အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) စည်ကားနေသော တောင်ထွက်ပစ္စည်း ဈေးကွက်
တောင်ထွက်ပစ္စည်း ဈေးကွက်မှာ အလွန်ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခုဖြစ်ပြီး မြေပြင်ကို အနီရောင်အုတ်ခဲများဖြင့် ခင်းကျင်းထားရာ အတော်လေး ဟောင်းနွမ်းနေသည့် အသွင်ရှိလေသည်။
ခြံဝင်းအတွင်းရှိ နေရာအနည်းငယ်ကိုသာ လမ်းအဖြစ် ချန်လှပ်ထားပြီး ကျန်နေရာ အများစုတွင် ဈေးသည်များက မိမိတို့၏ ကုန်ပစ္စည်းများကို ချထားကာ ရောင်းချနေကြလေသည်။
ဒရုန်းလေးက အထက်မှနေ၍ ဤမြင်ကွင်းကို ရိုက်ကူးပြသနေလေသည်။
စစ်ဝတ်စုံဝတ်ဆင်ထားသော ဦးလေးကြီး အချို့က ဆေးလိပ်သောက်ရင်း ရောင်းချနေကြသည်ကို တွေ့ရသည်။ သူတို့၏ ရှေ့တွင် မြေကြီးများ ကပ်နေသေးသော အပင်များကို ချထားသော်လည်း မည်သည့်အပင်များ ဖြစ်မှန်းတော့ မသိရပေ။
ထို့အပြင် ခေါင်းပေါင်းပေါင်းထားပြီး ကျောပြင်တွင် ဝါးတောင်းများ လွယ်ထားသော လူအချို့ကလည်း နေရာလွတ်များကို ရှာဖွေထိုင်ချကာ သူတို့၏ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူ၍ ခင်းကျင်းနေကြလေသည်။
ဤကဲ့သို့သော ဈေးကွက်မျိုးတွင် ကြီးကြပ်မှုများ မရှိသလို ဈေးဆိုင်ခန်းခများလည်း ပေးစရာ မလိုပေ။ တောင်တွင်းရှာဖွေသူ အားလုံးက မိမိတို့အစီအစဉ်ဖြင့် လာရောက်၍ လွတ်လပ်စွာ ရောင်းချကြခြင်း ဖြစ်လေသည်။
ဈေးဝယ်လာသူများလည်း မနည်းလှပေ။ ဈေးထဲတွင် နှစ်ပတ် သုံးပတ်ခန့် လှည့်ပတ်ကြည့်ရှုပါက ပစ္စည်းကောင်း အချို့ကို အမြဲတမ်း တွေ့ရတတ်လေသည်။
ရွှီယန်သည် လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို နေရာလွတ် တစ်ခုတွင် ရပ်လိုက်ပြီး ကားဘေးတွင် စားပွဲပုလေး တစ်လုံးကို ဖြန့်ချလိုက်ကာ အပေါ်မှ စားပွဲခင်းလေး ခင်းလိုက်လေသည်။ ထို့နောက် ဝါးတောင်းထဲရှိ ရွှေရောင်မှိုများကို စားပွဲပေါ်သို့ လောင်းချလိုက်ပြီး သမင်ချိုများကိုပါ တင်ထားလိုက်လေသည်။ တာ့ဟွမ်ကမူ ဘေးနားတွင် အေးဆေးတည်ငြိမ်စွာ ဝပ်နေပြီး ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေလေသည်။
ထိုအချိန်တွင် ရွှီယန်သည် စိတ်ဝင်စားစရာ ကောင်းသော မြင်ကွင်းတစ်ခုကို သတိထားမိသွားလေသည်။
"ဟိုဘက်ကို ကြည့်လိုက် ကျွန်တော်တို့ ဒီဘက်ဒေသက သီးသန့် အိမ်မွေးတိရစ္ဆာန်လေး"
ရွှီယန်က ရှေ့သို့ လက်ညှိုးထိုးပြကာ ကွန်ရက်သုံးစွဲသူများအား ပြောလိုက်လေသည်။
ဒရုန်း၏ ကင်မရာမြင်ကွင်းက ရှေ့သို့ လှည့်သွားလေရာ ဈေးဆိုင်တစ်ခု၏ ဘေးတွင် အလွန်သေးငယ်သော ဒရယ်ပြောက်လေး တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုဒရယ်ပြောက်လေး၏ ပါးစပ်တွင် နှာခေါင်းစွပ်လေး စွပ်ထားပြီး ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို အနံ့ခံနေလေသည်။
ဒရယ်ပြောက်လေး၏ ကိုယ်ပေါ်တွင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ကြိုးလေးတစ်ချောင်းလည်း တပ်ဆင်ထားရာ ကြည့်ရသည်မှာ ခွေးဆွဲကြိုးနှင့်ပင် တူနေလေသည်။ ဤမျှ သေးငယ်သော ဒရယ်ပြောက်လေးမှာ အလွန်တရာ ချစ်စရာ ကောင်းနေလေသည်။
မှတ်ချက်များက ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
"ဟိုက် ဒရယ်ပြောက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတာလား အဲ့ဒါက နိုင်ငံတော်အဆင့် တစ် သတ်မှတ်ထားတဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် မဟုတ်ဘူးလား"
"ဒါက ထောင်ထဲရောက်သွားနိုင်တဲ့ အလုပ်ပဲ"
"ဥပဒေဆိုတာ မရှိတော့ဘူးလား ဘာတရားမျှတမှုမှ မရှိတော့ဘူးလား"
"တကယ်ကြီး တရားဝင် မွေးခွင့်ရှိလို့လား"
အားလုံး၏ သံသယများကို မြင်သောအခါ ရွှီယန်က ပြုံးလျက် ရှင်းပြလိုက်လေသည်။
"အားလုံးပဲ ဗဟုသုတအနေနဲ့ မှတ်ထားလို့ရအောင် ရှင်းပြပေးမယ် တောရိုင်း ဒရယ်ပြောက်ကသာ နိုင်ငံတော်အဆင့် တစ် သတ်မှတ်ထားတဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပါ... လူတွေ မွေးမြူထားတဲ့ ဒရယ်ပြောက်တွေကတော့ အဲ့ဒီစာရင်းထဲမှာ မပါပါဘူး"
"အရှေ့မြောက်ဒေသမှာ ဒရယ်မွေးမြူရေးခြံတွေ အများကြီးရှိတယ် ဒရယ်ပြောက် အရေအတွက်ကလည်း အရမ်းများတယ်... မွေးမြူရေးခြံတွေကနေ သမင်ချိုနုတွေ ထုတ်လုပ်နိုင်ရုံတင်မကဘူး စည်းကမ်းချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် ဒရယ်ပြောက်ရဲ့ အသားကိုတောင် ရောင်းချခွင့် ရှိသေးတယ်"
"ဒရယ်ပြောက်လေးတွေကိုလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလို့ရသလို ဒီဒေသမှာဆိုရင် တရားဝင် အရောင်းအဝယ်တောင် လုပ်လို့ရတယ်"
"ဒီဘက်မှာ ဒရယ်ပြောက် မွေးထားတဲ့သူတွေ အများကြီးပဲ"
"ဒါပေမယ့်..."
ရွှီယန်က စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဆက်လက်၍ ပြောလိုက်လေသည်။
"ဒရယ်ပြောက်ကို မွေးမယ်ဆိုရင် အိမ်မှာ ခြံဝင်းကျယ်ကျယ် ရှိဖို့တော့ လိုအပ်တယ်... ဒရယ်ပြောက်လေးတွေက ငယ်ငယ်တုန်းမှာ သေးသေးလေးနဲ့ ချစ်စရာကောင်းပေမယ့် ကြီးလာတဲ့အခါကျရင် အရွယ်အစားက တော်တော်လေး ကြီးသွားပြီးတော့ သွားလာလှုပ်ရှားဖို့ နေရာကျယ်ကျယ် လိုအပ်လာတယ်... မြို့ထဲက တိုက်ခန်းတွေမှာ မွေးဖို့တော့ မသင့်တော်ဘူး"
"အဲ့ဒီတော့ အားလုံးပဲ ဒရယ်ပြောက် မွေးချင်တယ်ဆိုရင် အရင်ဆုံး ခြံဝင်းကျယ်ကျယ် တစ်ခုရှိအောင် အရင်လုပ်ကြပါဦး"
ရွှီယန်၏ စကားကို ကြားလိုက်ရသောအခါ ပျော်ရွှင်နေခဲ့ကြသော ကွန်ရက်သုံးစွဲသူများ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် အောက်သို့ ထိုးကျသွားတော့သည်။
"အစ်ကို ပြောတာ တကယ် အချိန်ကိုက်ပဲ ငါ ဒရယ်ပြောက် မွေးချင်နေတာကို ဘယ်လိုများ သိသွားတာလဲ"
"ဟားဟားဟား ငါလည်း အစက မွေးမလို့ စဉ်းစားနေတာ ခြံဝင်းလိုတယ်ဆိုတော့လည်း မမွေးတော့ပါဘူး"
"အိမ်လေးတစ်လုံး ဝယ်နိုင်ဖို့တောင် မနည်းရုန်းကန်နေရတာ ခြံဝင်းကျယ်ကြီး ဝယ်ဖို့ဆိုတာ ဝေလာဝေး"
"အစ်ကို ပြောတာလည်း ဟုတ်တာပဲ... ဒရယ်ပြောက်အလေးတွေက သေးသေးလေးနဲ့ ချစ်စရာကောင်းပေမယ့် ကြီးလာရင် အရွယ်အစားက တော်တော်ကြီးသွားတာ သာမန်အိမ်တွေမှာဆိုရင် မွေးဖို့က တော်တော်လေး အခက်အခဲ ရှိနိုင်တယ်"
ရွှီယန်သည် ဈေးဆိုင်ကို ခင်းကျင်းပြီးနောက် ထိုနေရာတွင်ပင် စောင့်ဆိုင်းနေလေသည်။
တောင်ထွက်ပစ္စည်း ဈေးကွက်ထဲတွင် လူများ အဆက်မပြတ် ဝင်ထွက်သွားလာနေကြပြီး အလွန်ပင် စည်ကားနေလေသည်။ အချို့လူများက ရွှီယန်၏ ဒရုန်းကို သတိထားမိသွားကြပြီး အထက်သို့ မော့ကြည့်ကြလေသည်။
သို့သော် ဒရုန်း၏ အသံတိတ်စနစ်မှာ အလွန်ကောင်းမွန်လှရာ သေချာစွာ နားမထောင်ပါက အသံကို လုံးဝ မကြားရချေ။ ဤသည်က လက်ရှိကမ္ဘာ၏ နည်းပညာ တိုးတက်မှု တစ်ရပ်ပင် ဖြစ်လေသည်။
မကြာမီမှာပင် လူတစ်ယောက် ရောက်လာပြီး ရွှေရောင်မှိုများ၏ ဈေးနှုန်းကို မေးမြန်းလေသည်။
"တစ်ကျင်းကို ယွမ်နှစ်ဆယ်ပါ"
ရွှီယန်က ချက်ချင်းပင် ဖြေကြားလိုက်လေသည်။
"ယွမ်နှစ်ဆယ် ဟုတ်လား ပုံမှန်ဆို ဆယ့်ငါးယွမ်ပဲ ရှိတာလေ မင်းရောင်းတာ ဈေးနည်းနည်း ကြီးနေသလိုပဲ"
ထိုလူက သံသယဖြစ်ဟန်ဖြင့် မေးလိုက်ပြီး ရွှေရောင်မှို တစ်ပွင့်ကို ကောက်ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုနေလေသည်။
"ယွမ်နှစ်ဆယ်ဆိုတာ ဈေးပေါနေပါပြီ... ဒါတွေအကုန်လုံးက တောရိုင်း ရွှေရောင်မှိုတွေချည်းပဲ အရွယ်အစားကလည်း ကြီးတယ် ကျွန်တော်က နှစ်ဆယ့်ငါးယွမ်နဲ့တောင် ရောင်းမလို့ တွေးထားတာ"
"ဈေးဆစ်လို့ မရပါဘူးဗျ"
ရွှီယန်က ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်လေသည်။
"ဆယ့်ရှစ်ယွမ်နဲ့ မရဘူးလား"
"ကျွန်တော့်ဆီမှာ ဈေးဆစ်လို့ မရပါဘူးဗျ"
"လူငယ်လေး မင်းက ဈေးရောင်းမတတ်ဘူးပဲ... ထားပါတော့ ငါ့ကို တစ်ကျင်းလောက် ချိန်ပေးပါ"
"ဟုတ်ကဲ့ပါ"
ရွှီယန်သည် ပလတ်စတစ်အိတ် တစ်လုံးကို ဆွဲထုတ်လိုက်ပြီး ရွှေရောင်မှိုများကို ထည့်ကာ အီလက်ထရောနစ် ချိန်ခွင်ပေါ်သို့ တင်လိုက်လေသည်။ အလေးချိန်က အပိုအလိုမရှိ အတိအကျ တစ်ကျင်း တိတိပင် ဖြစ်လေသည်။
သူ၏ အီလက်ထရောနစ် ချိန်ခွင်မှာ အလွန် တိကျမှန်ကန်ပြီး ဖောက်သည်များ လိုချင်သည့် ပမာဏအတိုင်း အတိအကျ ချိန်တွယ်ပေးလေသည်။ ဖောက်သည်က တစ်ကျင်းတောင်းပါက တစ်ကျင်းခွဲပေးလိုက်ခြင်းမျိုး လုံးဝ မလုပ်ပေ။ ယခုခေတ် လူငယ်များက ဈေးရောင်းရာတွင် အတော်လေး ရိုးသားဖြောင့်မတ်ကြလေသည်။
ရွှီယန်၏ ဈေးရောင်းရမှုမှာ မျှော်လင့်ထားသည်ထက် ပို၍ ကောင်းမွန်နေလေသည်။ အဓိက အကြောင်းရင်းမှာ သူတူးဖော်လာသော ရွှေရောင်မှိုများ၏ အရွယ်အစားက ကြီးမားနေသောကြောင့် ဖြစ်သည်။
ဤနေရာရှိ လူအများစုမှာ တောင်တွင်းရှာဖွေသူများ ဖြစ်ကြရာ ဤသည်မှာ တောရိုင်း ရွှေရောင်မှိုများ ဖြစ်ကြောင်းကို ကြည့်လိုက်သည်နှင့် ချက်ချင်း သိရှိနိုင်ကြလေသည်။ ထို့ကြောင့် ဆိုင်စခင်းပြီး မကြာမီမှာပင် လာရောက်ဝယ်ယူသူ အများအပြား ရှိခဲ့ပြီး မိနစ်နှစ်ဆယ်အတွင်းမှာပင် ရှစ်ကျင်းကျော်ရှိသော ရွှေရောင်မှိုများ အားလုံး ရောင်းထွက်သွားတော့သည်။
ရွှီယန်အတွက်တော့ ဝင်ငွေ အတော်လေး ကောင်းသွားခဲ့လေပြီ။ သမင်ချိုများကို လာရောက်မေးမြန်းသူများလည်း ရှိလေသည်။
အနီးအနားရှိ အခြား ဈေးဆိုင်အချို့တွင်လည်း သမင်ချိုများ ရောင်းချနေသည်ကို မြင်တွေ့ရလေသည်။
"လူငယ်လေး ဒီသမင်ချို တစ်စုံက ဈေးဘယ်လောက်လဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လာရောက်မေးမြန်းလေသည်။
"ယွမ် တစ်ထောင့်သုံးရာပါ ဈေးဆစ်လို့ မရပါဘူးဗျ"
ရွှီယန်က ပြန်လည်ဖြေကြားလိုက်လေသည်။
"နည်းနည်း မများလွန်းဘူးလား"
"ဈေးကွက်ထဲမှာ ဒီထက်ပိုကောင်းတဲ့ သမင်ချိုဆိုတာ သိပ်မရှိတော့ဘူးဗျ... ပြီးတော့ ဒါက အစုံလိုက် အပြည့်အစုံလေးလေ အရည်အသွေး နည်းနည်းနိမ့်ရင်တောင်မှ ယွမ်တစ်ထောင်လောက် ရနိုင်တယ်"
ထိုလူလတ်ပိုင်း အမျိုးသားက ခဏမျှ ကြည့်ရှုပြီးနောက် သဘောကျသွားပုံရသော်လည်း အဆုံးတွင် ဝယ်ယူခြင်း မရှိဘဲ ထွက်သွားလေသည်။
ဈေးကြီးသော ပစ္စည်းများက ဤသို့ပင် ဖြစ်လေသည်။ လူတိုင်းက အလွယ်တကူ ဝယ်ယူရန် ခက်ခဲလှပေသည်။ မည်သို့ပင်ဖြစ်စေ ဤဒေသရှိ လူအများစု၏ ဝင်ငွေမှာ သိပ်မမြင့်မားလှပေ။
သို့သော် ဤနေရာတွင် ချမ်းသာသော သူများလည်း အမြဲတမ်း ရှိနေတတ်လေသည်။ ထို့အပြင် တိရစ္ဆာန်ရုပ်လုံးသွင်း ပစ္စည်းများကို စုဆောင်းရသည်ကို နှစ်သက်သူများလည်း ရှိကြသည်။ ထို့ကြောင့် ဤသမင်ချို တစ်စုံအတွက် ရောင်းချရမည်ကို ပူပန်နေရန် မလိုအပ်ဘဲ အချိန်ကိုသာ စောင့်ဆိုင်းရန် လိုအပ်လေသည်။
ထိုနောက် မကြာမီမှာပင် ရွှီယန် ယူလာသော မုန်လာဥများနှင့် ခရမ်းချဉ်သီးများလည်း အကုန်အစင် ရောင်းထွက်သွားတော့သည်။ ဤအရာများက တန်ဖိုးကြီးသည့် ပစ္စည်းများ မဟုတ်သဖြင့် ယွမ်ငါးဆယ် ခြောက်ဆယ်ခန့်သာ ရရှိခဲ့လေသည်။
တောင်ထွက်ပစ္စည်း ဈေးကွက်မှာ အလွန်ပင် စည်ကားနေဆဲ ဖြစ်လေသည်။
အချို့လူများက လင်ဇီးမှိုများကို အစုလိုက်အပြုံလိုက် ချရောင်းနေကြပြီး အချို့က ဂျင်ဆင်း နှစ်မြစ် သုံးမြစ်ခန့်ကို ရောင်းချနေကြသည်။ အချို့လူများက အစိမ်းရောင် သစ်ရွက်များကို ရောင်းချနေကြသော်လည်း ကွန်ရက်သုံးစွဲသူများမှာမူ ထိုအရာများက မည်သည့်အရာမှန်း မသိကြပေ။
လူတိုင်း၏ ဝတ်စားဆင်ယင်ပုံမှာ အလွန် ရိုးရှင်းပြီး အနည်းငယ် တောဆန်နေကာ ကိုးဆယ်ကျော် ခုနှစ်များဆီသို့ ရောက်သွားသကဲ့သို့ ခံစားရစေလေသည်။ ရွှီယန် တစ်ယောက်တည်းသာ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားပြီး အနည်းငယ် ကွဲပြားခြားနားနေသည့် အသွင်ရှိလေသည်။
တောင်တွင်းရှာဖွေသူများ၏ ဘဝက ဤသို့ပင် ဖြစ်လေသည်။ နေ့စဉ် လယ်ယာလုပ်ငန်းခွင် ဝင်ခြင်း အသီးအနှံများ စိုက်ပျိုးခြင်းမှလွဲ၍ ကျန်အချိန်များတွင် တောင်ပေါ်တက်ကာ ကံစမ်းလေ့ရှိကြသည်။ နံနက်ပိုင်းတွင် တောင်ထွက်ပစ္စည်းများ ရှာဖွေပြီး မွန်းလွဲပိုင်းတွင် ဈေးကွက်သို့ လာရောက်ရောင်းချကြသည်။ တောင်ကိုမှီ၍ တောင်ကိုစားသည် ဟူသော စကားမှာ ဤအဓိပ္ပာယ်ပင် ဖြစ်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လူများ အဆက်မပြတ် ဝင်ထွက်သွားလာနေကြလေသည်။ တောင်ထွက်ပစ္စည်း ဈေးကွက်မှာ အထူးအဆန်း တစ်ခုသာဖြစ်ပြီး သစ္စာရှိသော ပရိသတ်များမှာ နည်းပါးသေးသဖြင့် ကြည့်ရှုသူ အရေအတွက်မှာ လေးရာနှင့် ငါးရာဝန်းကျင်တွင်သာ တည်ငြိမ်နေလေသည်။
ဤကိန်းဂဏန်းမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ တစ်ခါတစ်ရံတွင် လက်ဆောင်များလည်း ရရှိတတ်လေသည်။ ယနေ့ ဝင်ငွေမှာ ယွမ်နှစ်ရာ သုံးရာခန့် ရှိလေသည်။
တိုက်ရိုက်ထုတ်လွှင့်ခြင်းက ပိုက်ဆံရလွယ်သည် ဆိုသော်လည်း ထိုသို့ဖြစ်ရန်မှာ နာမည်ကြီး လိုက်ဖ်လွှင့်သူများ သို့မဟုတ် လူသိများသော လိုက်ဖ်လွှင့်သူများမှသာ ဖြစ်နိုင်သည်။ သာမန် လိုက်ဖ်လွှင့်သူ အများစုအတွက်မူ တစ်လလျှင် ယွမ်တစ်သောင်းခန့် ရရှိရန်ပင် အလွန်တရာ ခက်ခဲလှပေသည်။ အောက်ခြေပိုင်းမှ လိုက်ဖ်လွှင့်သူ အများစုဆိုလျှင် တစ်လလုံး လိုက်ဖ်လွှင့်သော်လည်း ဝင်ငွေ ယွမ်တစ်ရာပင် မပြည့်ကြချေ။
ရွှီယန်၏ လက်ထဲတွင် သမင်ချို တစ်စုံသာ ကျန်ရှိတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ လူအချို့က ဈေးခေါ်နေကြသော်လည်း သမင်ချိုမှာ စာတိုက်မှတစ်ဆင့် ပို့ဆောင်ရန် အနည်းငယ် အခက်အခဲရှိပြီး အကယ်၍ ပြန်အမ်းလိုပါကလည်း ပို၍ ရှုပ်ထွေးသွားနိုင်သည်ဟု ရွှီယန် တွေးမိလေသည်။ ထို့ကြောင့် တောင်ထွက်ပစ္စည်း ဈေးကွက်ထဲတွင်သာ ရောင်းချရန် ဆုံးဖြတ်လိုက်လေသည်။
မကြာမီမှာပင် အနက်ရောင် သားမွေးအင်္ကျီ လက်ပြတ်ကို ဝတ်ဆင်ထားပြီး ရွှေဆွဲကြိုးကြီးကို ဆွဲထားသော ဝဝဖိုင့်ဖိုင့် လူတစ်ယောက် ဈေးကွက်ထဲသို့ ရောက်ရှိလာလေသည်။ ဤကဲ့သို့သော လူမျိုးများကို ကြည့်လိုက်သည်နှင့် မြေပိုင်ရှင် သို့မဟုတ် သူဌေးပေါက်စ တစ်ယောက်မှန်း ချက်ချင်း သိသာလှပေသည်။
နွေရာသီကြီးတွင် သားမွေးအင်္ကျီ ဝတ်လာခြင်းမှာ ကြွားဝါချင်ရုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော လူမျိုးများက အခြားသူများ၏ တစ်မူထူးခြားသော အကြည့်များကို ခံရခြင်းအား အလွန် နှစ်သက်ကြလေသည်။
ထိုလူက ဈေးထဲတွင် တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် ရွှီယန်၏ ဈေးဆိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာလေသည်။ လက်ရှိအချိန်အထိ ဈေးကွက်တစ်ခုလုံးတွင် ရွှီယန်၏ သမင်ချို တစ်စုံက အကြီးဆုံးနှင့် အလှဆုံး ဖြစ်နေလေသည်။ သူက ဈေးနှုန်းကို မေးမြန်းလိုက်ရာ ယွမ်တစ်ထောင့်သုံးရာဟု ပြောသောအခါ ချက်ချင်းပင် ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
"ဟုတ်ကဲ့... ကျွန်တော် အိတ်တစ်လုံးနဲ့ သေချာ ထည့်ပေးလိုက်ပါမယ်"
ရွှီယန်တစ်ယောက် အလွန်ပင် ပျော်ရွှင်သွားတော့သည်။ နောက်ဆုံးတော့ ရောင်းထွက်သွားခဲ့လေပြီ။
ထပ်ပြီး ဝင်ငွေ တိုးလာပြန်ပြီ ဖြစ်သည်။ တွက်ကြည့်လိုက်မည်ဆိုလျှင် ယနေ့ ဝင်ငွေမှာ ယွမ်တစ်ထောင့်ငါးရာခန့် ရှိသွားလေပြီ။ ဤသည်မှာ ဝင်ငွေကောင်းတစ်ခုပင် ဖြစ်လေသည်။
ရွှီယန်သည် ဖောက်သည်အတွက် သမင်ချိုများကို သေချာစွာ ထုပ်ပိုးပေးလိုက်ပြီးနောက် ဈေးဆိုင်ကို သိမ်းကာ ပစ္စည်းများအားလုံးကို သုံးဘီးဆိုင်ကယ်ပေါ်သို့ တင်လိုက်လေသည်။
"တာ့ဟွမ်... လာ လမ်းလျှောက်ထွက်ရအောင်"
ရွှီယန်က တာ့ဟွမ်ကို ခေါ်ကာ တောင်ထွက်ပစ္စည်း ဈေးကွက်အတွင်း လှည့်ပတ်ကြည့်ရှုရန် ထွက်လာခဲ့လေသည်။ သူသည် လမ်းလျှောက်နေရင်းနှင့်ပင် ကွန်ရက်သုံးစွဲသူများအား ဗဟုသုတများ ဝေမျှပေးနေလေသည်။
"ဒါကို အရွက်ကိုးရွက်ပါတဲ့ အပင်လို့ ခေါ်တယ် ဒီဘက်ဒေသမှာတော့ တော်တော်လေး နာမည်ကြီးတယ် အမျိုးသားတွေအတွက် ရေနွေးကြမ်း လုပ်သောက်ကြတာ... သောက်ပြီးရင် ကျောက်ကပ်ကို အားကောင်းစေပြီး ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးကိုလည်း ပိုကောင်းစေတယ်... ဒါကြောင့် တော်တော်လေး အရောင်းသွက်တယ်"
"ဒါကတော့ ဆန်းဟွမ်လို့ ခေါ်တယ် နောက်ကျောဘက်မှာ အဝါရောင် ရင့်ရင့်ရှိတယ် သူလည်း ဆေးဘက်ဝင်အပင် တစ်မျိုးပဲ"
"ဒီဆိုင်ကို ကြည့်လိုက် အကုန်လုံး တောရိုင်း လင်ဇီးမှိုတွေချည်းပဲ... ဒီအစ်ကိုကြီးက လင်ဇီးမှိုတွေ အများကြီး ရှာတွေ့ခဲ့တာပဲ... ကြည့်ရတာ ကံတော်တော်ကောင်းခဲ့ပုံပဲ ဒါပေမယ့် အားလုံးက သာမန် လင်ဇီးမှိုတွေဆိုတော့ ဈေးကတော့ သိပ်မရနိုင်ဘူး"
"ဈေးကွက်ထဲမှာ အများဆုံး ရောင်းတာကတော့ ဂျင်ဆင်းတွေပဲ ဈေးဆိုင် နှစ်ဆိုင် သုံးဆိုင်ကျော်တိုင်းမှာ ဂျင်ဆင်းရောင်းတဲ့ ဆိုင်တစ်ဆိုင် အမြဲတမ်း တွေ့ရတယ်... အားလုံးလည်း သိတဲ့အတိုင်းပဲလေ ဒီနေရာမှာ တောရိုင်း ဂျင်ဆင်းတွေ ရှိလာမှာ မဟုတ်ဘူး အားလုံးက စိုက်ပျိုးထားတာတွေချည်းပဲ"
"ဒါတွေက နယ်ဝေးကလာတဲ့ ဧည့်သည်တွေကို လိမ်ရောင်းဖို့လောက်ပဲ သုံးကြတာ"
ရွှီယန်က ပွင့်ပွင့်လင်းလင်းပင် ပြောပြနေလေသည်။
သို့သော် နောက်ပိုင်းပြောသော စကားများကို မည်သူကမျှ သေချာ ဂရုမစိုက်ကြချေ။
"အစ်ကိုရေ အစ်ကိုပြောတဲ့ အရွက်ကိုးရွက်ပါတဲ့ အပင်က တကယ်ပဲ ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးကို ပိုကောင်းစေတာလား... အာနိသင် တကယ်ရှိရဲ့လား"
"ကျွန်တော့် သူငယ်ချင်း တစ်ယောက်က အဲ့ဒီ အရွက်ကိုးရွက်ပါတဲ့ အပင်ကို နည်းနည်းလောက် ဝယ်ချင်လို့တဲ့ ရနိုင်မလား"
"အစ်ကိုရေ လင့်ချပေးပါ ကျွန်တော် အဲ့ဒီ အရွက်ကိုးရွက်ပါတဲ့ အပင်ကို ဝယ်ချင်လို့"
အားလုံး၏ အာရုံစိုက်မှုက အရွက်ကိုးရွက်ပါသော အပင်ပေါ်သို့သာ ရောက်ရှိသွားကြကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။ ရွှီယန်သည် မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး အားလုံး၏ ပြောစကားများကို မြင်ရသောအခါ ဘာပြောရမှန်းပင် မသိတော့အောင် ဖြစ်သွားရလေသည်။
"အာနိသင်ကတော့ သေချာပေါက် ရှိပါတယ်... သိသာ မသိသာကတော့ လူတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် အခြေအနေပေါ်မှာပဲ မူတည်တယ်... ကမာကောင်တွေ ကြက်သွန်မြိတ်တွေနဲ့ အတူတူလောက်ပါပဲ"
"အားလုံးပဲ ကိုယ့်အခြေအနေကိုယ် ကြည့်ပြီးမှ ဝယ်ကြပါ”