အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) ဖောက်သည်က ဘုရားသခင် မဟုတ်
"အခု ကျွန်တော်က ဘယ်လောက်ကြာရင် ပစ္စည်းအပ်နိုင်မလဲ ဆိုတဲ့ ကိစ္စကို ဆွေးနွေးချင်တာ မဟုတ်ဘူး... စျေးနှုန်း ကိစ္စကို အဓိက ဆွေးနွေးချင်တာပါ..."
လီကျင့်က ပြောလိုက်လေသည်။
"စျေးနှုန်း... မန်နေဂျာလျို က မစ္စတာလီကို မပြောပြထားဘူးလား... ကျွန်တော့်ရဲ့ အထူးသံမဏိ စျေးနှုန်းက အတော်လေး သင့်တော်ပါတယ်... HW1 အမျိုးအစား အထူးသံမဏိထက် အရည်အသွေး ပိုကောင်းတဲ့အပြင် စျေးနှုန်းကလည်း ခင်ဗျားတို့ သုံးနေတဲ့ HW1 အမျိုးအစား အထူးသံမဏိထက် ၅ ရာခိုင်နှုန်း သက်သာပါတယ်..."
ဆွန်ဖုန်းက လျိုဖေးဖေးကို တစ်ချက် ကြည့်ကာ နားမလည်စွာဖြင့် မေးလိုက်လေသည်။
လီကျင့်၏ အကြီးစား စက်ယန္တရား ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ အနေဖြင့် ပုံမှန်အားဖြင့် HW1 အမျိုးအစား အထူးသံမဏိများကိုသာ အသုံးပြုလေ့ ရှိကြသည်။
ထိုအထူးသံမဏိများမှာ ပြည်ပမှ တင်သွင်းရခြင်း ဖြစ်ပြီး အရပ်ဘက်သုံး အထူးသံမဏိများထဲတွင် အဆင့်မြင့် အမျိုးအစား တစ်ခု ဖြစ်လေသည်။
"ဖေးဖေး ကတော့ ပြောပြထားပါတယ်... ဒါပေမယ့် ဒီတစ်ခေါက် ကျွန်တော်က ဥက္ကဋ္ဌဆွန်တို့ ကုမ္ပဏီဆီကနေ သန်း ၆၀ ဖိုးတောင် အော်ဒါ တင်မှာလေ... ဒါကြောင့် စျေးနှုန်းကို ၁၀ ရာခိုင်နှုန်း အထိ လျှော့ချပေးဖို့ အကြံပြုချင်ပါတယ်..."
"ဒါတောင်မှ ဥက္ကဋ္ဌဆွန်ရဲ့ သံမဏိစက်ရုံလေး အနေနဲ့ အရှုံးပေါ်မှာ မဟုတ်ဘဲ အမြတ် တော်တော် ကျန်ဦးမှာပဲလို့ ယုံကြည်ပါတယ်..."
လီကျင့်က ဆွန်ဖုန်း သေချာပေါက် သဘောတူမည်ဟု ယုံကြည်နေသည့် ဟန်ဖြင့် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
ဆွန်ဖုန်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားလေသည်။
စျေးနှုန်းကို ၁၀ ရာခိုင်နှုန်း အထိ လျှော့ချပေးရမည် ဟုတ်လား။ လီကျင့် သည် တကယ့်ကို အရှက်မရှိ ပြောရဲသူပင် ဖြစ်သည်။
အော်ဒါ ကြီးလေလေ၊ အမြတ် ကြီးလေလေ ဆိုသော်လည်း ဤကဲ့သို့သော အော်ဒါမျိုးကို အခြား သံမဏိစက်ရုံငယ်များ အနေဖြင့် ချက်ချင်း လက်ခံမည်မှာ သေချာလှပေသည်။
သို့သော် ဆွန်ဖုန်း အနေဖြင့် သူ၏ အထူးသံမဏိကို HW1 အမျိုးအစား အထူးသံမဏိထက် ၅ ရာခိုင်နှုန်း သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးနေပြီ ဖြစ်ရာ ယခု လီကျင့်က နောက်ထပ် ထပ်လျှော့ခိုင်းမည်ဟု သူ မထင်ထားခဲ့ချေ။
ဖောက်သည်ဟောင်း လျိုဖေးဖေး ရှိနေ၍သာ မဟုတ်ပါက ဆွန်ဖုန်းသည် ချက်ချင်း လှည့်ထွက်သွားမည်မှာ သေချာလှပေသည်။
"စျေးနှုန်းက အရမ်း နိမ့်မသွားဘူးလား ရှင်..."
ဘေးရှိ လျိုဖေးဖေးက သူမ၏ စေ့စပ်ထားသူ၏ အလွန်အကျွံ စျေးဆစ်မှုကြောင့် လီကျင့်အား တိုးတိုးလေး သတိပေးလိုက်လေသည်။
မူလက လီကျင့် အနေဖြင့် ၆ ရာခိုင်နှုန်း သို့မဟုတ် ၇ ရာခိုင်နှုန်းခန့်သာ လျှော့ပေးရန် တောင်းဆိုမည်ဟု သူမ ထင်ထားခဲ့ရာ ထိုစျေးနှုန်းဆိုလျှင် နှစ်ဖက်စလုံး လက်ခံနိုင်မည် ဖြစ်သည်။
သို့သော် လီကျင့်က ၁၀ ရာခိုင်နှုန်း အထိ လျှော့ချရန် တောင်းဆိုလာမည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။
"မနိမ့်ပါဘူး... ကိုယ့်အော်ဒါက သန်း ၆၀ ဖိုးလေ... တခြား အော်ဒါတွေလို တစ်သန်း၊ နှစ်သန်းဖိုး ဒါမှမဟုတ် သိန်းဂဏန်းလောက်ဖိုး မဟုတ်ဘူး... ကိုယ့်တောင်းဆိုချက်က သိပ်မများပါဘူး..."
လီကျင့်က တမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
တကယ်တော့ လီကျင့် သည် မိုက်မဲသူ တစ်ယောက် မဟုတ်ချေ။
သူ ဤမျှ စျေးဆစ်ရခြင်းမှာ လက်ရှိ ဆွန်ဖုန်း၏ သံမဏိစက်ရုံမှာ အသစ်စက်စက် ဖွင့်ထားသော စက်ရုံငယ်လေး ဖြစ်ပြီး ဤမျှ ကြီးမားသော အော်ဒါကို မြင်ပါက စျေးနှုန်း မည်မျှပင် နိမ့်ပါစေ သည်းခံကာ လက်ခံလိမ့်မည်ဟု သူ ယုံကြည်နေသောကြောင့် ဖြစ်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ လီကျင့် တစ်ယောက် အကြီးအကျယ် မှားယွင်းသွားလေပြီ။
"တောင်းပန်ပါတယ် မစ္စတာလီ... ဒီစျေးနှုန်းကို ကျွန်တော် လက်မခံနိုင်ပါဘူး..."
ဆွန်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး စီးကရက် တစ်လိပ်ကို မီးညှိကာ မီးခိုးငွေ့များ မှုတ်ထုတ်ရင်း တည်ငြိမ်စွာ ဖြေလိုက်လေသည်။
နောက်ပြောင်နေတာလား။ HW1 အမျိုးအစား အထူးသံမဏိ စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်း လျှော့ပြီး ရောင်းပေးရမည် ဟုတ်လား။ သူက သူတောင်းစားများ ဖြစ်နေသလား။
ဆွန်ဖုန်း အနေဖြင့် သံသတ္တုရိုင်းများအတွက် ငွေကုန်ကြေးကျ မရှိသော်လည်း အထူးသံမဏိ ထုတ်လုပ်ရာတွင် အခြား ဓာတုပစ္စည်းများနှင့် အထူး သတ္တုများကိုလည်း ထည့်သွင်းရသေးသည်။ ထို့ကြောင့် ဆွန်ဖုန်း အနေဖြင့် အမြတ် များများ မလိုချင်ဘဲ နေပါမည်လား။
ဆွန်ဖုန်း အနေဖြင့် ပြည်တွင်း သံမဏိ ကုမ္ပဏီများကို ကူညီလိုသော ဆန္ဒ ရှိနေ၍သာ မဟုတ်ပါက ၅ ရာခိုင်နှုန်းပင် လျှော့ပေးမည် မဟုတ်ချေ။
လီကျင့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။ ထို့နောက် အေးစက်သော လေသံဖြင့် မေးလိုက်လေသည်။
"ဥက္ကဋ္ဌဆွန်... တကယ်ပဲ ထပ်မစဉ်းစားတော့ဘူးလား..."
"ပုံမှန် အတိုင်းပါပဲ... HW1 အထူးသံမဏိထက် ၅ ရာခိုင်နှုန်း သက်သာတဲ့ စျေးနှုန်းပါ... ကျွန်တော့် ဖောက်သည်တွေ အကုန်လုံး ဒီစျေးနှုန်းနဲ့ပဲ ဝယ်နေကြတာပါ... မယုံရင် မန်နေဂျာလျို ကို မေးကြည့်ပါ..."
ဆွန်ဖုန်းက ပြန်ပြောလိုက်လေသည်။
လီကျင့်က အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"ဒါက သန်း ၆၀ ဖိုး အော်ဒါ ဆိုတာ ခင်ဗျား သိထားဖို့ ကောင်းတယ်... ၅ ရာခိုင်နှုန်း လျှော့ပေးတာကို ကျွန်တော် သဘောမကျဘူး... ခင်ဗျား သေချာ မစဉ်းစားဘူး ဆိုရင်တော့ ဒီအရောင်းအဝယ်ကို ဆက်ဆွေးနွေးစရာ မလိုတော့ဘူးလို့ ထင်တယ်..."
လီကျင့် အနေဖြင့် ဆွန်ဖုန်းက စျေးကိုင်နေသည်ဟု ထင်မှတ်နေလေသည်။ ရုတ်တရက် ၁၀ ရာခိုင်နှုန်း အထိ လျှော့ချပေးရန် တောင်းဆိုလိုက်သဖြင့် မည်သူမဆို ချက်ချင်း လက်ခံမည် မဟုတ်ချေ။ ထို့ကြောင့် သူသည် ဆွန်ဖုန်းကို အဆင့်ဆင့် ဖိအားပေးရန် ဆုံးဖြတ်လိုက်လေသည်။
"မစ္စတာလီရဲ့ စကားအရ ဆိုရင် ကျွန်တော်က ၁၀ ရာခိုင်နှုန်း မလျှော့ပေးရင် မစ္စတာလီက ကျွန်တော့်ဆီမှာ အော်ဒါ မတင်တော့ဘူး ဆိုတဲ့ သဘောပေါ့..."
ဆွန်ဖုန်းက စီးကရက် ပြာကို ခါချရင်း မေးလိုက်လေသည်။
"မှန်တယ်... သေချာ စဉ်းစားပါ... ဒီလို အော်ဒါ အကြီးကြီးမျိုး ခင်ဗျား ရဖို့ဆိုတာ မလွယ်ဘူးနော်..."
လီကျင့်၏ မျက်နှာတွင် အခြေအနေ အားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဆိုသည့် အပြုံးမျိုး ပေါ်လာလေသည်။
"ပြီးတော့ စကားပုံ တစ်ခု ရှိတယ်လေ... ဖောက်သည်က ဘုရားသခင်တဲ့... အခု အချိန်မှာ ခင်ဗျားက အော်ဒါ လိုချင်နေတာ... ကျွန်တော်က အထူးသံမဏိ အလောတကြီး လိုချင်နေတာ မဟုတ်ဘူး..."
လီကျင့်က အလွန် မောက်မာစွာ ပြောလိုက်လေသည်။
"ဟွန်း... ကျွန်တော့်အတွက်တော့ ဖောက်သည်က ဘုရားသခင် မဟုတ်ဘူးဗျ... ဒါဆိုလည်း ခင်ဗျားတို့ ဘာသာ ဖြည်းဖြည်းသာ စားကြတော့... ကျွန်တော် ပြန်ပြီ..."
ဆွန်ဖုန်းက စီးကရက်တိုကို ပစ်ချလိုက်ပြီး ချက်ချင်း လှည့်ထွက်သွားလေတော့သည်။
"ဘာ..."
လီကျင့်သည် ဆွန်ဖုန်း ချက်ချင်း လှည့်ထွက်သွားသည်ကို မြင်သောအခါ အလွန် အံ့ဩသွားလေသည်။ ဆွန်ဖုန်းသည် သူ၏ စျေးနှုန်းကို လက်မခံရုံသာမက ဤအရောင်းအဝယ်ကို ဖျက်သိမ်းလိုက်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
"ဒီ..."
လျိုဖေးဖေးလည်း အလွန် အံ့ဩသွားလေသည်။ ဆွန်ဖုန်းသည် ဤမျှ ပြတ်သားစွာ ဆုံးဖြတ်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။ ဤသည်မှာ သန်း ၆၀ တန်ကြေးရှိသော အော်ဒါ အကြီးစားကြီး တစ်ခု ဖြစ်သည် မဟုတ်ပါလား။
ဆွန်ဖုန်းသည် တံခါးပေါက်သို့ ရောက်သောအခါ ရပ်လိုက်ပြီး လျိုဖေးဖေး ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"မန်နေဂျာလျို... ခင်ဗျားက ကျွန်တော့် ကုမ္ပဏီရဲ့ ပထမဆုံး ဖောက်သည် ဖြစ်သလို ဖောက်သည်ဟောင်း တစ်ယောက်လည်း ဖြစ်နေလို့ ဒီနေ့ ကိစ္စကို ကျွန်တော် အပြစ်မယူတော့ဘူး..."
"နောက်ဆိုရင် ဒီလို ကြောင်တောင်တောင် ဖောက်သည်မျိုးတွေ ကျွန်တော့်ဆီ မိတ်ဆက် မပေးပါနဲ့... ကျွန်တော်က အော်ဒါ မရှိရင် ထမင်းငတ်မယ့် အဆင့်ထိ ငွေမရှားပါဘူး..."
ဆွန်ဖုန်းက အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
"မင်း..."
လီကျင့်သည် ဆွန်ဖုန်းက သူ့ကို ဆဲရေးလိုက်သည်ကို ကြားသောအခါ ဒေါသကြောင့် မျက်နှာ နီရဲသွားပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း ဆွန်ဖုန်းမှာ တံခါးအပြင်သို့ ထွက်သွားလေပြီ။
"အား... သောက်ကောင်... ငါ့ကို လာစော်ကားရဲတဲ့ အတွက် မင်း နောင်တရစေရမယ်..."
လီကျင့်က ဒေါသတကြီး အော်ဆဲလိုက်လေသည်။
လျိုဖေးဖေးမှာမူ သက်ပြင်းချကာ ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်ရင်း ဘာကို တွေးနေမှန်း မသိအောင် ဖြစ်နေလေသည်။
ဟိုတယ် အပြင်သို့ ရောက်သောအခါ ဆွန်ဖုန်းမှာ အလွန် ဒေါသထွက်နေလေသည်။
"လခွီး... ကုမ္ပဏီကြီး တစ်ခုရဲ့ ဥက္ကဋ္ဌ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာလား... ငါ့ရဲ့ သံမဏိစက်ရုံလေးကိုတောင် အထင်သေးရဲသေးတယ်... အော်ဒါလေး တစ်ခုနဲ့ ငါ့ကို စျေးလာနှိမ်ရဲတယ်... ဟွန်း... လူမိုက်..."
တကယ်တော့ လက်ရှိ ဆွန်ဖုန်း၏ အဓိက ဝင်ငွေမှာ မားလ် သံသတ္တုတွင်းမှ ဖြစ်ပြီး ထိုနေရာမှသာ အလွန် များပြားသော ငွေကြေးများကို ရရှိနေခြင်း ဖြစ်သည်။ တစ်မိနစ်လျှင်ပင် ယွမ် သန်းနှင့်ချီ၍ ဝင်ငွေ ရှိနေလေသည်။
ဟိုင်ယန်မြို့ရှိ သံမဏိစက်ရုံမှာမူ ဆွန်ဖုန်း အနေဖြင့် အပျော်သဘော ဖွင့်ထားခြင်း သက်သက်သာ ဖြစ်လေသည်။
နောင်တွင် ဆွန်ဖုန်း အဓိက လုပ်ဆောင်မည့် လုပ်ငန်းမှာ သတ္တုရိုင်းများ ရောင်းချခြင်း ဖြစ်ပြီး သံမဏိစက်ရုံ ကဲ့သို့သော ကုမ္ပဏီများမှာ အပိုဆောင်း အနေဖြင့်သာ ဖြစ်လေသည်။
"ဟယ်လို လျန်ယင်း လား... အလုပ် ပြီးပြီလား..."
ဆွန်ဖုန်းက ကားမောင်းရင်း လျန်ယင်း ထံသို့ ဖုန်းဆက် မေးလိုက်လေသည်။ စောစောက အခြေအနေ တင်းမာသွားသဖြင့် ထမင်းပင် မစားခဲ့ရသောကြောင့် ညစာ အရင် စားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခုအခါ ည ၈ နာရီ ကျော်နေပြီ ဖြစ်လေသည်။
"မစားရသေးဘူး... ကုမ္ပဏီမှာ ရှိသေးတယ်... အခုပဲ အိမ်ပြန်တော့မလို့..."
ဖုန်းထဲမှ လျန်ယင်း၏ အနည်းငယ် ပင်ပန်းနေသော အသံကို ကြားလိုက်ရလေသည်။
"ကောင်းပြီ... ကုမ္ပဏီမှာပဲ စောင့်နေ... ကိုယ် မင်းနဲ့ အတူ ညစာသွားစားမယ်..."
ဆွန်ဖုန်းက ဖုန်းချလိုက်ပြီး သံမဏိစက်ရုံဆီသို့ တိုက်ရိုက် မောင်းနှင်သွားလေသည်။
သံမဏိစက်ရုံသို့ ရောက်သောအခါ လျန်ယင်းကို တင်ခေါ်ကာ ဟိုင်ယန်မြို့ရှိ ညစျေးတန်းဆီသို့ တိုက်ရိုက် မောင်းနှင်သွားလေသည်။
ညစျေးတန်း ဆိုသည်မှာ ဆွန်ဖုန်း တက္ကသိုလ် တက်စဉ်က မကြာခဏ သွားရောက်ကာ အစားအသောက်များ စားသောက်ခြင်း၊ အကင်စားခြင်း၊ အရက်သောက်ခြင်းတို့ လုပ်လေ့ရှိသော နေရာ ဖြစ်သည်။
ထိုစဉ်က သူငယ်ချင်းများနှင့် အတူ သွားလေ့ရှိသော်လည်း ယခုအခါ အားလုံးမှာ ကိုယ့်လမ်းကိုယ် လျှောက်နေကြပြီ ဖြစ်ရာ အလုပ်ခွင်သို့ ရောက်ကတည်းက ဤနေရာသို့ မရောက်ဖြစ်သည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်လေသည်။
ဆွန်ဖုန်းက ဖာရာရီကားကြီးကို မောင်းနှင်ကာ ညစျေးတန်းသို့ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်ရှိ လူများ၏ အံ့ဩတကြီး ကြည့်ရှုခြင်းကို ခံရလေသည်။
"လခွီး... ယွမ် သန်း ၂၀ ကျော် တန်တဲ့ ကားကြီး စီးပြီး ဒီလို နေရာမျိုးမှာ လာစားတယ်ပေါ့... တကယ် မိုက်တာပဲ..."
"မင်းက ဘာသိလို့လဲ... ဒါက နေရာ မရွေးဘူး ဆိုတဲ့ သဘောလေ... ပြီးတော့ ဒီက အစားအသောက်တွေက တကယ်လည်း ကောင်းတာကိုး..."
"ဝါး... မိန်းမချောလေး တစ်ယောက်လည်း ခေါ်လာသေးတယ်..."