အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) ကျားသစ် - ဆရာ လက်ရာမဆိုးဘူးပဲ
နောက်တစ်နေ့တွင် ရွှီယန်သည် အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ကာ တောတောင်ထဲသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့လေသည်။ သူ၏ ရင်ခွင်ထဲတွင် ကျားသစ်ပေါက်လေး တစ်ကောင်ကို ပွေ့ချီထားပြီး လတ်တလောတွင် တိုက်ရိုက်ထုတ်လွှင့်မှု မဖွင့်ထားသေးဘဲ ဒရုန်းကိုလည်း ကျောပိုးအိတ်ထဲတွင် ထည့်သိမ်းထားလေသည်။
"မင်း တောင်ပေါ်ရွာဘက်ကို မပြေးနဲ့နော် လူတွေ မင်းကိုတွေ့ရင် သေချာပေါက် ဖမ်းလှောင်ထားကြလိမ့်မယ်..."
"တောအုပ်ထဲမှာနေတာက ပိုကောင်းပါတယ်..."
"မင်း အသိုက်ထဲမှာပဲနေပြီး လျှောက်မပြေးနဲ့ ငါ နှစ်ရက်ခြားတစ်ခါ လာပြီး အစာကျွေးမယ်..."
"ကျားသစ်တစ်ကောင်အနေနဲ့ မင်းက ချန်ပိုင်တောင်တန်းပေါ်မှာပဲ ဆက်ရှင်သန်တာက ပိုကောင်းလိမ့်မယ်..."
ရွှီယန်က ကျားသစ်ပေါက်လေးကို ပြောလိုက်လေသည်။ ရွှီယန်၏ စိတ်ထဲတွင် ကျားသစ်ပေါက်လေးကို လွှတ်ထားပြီး ကျွေးမွေးစောင့်ရှောက်ရန် အကြံအစည် ရှိနေလေသည်။ သူသည် ကျားသစ်ပေါက်လေး၏ အနာဂတ်အတွက် အလွန်စိုးရိမ်နေပြီး မည်သို့လုပ်ဆောင်ရမည်ကိုလည်း စဉ်းစားတွေးတောနေမိသည်။
တကယ်လို့မှ အဆင်မပြေတော့ပါက သစ်တောဦးစီးဌာနသို့ ဖုန်းဆက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသို့ဆိုလျှင် ကျားသစ်ပေါက်လေးသည် ကယ်ဆယ်ရေးစင်တာတွင် တစ်သက်လုံး နေထိုင်သွားရမည်မှာ အသေအချာပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက လူသားများ မွေးမြူထားသော သားရဲတိရစ္ဆာန်များကို သဘာဝတောတွင်းသို့ ပြန်လွှတ်ပေးရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။
သံလှောင်အိမ်ထဲတွင် ပိတ်လှောင်ခံရပြီး နေ့စဉ်နေ့တိုင်း အသားစိမ်းများနှင့် ကြက်အရှင်များကိုသာ စားသောက်နေရမည့် ဘဝမျိုးက ကျားသစ်တစ်ကောင်နှင့် သင့်တော်မည်မဟုတ်ဟု ရွှီယန် ခံစားနေရလေသည်။
မကြာမီမှာပင် ရွှီယန်သည် မနေ့က ကျားသစ်ပေါက်လေးကို တွေ့ရှိခဲ့သော နေရာသို့ ရောက်ရှိလာခဲ့လေသည်။ တောအုပ်ကြီးထဲတွင် အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေပြီး ယနေ့တွင် ငှက်အော်သံနှင့် ပိုးမွှားမြည်သံများပင် သိသိသာသာ နည်းပါးနေလေသည်။
ထိုအချိန်တွင် ရွှီယန်သည် အကြောင်းရင်းကို မသိရဘဲ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားသည်ဟု ခံစားလိုက်ရသည်။ ခြေဖဝါးအောက်မှနေ၍ အေးစက်သော လေလှိုင်းတစ်ခုက ရိုက်ခတ်လာပြီး ဦးခေါင်းထိပ်အထိ တိုက်ရိုက် စီးဆင်းသွားလေသည်။
ရွှီယန်သည် ချက်ချင်းပင် သတိဝီရိယ ဝင်လာကာ ကျားသစ်ပေါက်လေးကို မြေကြီးပေါ်သို့ ချထားလိုက်ပြီး လက်ထဲမှ ချုံခုတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။ သူသည် မိမိကိုယ်တိုင် မည်သည့်အတွက်ကြောင့် ဤသို့သော ခံစားမှုမျိုး ဖြစ်ပေါ်လာရသည်ကို မသိသော်လည်း သူ၏ ခန္ဓာကိုယ်က အန္တရာယ်ရှိနေကြောင်း သတိပေးချက်များ ထုတ်လွှင့်နေသည်ကိုတော့ ရှင်းလင်းစွာ ခံစားသိရှိနေလေသည်။
တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများက ထောင်ထလာပြီး ခန္ဓာကိုယ်အတွင်းရှိ အက်ဒရီနယ်လင်ဟော်မုန်းများမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
ကျားသစ်ပေါက်လေးမှာ ရွှီယန်၏ ခြေရင်းတွင် ရှိနေပြီး မည်သည့်အတွက်ကြောင့် မိမိကို အောက်သို့ချထားရသလဲဟု နားမလည်နိုင် ဖြစ်နေလေသည်။ ထို့နောက် ၎င်းသည် အနည်းငယ် မျက်နှာငယ်လေးဖြင့် ရွှီယန်ကို မော့ကြည့်နေတော့သည်။ ရွှီယန်က သူ၏အကြည့်များကို ပတ်ဝန်းကျင် အရပ်လေးမျက်နှာဆီသို့ လှည့်လည်ကြည့်ရှုလိုက်လေသည်။
ကျယ်ဝန်းလဟာပြင်ဖြစ်နေသော သစ်တောအုပ်ကြီးထဲတွင် ချုံနွယ်ပင်များက ထူထပ်ပိတ်ပေါင်းနေလေသည်။ မြင့်မားသော သစ်ပင်ကြီးများ၏ အကိုင်းအခက်များက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေကြပြီး နေရောင်ခြည်ကို ကွယ်ဝှက်ထားရာ ဧရာမ အရိပ်မည်းကြီးတစ်ခုကို ဖြစ်ပေါ်စေလေသည်။
ရွှီယန်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရိပ်မိသွားကာ သစ်ပင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။ အရိပ်များ ကျရောက်နေသော သစ်ရွက်များကြားရှိ ဟာကွက်တစ်ခုအတွင်းမှ စူးရှသော မျက်လုံးတစ်စုံကို ရွှီယန် မြင်တွေ့လိုက်ရသည်။ ထို့နောက် သစ်ရွက်များကြားတွင် ပုန်းကွယ်နေသော အဝါရောင် အရိပ်သဏ္ဌာန်တစ်ခုကိုပါ ဆက်လက် မြင်တွေ့လိုက်ရလေသည်။
နောက်ထပ် ကျားသစ်တစ်ကောင်ပါလား။ အရွယ်ရောက်ပြီးသား မိခင်ကျားသစ်မကြီးပင် ဖြစ်လေသည်။ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်မည်ဆိုလျှင် ဤကျားသစ်ကြီးမှာ အရွယ်ရောက်ပြီးသော လူသားတစ်ယောက်နှင့်ပင် ယှဉ်နိုင်လောက်အောင် ကြီးမားလှပေသည်။
၎င်းက သစ်ကိုင်းပေါ်တွင် ဝပ်နေပြီး ခြေလက်လေးဖက်ကို ကွေးညွတ်ထားကာ ကြွက်သားများက ဖောင်းကြွနေလေသည်။ အချိန်မရွေး ခုန်အုပ်လာတော့မည့် အလားပင်။ ဤသည်က တိုက်ခိုက်ရန် အသင့်ပြင်နေသည့် အနေအထား ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။
ရွှီယန်၏ မျက်ဝန်းများထဲတွင် လေးနက်တည်ကြည်မှုများ ပေါ်ထွက်လာတော့သည်။ သူက ကျားသစ်ကြီးရှိရာ အရပ်ဆီသို့ မျက်နှာမူကာ ကာကွယ်ရန် အသင့်အနေအထားကို ပြင်ဆင်လိုက်လေသည်။ မိခင်ကျားသစ်မကြီး ပြန်ရောက်လာမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ယခုလက်ရှိ နေရာက လူသူကင်းမဲ့သော တောနက်ကြီးထဲတွင် ဖြစ်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ဖွင့်မထားပေ။ ဤကဲ့သို့သော ကျားသစ်ကြီးတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရခြင်းက အလွန်တရာ အန္တရာယ်များလှပေသည်။ ရွှီယန်၏ စိတ်အခြေအနေက အမြဲတမ်း တည်ငြိမ်လေ့ရှိပြီး သတ္တိလည်း အလွန်ကောင်းလေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် တည်ငြိမ်အေးဆေးစွာ နေနိုင်မှသာ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်မည်ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။
ရွှီယန်သည် ကျားသစ်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်းမှ နောက်သို့ စတင်ဆုတ်ခွာလိုက်လေသည်။ တောထဲတွင် ကျားနှင့်တွေ့ပါက လုံးဝ ကျောခိုင်းပြီး ထွက်မပြေးရန် ကျွမ်းကျင်သူများက ပြောကြားခဲ့ဖူးလေသည်။ ထိုသို့ ပြေးမည်ဆိုပါက ကျား၏ အမဲလိုက်လိုသော ဗီဇကို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားပြီး ပို၍ အန္တရာယ်များသွားနိုင်သောကြောင့် ဖြစ်သည်။
အမှန်ကန်ဆုံး လုပ်ဆောင်ရမည့် နည်းလမ်းမှာ ကျား၏ မျက်လုံးကို စိုက်ကြည့်ရင်း နောက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာရန်ပင် ဖြစ်လေသည်။ ထိုသို့ လုပ်ဆောင်ပါက သေရသည့်တိုင်အောင် ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်မည် ဖြစ်လေသည်။
ယခုအချိန်တွင် ရွှီယန်မှာ ထိုအရာများကို တွေးတောနေရန် အချိန်မရှိတော့ပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နောက်သို့ ဆုတ်ခွာရန်သာ ဖြစ်လေသည်။ နဖူးပေါ်တွင် ချွေးစေးများ သီးလာပြီး လာစဉ်က ရှိခဲ့သော ပေါ့ပါးလွတ်လပ်သည့် ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ တောင်ပေါ်ရွာလေးနှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသော တောအုပ်ထဲတွင် ဤကဲ့သို့သော ကျားသစ်ကြီးတစ်ကောင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
သို့သော် ကျားသစ်ပေါက်လေးမှာမူ ဘာတွေဖြစ်နေမှန်း လုံးဝမသိရှာပေ။ ရွှီယန် ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ ၎င်းလေးမှာ နောက်မှနေ၍ တတောက်တောက်ဖြင့် အပြေးလေး လိုက်ပါလာတော့သည်။ ရွှီယန်တစ်ယောက် ခဏမျှ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားရလေသည်။
'အဘိုးလေးရယ်... မင်းအမေကြီးက ကြည့်နေတယ်လေကွာ... ငါ့နားကို မလာပါနဲ့လား...'
သို့သော် ရွှီယန်က အလွန်အမင်းတော့ စိုးရိမ်ထိတ်လန့်မနေပေ။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင် လူကောင်းကတ် ဟူသော အရေးပေါ် သုံးနိုင်သည့် ဖဲချပ်တစ်ချပ် ရှိနေသေးသောကြောင့် ဖြစ်သည်။ ဤအရာက အရေးကြီးသော အချိန်တွင် အသက်ကို ကယ်တင်ပေးနိုင်ပြီး သူ တစ်ယောက်တည်း တောနက်ထဲသို့ လာရဲခြင်း၏ အဓိက အားကိုးစရာလည်း ဖြစ်လေသည်။
အကယ်၍ မိခင်ကျားသစ်မကြီးက သူ့ကို တိုက်ခိုက်လာပါက ရွှီယန်အနေဖြင့် ဤနောက်ဆုံး ဖဲချပ်ကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ချန်ပိုင်တောင်တန်းတွင် သူ့အပေါ် ခင်မင်နှစ်သက်သော ကျားသစ်တစ်ကောင် ရှိနေခြင်းက သက်တော်စောင့် တစ်ယောက် တိုးလာသကဲ့သို့ ဖြစ်ရာ အတော်လေး မဆိုးလှပေ။
ထိုအချိန်တွင် မိခင်ကျားသစ်မကြီးက ကျားသစ်ပေါက်လေးကို သတိထားမိသွားကာ သစ်ကိုင်းပေါ်မှနေ၍ အောက်သို့ တိုက်ရိုက် ခုန်ဆင်းလာလေသည်။ ယခုအချိန်မှသာ မိခင်ကျားသစ်မကြီး၏ နောက်ခြေတစ်ချောင်းက ကွေးညွတ်နေပြီး သွေးကွက်များ ရှိနေသည်ကို ရွှီယန် သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ ဒဏ်ရာအတော်လေး ပြင်းထန်ပုံရလေသည်။
မိခင်ကျားသစ်မကြီးက သွားများကို အစွယ်ထုတ်ပြကာ "ဂရု... ဂရု..." ဟု အသံနိမ့်နိမ့်ဖြင့် လေးနက်စွာ ဟိန်းဟောက်လိုက်လေသည်။ ဒဏ်ရာရနေသည့်တိုင်အောင် ၎င်း၏ ဩဇာအာဏာနှင့် အရှိန်အဝါက အလွန်တရာ ရက်စက်ကြမ်းကြုတ်မည့် အသွင်ရှိနေဆဲပင် ဖြစ်လေသည်။
ကျားသစ်ပေါက်လေးမှာလည်း အတော်လေး ခေါင်းမာလှပေသည်။ မိမိ၏ မိခင်ကို မြင်တွေ့ရသော်လည်း အနားသို့ မသွားဘဲ ရွှီယန်နောက်သို့သာ တကောက်ကောက် လိုက်ပါနေလေသည်။ နို့တိုက်သူကို မိခင်ဟု သတ်မှတ်သည် ဆိုသော စကားမှာ အမှန်ပင် ဖြစ်လေတော့သည်။
အခြေအနေက အလွန်တရာ အန္တရာယ်များနေလေပြီ။ လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့ အပြန်အလှန် စိုက်ကြည့်နေကြပြီး ကျားသစ်၏ မျက်ဝန်းများထဲတွင် ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် အမဲလိုက်လိုသော ဆန္ဒများကို ရွှီယန် ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။ ကိစ္စရပ်များက ကောင်းမွန်စွာ ပြီးဆုံးနိုင်မည် မဟုတ်ကြောင်းကို မြင်တွေ့လိုက်ရသောအခါ ရွှီယန်သည် လူကောင်းကတ်ကို အသုံးပြုရန် ချက်ချင်း ရွေးချယ်လိုက်တော့သည်။
ဤတစ်ခဏအတွင်းမှာပင် မိခင်ကျားသစ်မကြီး၏ ပြူးကျယ်နေပြီး ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များဖြင့် ကြောက်မက်ဖွယ်ကောင်းနေသော မျက်လုံးများက ရုတ်တရက် ပြောင်းလဲသွားသည်ကို ရွှီယန် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ၎င်း၏ မျက်ဝန်းများက ဝေခွဲမရဖြစ်သွားကာ အပြစ်ကင်းစင်ပြီး တုံးအအဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ ဧရာမ ကျားသစ်ကြီး တစ်ကောင်လုံးမှာ နေရာတွင်ပင် မှင်သက်သွားလေတော့သည်။
ရွှီယန်ကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားရလေသည်။ မျက်နှာပြောင်းသွားသည့် အမြန်နှုန်းက အလွန်တရာ မြန်ဆန်လွန်းလှပေသည်။ ခုနလေးတင် လူသတ်နတ်ဆိုးကြီး တစ်ကောင်အလား ဖြစ်နေသော်လည်း ယခုအခါတွင်မူ လိမ္မာရေးခြားရှိသော ကြောင်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ကြည့်ရသည်မှာ အတော်လေး သဘောကောင်းမည့် အသွင်အပြင် ရှိနေလေသည်။
ထိုအချိန်တွင် မိခင်ကျားသစ်မကြီးက ခြေတစ်ဖက်ကို ထော့နဲ့ထော့နဲ့ လုပ်ကာ ရွှီယန်ထံသို့ လျှောက်လာလေသည်။ ၎င်း၏ ပုံစံကို မြင်တွေ့လိုက်ရသောအခါ ရွှီယန်ကလည်း သတ္တိမွေးကာ ရှေ့သို့ တိုးသွားလိုက်လေသည်။
လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့ အချင်းချင်း နီးကပ်လာကြလေသည်။ ရွှီယန်သည် အရွယ်ရောက်ပြီးသော မိခင်ကျားသစ်မကြီး တစ်ကောင်နှင့် ဤမျှ အနီးကပ် ထိတွေ့ဖူးခြင်းမှာ ယခုက ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ သူက လက်ကိုဆန့်ထုတ်ကာ ကျားသစ်ကြီး၏ ခေါင်းကို ပွတ်သပ်ရန် ကြိုးစားလိုက်သော်လည်း လက်က လေထဲတွင်ပင် ရပ်တန့်သွားလေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းက သားရဲတိရစ္ဆာန်ကြီး တစ်ကောင်ဖြစ်ရာ ရွှီယန်၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေဆဲပင် ဖြစ်လေသည်။
ကျားသစ်ကြီးက ရွှီယန်ကို မော့ကြည့်လိုက်ပြီး သူ၏ တွေဝေနေမှုကို မြင်တွေ့သွားသောအခါ ခေါင်းကို ရှေ့သို့တိုးကာ ရွှီယန်၏ လက်ဝါးပြင်ကို ပွတ်သီးပွတ်သပ် လာလုပ်လေသည်။ ဤမြင်ကွင်းလေးက ထိုအချိန် ထိုနေရာတွင်ပင် ရပ်တန့်သွားသကဲ့သို့ ရှိနေလေသည်။
လူသူကင်းမဲ့သော တောနက်ကြီးထဲတွင် ဖြစ်ပေါ်နေသည့် ဤမြင်ကွင်းမှာ အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ ကျားသစ်ကြီး၏ ခေါင်းက နူးညံ့အိစက်နေပြီး ထိတွေ့ရသည့် ခံစားချက်မှာ အလွန်ကောင်းမွန်လှလေသည်။
ထို့နောက် ကျားသစ်ကြီးက ခေါင်းငုံ့ကာ ကျားသစ်ပေါက်လေး၏ အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် မြေကြီးပေါ်တွင် ဘေးတစောင်း လှဲချလိုက်ကာ အသက်ရှူသံ ပြင်းပြင်းများကို ပြုလုပ်နေလေသည်။ ထိုအခါမှသာ ရွှီယန်သည် ကျားသစ်ကြီး၏ နောက်ခြေတစ်ချောင်း ဒဏ်ရာရထားကြောင်းကို သတိရသွားလေသည်။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျားသစ်ကြီး၏ ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်ရှုလိုက်လေသည်။ ကျားသစ်ကြီးက ဘေးတစောင်း လှဲချပေးထားခြင်းက ရွှီယန်ကို အပြည့်အဝ ယုံကြည်ကြောင်းကို ဖော်ပြနေခြင်းပင် ဖြစ်လေသည်။
"အပြင်ဒဏ်ရာပါလား... နောက်ခြေထောက်မှာ ပြတ်ရှနာ ဖြစ်နေတာပဲ... ကံကောင်းလို့ ဒဏ်ရာ သိပ်မပြင်းထန်တာ..."
ရွှီယန်က အခြေအနေကို အကဲခတ်၍ ကောက်ချက်ချလိုက်လေသည်။
ဒဏ်ရာ သိပ်မပြင်းထန်ခြင်းက ကျားသစ်ကြီးအနေဖြင့် ပုံမှန်အတိုင်း အမဲလိုက်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သဘာဝတရားကြီးက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှရာ ဒဏ်ရာရရှိခြင်းက သေဆုံးခြင်းကို ကိုယ်စားပြုလေ့ ရှိပေသည်။
"ဒီတစ်ခါတော့ သစ်တောဦးစီးဌာနက လူတွေကို ဖုန်းဆက်ရတော့မယ်... ငါ မင်းကို အစာလာကျွေးလို့ ရပေမယ့် ဒဏ်ရာတွေ ပိုးဝင်သွားမှာကို စိုးရိမ်တယ်..."
"ဒဏ်ရာတွေသာ ပိုးဝင်သွားရင် အန္တရာယ်ရှိနိုင်တယ်..."
ရွှီယန်က ကျားသစ်ကြီးကို ပွတ်သပ်ရင်း ညင်သာသောအသံဖြင့် နှစ်သိမ့်ပြောဆိုလိုက်လေသည်။ သူက မည်သည့်ကိစ္စမဆို အမြဲတမ်း ဘက်စုံထောင့်စုံမှ တွေးတောစဉ်းစားလေ့ ရှိသူဖြစ်လေသည်။
ရွှီယန် စဉ်းစားတွေးတောနေစဉ်မှာပင် စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
"တောတောင် ကယ်ဆယ်ရေးမစ်ရှင်ကို စတင်လိုက်ပါပြီ... ကျားသစ်ကို ကယ်တင်ပါ..."
"တောတောင်ရှာဖွေရေး ခရီးစဉ်အတွင်း ပိုင်ရှင်အနေဖြင့် ကယ်ဆယ်စောင့်ရှောက်ရန် လိုအပ်သော တောရိုင်းတိရစ္ဆာန်များနှင့် ကြုံတွေ့ရပါက သက်ဆိုင်ရာ ကုသရေး ပစ္စည်းကိရိယာများကို ရရှိနိုင်ပါသည်..."
"ပစ္စည်းများ ရရှိပါသည်... ဒဏ်ရာသန့်စင်ဆေးရည်..."
"ပစ္စည်းများ ရရှိပါသည်... ပြင်ပဒဏ်ရာ လိမ်းဆေး..."
"ပစ္စည်းများ ရရှိပါသည်... အထူး ပတ်တီး..."
စနစ်၏ အသံကို ကြားလိုက်ရသောအခါ ရွှီယန်တစ်ယောက် ချက်ချင်းပင် အံ့အားသင့်သွားရလေသည်။ တကယ့်ကို အချိန်ကိုက် ရွာချလာတဲ့ မိုးရေပါလား။ သူက မည်သို့ ကယ်တင်ရမည်ကို တွေဝေနေစဉ်မှာပင် စနစ်က ကယ်ဆယ်ရေး ပစ္စည်းများကို အသင့်ပြင်ဆင်ပေးလိုက်သည်ပင်။ လုံးဝကို ပြည့်စုံလွန်းလှပေသည်။ ဤသို့တွေးမိသောအခါ ရွှီယန်သည် ပစ္စည်းများကို ချက်ချင်းထုတ်ယူကာ ကျားသစ်ကြီးကို ဆေးထည့်ပေးရန် ပြင်ဆင်လိုက်တော့သည်။
နေရောင်ခြည်က သစ်ရွက်များကြားရှိ ဟာကွက်လေးများမှတစ်ဆင့် ဖြာကျနေပြီး အလင်းရောင်များက တောက်ပနေလေသည်။ ရွှီယန်နှင့် ကျားသစ်ကြီးတို့သည် သစ်ပင်များ၏ အရိပ်အောက်တွင် ပုန်းခိုနေကြပြီး လေထုက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ကာ ငြိမ်းချမ်းနေလေသည်။
ရွှီယန်သည် ဒဏ်ရာသန့်စင်ဆေးရည်ကို ယူလိုက်ပြီး ကျားသစ်ကြီး၏ နောက်ခြေထောက်ရှိ ဒဏ်ရာအနီးသို့ တေ့ထားလိုက်လေသည်။ သူက အနည်းငယ် တွေဝေသွားသော်လည်း ဒဏ်ရာသန့်စင်ဆေးရည်ကို ချက်ချင်းပင် ဖြန်းချလိုက်တော့သည်။
ဒဏ်ရာပေါ်တွင် အေးမြသော ခံစားချက်ကို ရရှိသွားသောအခါ ကျားသစ်ကြီးက ချက်ချင်း ကိုယ်ကိုလှည့်ကာ ခေါင်းကိုမော့ပြီး ရွှီယန်ကို ကြည့်လိုက်လေသည်။ ရွှီယန်ကလည်း သူ၏ လုပ်ဆောင်မှုကို ခေတ္တမျှ ရပ်တန့်လိုက်လေသည်။
သူကိုယ်တိုင်လည်း ယခုလက်ရှိ အခြေအနေကို အလွန်တရာ ထူးဆန်းနေသည်ဟု ခံစားနေရသည်။ သူက ချန်ပိုင်တောင်တန်းပေါ်တွင် ကျားသစ်ကြီး တစ်ကောင်ကို ဆေးကုသပေးနေသည် ဟူသောအချက်ကို အပြင်လူများအား ပြောပြမည်ဆိုပါက မည်သူက ယုံကြည်နိုင်မည်နည်း။
ကျားသစ်ကြီးက ခဏမျှ လန့်သွားခြင်းသာဖြစ်ပြီးနောက် ဘေးတစောင်း ပြန်လှဲချလိုက်ကာ အသက်ကို မှန်မှန်ရှူနေလေသည်။ ၎င်း၏ ရှည်လျားသော အမြီးကြီးက ဟိုဘက်ဒီဘက် ယမ်းခါနေပြီး ကြည့်ရသည်မှာ အတော်လေး သက်သောင့်သက်သာ ဖြစ်နေသည့် ပုံပေါ်လေသည်။ ကျားသစ်ပေါက်လေးမှာမူ မိခင်၏ မျက်နှာရှေ့တွင် ဟိုခုန်ဒီခုန် လုပ်နေကာ အလွန်တရာ ချစ်စရာ ကောင်းနေလေသည်။
ရွှီယန်သည် ကျားသစ်ကြီး၏ ဒဏ်ရာကို သန့်စင်ပေးပြီးနောက် ဆေးလိမ်းပေးလိုက်လေသည်။ ထို့နောက် ပတ်တီးကို ထုတ်ယူကာ ကျားသစ်ကြီးကို ကြည့်၍ ပြောလိုက်လေသည်။
"ခြေထောက်လေး နည်းနည်း မြှောက်ပေး..."
ကျားသစ်ကြီးကလည်း အလိုတူအလိုပါပင် နောက်ခြေထောက်ကို အပေါ်သို့ မြှောက်ပေးလိုက်လေသည်။ ထို့နောက် ရွှီယန်သည် ကျားသစ်ကြီး၏ နောက်ခြေထောက်ရှိ ဒဏ်ရာတစ်ဝိုက်တွင် ပတ်တီးကို တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်ပေးလိုက်လေသည်။
ပတ်တီးစည်းပေးပြီးသောအခါ ကျားသစ်ကြီးက ကျေနပ်အားရစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ပြီး "ဟင်း... ဟင်း..." ဟူသော အသံလေးကိုပင် ပြုလုပ်လိုက်သေးသည်။ ၎င်း၏ ပုံစံကို ကြည့်ရသည်မှာ ဤသို့ပြောနေသည့်အလားပင်။
'ဆရာ... လက်ရာမဆိုးဘူးပဲ…’