← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄) ကျားသစ်ပေါက်လေးတစ်ကောင်နဲ့ ဆုံတွေ့ခြင်း

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူအရေအတွက်မှာ လျင်မြန်စွာ ဆက်လက်တိုးပွားနေလေသည်။ အရည်အသွေးမြင့်မားသော တိုက်ရိုက်ထုတ်လွှင့်မှုများက လူတစ်စုကို အမြဲတမ်း ဆွဲဆောင်နိုင်စွမ်းရှိပေသည်။ လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ လူတစ်ရာ့ရှစ်ဆယ်ကျော်အထိ ရောက်ရှိနေပြီဖြစ်ရာ အတော်လေး စည်ကားနေပြီဖြစ်သည်။ ရွှီယန်က လင်ဇီးမှိုများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ခူးဆွတ်လိုက်ရသဖြင့် အလွန်ပင် ကျေနပ်အားရနေလေသည်။

"ဒီနေ့ ကံတကယ်ကောင်းတယ် ခူးလို့ရတာတွေအကုန်လုံးက ဆေးဘက်ဝင်တဲ့ တောရိုင်းလင်ဇီးနီတွေချည်းပဲ... တချို့လင်ဇီးမှိုတွေကလည်း တောင်ပေါ်မှာပေါက်ပြီး တောရိုင်းမှိုတွေဖြစ်ပေမယ့် ဘာတန်ဖိုးမှမရှိဘူး... အမျိုးအစားကို ကြည့်ရတယ်... လင်ဇီးနီကတော့ ဆေးဘက်ဝင်တယ် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ သွေးသားအားဖြည့်တာနဲ့ ကျောက်ကပ်အားကောင်းစေတာတွေအတွက် အာနိသင် တော်တော်ကောင်းတယ်"

ရွှီယန်က တစ်ပတ်လှည့်လည်ရှာဖွေလိုက်သော်လည်း လင်ဇီးနီများကို ထပ်မံမတွေ့ရတော့သဖြင့် ကွန်ရက်သုံးစွဲသူများအား ထိုသို့ ရှင်းပြလိုက်ခြင်းဖြစ်သည်။

"အစ်ကို ကျောက်ကပ်အားကောင်းစေတဲ့အကြောင်း သေချာလေး ရှင်းပြပါဦး"

"ကျောက်ကပ်အားကောင်းစေတဲ့ အာနိသင်က ဘယ်လိုမျိုးလဲ အဆင်ပြေမယ်ဆိုရင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဝယ်ချင်လို့တဲ့"

"ဟုတ်တယ် ငါက အဲ့ဒီသူငယ်ချင်းပဲ ငါဝယ်ချင်တယ်"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ ကြည့်ရှုသူအချို့က ချက်ချင်းပင် မှတ်ချက်များ ဝင်ရောက်ရေးသားလာကြလေသည်။ ထိုအရာများကို မြင်တွေ့လိုက်ရသောအခါ ရွှီယန်က ပြုံးရုံသာပြုံးလိုက်ပြီး မည်သို့မျှ တုံ့ပြန်ပြောဆိုခြင်း မပြုပေ။

ဤမျှနည်းပါးသော လင်ဇီးမှိုလေးများဖြင့် အွန်လိုင်းမှတစ်ဆင့် စာတိုက်ကပို့၍ ရောင်းချရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။ ထို့အပြင် တစ်ဖက်လူ၏ အခြေအနေကိုလည်း မသိရသဖြင့် အခက်အခဲ ရှိနိုင်လေသည်။

ချန်ပိုင်တောင်ခြေတွင် တိုင်းရင်းဆေးဆိုင်အချို့ ရှိနေပြီး မြို့ထဲတွင်လည်း တိုင်းရင်းဆေးများကို သီးသန့်ဝယ်ယူသော ကုန်သည်များ ရှိကြသည်။ တောင်ပေါ်သို့ တက်၍ ဂျင်ဆင်းတူးသည့် အချိန်ရောက်လာပါက ကုန်သည်အများအပြားက တောင်ခြေအထိ တိုက်ရိုက်ဆင်းလာကာ ဂျင်ဆင်းများကို လာရောက်ဝယ်ယူကြမည်ဖြစ်သည်။ ထိုနေရာတွင်ပင် အရည်အသွေးကို အကဲဖြတ်၍ အတူတကွ အရောင်းအဝယ် ပြုလုပ်ကြလေသည်။ ထို့ကြောင့် ရွှီယန်အနေဖြင့် လင်ဇီးမှိုများကို ရောင်းမထွက်မည်ကို ပူပန်နေရန် မလိုအပ်ပေ။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိလာသောကြောင့် တောတောင်ရှာဖွေရသည်မှာလည်း အတော်လေး ပေါ့ပါးလွယ်ကူသွားခဲ့လေသည်။ ဒုတိယမြောက် ရတနာရှိသည့် နေရာတစ်နေရာ ကျန်ရှိနေသေးပြီး ထိုနေရာက ပို၍နက်ရှိုင်းသော အပိုင်းတွင်ရှိကြောင်း တည်နေရာ ပြသနေလေသည်။

ရွှီယန်သည် တောအုပ်အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်လာခဲ့သည်။ မျက်စိရှေ့တွင် စိမ်းလန်းစိုပြည်နေသော ရှုခင်းများက ဆီးကြိုနေပြီး သစ်ပင်ကြီးများက မြင့်မားထူထပ်လှသည်။

အထက်သို့ မော့ကြည့်လိုက်ပါက ကောင်းကင်ပြင်ကျယ်ကြီးကို မြင်တွေ့ရသော်လည်း တောနက်ကြီးထဲတွင် လျှောက်လှမ်းနေရသော ရွှီယန်အဖို့မူ တစ်ခါတစ်ရံတွင် ချုံနွယ်များကို ကျော်ဖြတ်ရပြီး တစ်ခါတစ်ရံတွင် မြေကျင်းများကို ကွေ့ဝိုက်ရှောင်ကွင်း၍ သွားနေရလေသည်။ တောင်တက်ရသည်မှာ လူကို အတော်လေး ပင်ပန်းနွမ်းနယ်စေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူအရေအတွက်ကလည်း ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။

ဒုတိယမြောက် ရတနာက ဘာများဖြစ်နေမလဲဟု ရွှီယန် စိတ်ထဲမှ တွေးတောနေမိသည်။ ဂျင်ဆင်းလည်း ဖြစ်နိုင်သလို ဟင်းသီးဟင်းရွက် တောရိုင်းမျောက်ခေါင်းမှို တောရိုင်းအနောက်တိုင်းဂျင်ဆင်း သို့မဟုတ် ထျန်းမာခေါ် သစ်ခွမြစ်ကဲ့သို့သော ဆေးဘက်ဝင်အပင်များလည်း ဖြစ်နိုင်လေသည်။ သူက ဤအရာများနှင့် ပတ်သက်၍ အလွန်ကျွမ်းကျင်နားလည်လေသည်။ မည်သို့ပင်ဖြစ်စေ သူက တောင်ပေါ်ရွာလေးတွင် ကြီးပြင်းလာခဲ့သူ မဟုတ်ပါလော။

ဒုတိယမြောက် ရတနာရှိရာနေရာနှင့် ပထမနေရာတို့၏ အကွာအဝေးမှာ သုံးကီလိုမီတာခန့် ကွာဝေးလေသည်။ မဝေးလှဟု ဆိုနိုင်သော်လည်း တောင်ပေါ်လမ်းဖြစ်နေသည့်အတွက် လမ်းများက အနိမ့်အမြင့်မညီညာဘဲ လျှောက်သွားရန် တစ်နာရီခန့် အချိန်ယူလိုက်ရလေသည်။

သူက တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာဆီသို့သာ ဆက်တိုက် တိုးဝင်သွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူများလည်း ပို၍များပြားလာခဲ့သည်။

"အစ်ကို့သတ္တိက တော်တော်ကောင်းတာပဲ လမ်းတစ်လျှောက်လုံး အထဲကိုပဲ ဆက်တိုက်ဝင်နေတာ အသက်အန္တရာယ်ကို မစိုးရိမ်ဘူးလား"

"တကယ်ပြောရရင် ကြည့်ရတာ ကျွန်တော်တောင် ပိုပိုပြီး စိတ်လှုပ်ရှားလာပြီ တောထဲကနေ ကျားတစ်ကောင်များ ခုန်ထွက်လာမလားဆိုပြီး ကြောက်နေရတယ်"

"မင်းတို့တွေ ဆက်မပြောကြနဲ့တော့ နဂိုက ငါမကြောက်သေးဘူး မင်းတို့ပြောတာကြားမှ ငါပါ လိုက်ကြောက်လာပြီ"

"ဒီအစ်ကိုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက တော်တော်လေး လက်တွေ့ကျတာပဲ"

"အဓိကက သူတစ်ယောက်တည်း တောင်ပေါ်တက်လာတာလေ တကယ်မိုက်တယ် သာမန်ဆို တောင်ပေါ်တက်ရင် အဖွဲ့လိုက်သွားရတာ ဘယ်လိုပဲဖြစ်ဖြစ် ကူညီမယ့်သူတစ်ယောက်တော့ ပါသင့်တယ်"

မှတ်ချက်များက တစ်ခါတစ်ရံတွင် ခုန်ထွက်လာတတ်လေသည်။

ရွှီယန်က အထဲသို့သာ ဆက်လက်ဝင်ရောက်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ဒုတိယမြောက် ရတနာရှိရာနေရာနှင့် ပို၍ပို၍ နီးကပ်လာခဲ့လေပြီ။

ရွှီယန်၏ စိတ်ထဲတွင် တစ်ခဏမျှ မျှော်လင့်တကြီး ဖြစ်သွားလေသည်။ သို့သော် ပစ်မှတ်ထားရာ နေရာအနီးသို့ ရောက်ရှိသွားသောအခါ ရွှီယန်၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့ဩထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

သူက ရှေ့ရှိအခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေပြီ။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က နေရာပြသထားသော ရတနာမှာ ဆေးဘက်ဝင်အပင် မဟုတ်ဘဲ ရွှေဝါရောင်ပေါ်တွင် အမည်းရောင်အကွက်များ ပါရှိနေသည့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်တစ်ကောင် ဖြစ်နေလေသည်။

ကျားသစ်ပါလား။

၎င်းက ကျားသစ်ပေါက်လေးတစ်ကောင်သာဖြစ်ပြီး ကြည့်ရသည်မှာ အသက်နှစ်လခန့်သာ ရှိဦးမည်ဖြစ်သည်။ ရွှီယန်၏ မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်ထိတ်လန့်နေလေသည်။

ရွှီယန် ကြောက်လန့်နေသည်က ကျားသစ်ပေါက်လေးကို မဟုတ်ဘဲ ၎င်း၏ မိခင်ကိုသာ ဖြစ်လေသည်။ ကျားသစ်ပေါက်လေးက ဤနေရာတွင် ရှိနေပါက မိခင်ကျားသစ်မကြီးက အဝေးတွင် ရှိနေပါ့မလား။

ယခုအချိန်တွင် ကျားသစ်ပေါက်လေးက မြေကြီးပေါ်တွင် ဝပ်နေပြီး ခေါင်းလေးကိုမော့ကာ အသံလေးများ ဆက်တိုက်ပြုလုပ်နေလေသည်။ ထွက်ပေါ်လာသောအသံလေးများက ကလေးဆန်ဆန် ချစ်စရာကောင်းလှသော်လည်း ခံစားချက်အရမူ ဝမ်းနည်းပူဆွေးနေသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။ ကြားရသူအဖို့ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားစေသည်။

ရွှီယန်တစ်ယောက် တစ်ကိုယ်လုံး ထုံကျင်သွားကာ ချက်ချင်းပင် အောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။ သူ၏ မျက်ဝန်းများထဲတွင် အနည်းငယ် စိုးရိမ်ထိတ်လန့်နေမှုများ ရှိနေပြီး လက်ထဲတွင် ကိုင်ထားသော ချုံခုတ်ဓားကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ဤရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က တကယ်ကို ဒုက္ခပေးတာပဲ။ ဒါက ရတနာရှာတာ ဟုတ်လို့လား။ သေလမ်းရှာတာကြီးပဲ။ ကျားသစ်ပေါက်လေးက ဒီမှာရှိနေရင် ကျားသစ်ကြီးကလည်း သေချာပေါက် အနီးအနားမှာ ရှိနေမှာပဲ။

ကွန်ရက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ အခြေအနေကို သတိထားမိသွားကြရာ အားလုံးက ချက်ချင်းပင် သိချင်စိတ် ပြင်းပြလာကြတော့သည်။

"အစ်ကို ဘာဖြစ်သွားတာလဲ သရဲမြင်လိုက်ရသလိုကြီး"

"ဟာ တကယ်ကြီး တစ်ခုခုရှိနေတာတော့ မဟုတ်ပါဘူးနော် အစ်ကို ကျွန်တော့်ကို လာမခြောက်နဲ့"

"တစ်ယောက်တည်း တောနက်ကြီးထဲ ပြေးဝင်သွားတာ အရမ်းအန္တရာယ်များတယ်"

"ဘာတွေဖြစ်နေတာလဲ ဒါမှမဟုတ် သရုပ်ဆောင်ပြနေတာလား"

မှတ်ချက်များက ရေစီးကြောင်းအလား တရစပ် စီးဆင်းလာကြလေသည်။ ကွန်ရက်သုံးစွဲသူများမှာ ရွှီယန်၏ အပြုအမူကို အလွန်ပင် စိတ်ဝင်စားနေကြလေသည်။

ထိုအချိန်တွင် ဒရုန်း၏ ကင်မရာမြင်ကွင်းက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားလေသည်။ ကင်မရာတွင် လှုပ်ရှားမှုဖမ်းယူနိုင်သော စနစ်နှင့် အနီအောက်ရောင်ခြည်ဖမ်းယူနိုင်သော စနစ်များ ပါရှိရာ ပထမဆုံးအကြိမ်မှာပင် ကျားသစ်ပေါက်လေးကို ပစ်မှတ်ထားလိုက်နိုင်ပြီးနောက် မြင်ကွင်းကို လျင်မြန်စွာ ဆွဲယူပြသလိုက်လေသည်။

ထိုအခါမှသာ ဘာဖြစ်နေသည်ကို ကွန်ရက်သုံးစွဲသူများ သတိထားမိသွားကြတော့သည်။ ထိုအရာက ကျားသစ်ပေါက်လေး တစ်ကောင်ဖြစ်သည်။ အရွယ်အစားမှာ အရွယ်ရောက်ပြီး ကြောင်တစ်ကောင်ထက် အနည်းငယ် ပိုကြီးသော်လည်း ခြေတံလက်တံများက တိုတိုလေးဖြစ်ကာ ခေါင်းလေးကလည်း သေးငယ်ပြီး အလွန်ချစ်စရာ ကောင်းလှပေသည်။

"ဟာ ကြောင်လေးပါလား"

ကွန်ရက်သုံးစွဲသူတစ်ဦးက အံ့ဩတကြီး ရေးသားလိုက်လေသည်။ ထို့နောက် အခြားသူများ၏ မှတ်ချက်များကလည်း အစီအရီ ပေါ်ထွက်လာကြတော့သည်။

"ဘာကြောင်လဲကွ အဲ့ဒါ ကျားသစ်ကွ"

"ဟာ ဒါက ကျားသစ်လား အစ်ကိုက ဘယ်နေရာကနေ လိုက်ဖ်လွှင့်နေတာလဲ"

"အခုခေတ် ဟန်ဆောင်ရိုက်ကူးမှုတွေက ဒီလောက်တောင် မိုက်နေပြီလား"

"တကယ့် ကျားသစ်ကြီးပါလား"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကွန်ရက်သုံးစွဲသူများစွာ၏ မျက်နှာပေါ်တွင် အံ့ဩမင်တက်မှုများ ပြည့်နှက်သွားကြလေသည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှုက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေလေပြီ။ တကယ့်ကို ကျားသစ်တစ်ကောင် ပါလာခဲ့သည်ပင်။

ရွှီယန်၏ မျက်နှာအမူအရာက စိုးရိမ်ထိတ်လန့်နေပြီး သူက နောက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာလိုက်လေသည်။ မတတ်နိုင်ပေ။ ယခုလက်ရှိ သူ၏အခြေအနေတွင် အသက်ကို ကာကွယ်နိုင်မည့် မည်သည့်စွမ်းရည်မျှ မရှိချေ။

လူသူကင်းမဲ့ပြီး သစ်ပင်များ ထူထပ်လှသော တောနက်ကြီးထဲတွင် ပတ်ဝန်းကျင်၌ အရွယ်ရောက်ပြီးသော မိခင်ကျားသစ်မကြီးတစ်ကောင် ရှိနေနိုင်လေသည်။ တွေးကြည့်ရုံနှင့်ပင် လူ၏ အက်ဒရီနယ်လင်ဟော်မုန်းများကို မြင့်တက်လာစေလေသည်။ ထို့အပြင် ကျားသစ်များသည် သစ်ပင်ပေါ်မှနေ၍ ချုံခိုတိုက်ခိုက်ကာ သားကောင်ကို ဖမ်းဆီးရာတွင် အလွန်ကျွမ်းကျင်ကြလေသည်။

ကျားသစ်ပေါက်လေး၏ မိခင်က သစ်ပင်ပေါ်တွင် ပုန်းကွယ်နေပြီး သူ့ကို စူးစိုက်ကြည့်နေမည်လားဟုပင် ရွှီယန်တစ်ယောက် ခဏမျှ တွေးထင်သွားမိလေသည်။ ထိုသို့တွေးမိလိုက်သောအခါ ရွှီယန်က ပို၍ပင် စိုးရိမ်ထိတ်လန့်သွားတော့သည်။

သူသည် သတိကြီးစွာထား၍ နောက်သို့ စတင်ဆုတ်ခွာလိုက်လေသည်။ ကွန်ရက်သုံးစွဲသူများမှာလည်း စိုးရိမ်စိတ်များ မြင့်တက်လာကြသည်။ အားလုံးက ရွှီယန် တစ်ခုခုဖြစ်သွားမည်ကို အလွန်ပင် စိုးရိမ်နေကြလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူအရေအတွက်မှာ လေးရာကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အပြင်ဘက်မှနေ၍ ကြည့်ရှုနေကြသူ အများအပြားမှာလည်း ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်ရောက်လာကြပြီး ဘာတွေဖြစ်နေသလဲဟု သိချင်စိတ်ပြင်းပြစွာ မေးမြန်းနေကြတော့သည်။

ရွှီယန်က အဝေးကြီးအထိ ဆုတ်ခွာလာပြီးမှသာ သက်ပြင်းတစ်ချက်ကို လွတ်လပ်စွာ ချနိုင်တော့သည်။

ကျားသစ်ပေါက်လေး၏ အခြေအနေက သိပ်မဟန်ဘူးဟု ရွှီယန် ခံစားမိသော်လည်း သူက လောင်းကြေးမထပ်ရဲချေ။ မိခင်ကျားသစ်မကြီးက အနီးအနားတွင် မရှိပါဘူးဟု မလောင်းရဲပေ။

ထို့အပြင် နိုင်ငံတော်အဆင့် သတ်မှတ်ထားသော ရှားပါးကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ ပြဿနာကြုံတွေ့နေရသည်ကို တွေ့ရှိပါက အမှန်ကန်ဆုံး လုပ်ဆောင်ရမည့် နည်းလမ်းမှာ သစ်တောဦးစီးဌာနသို့ အကြောင်းကြားရန်ပင် ဖြစ်လေသည်။ ရွှီယန်က သစ်တောဦးစီးဌာနထံသို့ ချက်ချင်း ဖုန်းဆက်ရန် ရည်ရွယ်လိုက်သည်။

သူက ကျယ်ဝန်းလဟာပြင်ရှိသော နေရာတစ်ခုသို့ ရောက်ရှိသွားပြီး လုံခြုံမှုရှိကြောင်း သေချာသွားမှသာ စတင်ပြောဆိုလိုက်လေသည်။

"ခုနက ကျွန်တော် ကျားသစ်ပေါက်လေး တစ်ကောင်ကို မြင်လိုက်ရတယ်... ရွှေဝါရောင်ပေါ်မှာ အမည်းစက်တွေပါတဲ့ ကျားသစ်မျိုးစိတ် ဖြစ်လောက်တယ်"

"ဒီကျားသစ်မျိုးစိတ်က နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်စာရင်းမှာ ပါဝင်ပြီးတော့ အရမ်းကြောက်စရာကောင်းတဲ့ ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်ကောင်လည်း ဖြစ်တယ်"

"ဘာမှမလွဲချော်ဘူးဆိုရင် အဲ့ဒီကျားသစ်ပေါက်လေးရဲ့ အမေက အစာရှာထွက်နေလောက်တယ်... ဘယ်အချိန်မဆို ပြန်ရောက်လာနိုင်တယ်"

"ကျားသစ်ပေါက်လေးနဲ့ သွားတွေ့မယ်လို့ ကျွန်တော် လုံးဝထင်မထားခဲ့ဘူး... ခုနက အရမ်းအန္တရာယ်များတယ်"

"အကယ်၍ မိခင်ကျားသစ်မကြီးသာ ပြန်ရောက်လာခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး"

ရွှီယန်၏ စိတ်အခြေအနေက အတော်လေး တည်ငြိမ်နေလေသည်။ ထို့အပြင် ယခင်က ကျားသစ်များက ခွေးများကို ကိုက်သတ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ဖူးသော်လည်း လူကို ရန်ပြုခဲ့သည့် သတင်းများတော့ တစ်ခါမျှ မကြားခဲ့ဖူးချေ။

ထို့ကြောင့် လက်ထဲတွင် ကာကွယ်ရန် ချုံခုတ်ဓားရှိနေသရွေ့ ကျားသစ်ကလည်း လူကို လွယ်လွယ်နှင့် တိုက်ခိုက်မည် မဟုတ်ပေ။

"အစ်ကို့သတ္တိက တကယ်ကြီးတာပဲ"

"အစ်ကို ဒီလိုပြောလိုက်တော့ ကျွန်တော်တောင် ကြက်သီးတွေ ထလာပြီ... တော်တော်ကြောက်စရာကောင်းတာပဲ"

"အဲ့ဒါက တကယ့် ကျားသစ်ကြီးပါလား... တကယ်မိုက်တယ်"

"တကယ်ကို အန္တရာယ်များတာပဲ"

အားလုံးက အသီးသီး ဝင်ရောက်တုံ့ပြန်လိုက်ကြလေသည်။ ဤသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ခေတ္တမျှ ကြည့်ရှုလိုက်ရုံဖြင့် လူအများအပြားက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်စိတ်ဝင်စားစရာ ကောင်းကြောင်းကို တွေ့ရှိသွားကြတော့သည်။

ဤကိစ္စနှင့် ကြုံတွေ့ပြီးနောက် ရွှီယန်သည် တောင်ထွက်ပစ္စည်းများကို ဆက်လက်ရှာဖွေရန် စိတ်မပါတော့ပေ။ သူက မိုက်ကရိုဖုန်းကို ပိတ်လိုက်ပြီး သစ်တောဦးစီးဌာနထံ ဖုန်းဆက်ကာ ဤကိစ္စကို အကြောင်းကြားလိုက်လေသည်။

တစ်ဖက်လူကမူ ဤကိစ္စကို သိပ်ပြီး အရေးတယူမရှိလှပေ။ မည်သို့ပင်ဖြစ်စေ ရွှီယန်၏ ပြောပြချက်အရ ကျားသစ်ပေါက်လေးတွင် ပြင်ပဒဏ်ရာများ မရှိသည့်အတွက် မိခင်ကျားသစ်မကြီးက အစာရှာထွက်သွားပြီး ကျားသစ်ပေါက်လေးက အိမ်တွင်ကျန်ရစ်ကာ မိခင်ကို စောင့်ဆိုင်းနေခြင်းဖြစ်နိုင်ခြေ အများဆုံးပင် ဖြစ်သည်။

ဤကဲ့သို့သော သဘာဝဂေဟစနစ်၏ ဖြစ်စဉ်များတွင် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါက သစ်တောဦးစီးဌာနမှ လူများက အလွန်အကျွံ ဝင်ရောက်စွက်ဖက်လေ့ မရှိကြပေ။ ထို့အပြင် ဤနေရာက တောင်ပေါ်ရွာလေးနှင့် နီးကပ်နေပြီး သစ်တောစောင့်များ၏ ကင်းလှည့်ရာလမ်းကြောင်းကလည်း ဤနေရာကို ဖြတ်သန်းသွားလေ့မရှိပေ။

ထို့ကြောင့် ဤကိစ္စကို ဤနေရာတွင်ပင် လက်စသတ်လိုက်ရတော့သည်။

သို့သော် ရွှီယန် ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် သူ၏စိတ်များက လုံးဝမငြိမ်မသက် ဖြစ်နေခဲ့လေသည်။ ကျားသစ်ပေါက်လေး၏ အသံများက အလွန်အားနည်းနေပြီး မိခင်ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့်ပုံစံနှင့် မတူဟု သူ ခံစားနေရသည်။

ထို့အပြင် မြက်ခင်းပြင်ပေါ်တွင် အကာအကွယ်မဲ့စွာ ဝပ်နေပြီး တစ်ကိုယ်လုံးလည်း ညစ်ပေနေရာ အိမ်တွင်စောင့်နေသည့် ပုံစံမျိုးနှင့် လုံးဝမတူချေ။ သူ တွေးလေလေ ပို၍ မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ပြန်လှည့်သွားပါက မိခင်ကျားသစ်မကြီး အစာရှာထွက်နေသည်မှာ အမှန်တကယ်ဖြစ်နေလျှင် သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဤသို့တွေးမိသောအခါ ရွှီယန်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ထပ်မံသွားရောက်ကြည့်ရှုရမည် ဖြစ်သည်။ သို့သော် တစ်ယောက်တည်း မဟုတ်ဘဲ ကူညီမည့်သူ နှစ်ယောက်ခန့်ကို ရှာဖွေရမည်ဖြစ်သည်။

ကျားသစ်ပေါက်လေးကို ကူညီမည်ဆိုလျှင်ပင် မိမိ၏ အသက်အန္တရာယ် ကင်းရှင်းရေးကို သေချာစေရန် လိုအပ်ပေသည်။ ထို့ကြောင့် သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း ကွန်ရက်သုံးစွဲသူများအား ပြောကြားလိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်လေသည်။ ထို့နောက် ဒရုန်းကို သိမ်းဆည်းလိုက်ပြီး အိမ်ပြန်မည့် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်တော့သည်။

All Chapters