← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) အမည်းရောင် ပုလဲကမာကောင်များ တွေ့ရှိခြင်း

ထုတ်လုပ်ရေးလိုင်း အသစ်များ တည်ဆောက်မည် ဖြစ်ရာ အသံလက်ထောက်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ရှိရမည် ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းသည် သံမဏိတုံး ထုတ်လုပ်ရေးလိုင်း ၃ ခုနှင့် အထူးသံမဏိ ထုတ်လုပ်ရေးလိုင်း ၂ ခုအတွက် လိုအပ်သော ပစ္စည်းစာရင်းကို ရေးဆွဲကာ လျန်ယင်းအား ဝယ်ယူရန် ပေးအပ်လိုက်သည်။

ကျန်ရှိနေသော စက်ရုံတည်နေရာ ရွေးချယ်ရေးကိုလည်း လျန်ယင်းအား ဆက်လက် လုပ်ဆောင်စေခဲ့သည်။ ဤကိစ္စ ၂ ခုကို လုပ်ဆောင်ရုံမျှဖြင့် သီတင်းပတ် အနည်းငယ် ကြာမြင့်နိုင်ပေသည်။

စက်ရုံတည်နေရာ ရွေးချယ်ပြီးပါက အဆောက်အအုံ ဆောက်လုပ်ရဦးမည် ဖြစ်ရာ လာမည့် အချိန်အတောအတွင်း ဆွန်ဖုန်းသည် ဟိုင်ယန်မြို့၌သာ ဆက်လက် နေထိုင်ရမည် ဖြစ်သည်။

ဤကိစ္စများကို စီစဉ်ပြီးနောက် ဆွန်ဖုန်းသည် ဟိုင်ယန်မြို့ရှိ ဗီလာကြီးဆီသို့ ပြန်လာခဲ့သည်။ ထို့နောက် ဖာရာရီကားကို မောင်းနှင်ကာ ဟိုင်ယန်မြို့ အပန်းဖြေစခန်းဆီသို့ ထပ်မံ ထွက်လာခဲ့သည်။

ကားကို ရပ်နားထားခဲ့ပြီးနောက် လူသူကင်းမဲ့သော တောအုပ်ငယ်လေး တစ်ခုကို ရှာဖွေကာ ရေငုပ်ဝတ်စုံကို ဝတ်ဆင်၍ သမုဒ္ဒရာထဲသို့ ထပ်မံ ဝင်ရောက်သွားလေသည်။

ဆွန်ဖုန်းသည် ပစိဖိတ် သမုဒ္ဒရာဆီသို့ သွားရောက်ကာ ရေနံ ရှာဖွေရန် ရည်ရွယ်ထားသည်။ ဟုတ်ပေသည်။ ရေနံကဲ့သို့ အလွန် ချမ်းသာကြွယ်ဝနိုင်သော လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်ရန် အချိန်တန်ပြီဟု ဆွန်ဖုန်း တွေးလိုက်မိသည်။

မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကိုမူ ရေနက်ပိုင်း၌ ရေနံကို အရင် ရှာတွေ့မှသာ ဆက်လက် စဉ်းစားရမည် ဖြစ်သည်။

ရေနံသည် မဟာဗျူဟာမြောက် သယံဇာတ တစ်ခု ဖြစ်သည်။ ဆွန်ဖုန်း အနေဖြင့် ဤလုပ်ငန်းထဲမှ အကျိုးအမြတ် ခွဲဝေယူလိုပါက အရင်က မကြုံဖူးလောက်အောင် ကြီးမားသော အခက်အခဲများနှင့် ဖိအားများကို ရင်ဆိုင်ရမည် ဖြစ်သည်။

အကယ်၍ ဆွန်ဖုန်းကသာ မိမိ၌ ရေနံတွင်း ရှိကြောင်း လူသိရှင်ကြား ကြေညာလိုက်ပါက ရေနံလုပ်ငန်းရှင်ကြီးများသည် အနံ့ခံ၍ ချက်ချင်း ရောက်လာကြမည် ဖြစ်သည်။ သူတို့သည် အကျိုးအမြတ် လာရောက် ခွဲဝေယူလိုကြမည် ဖြစ်ပြီး အတင်းအဓမ္မ လုယူခြင်းမျိုးပင် လုပ်ဆောင်လာနိုင်ပေသည်။

စဉ်းစားကြည့်ပါ။ လက်ရှိ ကနေဒါနိုင်ငံ၌ ရှိနေသော ရေနံလုပ်ငန်းရှင်ကြီးများ ဆိုသည်မှာ အစိုးရ သို့မဟုတ် အခြား ဩဇာတိက္ကမ ကြီးမားသော အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိသူ မည်သူ ရှိပါသနည်း။

ဆွန်ဖုန်းမှာမူ စုန်းကျဲတို့ အသိုင်းအဝိုင်းမှလွဲ၍ တကယ့် ဩဇာအာဏာ ရှိသူများကို သိကျွမ်းထားခြင်း မရှိချေ။ ကနေဒါ၌ဆိုလျှင် သူသည် ရုတ်တရက် ချမ်းသာလာသော သူဌေးပေါက်စ တစ်ယောက် သက်သက်သာ ဖြစ်ပြီး မည်သည့် အဆက်အသွယ်မှ မရှိသေးပေ။

ဤအချက်ကပင် ဆွန်ဖုန်းကို အတော်လေး စိတ်ပူပန်စေသည်။ သူသည် ယုံကြည်ရသော စီးပွားဘက် တစ်ယောက် သို့မဟုတ် အားကိုးရမည့် နောက်ခံ အင်အားကြီး တစ်ခုကို အမြန်ဆုံး ရှာဖွေရန် လိုအပ်နေသည်။

"ထားလိုက်ပါတော့လေ... ဒီခေါင်းရှုပ်စရာ ကိစ္စတွေကို နောက်မှပဲ စဉ်းစားတော့မယ်... လောလောဆယ် ရေနံ အရင် တွေ့အောင် ရှာတာက ပိုကောင်းပါတယ်..."

ဆွန်ဖုန်းက ခေါင်းခါလိုက်ပြီး ပစိဖိတ် သမုဒ္ဒရာဆီသို့ ဦးတည် ထွက်ခွာသွားလေသည်။

တကယ်တော့ ဆွန်ဖုန်းသည် အရင်က တောင်တရုတ်ပင်လယ်၌ ရေနက်ပိုင်း ရေနံမြေ တစ်ခုကို ရှာတွေ့ခဲ့ဖူးသည်။ သို့သော် ထိုရေနံမြေကို သူ မတူးဖော်လိုခဲ့ချေ။ နိုင်ငံတော်ကသာ တူးဖော်ရန် ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။

မိမိတွင် ပြိုင်ဘက်ကင်းသော စနစ်ကြီး ရှိနေပြီ ဖြစ်ရာ အခြားနေရာသို့ သွားရောက် ရှာဖွေလျှင်လည်း အတူတူပင် ဖြစ်သည်။ အချိန် အနည်းငယ် ပိုပေးရုံသာ ရှိလေသည်။

၃ နာရီ အကြာတွင် ဆွန်ဖုန်းသည် တောင်ပစိဖိတ် သမုဒ္ဒရာဆီသို့ ရောက်ရှိလာပြီး ကင်းလှည့် ရှာဖွေနေလေသည်။ ရေနံ ရှာဖွေရသည်မှာ အတော်လေး ပျင်းစရာ ကောင်းသော အလုပ် တစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရေအောက် တူးဖော်ရေး စနစ်ကြီးသည် ကီလိုမီတာ ၅၀ ပတ်လည်ကိုသာ ရှာဖွေနိုင်ပြီး တောင်ပစိဖိတ် သမုဒ္ဒရာကြီးမှာ အလွန် ကျယ်ဝန်းလှသည်။ ထို့ကြောင့် ရေနံမြေနှင့် တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့ရန် ဆိုသည်မှာ ကံကောင်းမှသာ ရနိုင်မည့် အလွန် နည်းပါးသော အခွင့်အရေး တစ်ခု ဖြစ်နေလေသည်။

လွန်ခဲ့သော နှစ်ဝက် အတွင်း ဆွန်ဖုန်းသည် သတ္တုကြော ၄ ခု၊ ၅ ခုခန့်သာ ရှာတွေ့ခဲ့သေးသည်။ ရွှေကြော ၂ ခု၊ သံသတ္တုကြော တစ်ခု ရှိခဲ့ပြီး ထိုအထဲမှ ရွှေကြော တစ်ခုနှင့် သံသတ္တုကြော တစ်ခုမှာ သူတစ်ပါးထံမှ ခိုးယူလာခြင်း ဖြစ်သည်။ ကျန် တစ်ခုမှာမူ ကျောက်စိမ်း သတ္တုကြော ဖြစ်လေသည်။

"အသံလက်ထောက်... မင်း ပြောဖူးတဲ့ X ကြယ်စုတန်းက အကြောင်းလေး နည်းနည်းလောက် ပြောပြပါလား..."

ဆွန်ဖုန်းက ပျင်းရိပျင်းတွဲ ဖြစ်လာသဖြင့် အသံလက်ထောက်ကို စကားစမြည် ပြောရန် ခေါ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်..."

"X ကြယ်စုတန်း ဆိုတာ ပိုင်ရှင်တို့ ကမ္ဘာမြေမှာ ခေါ်ကြတဲ့ နဂါးငွေ့တန်း ဂလက်ဆီ လိုမျိုး ကြယ်စုတန်း တစ်ခုပါပဲ... ကျွန်တော်တို့ X ကြယ်စုတန်းရဲ့ နည်းပညာက အလွန် တိုးတက်နေပါပြီ... မှတ်ဉာဏ် သိုလှောင်ခန်းထဲက အချက်အလက်တွေအရ X ကြယ်စုတန်းသားတွေဟာ ကြယ်စုတန်းကြီး တစ်ခုလုံးရဲ့ နေရာ အများစုကို လွှမ်းမိုး အုပ်ချုပ်ထားပါတယ်..."

"လခွီး... အဲဒီလောက်တောင် အစွမ်းထက်တာလား... မင်းတို့ X ကြယ်စုတန်းက သက်ရှိတွေ အားလုံးက X ကြယ်စုတန်းသားတွေချည်းပဲလား..."

ဆွန်ဖုန်းမှာ အလွန် အံ့ဩသွားလေသည်။ ကြယ်စုတန်းကြီး တစ်ခုလုံး၏ အများစုကို အုပ်ချုပ်နိုင်သော မျိုးနွယ်စု တစ်ခု ဆိုသည်မှာ မည်မျှတောင် အစွမ်းထက်မည်ကို တွေးကြည့်၍ ရနိုင်လေသည်။

"ဟုတ်ပါတယ်... X ကြယ်စုတန်းက သက်ရှိတွေကို အဓိက အုပ်စု ၃ စု ခွဲခြားထားပါတယ်..."

"ပထမ အုပ်စုကတော့ ဉာဏ်ရည် အမြင့်မားဆုံး ဖြစ်တဲ့ X ကြယ်စုတန်းသားတွေပါ... သူတို့ဟာ နည်းပညာကို အသုံးပြုပြီး ကိုယ်ပိုင် စွမ်းရည်တွေကို အလွန် မြင့်မားအောင် လုပ်ဆောင်ထားနိုင်ကြပါတယ်... သက်တမ်း ဆိုရင်လည်း အနှစ် ၁၀၀၀ အထိ နေထိုင်နိုင်အောင် တိုးချဲ့ထားနိုင်ကြပါပြီ..."

အသံလက်ထောက်က ရှင်းပြလေသည်။

"အနှစ် ၁၀၀၀... ဝါး... ဒါကြောင့်မို့ ကြယ်စုတန်းကြီး တစ်ခုလုံးရဲ့ အများစုကို လွှမ်းမိုးနိုင်လောက်အောင် မျိုးဆက်တွေ ပွားလာနိုင်တာကိုး... အနှစ် ၁၀၀၀ တောင် နေရရင်တော့ ကလေးတွေကို အများကြီး မွေးလို့ ရတာပေါ့..."

"ဒုတိယ အုပ်စုကတော့ အသားစား ကြယ်ရိုင်းကောင်တွေပါ... သူတို့က အလွန် ရိုင်းစိုင်း ကြမ်းကြုတ်ပြီး အသားကိုသာ စားသုံးကြပါတယ်... X ကြယ်စုတန်းသားတွေရဲ့ ရန်သူတွေထဲက တစ်ခုပါ..."

"တတိယ အုပ်စုကတော့ ဧရာမ ကြယ်လူသားတွေပါ... သူတို့က စကြာဝဠာထဲက အလွန် အစွမ်းထက်တဲ့ ရှေးဟောင်း မျိုးနွယ်စု တစ်ခု ဖြစ်ပါတယ်... မှတ်ဉာဏ် သိုလှောင်ခန်းထဲက အချက်အလက်တွေအရ ဧရာမ ကြယ်လူသားတွေဟာ X ကြယ်စုတန်းရဲ့ အစွန်အဖျားက ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်ခုပေါ်မှာ နေထိုင်ကြပါတယ်..."

"တစ်နေ့မှာတော့ X ကြယ်စုတန်းသားတွေက အဲဒီ သယံဇာတ အလွန် ပေါကြွယ်ဝတဲ့ ဂြိုဟ်ကြီးကို တွေ့ရှိသွားပြီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်... အဲဒီနောက်မှာတော့ မျိုးနွယ်စု ၂ ခုကြား စစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်..."

"အနှစ် ၃၀၀ ကြာအောင် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ ဒေါသထွက်နေတဲ့ ဧရာမ ကြယ်လူသားတွေက သူတို့ ဂြိုဟ်ကြီးရဲ့ စွမ်းအင် အူတိုင်ကို ဖောက်ခွဲပစ်လိုက်ပါတယ်..."

"အဲဒီပေါက်ကွဲမှုကြီးကြောင့် X ကြယ်စုတန်းကြီး တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး အသက်ရှင် ကျန်ရစ်တဲ့ သက်ရှိ ဆိုတာ သန်းပေါင်းများစွာမှာမှ ၁ ယောက်တောင် မရှိသလောက်ပါပဲ..."

"ကျွန်တော် ဒီရေအောက် တူးဖော်ရေး စနစ်ကြီးကတော့ အဲဒီ အချက်အလက်တွေကို ထည့်သွင်းပြီးသွားတဲ့ အချိန် ပေါက်ကွဲမှုကြီး အတွင်းမှာပဲ ကမ္ဘာမြေဆီကို အကြောင်းရင်း မသိဘဲ ရောက်ရှိလာခဲ့တာပါ..."

"လခွီး... တော်တော် အံ့ဩစရာ ကောင်းတာပဲ... ဒါပေမယ့် နောက်ဆုံးမှာတော့ X ကြယ်စုတန်းကြီး တစ်ခုလုံး ပျက်စီးသွားတာပဲလေ..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ သို့သော် X ကြယ်စုတန်းသားများ အားလုံးနှင့် အတူတကွ သေဆုံးသွားအောင် လုပ်ဆောင်နိုင်ခဲ့သည့် ထို ဧရာမ ကြယ်လူသားများကိုမူ သူ အတော်လေး အံ့ဩမိလေသည်။

"ပိုင်ရှင်တို့ နေထိုင်တဲ့ နဂါးငွေ့တန်း ဂလက်ဆီ မှာတော့ ဉာဏ်ရည်မြင့် သက်ရှိ မျိုးနွယ်စု ဆိုတာ လုံးဝ မရှိသလောက်ပါပဲ... ဒီနေရာက အလွန် ခေါင်ဖျားပြီး ခြောက်သွေ့တဲ့ နေရာ တစ်ခုပါ..."

အသံလက်ထောက်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"သွားစမ်းပါ... ငါတို့ ကြီးမြတ်တဲ့ လူသားတွေက အနာဂတ်ကျရင် မင်းတို့ X ကြယ်စုတန်းသားတွေကို အပြတ်အသတ် အနိုင်ယူပြမယ်... ပြီးတော့ မင်းတို့ X ကြယ်စုတန်းသားတွေ အကုန်လုံး သေကုန်ကြပြီလေ... သောက်သုံးမကျတဲ့ ကောင်တွေ..."

ဆွန်ဖုန်းက လှောင်ပြောင် ပြောဆိုလိုက်လေသည်။

"ပိုင်ရှင် ပြောတာလည်း ဟုတ်ပါတယ်... နည်းပညာတွေ အရမ်း မြင့်မားလာတဲ့ အခါ နောက်ဆုံးမှာ သယံဇာတတွေ ကုန်ခန်းလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်နည်းပညာကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်တိုင် ပြန်ပြီး ပျက်စီးသွားတတ်ကြတာပါပဲ..."

ဆွန်ဖုန်းသည် အသံလက်ထောက်နှင့် စကား အနည်းငယ် ထပ်ပြောပြီးနောက် စနစ် ဉာဏ်ရည်တု တစ်ခုနှင့် ဆက်ပြောနေရသည်မှာ အဓိပ္ပာယ် မရှိဟု တွေးကာ ဆက်မပြောတော့ချေ။

"သတိပေးချက်... အရှေ့ဘက် ၃၀ ကီလိုမီတာ အကွာမှာ အမည်းရောင် ပုလဲကမာကောင်တွေကို တွေ့ရှိထားပါတယ်..."

"အမည်းရောင် ပုလဲကမာကောင်တွေက ဘာတွေလဲ..."

ဆွန်ဖုန်းက နားမလည်စွာဖြင့် မေးလိုက်လေသည်။ ပုံမှန်အားဖြင့် တန်ဖိုးရှိသော အရာများကို တွေ့ရှိမှသာ အသံလက်ထောက်က သတိပေးလေ့ ရှိသည်။ သာမန် ကမာကောင် ၁ ကောင်အတွက် သတိပေးနေမည် မဟုတ်ချေ။

"အမည်းရောင် ပုလဲကမာကောင်တွေက ပုံမှန်အားဖြင့် မီးခိုးနုရောင် ကနေ ငွေရောင် အထိ ရှိတတ်ပါတယ်... အလေးချိန် ၅ ကီလိုဂရမ် နဲ့ အရွယ်အစား ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်..."

"ပုံမှန်အားဖြင့် ဂျပန် ပင်လယ် ကမာကောင်တွေထက် ၂ ဆလောက် ပိုကြီးပါတယ်... သူတို့ရဲ့ ပျမ်းမျှ သက်တမ်းက အနှစ် ၃၀ အထိ ရှိပြီး ပိုကြီးမားတဲ့ ပုလဲတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်... ပုလဲနက်တွေကို ထုတ်လုပ်ပေးတဲ့ မိခင် ကမာကောင်တွေပါ..."

"အော်... ပုလဲနက်တွေကို ထုတ်လုပ်ပေးတဲ့ မိခင် ကမာကောင်တွေ ကိုး..."

ဆွန်ဖုန်းက ခေါင်းညိတ်ကာ သဘောပေါက်သွားလေသည်။ အသံလက်ထောက် ဘာကြောင့် သတိပေးရသလဲ ဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။ ဤ ပုလဲနက်များမှာ တန်ဖိုး မဖြတ်နိုင်သော အရာများ ဖြစ်ပြီး အလွန် ဈေးကြီးကာ အဆင့်မြင့်သည့် ပုလဲများ ဖြစ်လေသည်။

"ဟီးဟီး... စဉ်းစားကြည့်တော့ ငါ ဟယ်မင်ယီကို လက်ဆောင် တစ်ခုမှ မပေးရသေးဘူးပဲ... ဒီတစ်ခေါက် ပုလဲနက်တွေ တွေ့မှတော့ သူ့အတွက် ပုလဲနက်ဆွဲကြိုး ၁ ကုံးလောက် လုပ်ပေးရမယ်..."

ဆွန်ဖုန်းက ကိုယ့်ဘာသာ ရေရွတ်လိုက်လေသည်။

"သွားမယ်... အမည်းရောင် ပုလဲကမာကောင်တွေ ရှိတဲ့ နေရာကို ဆက်သွားမယ်..."

ဆွန်ဖုန်းက အမိန့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်..."

ထိုအချိန်တွင် ပင်လယ်ရေ အနက်မှာ ၁၀၀၀ မီတာခန့် ရှိနေသည်။

ရှေ့သို့ ဆက်သွားသည်နှင့်အမျှ ရေအနက်မှာ တဖြည်းဖြည်း တိမ်လာလေသည်။ ဆွန်ဖုန်းသည် အမည်းရောင် ပုလဲကမာကောင်များ ရှိရာ နေရာသို့ ရောက်ခါနီးတွင် ရေအနက်မှာ ၅၀၀ မီတာ ကျော်ခန့်သာ ရှိတော့သည်။

ထိုအမည်းရောင် ပုလဲကမာကောင်များ ရှင်သန် နေထိုင်ရာ နေရာမှာ ရေအလွန် မနက်လှကြောင်း သိသာလှပေသည်။

ရေတိမ်လာသည်သာမက ပင်လယ်ကြမ်းပြင်ရှိ ရေညှိများ၊ သန္တာကျောက်တန်းများ၊ ကျောက်ဆောင်များနှင့် ငါးများလည်း ပိုမို များပြားလာလေတော့သည်။

All Chapters