အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) ဥက္ကာပျံ စွမ်းအင်တုံး
ပုလဲနက် အလုံး ၃၀၀ ကျော်ကို သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ထို့နောက် ရေနံမြေ ရှာဖွေရန် ပင်လယ်ထဲသို့ ဆက်လက် ဆင်းသက်သွားလေသည်။
ဆွန်ဖုန်းသည် ရေတိမ်ပိုင်းမှနေ၍ ရေနက်ပိုင်းဆီသို့ ဖြည်းညင်းစွာ မောင်းနှင်သွားလေသည်။
ရေတိမ်ပိုင်းသည် အရောင်အသွေး စုံလင်လှသော ကမ္ဘာလေး တစ်ခု ဖြစ်သည်။
သက်ရှိများသည် လင်းထိန်နွေးထွေးသော ပင်လယ်ရေထဲတွင် ပျော်ရွှင်စွာ နေထိုင်ကြသည်။
အလွန် လှပသော သန္တာကျောက်တန်းများ အကြားတွင် ငါးငယ်လေးများ ကူးခတ်နေကြသည်။
ထူးဆန်းပြီး ချစ်စရာကောင်းသော ခရုခွံများ၊ ကြယ်ငါးများ၊ ရေခူများနှင့် အရောင်အသွေး စုံလင်သော ရေညှိ ရေမှော်များမှာ လှိုင်းပုတ်ခတ်မှုနှင့်အတူ ကခုန်နေကြလေသည်။
ဤသည်မှာ လူအများအပြား ရေငုပ်ရသည်ကို နှစ်သက်ကြခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ရေအောက်ကမ္ဘာလေးမှာ တကယ့်ကို လှပလွန်းလှပေသည်။
အရောင်အသွေး စုံလင်လှပြီး ကုန်းမြေပေါ်ရှိ ရှုခင်းများထက်ပင် များစွာ ပိုမို လှပနေလေသည်။
သို့သော် ရေနက်ပိုင်းသို့ ရောက်သွားသောအခါ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်း တစ်ခု ဖြစ်သွားလေသည်။
ရေနက်ပိုင်း၏ ကိုယ်စားပြု စကားလုံးမှာ အမှောင်ထု ပင် ဖြစ်သည်။
အမှောင်၊ အမှောင်၊ ထပ်ပြီးတော့ အမှောင်ထုပါပဲ။
ရေနက်ပိုင်းသည် သက်ရှိမရှိသော ကမ္ဘာ တစ်ခုလိုပင် ဖြစ်နေသည်။
ပင်လယ်ကြမ်းပြင်တွင် ရေနက်ပိုင်းနေ ငါးအချို့နှင့် အခြား သက်ရှိ အနည်းငယ်မှလွဲ၍ အပင်များ လုံးဝ မရှိသလောက် ရှားပါးလှပေသည်။
နေရောင်ခြည် မရရှိသဖြင့် အပင်များစွာ ရှင်သန်နိုင်ခြင်း မရှိချေ။
ထို့အပြင် ရေအနက်မှာလည်း အလွန် နက်ရှိုင်းလွန်းသဖြင့် အပင်များ ပေါက်ရောက်ရန် မသင့်တော်ပေ။
ထို့ကြောင့် ရေနက်ပိုင်းတွင် ခရီးသွားရသည်မှာ အလွန် ပျင်းစရာကောင်းသော ကိစ္စတစ်ခု ဖြစ်လေသည်။
လက်ရှိ ဆွန်ဖုန်း၏ အခြေအနေမှာ ထိုအတိုင်းပင် ဖြစ်သည်။
ပတ်ပတ်လည်တွင် အမှောင်ထုကြီးသာ ရှိနေပြီး ညဘက် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေလေသည်။
ရေငုပ်စစ်ဝတ်စုံမှ မီးရောင် ထိုးထားသော နေရာမှလွဲ၍ ကျန်နေရာ အားလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။
တစ်ခါတစ်ရံမှသာ ရေနက်ပိုင်း သတ္တဝါကြီး ၁ ကောင် ၂ ကောင်ခန့် ရုတ်တရက် ပေါ်လာတတ်ပြီး အခြား ဘာမျှ မရှိချေ။
"တကယ် ပျင်းစရာ ကောင်းတာပဲ..."
ဆွန်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။
"ဒါကတော့ တတ်နိုင်ဘူးလေ... ပိုင်ရှင်သာ အာကာသထဲမှာ ခရီးသွားနေရမယ် ဆိုရင် ဒီထက်တောင် ရူးချင်စရာ ကောင်းဦးမယ်... အာကာသထဲမှာ ဆိုရင် ကိုယ် ၁ ယောက်တည်းကလွဲပြီး ဘာမှကို မရှိတာ..."
အသံလက်ထောက်က ပြန်ပြောလိုက်သည်။
"အင်းပါ... ဉာဏ်ရည်မြင့် သက်ရှိတွေ အကြောက်ဆုံးက အထီးကျန်ရတာပဲကိုး..."
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။
ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ အခြေအနေများကို သူ နားလည်နိုင်ပေသည်။
ဆွန်ဖုန်းသည် ယခင်က အနာဂတ် ရေကမ္ဘာ ဟု ခေါ်သော ရုပ်ရှင် ၁ ကားကို ကြည့်ဖူးလေသည်။
ထိုရုပ်ရှင်ထဲတွင် ကမ္ဘာကြီး တစ်ခုလုံး ရေဖုံးလွှမ်းသွားပြီး ကုန်းမြေ လုံးဝ မရှိတော့သဖြင့် လူသားများ၏ ဘဝမှာ အလွန် သနားစရာ ကောင်းလှပေသည်။
"တီ တီ တီ... သတိပေးချက်... အရှေ့ဘက် ၄၀ ကီလိုမီတာ အကွာမှာ အာကာသ ဥက္ကာပျံ တစ်ခုကို ရှာဖွေ တွေ့ရှိထားပါတယ်... ဥက္ကာပျံဆီကနေ စွမ်းအင် လှိုင်းတွေ ထွက်ပေါ်နေပါတယ်... စွမ်းအင်က အလွန် အားကောင်းပါတယ်..."
"အာကာသ ဥက္ကာပျံ ဟုတ်လား... စွမ်းအင် လှိုင်း ဆိုတာကရော ဘာကြီးလဲ..."
ဆွန်ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားပြီး အနည်းငယ် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
အသံလက်ထောက်က စွမ်းအင် လှိုင်းများ အကြောင်း ပြောလာသဖြင့် တစ်စုံတစ်ရာ အန္တရာယ် ရှိနိုင်သလား ဟု တွေးလိုက်မိခြင်း ဖြစ်သည်။
"သတိပေးချက်... ဥက္ကာပျံဆီကနေ စွမ်းအင် လှိုင်းတွေ တွေ့ရှိထားပါတယ်... ဒါက ရေအောက် တူးဖော်ရေး စနစ်ကြီး အတွက် အသုံးဝင်နိုင်ပါတယ်..."
"ဘာလို့လဲဆိုတော့ ဒီဥက္ကာပျံက ကမ္ဘာမြေပေါ်က ပစ္စည်း မဟုတ်လို့ပါ... ဂြိုဟ်သားတွေရဲ့ စွမ်းအင်တုံး ဖြစ်ဖို့ များပါတယ်... အကွာအဝေး ဝေးနေသေးလို့ သေချာ မစစ်ဆေးနိုင်သေးပါဘူး... ပိုင်ရှင် အနေနဲ့ အမြန်ဆုံး သွားရောက် စစ်ဆေးသင့်ပါတယ်..."
အသံလက်ထောက်က အစီရင်ခံလေသည်။
"အန္တရာယ်ကော မရှိဘူး မဟုတ်လား..."
ဆွန်ဖုန်းက မေးလိုက်သည်။
"လက်ရှိ စစ်ဆေးချက်တွေ အရတော့ ပိုင်ရှင်အတွက် ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး..."
"ကောင်းပြီ... ဒါဆိုရင် သွားကြည့်ကြတာပေါ့..."
ဆွန်ဖုန်းက သဘောတူလိုက်သည်။
အာကာသ ဥက္ကာပျံ ဆိုသည်မှာ ဒဏ္ဍာရီလာ အရာ တစ်ခု ဖြစ်ပြီး ဆွန်ဖုန်း ၁ ခါမှ မမြင်ဖူးခဲ့ချေ။
သတင်းများ ထဲတွင်သာ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ခြင်း ဖြစ်လေသည်။
ရေငုပ်စစ်ဝတ်စုံသည် အရှိန်ကုန်ဖြင့် အရှေ့သို့ ပြေးထွက်သွားလေသည်။
"အာကာသ ဥက္ကာပျံက ဘယ်မှာလဲ... ဘာမှလည်း မတွေ့ပါလား..."
သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ ဆွန်ဖုန်းသည် မီးရောင်ဖြင့် ပင်လယ်ကြမ်းပြင်ကို လှည့်ပတ် ထိုးကြည့်လိုက်သည်။
သို့သော် ရွှံ့နွံများမှလွဲ၍ မည်သည့် ဥက္ကာပျံကိုမှ မတွေ့ရချေ။
"ပိုင်ရှင် စိတ်မလောပါနဲ့... အာကာသ ဥက္ကာပျံက မြေအောက် ၁၅၀ မီတာ အနက်မှာ မြုပ်နေတာပါ... ကြီးမြတ်တဲ့ ကျွန်တော်က အသေးစိတ် စစ်ဆေးပါရစေဦး..."
"အင်းပါ..."
ဆွန်ဖုန်းက ခေါင်းကို ကုတ်ကာ ဖြေလိုက်သည်။
"အသေးစိတ် စစ်ဆေးမှု စတင်နေပါတယ်... စစ်ဆေးနေဆဲ... တီ တီ တီ... စစ်ဆေးမှု ပြီးဆုံးပါပြီ..."
"ဒီအာကာသ ဥက္ကာပျံက လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က ကမ္ဘာ့ သမုဒ္ဒရာ ထဲကို ကျလာတာ ဖြစ်ရပါမယ်..."
"လက်ရှိ စစ်ဆေးချက် အရ ဥက္ကာပျံ ထဲမှာ အလွန် ပြင်းထန်တဲ့ ကြယ်ပြောင်းလဲမှု အူတိုင် စွမ်းအင် လှိုင်းတွေ ပါဝင်နေပါတယ်... ဒါက ရေအောက် တူးဖော်ရေး စနစ်ကြီး အတွက် အသုံးဝင်နိုင်ပါတယ်..."
ထိုစကားကို ကြားသောအခါ ဆွန်ဖုန်း အတော်လေး ဝမ်းသာသွားလေသည်။
အဘယ်ကြောင့်ဆိုသော် ရေအောက် တူးဖော်ရေး စနစ်ကြီး အနေဖြင့် သင့်တော်သော စွမ်းအင် မရှာဖွေနိုင်သဖြင့် အနိမ့်ဆုံး လိုအပ်ချက်သာ ပြည့်မီသော လျှပ်စစ်စွမ်းအင်ကို အစားထိုး အသုံးပြုနေရကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
အကယ်၍ လုံလောက်သော စွမ်းအင်သာ ရရှိပါက စနစ်ကြီး၏ ရှာဖွေနိုင်စွမ်းမှာလည်း အဆပေါင်းများစွာ ကျယ်ပြန့်လာမည် ဖြစ်လေသည်။
ယခု အသံလက်ထောက်က ထိုအာကာသ ဥက္ကာပျံကို စနစ်ကြီး အတွက် အသုံးပြုနိုင်ဖွယ် ရှိသည်ဟု ပြောလာရာ မဝမ်းသာဘဲ နေမည်လား။
"ဒီ ကြယ်ပြောင်းလဲမှု အူတိုင် ဆိုတာက အတိအကျ ဘာကြီးလဲ..."
ဆွန်ဖုန်းက ဗဟုသုတ နည်းပါးခြင်း မဟုတ်ဘဲ အာကာသနှင့် ပတ်သက်သော အရာများကို သူ လုံးဝ နားမလည်သောကြောင့် မေးလိုက်ခြင်း ဖြစ်လေသည်။
"ကြယ်ပြောင်းလဲမှု အူတိုင် ဆိုတာ အာကာသ ဥက္ကာပျံ ခါးပတ်ကွင်း ထဲမှာ လွင့်မျောနေတဲ့ အထူး စွမ်းအင်တုံး ၁ မျိုးပါ... ဥက္ကာပျံ တွေနဲ့ အတူ တွဲပြီး ဖြစ်ပေါ်လာတတ်ပါတယ်..."
"ကြယ်ပြောင်းလဲမှု အူတိုင် အမျိုးအစားပေါင်း သန်းရာချီ ရှိပါတယ်... အဲဒီအထဲက ၅၀ ရာခိုင်နှုန်းကျော်က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မတည်ငြိမ်တဲ့ အူတိုင်တွေပါ..."
"ကျန်တဲ့ ၅၀ ရာခိုင်နှုန်းလောက်ကသာ တည်ငြိမ်တဲ့ အနေအထားမှာ ရှိပြီး အသုံးပြုလို့ ရတာပါ..."
အသံလက်ထောက်က ရှင်းပြလေသည်။
"အော်... ဒီလိုကိုး... ဒါဆိုရင် အခု မင်း တွေ့ထားတဲ့ မြေအောက်က ဥက္ကာပျံက မင်း ပြောတဲ့ ကြယ်ပြောင်းလဲမှု အူတိုင် ပေါ့..."
"ဒါပေမယ့် အဲဒါက တည်ငြိမ်တဲ့ အနေအထား ရှိမရှိ၊ သုံးလို့ ရမရ မင်း မသိသေးဘူးပေါ့..."
ဆွန်ဖုန်းက မေးလိုက်သည်။
"ဟုတ်ပါတယ်... အတိအကျ သိရဖို့ အရင်ဆုံး တူးဖော်ပြီး အနီးကပ် စစ်ဆေးကြည့်မှ ရပါမယ်..."
"ကောင်းပြီလေ... ဒါဆိုရင်လည်း အရင်ဆုံး တူးဖော်ကြည့်တာပေါ့..."
ဆွန်ဖုန်းက ထို ကြယ်ပြောင်းလဲမှု အူတိုင် ဆိုသည်ကို သုံး၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရင် တူးဖော်ရန် ဆုံးဖြတ်လိုက်လေသည်။
"အကယ်လို့ အဲဒါက မတည်ငြိမ်ဘူး ဆိုရင် ငါ့ကိုပါ ပေါက်ကွဲသွားအောင် လုပ်လိုက်မလား..."
ဆွန်ဖုန်းက အရေးကြီးသော မေးခွန်း တစ်ခုကို ရုတ်တရက် သတိရသွားလေသည်။
"မဖြစ်နိုင်ပါဘူး... မတည်ငြိမ်တဲ့ ကြယ်ပြောင်းလဲမှု အူတိုင် တွေက အဖိုဓာတ် နဲ့ အမဓာတ် ၂ ခု ပေါင်းစပ်မိမှသာ ပေါက်ကွဲမှု ဖြစ်စဉ်ကို ဖြစ်ပေါ်စေတာပါ..."
"အခု ဒီနေရာမှာ အူတိုင် တစ်ခုတည်း ရှိတာမို့လို့ မတည်ငြိမ်တဲ့ အူတိုင် ဖြစ်နေရင်တောင် နောက်ထပ် မတည်ငြိမ်တဲ့ အူတိုင် တစ်ခု မရှိသရွေ့ ပေါက်ကွဲမှာ မဟုတ်ပါဘူး..."
"ဒါပေမယ့် သုံးလို့တော့ မရပါဘူး... မတည်ငြိမ်တဲ့ အူတိုင်ကို အသုံးပြုဖို့ ကြိုးစားလိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားမှာပါ..."
"အော်... ဒါဆိုရင်တော့ စိတ်အေးရပြီ..."
ဆွန်ဖုန်းသည် အသံလက်ထောက်၏ အာမခံချက်ကို ရရှိပြီးနောက် စိတ်ချလက်ချ တူးဖော်နိုင်ပြီ ဖြစ်လေသည်။
အသံလက်ထောက်၏ စစ်ဆေးမှုနှင့် ဖန်သားပြင်ပေါ်မှ အချက်အလက်များ အရ ထိုဥက္ကာပျံမှာ ကျောက်ကြိတ်ဆုံ အရွယ်အစားခန့်သာ ရှိကြောင်း သိရလေသည်။
ထို့ကြောင့် တူးဖော်ရေး စက်များ ထုတ်သုံးစရာ မလိုဘဲ ရေငုပ်စစ်ဝတ်စုံဖြင့် တိုက်ရိုက် တူးဖော်နိုင်လေသည်။
"စတူးမယ်ဟေ့..."
ဆွန်ဖုန်းက ရေငုပ်စစ်ဝတ်စုံကို ထိန်းချုပ်ကာ စတင် တူးဖော်လေတော့သည်။
ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံ၏ လက်နက် စနစ်ကို အသုံးပြုကာ သေမင်းတမန် အလင်းတန်း ဖြင့် ရွှံ့နွံများကို ပစ်ခတ်၍ တွင်း ၁ တွင်း စတင် တူးဖော်လေသည်။
"ရွှစ်... ရွှစ်... ရွှစ်..."
သေမင်းတမန် အလင်းတန်းမှာ အလွန် အစွမ်းထက်လှပေသည်။
၁ ချက် ပစ်လိုက်တိုင်း တွင်းငယ် ၁ တွင်း ဖြစ်သွားပြီး အလွန် နက်ရှိုင်းစွာ ထိုးဖောက်သွားလေသည်။
သေမင်းတမန် အလင်းတန်း၏ ထိုးဖောက်နိုင်စွမ်းမှာ မည်သည့် အရာကိုမဆို တို့ဟူးလှီးသကဲ့သို့ အလွယ်တကူ ဖြတ်တောက်နိုင်ပြီး လေဆာရောင်ခြည်များထက်ပင် အဆပေါင်းများစွာ အစွမ်းထက်လေသည်။
သို့သော် ရေငုပ်စစ်ဝတ်စုံမှာ S အဆင့် တူးဖော်ရေး စက် မဟုတ်သဖြင့် တူးဖော်ရ လွယ်ကူသော်လည်း အရှိန်အနည်းငယ် နှေးကွေးနေလေသည်။
သို့ရာတွင် ဆွန်ဖုန်း အနေဖြင့် လောစရာ အကြောင်း မရှိချေ။
အေးအေးဆေးဆေးသာ တူးဖော်ရမည် ဖြစ်သည်။
အကယ်၍ ဥက္ကာပျံကြီးကို မှားယွင်း ပစ်ခတ်မိပြီး ပေါက်ကွဲသွားပါက ပြဿနာ အကြီးအကျယ် တက်မည် မဟုတ်ပါလား။