အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) ကျားသစ်ပေါက်လေးကို နို့တိုက်ခြင်း
ရွှီယန်သည် သူ၏ကုန်စုံဆိုင်လေးသို့ ပြန်ရောက်လာပြီးနောက် တူးဖော်ရရှိလာသော လင်ဇီးနီများကို ထုတ်ယူလိုက်လေသည်။ ဆိုင်ထဲတွင် သူ၏ မိဘနှစ်ပါးစလုံး ရှိနေကြသည်။ ကုန်စုံဆိုင်၏ နောက်ဘက်တွင် ခြံဝင်းတစ်ခုရှိပြီး ထိုခြံဝင်းမှာလည်း သူတို့အိမ်ပိုင်ပင် ဖြစ်သည်။
"အမေ အိမ်မှာ နွားနို့ရှိသေးလား... သား နွားနို့နည်းနည်းလောက် ယူမလို့..."
ရွှီယန်သည် သိုလှောင်ရုံထဲသို့ ဝင်ရောက်ကာ ဟိုရှာဒီရှာ လုပ်လိုက်ပြီးနောက် နို့ဘူးနှစ်ဘူးကို ရှာတွေ့သွားလေသည်။ ထိုနို့ဘူးများမှာ ယခင်က သူတို့အိမ်တွင် သိုးများ မွေးမြူထားစဉ်က သိုးပေါက်လေးများကို နို့တိုက်ရာတွင် အသုံးပြုခဲ့သည့် နို့ဘူးများပင် ဖြစ်သည်။
"အများကြီး ရှိသေးတယ်... ဒီနေ့ ညနေကမှ နှစ်ကျင်းလောက် ညှစ်ထားတာ ညကျရင် သောက်မလို့..."
ရွှီယန်၏ မိခင်က ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ပြီ... ဒါဆို သား နည်းနည်းလောက် ယူလိုက်မယ်..."
ရွှီယန်သည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ နွားနို့များ အပြည့်ထည့်ထားသော ဘူးကိုယူ၍ နို့ဘူးနှစ်ဘူးထဲသို့ နွားနို့များ အပြည့်ဖြည့်လိုက်လေသည်။ ထို့နောက် ရွှီယန်သည် သူ၏ဖခင်ဖြစ်သူ ရွှီဟုန်ရှန်းကို သွားရောက်ရှာဖွေလိုက်သည်။ ရွှီယန်က ခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ဖခင်ဖြစ်သူအား ပြောပြလိုက်လေသည်။
"ကျားသစ်... သေချာရဲ့လား..."
ရွှီဟုန်ရှန်းသည် အစက အနားယူနေသော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်ဝင်စားသွားကာ ကုတင်ပေါ်မှ ငုတ်တုတ်ထိုင်လျက်သား ဖြစ်သွားတော့သည်။
သားအဖနှစ်ယောက်လုံးတွင် တူညီသော ဝါသနာတစ်ခု ရှိကြသည်။ ထိုအရာမှာ တိရစ္ဆာန်များကို ချစ်ခင်မြတ်နိုးခြင်းပင် ဖြစ်ပြီး အထူးသဖြင့် တောရိုင်းတိရစ္ဆာန်များကို ပို၍ နှစ်သက်ကြလေသည်။ နိုင်ငံတော်ကသာ မွေးမြူခွင့်မပြုဟု ဥပဒေထုတ်ပြန်မထားပါက သူတို့သားအဖ သေချာပေါက် တိရစ္ဆာန်အချို့ကို မွေးမြူထားမည်မှာ အသေအချာပင် ဖြစ်သည်။
"သေချာတယ်... သားကြည့်ရသလောက်တော့ အမေကို စောင့်နေတဲ့ပုံစံ မဟုတ်ဘူး..."
"သစ်တောဦးစီးဌာနက လူတွေကတော့ ကျားသစ်ပေါက်လေးမှာ ဒဏ်ရာမရှိရင် ဝင်မစွက်ဖက်ဖို့ ပြောတယ်..."
"သားကတော့ ပစ်ထားလို့ မဖြစ်ဘူးလို့ တွေးနေတာ... မဟုတ်ရင် ကျားသစ်ပေါက်လေး သေသွားလိမ့်မယ်..."
ရွှီယန်က ပြန်လည်ဖြေကြားလိုက်သည်။ သူ၏စိတ်ထဲတွင် ကျားသစ်ပေါက်လေးကိုသာ ဆက်တိုက် စိုးရိမ်ပူပန်နေမိသည်။
"မင်းက ထပ်သွားကြည့်ချင်လို့လား..."
ရွှီဟုန်ရှန်းက မေးလိုက်သည်။
"ဟုတ်တယ်... သား ထပ်သွားကြည့်ချင်လို့... တစ်ယောက်တည်းဆိုတော့ နည်းနည်း အန္တရာယ်များတယ်လေ..."
"အေး... အဖေ မင်းနဲ့ လိုက်ခဲ့မယ်... တောင်ပေါ်ကို လမ်းလျှောက်ထွက်တယ်လို့ပဲ ပြောကြတာပေါ့... မင်းအမေ့ကိုတော့ ပေးမသိစေနဲ့..."
"စိတ်ချ... သား သေချာပေါက် မပြောဘူး..."
သားအဖနှစ်ယောက် သဘောတူညီမှု ရသွားကြပြီးနောက် လိုအပ်သည့် ပစ္စည်းများကို စတင်ပြင်ဆင်ကြတော့သည်။ ကျောပိုးအိတ်ကို လွယ်ကာ ချုံခုတ်ဓားကို ယူဆောင်လိုက်ပြီး အိမ်တွင်မွေးထားသော ခွေးကြီး တာ့ဟွမ်ကိုပါ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်ကြလေသည်။
ရွှီယန်တို့အိမ်တွင် တာ့ဟွမ် ဟုခေါ်သော ခွေးဝါကြီးတစ်ကောင် ရှိလေသည်။ ၎င်းမှာ ရိုးရာတောခွေး အမျိုးအစားပင် ဖြစ်သည်။ သူတို့အိမ်မှ တာ့ဟွမ်၏ အရွယ်အစားမှာ အတော်လေး ကြီးမားကာ ခန့်ညားထည်ဝါသော အသွင်အပြင်ရှိပြီး တောခွေးမျိုးစိတ်များထဲတွင် အတော်လေး ကောင်းမွန်သော အမျိုးအစားတွင် ပါဝင်လေသည်။
အခြေအနေအရပ်ရပ်ကို ကာကွယ်နိုင်ရန်အတွက် ရွှီဟုန်ရှန်းက ဖုန်းဆက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုပါ အတူတကွ တောင်ပေါ်တက်ရန် ခေါ်ယူလိုက်လေသည်။ မည်သည့်ကိစ္စမဆို ကြိုတင်ကာကွယ်မှု ရှိထားခြင်းက အကောင်းဆုံးပင် မဟုတ်ပါလော။
အရွယ်ရောက်ပြီးသော ယောက်ျားကြီး သုံးယောက်ရှိနေပါက တကယ့်ကျားသစ်နှင့် ရင်ဆိုင်တွေ့ရလျှင်ပင် လုံးဝ ဘေးကင်းလုံခြုံနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက တောင်ပေါ်ရွာလေးတွင် ကြီးပြင်းလာကြသူများဖြစ်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်ကောင်းမွန်ကြပြီး သတ္တိလည်း ကောင်းကြသောကြောင့် ကျားသစ်ကို အမှန်တကယ်ပင် မကြောက်ရွံ့ကြပေ။
သူတို့သုံးယောက် အတူတကွ တောင်ပေါ်သို့ တက်လာခဲ့ကြလေသည်။ ကျားသစ်နှင့် သွားရောက်တွေ့ဆုံခြင်းမှာ တရားဝင် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ရွှီယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လှစ်ခြင်း မပြုတော့ပေ။ ဤကဲ့သို့သော ကိစ္စမျိုးကို ပြဿနာမဖြစ်စေရန် ရှောင်ရှားခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။
လမ်းတစ်လျှောက် တစ်နာရီကျော်ခန့် လျှောက်လာပြီးနောက် မကြာမီမှာပင် သူတို့သည် ခရီးစဉ်၏ ဦးတည်ရာနေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။
"ဟိုမှာပဲ... အဖေတို့ နားထောင်ကြည့်... ကျားသစ်ပေါက်လေး ရှိနေတုန်းပဲ... အသံက နည်းနည်း အားနည်းနေတယ်..."
ရွှီယန်က ရှေ့သို့ လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
ရွှီဟုန်ရှန်းနှင့် ကျန်းထူတို့သည်လည်း ရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။ ကျန်းထူမှာ ရွှီဟုန်ရှန်း၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ရွှီယန်က သူ့ကို ဦးလေးကျန်း ဟု ခေါ်ဝေါ်လေသည်။ သူသည် ယခင်က လက်သမားတစ်ဦးဖြစ်ပြီး ယခုအခါတွင်မူ နွားနှင့် သိုးများကို မွေးမြူကာ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပြီး တစ်ခါတစ်ရံတွင် လက်သမားအလုပ် အနည်းငယ်ကိုလည်း လုပ်ကိုင်လေ့ရှိလေသည်။
"တကယ့် ကျားသစ်လေးပါလား..."
ရွှီဟုန်ရှန်းသည် ကျားသစ်ပေါက်လေးကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်လေသည်။
ကျန်းထူကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် လေ့လာအကဲခတ်နေလေသည်။ တောင်ပေါ်ရွာလေး၏ နေ့စဉ်ဘဝများက အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေတတ်ရာ ယခုကဲ့သို့ ကျားသစ်တစ်ကောင်ကို မြင်တွေ့ရခြင်းက အတော်လေး ထူးဆန်းအံ့ဩဖွယ် ကောင်းနေလေသည်။
"သား နွားနို့ ယူလာတယ်... ကြည့်ရတာ ရက်အတော်ကြာ ဘာမှမစားရသေးတဲ့ ပုံစံပဲ... သား သွားတိုက်ကြည့်လိုက်ဦးမယ်..."
"အဖေ... တာ့ဟွမ်ကို သေချာဆွဲထားဦး... သူ့ကို အနားသွားခွင့်မပေးနဲ့... ကျားသစ်ပေါက်လေး လန့်သွားလိမ့်မယ်..."
ရွှီယန်က မတ်တတ်ရပ်ကာ ရှေ့သို့ လျှောက်သွားရင်း ပြောလိုက်လေသည်။
"အေး..."
တာ့ဟွမ်သည်လည်း ကျားသစ်ပေါက်လေးကို မြင်တွေ့သွားရာ အနည်းငယ် ဂနာမငြိမ် ဖြစ်လာလေသည်။ သို့သော် ရွှီဟုန်ရှန်းက ၎င်း၏လည်ကုပ်ကို ဖမ်းဆွဲထားလိုက်သောအခါ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
ရွှီယန်သည် ကျားသစ်ပေါက်လေးထံသို့ သတိကြီးစွာထား၍ ချဉ်းကပ်သွားလေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများပေါ်တွင် အရွယ်ရောက်ပြီးသော မိခင်ကျားသစ်မကြီး မရှိကြောင်း သေချာသွားမှသာ သက်ပြင်းတစ်ချက်ကို လွတ်လပ်စွာ ချနိုင်တော့သည်။ ဤအချိန်ရောက်မှသာ ရွှီယန်သည် ဤကျားသစ်ပေါက်လေးကို အမှန်တကယ် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရခြင်း ဖြစ်လေသည်။
ကျားသစ်ပေါက်လေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် ညစ်ပေနေပြီး မျက်လုံးလေးများကို မှိတ်ထားလေသည်။ ဗိုက်ဆာနေသောကြောင့် ဖြစ်မည်ထင်သည် ကြည့်ရသည်မှာ အားအင်ကုန်ခမ်းနေသည့် ပုံပေါ်နေလေသည်။ ၎င်းက ကလေးဆန်ဆန် အသံလေးများဖြင့် အော်ဟစ်နေပြီး အသံမှာ အလွန်တရာ အားနည်းနေလေသည်။
ယခုလက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤသည်မှာ သေချာပေါက် မိခင်ကျားသစ်မကြီး၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသည့် ပုံစံမျိုး လုံးဝမဟုတ်ပေ။
"ဒီရာသီမှာ ကျားသစ်တွေက အစာရေစာ ရှားပါးတာမျိုး မဖြစ်နိုင်ဘူး... ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ..."
"စွန့်ပစ်ခံလိုက်ရတာလား..."
"ဒါမှမဟုတ် လမ်းပျောက်သွားတာလား..."
"လမ်းပျောက်တာတော့ မဖြစ်နိုင်ဘူး... မိခင်ကျားသစ်မကြီးက အနံ့ခံပြီး သူ့ကလေးကို ပြန်ရှာတွေ့နိုင်တယ်... အဲ့တော့ စွန့်ပစ်ခံလိုက်ရတဲ့ အလားအလာက ပိုများတယ်..."
ရွှီယန်သည် နို့ဘူးကို ထုတ်ယူလိုက်ပြီး ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်လေသည်။ ကျားသစ်ပေါက်လေးသည် ရွှီယန်၏ အနံ့ကို ရသွားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီး နောက်သို့ ပြေးထွက်ရန် ကြိုးစားလေသည်။
ရွှီယန်က လက်လှမ်းကာ ကျားသစ်ပေါက်လေးကို ညင်သာစွာ ဖမ်းဆွဲထားလိုက်ပြီးနောက် နို့ဘူးခေါင်းကို ၎င်း၏ မျက်နှာရှေ့သို့ တေ့ပေးလိုက်လေသည်။ အစပိုင်းတွင် ရုန်းကန်နေသေးသော ကျားသစ်ပေါက်လေးမှာ နို့ရနံ့ကို ရသွားသည်နှင့် တစ်ပြိုင်နက် ထွက်လည်းမပြေး အသံလည်းမပြုတော့ဘဲ ပါးစပ်လေးကိုဟကာ နွားနို့များကို တရစပ် စတင်စို့တော့သည်။
နွားနို့ကို သောက်ရသည်နှင့် ၎င်းလေးမှာ ချက်ချင်းပင် ငြိမ်ကျသွားလေသည်။ မြေကြီးပေါ်တွင် ရပ်နေရင်း ခေါင်းလေးကိုမော့ကာ ပါးစပ်လေးကို ပိတ်ချည်ဖွင့်ချည် လုပ်နေတော့သည်။ ယခုအချိန်မှသာ ရွှီယန်သည် ကျားသစ်ပေါက်လေးကို သေချာစွာ အကဲခတ်ကြည့်ရှုခွင့် ရသွားလေသည်။
တစ်ကိုယ်လုံးရှိ အမွေးအမျှင်များက ရွှေဝါရောင်သန်းနေပြီး ကိုယ်ပေါ်ရှိ အမည်းကွက်များမှာ အလွန်သေးငယ်နေသေးသည်။ ကျားသစ်ပေါက်လေး ဖြစ်သောကြောင့် အမွေးလေးများမှာ အလွန်နူးညံ့နေလေသည်။ ၎င်း၏ ခေါင်းလေးမှာ သေးငယ်ပြီး ခြေတံလက်တံများက တိုတိုလေးဖြစ်သော်လည်း ခြေဖဝါးလေးဖက်ကမူ အတော်လေး ကြီးမားလှသည်။
ကျားသစ်ပေါက်လေးက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး မျက်ထောင့်များတွင် အနည်းငယ် ညစ်ပေနေရာ အချိန်အတော်ကြာ ငိုကြွေးထားသည့် ပုံပေါ်နေလေသည်။ ရွှီယန်၏ နှလုံးသားမှာ ချက်ချင်းပင် နူးညံ့သွားတော့သည်။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များသည် မွေးရာပါ ချစ်ခင်နှစ်သက်ဖွယ် ကောင်းကြလေသည်။ ကြောင်များ ကျားများနှင့် ကျားသစ်များအားလုံး ထိုသို့ပင် ဖြစ်ကြသည်။ ကျားသစ်များသည် ရွှီယန်၏ စိတ်ထဲတွင် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ချန်ပိုင်တောင်တန်းတွင် ဝက်ဝံမည်းများနှင့် ကျားများအကြောင်း ဇာတ်လမ်းများကို အများအပြား ကြားဖူးခဲ့သော်လည်း ကျားသစ်များနှင့် ပတ်သက်သော ဇာတ်လမ်းများကိုမူ သိပ်ပြီး ကြားဖူးလေ့ မရှိပေ။ ၎င်းတို့က အလွန်တရာ ဉာဏ်ကောင်းလွန်းလှသည်။ ထို့အပြင် လူသားများကိုလည်း ရန်စလေ့ မရှိကြပေ။
တစ်ခါတစ်ရံ သစ်ပင်ပေါ်မှနေ၍ လူသားများကို တွေ့ရှိပါကလည်း ၎င်းတို့သည် အသံတိတ်ကာ ငြိမ်သက်စွာ နေတတ်ကြပြီး လူသားများ ထွက်ခွာသွားသည်ကိုသာ စောင့်ကြည့်နေတတ်ကြလေသည်။ လူသားများက ၎င်းတို့ကို လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ယခု ရွှီယန်သည် ကျားသစ်ပေါက်လေး တစ်ကောင်နှင့် အနီးကပ် ထိတွေ့ခွင့်ရသောအခါ ဤချစ်စရာကောင်းသော ကောင်လေး၏ ညှို့ငင်ဖမ်းစားမှုကို ချက်ချင်းပင် ခံလိုက်ရတော့သည်။
ကျားသစ်ပေါက်လေးသည် နွားနို့သောက်နေရင်း နှာခေါင်းလေးကလည်း ပွစိပွစိ ဖြစ်နေလေသည်။ ရွှီယန်၏ ကိုယ်သင်းရနံ့ကို မှတ်သားနေသည့်အလားပင်။
"တကယ့် ကျားသစ်ပဲဟ..."
ထိုအချိန်တွင် ရွှီဟုန်ရှန်းနှင့် ကျန်းထူတို့က အနားသို့ ရောက်လာကြပြီး ဘေးမှနေ၍ ရပ်ကြည့်နေကြလေသည်။ သူတို့သည် မိခင်ကျားသစ်မကြီး ပြန်ရောက်လာမည်ကို စိုးရိမ်နေကြသဖြင့် ပတ်ဝန်းကျင်ကိုလည်း သတိကြီးစွာထား၍ အကဲခတ်နေကြသေးသည်။
"ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ..."
ကျန်းထူက ရွှီဟုန်ရှန်းကို မေးလိုက်လေသည်။
"ဘယ်လိုမှ လုပ်လို့မရဘူး... ငါတို့ ဒီအတိုင်းပဲ ကြည့်နေလို့ရမယ်... သူ့ကို ဒီမှာပဲ ထားခဲ့ရမှာပေါ့..."
"အိမ်ကို ခေါ်သွားလို့လည်း မဖြစ်ဘူးလေ..."
"မဟုတ်ရင် သစ်တောဦးစီးဌာနက လူတွေကို ခေါ်ပြီး တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာကို ပို့ခိုင်းရမယ်..."
ရွှီဟုန်ရှန်းက ပြန်လည်ဖြေကြားလိုက်သည်။
"သား သစ်တောဦးစီးဌာနက လူတွေနဲ့ ပြောပြီးပြီ... သူတို့က လောလောဆယ် ဝင်မစွက်ဖက်ဖို့ ပြောတယ်..."
"ဒီနေရာမှာ ကျားသစ်ကို ဒုက္ခပေးနိုင်တဲ့ အရာလည်း ဘာမှမရှိဘူးဆိုတော့ သား နှစ်ရက်ခြားတစ်ခါလာပြီး အစာလာကျွေးလို့ ရပါတယ်..."
"ပြီးတော့ မိခင်ကျားသစ်မကြီး မကြာခင် ပြန်ရောက်လာနိုင်ချေလည်း ရှိသေးတယ်လေ..."
ရွှီယန်က ဝင်ရောက်ပြောဆိုလိုက်လေသည်။
"အေးလေ... ဒီလိုပဲ လုပ်ရမှာပေါ့..."
တာ့ဟွမ်က ဘေးနားမှနေ၍ ကျားသစ်ပေါက်လေးကို ကြည့်ကာ နှုတ်ခမ်းသပ်နေလေသည်။ ကြည့်ရသည်မှာ ၎င်းလည်း နွားနို့သောက်ချင်နေသည့် ပုံပင်။ မကြာမီမှာပင် နို့တစ်ဘူးလုံးကို ကျားသစ်ပေါက်လေးက အကုန်အစင် သောက်သုံးလိုက်လေသည်။
နွားနို့သောက်ပြီးသွားသောအခါ ကျားသစ်ပေါက်လေး၏ အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့ပြီး အော်ဟစ်နေခြင်းလည်း မရှိတော့ပေ။ ထို့အပြင် မျက်လုံးလေးများကို ဖွင့်ကာ ရွှီယန်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ဆက်တိုက် ကြည့်ရှုနေတော့သည်။ ထိုစဉ် ရွှီယန်၏ ခေါင်းထဲတွင် စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ကျားသစ်၏ ခင်မင်နှစ်သက်မှုကို ရရှိပါသည်"
"မှတ်ချက်... တိရစ္ဆာန်များ၏ ခင်မင်နှစ်သက်မှု... ပိုင်ရှင်အနေဖြင့် ခင်မင်နှစ်သက်မှုရှိသော တိရစ္ဆာန်များကို အန္တရာယ်မပြုသရွေ့ တိရစ္ဆာန်များက ပိုင်ရှင်အပေါ် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံမည် ဖြစ်ပါသည်"
"ခင်မင်နှစ်သက်မှု ဆုလာဘ် ရရှိပါသည်... လူကောင်းကတ် တစ်ကတ်"
"လူကောင်းကတ်... တိရစ္ဆာန်တစ်ကောင်က ပိုင်ရှင်အပေါ် အမြဲတမ်း ခင်မင်နှစ်သက်နေစေရန် အသုံးပြုနိုင်ပါသည်... လူကောင်းကတ်ကို အသုံးပြုပါက ခင်မင်နှစ်သက်မှု ဆုလာဘ်ကို ရယူနိုင်မည် မဟုတ်ပါ"
"မှတ်ချက်... ခင်မင်နှစ်သက်မှု ဆုလာဘ်ကို ရှားပါးတောရိုင်းတိရစ္ဆာန်များထံမှသာ ရရှိနိုင်ပြီး တူညီသော တိရစ္ဆာန်မျိုးစိတ်တစ်ခုအတွက် တစ်ကြိမ်သာ ရယူနိုင်ပါသည်"
ထိုအသံကြောင့် ရွှီယန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားရလေသည်။ စနစ်တွင် ဤကဲ့သို့သော လုပ်ဆောင်ချက်မျိုး ပါရှိနေသေးသည်ပင်။ ရှားပါးတောရိုင်းတိရစ္ဆာန်များက သူ့အပေါ် ခင်မင်နှစ်သက်မှု ဖြစ်ပေါ်လာပါက ဆုလာဘ်များ ရရှိမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်အသစ်က အတော်လေး မိုက်လေသည်။
ရွှီယန်က ကျားသစ်ပေါက်လေးကို ထပ်မံကြည့်ရှုလိုက်လေသည်။ ဤကောင်လေးက ယခုဆိုလျှင် သိသိသာသာကို လန်းဆန်းတက်ကြွနေလေပြီ။ ယခုအချိန်တွင် ညနေ လေးနာရီခွဲပင် ရှိနေပြီဖြစ်သည်။
နောက်ထပ် နှစ်နာရီခန့်ကြာလျှင် မိုးချုပ်တော့မည် ဖြစ်သည်။ တောင်ပေါ်ရှိ ညအချိန်များက အတော်လေး ကြောက်စရာကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် လမ်းကို ရှင်းလင်းစွာ မမြင်ရသည့်အတွက် တစ်ခုခု အန္တရာယ်ဖြစ်သွားပါက မကောင်းလှပေ။
"ကဲ... အစာကျွေးလို့ပြီးပြီဆိုတော့ ငါတို့ ပြန်ကြစို့..."
သူတို့သုံးယောက် တိုင်ပင်ပြီးနောက် အိမ်ပြန်ရန် ပြင်ဆင်လိုက်ကြလေသည်။ ရွှီယန်က မနက်ဖြန် အလုပ်မရှိပါက နောက်တစ်ခေါက် ထပ်လာကြည့်ရန် ရည်ရွယ်ထားလေသည်။ ဤကောင်လေးက လူကို အတော်လေး သံယောဇဉ်တွယ်စေလေသည်။
ထို့နောက် သူတို့သုံးယောက်သည် တာ့ဟွမ်ကိုခေါ်ကာ အိမ်ပြန်ရာလမ်းသို့ ဦးတည်လိုက်ကြလေသည်။ ကျားသစ်ပေါက်လေးကမူ ခေါင်းလေးကိုမော့ကာ ရွှီယန်သွားရာ လမ်းဘက်သို့ ကြည့်၍ ကလေးဆန်ဆန် အသံလေးဖြင့် နှစ်ချက်ခန့် အော်လိုက်လေသည်။
ရွှီယန်တို့ ဘယ်သွားမလို့လဲ ဟု မေးနေသည့်အလားပင်။
သို့သော် ရွှီယန်တို့က ခပ်သွက်သွက် လျှောက်သွားကြလေသည်။ ကျားသစ်ပေါက်လေးသည် ခဏမျှ ရပ်ကြည့်နေပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်ပုံဖြင့် ခြေလက်လေးဖက်ကို လှုပ်ရှားကာ ရွှီယန်သွားရာ လမ်းကြောင်းအတိုင်း ခေါင်းလေးတယိမ်းယိမ်းဖြင့် နောက်မှ လိုက်ပါသွားတော့သည်။