ့ အမေလေး ကို အဖော်လုပ်ပေးပါ့မယ်..."

ဟွမ်ကျားချန်းက ရယ်မော၍ ပြောလိုက်လေသည်။

"ဟေး... ဘာကို အထီးကျန်နေတဲ့ အမေလေးလဲ... ငါ ရှိနေတာကို သူက ဘယ်လိုလုပ် အထီးကျန်မှာလဲ..."

ဆွန်ဖုန်းက အထုတ်အပိုးများကို ချထားရင်း မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"မအထီးကျန်ဘူး ဟုတ်လား... နင်က သူ့ကို ဈေးဝယ်တောင် အဖော်မလိုက်ပေးဘဲ ကြက်ပေါင်းရည်တွေချည်း အတင်း တိုက်နေတယ်လို့ မင်ယီက ပြောတယ်..."

ဟွမ်ကျားချန်းက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

"ဗိုက်ကြီးသည်က ဈေးဝယ်ထွက်တာ ဘယ်လောက် အန္တရာယ် များလဲ... ကြက်ပေါင်းရည် တိုက်တာကလည်း သူ အာဟာရ ပြည့်အောင်လို့လေ..."

ဆွန်ဖုန်းက ရှင်းပြလိုက်လေသည်။

"သူ့ကို ဂရုမစိုက်နဲ့... လာ... ငါ နင့်ကို လိုက်ပြမယ်..."

ဟယ်မင်ယီက ဟွမ်ကျားချန်းကို ဆွဲကာ အပြင်သို့ ထွက်သွားလေတော့သည်။

"......"

ဆွန်ဖုန်းမှာ စကားပင် ဆက်မပြောနိုင်တော့ဘဲ ကျန်ရစ်ခဲ့လေသည်။

မိန်းကလေး နှစ်ဦး အပြင်ထွက်သွားရာ ဆွန်ဖုန်းမှာ ဟွမ်ကျားချန်း နေထိုင်ရန် အခန်း တစ်ခန်းကို သေချာစွာ ရှင်းလင်း ပြင်ဆင်ပေးနေရလေသည်။

"တစ်ယောက်တည်း လာတာကို ဘာလို့ ဒီလောက် အထုတ်တွေ အများကြီး သယ်လာရတာလဲ မသိဘူး..."

ဆွန်ဖုန်းသည် ခရီးဆောင်အိတ် နှစ်လုံးနှင့် အထုတ်ကြီး တစ်ထုတ်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ကိုယ့်ဘာသာ ညည်းတွားလိုက်လေသည်။

နောက်တစ်နေ့တွင် ဝူမုန်းရှင်းနှင့် လျန်ယင်းတို့ ရောက်လာကြပြီး စူးမေးလည်း လီယာဒယ်ဘော့မှ ရောက်လာလေသည်။ ယန်ရွှယ်မှာ ညဘက်မှ ရောက်လာရာ နောက်ဆုံးတွင် လူစုံသွားလေပြီ။

ညဘက်တွင် ဗီလာ တစ်ခုလုံး အလွန် စည်ကားနေပြီး မိန်းကလေး ခြောက်ဦးမှာ တစ်ယောက်တစ်ပေါက် စကားပြောနေကြရာ ဆွန်ဖုန်းမှာ ဝင်ပြောခွင့်ပင် မရချေ။

"မနက်ဖြန် ကျွန်းပေါ် သွားကြတော့မှာ ဆိုတော့... နင်တို့ ဘာတွေ ယူလာခဲ့ကြလဲ..."

ဟယ်မင်ယီက မိန်းကလေးများကို မေးလိုက်လေသည်။

"ငါကတော့ ရေကူးဝတ်စုံ အများကြီး ယူလာခဲ့တယ်... ဆောင်းဦးပေါက် ရေကူးမယ်လေ... ဟီးဟီး... ဒါနဲ့... ဒီရာသီဥတုမှာ နေလောင်ခံခရင်မ် လိမ်းစရာတောင် မလိုဘူးနော်..."

"ဟုတ်တယ်... ကျွန်းပေါ်မှာ ဘာတွေ ရှိလဲ..."

"အခြေခံ လိုအပ်တာ အကုန်လုံး ရှိတယ်... ချွေးထုတ်ခန်း တောင် ဆောက်ထားသေးတယ်... အဲဒီရောက်ရင် ငါတို့ အတူတူ သွားပေါင်းကြမလား..."

"ကောင်းတယ်... ကောင်းတယ်..."

"ငါရော လိုက်လို့ ရမလား..."

ဆွန်ဖုန်းက နှာခေါင်းကို ပွတ်ကာ ပြုံးစိစိဖြင့် မေးလိုက်လေသည်။

"ဖယ်စမ်းပါ..."

မိန်းကလေး ခြောက်ဦးက ဆွန်ဖုန်းကို တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေသည်။

"ဒါနဲ့... လူချောလေးတွေ မပါတော့ နည်းနည်း စိတ်မကောင်းဘူးနော်..."

ဟွမ်ကျားချန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။

"ငါ ရှိတယ်လေ... ငါ ရှိတယ်လေ..."

ဆွန်ဖုန်းက ချက်ချင်း လက်ထောင်ကာ အော်လိုက်လေသည်။

"ဟွန်း... နင်က ငါ့ချစ်သူမှ မဟုတ်တာ..."

"အရင်တစ်ခေါက်တောင် ဟန်ဆောင် ချစ်သူ လုပ်ပေးခဲ့သေးတာပဲ... အဲဒီရောက်ရင် နင် အထီးကျန်လာရင် ငါ့ကို ခေါ်လို့ ရပါတယ်..."

ဆွန်ဖုန်းက အရှက်မရှိစွာ ပြောလိုက်လေသည်။

"လူဆိုးကြီး... ရှင် တကယ် သွားစနေမယ် ဆိုရင်... ဒီည ရှင့်ကို အဆင့်တင်ပေးဖို့ အဖော်မခေါ်တော့ဘူးနော်..."

ဟယ်မင်ယီက အော်လိုက်ရာ ဆွန်ဖုန်းမှာ ချက်ချင်း ငြိမ်ကျသွားလေတော့သည်။

"လာ... ငါတို့ အပြင်ထွက်ပြီး ထမင်းသွားစားကြမယ်... ဗန်ကူးဗားရဲ့ အစားအသောက်ကောင်းတွေကို မြည်းစမ်းကြည့်ကြတာပေါ့..."

ဟယ်မင်ယီက အစ်မကြီး တစ်ဦးကဲ့သို့ ဦးဆောင်ကာ မိန်းကလေးများကို ခေါ်ဆောင်သွားပြီး ဆွန်ဖုန်းမှာမူ ကားမောင်းသူ ဘဝသို့ ရောက်သွားလေတော့သည်။

"ဝါး... ဒီက ညရှုခင်းက အရမ်း လှတာပဲ..."

လမ်းတစ်လျှောက်တွင် မိန်းကလေးများက ဗန်ကူးဗား၏ ညရှုခင်းများကို ကြည့်ကာ ချီးကျူးနေကြလေသည်။

"ငါတောင် အိမ်မပြန်ချင်တော့ဘူး..."

ဝူမုန်းရှင်းက ညည်းတွားလိုက်လေသည်။

"ငါလည်း အတူတူပဲ..."

စူးမေးကလည်း ထောက်ခံလိုက်လေသည်။

"အားရပါးရသာ ကစားကြ... ငါ အကုန် တာဝန်ယူတယ်..."

အမှန်တကယ် ပြောရလျှင် ဗန်ကူးဗားသည် အလွန် လှပသော မြို့တော် တစ်ခု ဖြစ်ပြီး နေထိုင်ရန်နှင့် ခရီးသွားရန် အလွန် သင့်တော်လေသည်။ ဆွန်ဖုန်းသည် လျန်ယင်းနှင့် ဝူမုန်းရှင်းတို့ကိုပါ ဤနေရာသို့ ပြောင်းရွှေ့ အလုပ်လုပ်ရန် စီစဉ်ထားလေသည်။

ပြည်တွင်းရှိ သံမဏိစက်ရုံကိုမူ ဌာနဆိုင်ရာ မန်နေဂျာများကိုသာ စီမံခန့်ခွဲခိုင်းပြီး လျန်ယင်းတို့ အနေဖြင့် တစ်ခါတစ်ရံမှသာ ပြန်လည် ဖြေရှင်းပေးရန် စီစဉ်ထားလေသည်။ ယန်ရွှယ်ကိုမူ ဆွန်ဖုန်းက ဤနေရာတွင်ပင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်လိုက်လေသည်။

All Chapters