အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) ဒီလူက ဘာလို့ ပစ္စည်းကောင်းတွေကိုချည်းပဲ အမြဲရှာတွေ့နေရတာလဲ
"အစ်ကိုက ဘာရှာတွေ့လို့လဲ"
"အဲ့ဒါက မြက်ရိုင်းပင်တွေချည်းပဲ မဟုတ်ဘူးလား"
"သူ့မျက်လုံးက ငါတို့နဲ့များ မတူလို့လား စကင်ဖတ်တဲ့ စနစ်များ ပါနေသလားပဲ"
"ရှာတွေ့သွားပြီ ဟုတ်လား ငါတော့ မယုံဘူး"
မှတ်ချက်များက အဆက်မပြတ် လွင့်မျောလာကာ သံသယဖြစ်နေကြလေသည်။
ရွှီယန်က ရှေ့သို့ ခြေနှစ်လှမ်းခန့် လျှောက်သွားပြီးနောက် မြက်ပင်များကို ဖယ်ရှားလိုက်ရာ အထဲမှ စိမ်းလန်းစိုပြည်နေသော အရွက်အချို့ ပေါ်ထွက်လာလေသည်။
"အားလုံးပဲ ဒီအရွက်တွေကို သေချာ ကြည့်ကြည့်ပါ အရွက်တွေက အသည်းပုံသဏ္ဌာန် ရှည်ရှည်လေးတွေ ဖြစ်ပြီး မျက်နှာပြင် နှစ်ဖက်စလုံးက ကြမ်းတမ်းနေတယ် နောက်ပြီး အပင်ရဲ့ ပင်စည်နဲ့ အနွယ်တွေကလည်း တစ်ခုနဲ့တစ်ခု ရစ်ပတ်နေကြတယ်"
"ဒါက ဟောရှို့ဝူ ခေါ်တဲ့ သွေးအားတိုးဆေးပင်ရဲ့ အမြစ်နဲ့ အရွက်တွေပဲ"
"ကံတော်တော်ကောင်းတာပဲ ဟောရှို့ဝူ တစ်ပင်တောင် ရှာတွေ့သွားတယ်"
"ဟောရှို့ဝူက ဈေးအရမ်းကောင်းတယ် သက်တမ်းကြာလေ ဈေးပိုကြီးလေပဲ... ဒါပေမယ့် သူတို့က တစ်ပင်တည်း သီးသန့် ပေါက်လေ့ရှိပြီး ပေါက်တဲ့နေရာတွေကလည်း လူသူအရောက်အပေါက် နည်းတဲ့နေရာတွေ ဖြစ်တဲ့အတွက် ပုံမှန်အားဖြင့်တော့ ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်"
"တောနက်ကြီးထဲမှာ ရတနာတွေ ပေါများတယ်ဆိုတာ တကယ်ပဲ"
ရွှီယန်သည် စကားပြောနေရင်းနှင့်ပင် ကျောပိုးအိတ်ထဲမှ ပေါက်တူးကို ထုတ်ယူကာ ဟောရှို့ဝူပင်၏ ဘေးပတ်လည်မှနေ၍ မြေကြီးများကို စတင်တူးဆွတော့သည်။
ကွန်ရက်သုံးစွဲသူများမှာမူ မျက်နှာပေါ်တွင် မေးခွန်းသင်္ကေတများ အပြည့်ဖြင့် တစ်ယောက်ထက်တစ်ယောက် ပို၍ အံ့ဩမင်တက်နေကြတော့သည်။
ဘယ်လိုလုပ်ပြီး ဟောရှို့ဝူ ဖြစ်သွားရသနည်း။ ၎င်းက မြက်ရိုင်းပင်သက်သက်သာ မဟုတ်ပါလော။ ခုနကတင် ထိုအရာကို ကော့ကွန်းပင်ဟု ပြောသွားပြီး ယခုကျတော့ ၎င်းက ဟောရှို့ဝူ ဖြစ်သွားပြန်လေသည်။ ဂျင်ဆင်းတူးရသည်ဟု အဘယ်ကြောင့် မပြောလိုက်ပါသနည်း။
ဒရုန်း၏ ကင်မရာမြင်ကွင်းက ရွှီယန်၏ ခြေရင်းဆီသို့ နီးကပ်သွားလေရာ ရွှီယန်က မြေကြီးများကို တစ်စထက်တစ်စ တူးဖယ်လိုက်သည်ကို မြင်တွေ့လိုက်ကြရသည်။ ထို့နောက် ကြမ်းတမ်းနေသော ဟောရှို့ဝူ၏ အခွံက ပေါ်ထွက်လာလေသည်။
ဟောရှို့ဝူ၏ ပုံသဏ္ဌာန်မှာ ပုံမှန်မဟုတ်ဘဲ အာလူးနှင့် အနည်းငယ် တူသော်လည်း အမည်းရောင် ဖြစ်နေပြီး မြေကြီးထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေလေသည်။
"ကဲ ကြည့်ကြ ဒါက ဟောရှို့ဝူပဲ"
ရွှီယန်က အားလုံးကို ပြောလိုက်လေသည်။
အရွက်များ၏ အောက်တွင်ရှိသော အရာကို မြင်လိုက်ရသောအခါမှသာ ကွန်ရက်သုံးစွဲသူများက တကယ့်ကို ဟောရှို့ဝူပင် ရှိနေကြောင်းကို သဘောပေါက်သွားကြတော့သည်။
"တကယ်ကြီး တစ်ခုခု ရှိနေတာပဲ"
"ဟောရှို့ဝူက ဈေးဘယ်လောက် ရနိုင်လဲ"
"ဒါက ပုံမှန် တွေ့နေကျ အပင်တစ်မျိုးပဲ မဟုတ်ဘူးလား"
ထိုအချိန်တွင် ရွှီယန်က ဆက်လက်၍ ပြောပြလိုက်လေသည်။
"ဒေသအသီးသီးက ဟောရှို့ဝူတွေရဲ့ အမျိုးအစားက မတူသလို ဈေးနှုန်းကလည်း ကွာခြားတယ်"
"တချို့နေရာတွေမှာ အရည်အသွေးက သာမန်ပဲဆိုတော့ တစ်ကျင်းကို နှစ်ယွမ် သုံးယွမ်လောက်ပဲ ရတယ်"
"တချို့နေရာတွေမှာတော့ ယွမ်လေးငါးဆယ်ကနေ ယွမ်ခုနစ်ဆယ် ရှစ်ဆယ်အထိတောင် ရနိုင်တယ်"
"ချန်ပိုင်တောင်တန်းဘက်က ဟောရှို့ဝူတွေကတော့ နည်းနည်း ပိုဈေးကြီးတယ် တစ်ကျင်းကို ယွမ်ရှစ်ဆယ်လောက်အထိ ရနိုင်တယ်"
"နောက်ပြီးတော့ ဟောရှို့ဝူရဲ့ အရွယ်အစားကိုလည်း ကြည့်ရသေးတယ် အသေးတွေဆိုရင် တစ်ကျင်းကျော်လောက်ပဲ ရှိပေမယ့် အကြီးတွေဆိုရင် ပေါင်သုံးလေးဆယ်အထိတောင် ရှိတတ်တယ်... အရွယ်အစား ကြီးလေလေ ဈေးပိုကြီးလေလေပဲ"
"ဒီဟောရှို့ဝူကို ကြည့်ရတာ အပြင်ကို ထွက်နေတဲ့ အပိုင်းကတော့ သိပ်မကြီးလောက်ဘူးလို့ ထင်ရတယ် နှစ်ကျင်းလောက်ပဲ ရှိမယ် ထင်တယ်"
ရွှီယန်သည် စကားပြောနေရင်းနှင့်ပင် မြေကြီးများကို ဆက်လက်၍ တူးဖယ်နေလေသည်။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိထားမိသွားလေသည်။
အဘယ်ကြောင့် တူးလေလေ မြေကြီးထဲတွင် နစ်နေသည့်အပိုင်းက ပိုပိုကြီးလာရသနည်း။
အစက အပြင်ကို ထွက်နေသော အပိုင်းလေးမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း တကယ့် ပစ္စည်းအကြီးကြီးက မြေကြီးထဲတွင် ရှိနေခြင်း ဖြစ်လေသည်။ ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်လေသည်။
ဤနေရာက တောနက်ကြီးထဲတွင် ဖြစ်ပြီး သုံးကီလိုမီတာ ပတ်လည်အတွင်းတွင် ရတနာကောင်းများ အများအပြား ရှိနေနိုင်လေသည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ပြသပေးသော နေရာဖြစ်သည့်အတွက် သေချာပေါက် ပစ္စည်းကောင်းသာ ဖြစ်ရမည်လေ။
"နေပါဦး အခြေအနေက သိပ်မဟန်ဘူး"
"ဒီဟောရှို့ဝူက သေးမယ့်ပုံ မပေါ်ဘူး"
ရွှီယန်၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
သူက အတွင်းသို့ ဆက်လက်တူးဆွလိုက်ရာ မကြာမီမှာပင် ဟောရှို့ဝူ တစ်ခဲလုံးကို အကုန်အစင် တူးဖော်နိုင်ခဲ့လေသည်။ သူက ဟောရှို့ဝူကို ကောက်ယူကာ မြေကြီးများ ပြောင်စင်သွားအောင် ခါချလိုက်လေသည်။
မည်းနက်နေသော အဖုအထစ် အကြီးကြီးကို မြင်လိုက်ရသောအခါ ကွန်ရက်သုံးစွဲသူများလည်း အလွန်ပင် အံ့ဩသွားကြတော့သည်။
"ဟိုက် အရမ်းကြီးပြီး အရမ်းမည်းတဲ့ ဟောရှို့ဝူကြီးပဲ"
"ဒါက ဆံပင်တွေအတွက် အရမ်းကောင်းတယ်လို့ ကြားဖူးတယ်"
"ဒီအစ်ကိုတော့ ကံထူးသွားပြီ တကယ်ကို အားကျစရာပဲ"
"တကယ်ကို လွန်လွန်းတယ် သူက ဘာလို့ ပစ္စည်းကောင်းတွေကိုချည်းပဲ အမြဲရှာတွေ့နေရတာလဲ"
မှတ်ချက်များက ချက်ချင်းပင် အဆက်မပြတ် လွင့်မျောလာကြတော့သည်။
လက်ရှိအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လူအရေအတွက်မှာ နှစ်ထောင်ကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ လူတိုင်းက ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှုရသည်ကို အလွန်ပင် နှစ်သက်ကြပုံ ရလေသည်။
ရွှီယန်က ဟောရှို့ဝူကို လက်ဖြင့် မ,ကြည့်ကာ အလေးချိန် ခန့်မှန်းလိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်လေသည်။
"ဆယ့်နှစ်ကျင်း ဆယ့်သုံးကျင်းလောက်တော့ ရှိမယ် ဒီလောက်ကြီးတဲ့ ဟောရှို့ဝူဆိုရင် အနည်းဆုံး တစ်ကျင်းကို ယွမ် ၃၀၀ လောက်တော့ ရနိုင်တယ်"
"ဒီထက်တောင် ပိုနိုင်သေးတယ် ဟောရှို့ဝူက ဆေးဘက်ဝင် အပင်ဖြစ်လို့ သက်တမ်းကြာလေလေ ဈေးပိုကြီးလေလေပဲ... ဒါဆိုရင် အနည်းဆုံး ဆယ်နှစ်အထက်တော့ ရှိလောက်ပြီ"
ရွှီယန်သည် ကျောပိုးအိတ်ထဲမှ ပလတ်စတစ်အိတ် တစ်လုံးကို ထုတ်ယူကာ ဟောရှို့ဝူကို အိတ်ထဲထည့်ပြီး ကျောပိုးအိတ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်လေသည်။ ဤသည်မှာ တကယ့်ကို ပစ္စည်းကောင်း တစ်ခုပင် ဖြစ်လေသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ ကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်တစ်ခု ရေးသားလိုက်လေသည်။
"အစ်ကို အစ်ကို့ရဲ့ လုပ်ရပ်က ဂေဟစနစ်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား အခုလို ဟောရှို့ဝူကို တူးယူလိုက်တာက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိနိုင်ဘူးလား"
လူတိုင်း၏ နေထိုင်ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်ချင်း မတူညီကြသဖြင့် ကိစ္စရပ်များအပေါ် ရှုမြင်သုံးသပ်ပုံချင်းလည်း ကွာခြားကြလေသည်။
ရွှီယန်သည် ထိုမှတ်ချက်ကို မြင်လိုက်ရသောအခါ ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်လေသည်။
"ချန်ပိုင်တောင်တန်းကြီးရဲ့ ကြီးမားကျယ်ပြန့်မှုက မှန်းဆလို့တောင် မရနိုင်ပါဘူး... ဒီလိုပြောရင် ပိုရှင်းမယ် တောတောင်ရှာဖွေသူတွေ တောင်ပေါ်တက်ပြီး တောင်ထွက်ပစ္စည်းတွေကို တူးယူတာက တောအုပ်ရဲ့ ဂေဟစနစ်အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ လူတစ်ယောက် ဆံပင်တစ်ပင် ကျွတ်ကျသွားလို့ ထိခိုက်မှု ရှိသွားသလောက်တောင် မဖြစ်နိုင်ပါဘူး"
"ပုံမှန် တောင်ထွက်ပစ္စည်းတွေကို တူးဖော်တာက ရည်ရွယ်ချက်ရှိရှိ ညစ်ညမ်းအောင် လုပ်တာတို့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းတာတို့ မလုပ်သရွေ့ တောအုပ်ရဲ့ ဂေဟစနစ်အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိသလောက်ပါပဲ"
"တောင်ကိုမှီပြီး တောင်ကိုစားတယ်ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့က တောတောင်ကြီးအပေါ်မှာ ရိုသေလေးစားမှု ရှိပါတယ်... ချန်ပိုင်တောင်တန်းကြီးက ပေးသနားတဲ့ အရာတွေကို ကျေးဇူးတင်သလို တောတောင်ရဲ့ ဂေဟစနစ်ကိုလည်း သေချာပေါက် ကာကွယ်စောင့်ရှောက်သွားမှာပါ"
"ဒါက ပင်လယ်ကမ်းခြေက တံငါသည်တွေ ပင်လယ်ထဲဆင်းပြီး ငါးဖမ်းတာတို့ ကမ်းခြေက ရေနေသတ္တဝါတွေကို ဖမ်းဆီးတာတို့နဲ့ အဓိပ္ပာယ် အတူတူပါပဲ"
"တကယ်လို့ နားလည်ရခက်နေသေးတယ်ဆိုရင်လည်း ကျွန်တော်တို့ကို တောအုပ်ထဲက အသီးအရွက်စား တိရစ္ဆာန်တွေလို သဘောထားလိုက်ပါ သူတို့လည်း ဆေးဘက်ဝင် အပင်တွေကို စားသောက်ကြတာပဲလေ"
ဤကဲ့သို့သော အမြင်မျိုး ရှိနေမည့်သူများ ရှိလာနိုင်မည်ကို ရွှီယန် ကြိုတင်သိရှိထားပြီး ဖြစ်လေသည်။ ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်ချင်း မတူညီကြသဖြင့် အချို့လူများအနေဖြင့် သူတို့က အသက်အန္တရာယ်ကို ပဓာနမထားဘဲ တောထဲသို့ ဝင်ရောက်ကာ တောင်ထွက်ပစ္စည်းများ ရှာဖွေရခြင်းမှာ အသက်ရှင်ရပ်တည်ရေးအတွက် ဖြစ်ကြောင်းကို နားလည်နိုင်ရန် ခက်ခဲပေလိမ့်မည်။
အမှန်တကယ်တွင် မည်သည့်အရာကို တူးဖော်ခွင့်ရှိပြီး မည်သည့်အရာကို တူးဖော်ခွင့်မရှိဘူးဆိုသည်ကို ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ တောတောင်ရှာဖွေသူများမှာလည်း ဥပဒေက ခွင့်ပြုထားသော ဆေးဘက်ဝင်အပင်များကိုသာ တူးဖော်၍ ရောင်းချကြခြင်း ဖြစ်လေသည်။ ရွှီယန်က တူးဖော်ရရှိလာသော ဆေးဘက်ဝင်အပင်များက ပို၍ ဈေးကောင်းရနေခြင်းသာ ဖြစ်လေသည်။
ရွှီယန်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လူအများစုက သဘောတူ ထောက်ခံကြလေသည်။
"ဒါတောင်မှ ဂေဟစနစ်ကို ဖျက်ဆီးတယ်လို့ ခေါ်သေးတာလား အဲ့ဒါဆိုရင် တံငါသည်တွေ ပင်လယ်ထဲဆင်းပြီး ငါးဖမ်းတာကရော သမုဒ္ဒရာရဲ့ ဂေဟစနစ်ကို ဖျက်ဆီးတာလို့ ခေါ်ရမှာလား"
"ဆေးဘက်ဝင် အပင်တွေကို တူးဖော်တာက ပုံမှန်ပဲလေ ရာသီချိန်ရောက်ရင် ကျွန်တော်တို့ဆီက လူတွေလည်း တောင်ပေါ်တက်ပြီး ဟင်းသီးဟင်းရွက်တွေ သွားတူးကြတာပဲ"
"ကျွန်တော်ဆို ငယ်ငယ်တုန်းက တောင်ပေါ်တက်ပြီး တောရိုင်း သစ်သီးတွေကိုတောင် သွားရှာစားခဲ့သေးတယ်"
"အစ်ကို့ရဲ့ လုပ်ရပ်က တောင်တက်နေတုန်း မြက်ပင်တစ်ပင်ကို နှုတ်လိုက်သလိုမျိုးပါပဲ တောင်တန်းကြီး တစ်ခုလုံးအတွက်ကတော့ ဘာမှ မကွာခြားပါဘူး"
ရွှီယန်သည်လည်း ထိုအကြောင်းအရာကို ဆက်လက်၍ မပြောတော့ပေ။
တောတောင်ရှာဖွေရင်း ဧရာမ ဟောရှို့ဝူကြီး တစ်ခုကို တူးဖော်ရရှိခြင်းက အလွန်ပင် ဝမ်းသာစရာ ကောင်းသော ကိစ္စတစ်ရပ် ဖြစ်လေသည်။ အနည်းဆုံး ယွမ်ငါးထောင် ခြောက်ထောင်ခန့် တန်ဖိုးရှိသဖြင့် မိမိ၏ လူနေမှုဘဝကိုလည်း အနည်းငယ် တိုးတက်လာစေနိုင်လေသည်။
နောက်ထပ် သွားရောက်ရမည့် ရတနာရှိရာနေရာ နှစ်ခု ကျန်ရှိနေသေးသည်။
အဲ့ဒီနေရာတွေမှာရော ဘာတွေ ရှိနေဦးမလဲဆိုတာ မသိနိုင်သေးပေ။
ရွှီယန်သည် သစ်တောအုပ်ကြီးထဲတွင် ဆက်လက်ရှာဖွေနေပြီး ဆေးဘက်ဝင် အပင်အချို့ကိုလည်း အခါအားလျော်စွာ တွေ့ရှိနေရလေသည်။ ဥပမာအားဖြင့် ဝူဝေ့ကျိပင် မန်ဆန်းဟုန်ပင် ချီဝူကျားပင် အစရှိသည်တို့ ဖြစ်ကြသည်။
ဤအပင်များ၏ တန်ဖိုးမှာ သိပ်မမြင့်မားလှပေ။ အရေအတွက် များပြားသော်လည်း သယ်ထုတ်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
"အားလုံးပဲ မြင်တဲ့အတိုင်းပါပဲ ချန်ပိုင်တောင်တန်းမှာ တောရိုင်း ဆေးဘက်ဝင်အပင် သယံဇာတတွေ အရမ်းပေါများတယ် ဆေးဘက်ဝင် သယံဇာတတွေရဲ့ ဘဏ္ဍာတိုက်ကြီးလို့ ခေါ်မယ်ဆိုရင်တောင် မမှားပါဘူး"
"တရားဝင် စာရင်းဇယားတွေအရဆိုရင် ချန်ပိုင်တောင်တန်းမှာ တိုင်းရင်းဆေး သယံဇာတ အမျိုးအစားပေါင်း ၂၀၀၀ ကျော်ရှိတယ် အဲ့ဒီအထဲမှာ အပင်မျိုးစိတ်က ၁၆၀၀ ကျော် တိရစ္ဆာန်မျိုးစိတ်က ၃၀၀ ကျော်နဲ့ ဓာတ်သတ္တုမျိုးစိတ်က ၅၀ ကျော် ပါဝင်တယ်"
"ဒီဆေးဘက်ဝင် အပင်တွေက တောနက်ကြီးထဲမှာ ပေါက်ရောက်နေကြတာ ဆိုတော့ တစ်ခါတလေကျရင် တွေ့ရင်တောင်မှ သယ်ထုတ်သွားလို့ မရဘူး"
"တကယ်ကို နှမြောစရာ ကောင်းတယ်"
ရွှီယန်က အလွန်ပင် နှမြောတသဟန်ဖြင့် ပြောလိုက်ပြီး သူ၏ စကားများထဲတွင် သဘာဝတရားကြီးကို တန်ဖိုးထား မြတ်နိုးသည့် စိတ်ဓာတ်များ အပြည့်အဝ ပါဝင်နေလေသည်။
"ဘယ်လောက်တောင် များလို့လဲ... မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ"
"ဟိုက် တကယ်ကို ရတနာတွေ အများကြီး ရှိနေတာပဲ"
"ဒါက ကျွန်တော် လုံးဝ မသိတဲ့ ဗဟုသုတတွေပဲ ပုံမှန်ဆိုရင် ဒီလိုမျိုး အကြောင်းအရာတွေကို ဘယ်မှာမှ ကြားဖူးမှာ မဟုတ်ဘူး"
"ဒီအစ်ကိုဆီကနေ ဗဟုသုတတွေ အများကြီး ရလိုက်တယ်"
ပရိသတ်အများအပြားက မှတ်ချက်များဖြင့် တုံ့ပြန်လာကြလေသည်။
မကြာမီမှာပင် ရွှီယန်သည် ဒုတိယမြောက် ရတနာရှိရာ နေရာသို့ ရောက်ရှိလာခဲ့လေသည်။ ဒုတိယမြောက် နေရာမှာ ရွှံ့နွံတော တစ်ခုဖြစ်ပြီး မြေပြင်မှာ အနည်းငယ် စိုစွတ်နေကာ အပေါ်တွင်လည်း မြင့်မားသော မြက်ပင်များ ပေါက်ရောက်နေပြီး အရွက်များမှာ စိုစွတ်နေလေသည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်မှ ပြသထားသော ရတနာကို သေချာစွာ မြင်တွေ့လိုက်ရသောအခါ ရွှီယန်တစ်ယောက် ဘာပြောရမှန်းပင် မသိတော့အောင် ဖြစ်သွားရလေသည်။ အံ့ဩဝမ်းသာ ဖြစ်မိသလို အနည်းငယ်လည်း စိတ်ပျက်သွားမိလေသည်။
ရွှံ့နွံတောထဲရှိ မြက်ရွက်များပေါ်တွင် ဖားအချို့က ဝပ်နေပြီး နေရောင်ခြည်ကို ဇိမ်ကျကျ ခံယူနေကြသည်ကို သူ တွေ့လိုက်ရလေသည်။ ၎င်းတို့၏ လည်ချောင်းများက ပွင့်ဟလိုက် ပိတ်သွားလိုက်ဖြင့် အသက်ရှူနေကြသည့်အလားပင် ဖြစ်လေသည်။
ရွှီယန်က ရှေ့ရှိ ဖားများကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"အားလုံးပဲ ဟိုဘက်ကို ကြည့်လိုက် အဲ့ဒါ အရှေ့မြောက်ဒေသရဲ့ ရတနာတစ်ပါးဖြစ်တဲ့ သစ်တောဖားတွေပဲ တောင်ပိုင်းက လူတွေကတော့ နှင်းဖား လို့ ခေါ်ကြတယ်"
"အရှေ့မြောက် သစ်တောဖားဆိုတာ တကယ့်ကို ရတနာပဲ အထူးသဖြင့် သူတို့ရဲ့ ကိုယ်တွင်းက ဖားဆီကို ပျော့ပျောင်းတဲ့ ရွှေလို့တောင် တင်စားကြတယ် ဈေးက အရမ်းကြီးတယ်"
"နောက်ပြီးတော့ အရှေ့မြောက် သစ်တောဖားရဲ့ အသားကလည်း အရမ်း အရသာရှိတယ်... သစ်တောဖားကြော်ဆိုတာ ကျွန်တော်တို့ဆီမှာတော့ နာမည်ကြီး ဟင်းလျာတစ်ပွဲပဲ အရမ်းစားကောင်းပေမယ့် ဈေးကတော့ အရမ်းကြီးတယ်"
"ဒီကောင်လေးတွေက တော်တော်လေး ဈေးကောင်းရတယ်"
ဒရုန်းလေးက သစ်တောဖားများကို ရိုက်ကူးပြသနေလေရာ ကွန်ရက်သုံးစွဲသူများလည်း ချစ်စရာကောင်းသော ဖားလေးများကို မြင်တွေ့လိုက်ကြရသည်။
ဖားလေးများ၏ အရေပြားမှာ ချောမွေ့နေပြီး အတော်လေး သန့်ရှင်းသပ်ရပ်သည့်ပုံ ရှိလေသည်။ ၎င်းတို့၏ ညီအစ်ကိုဝမ်းကွဲဖြစ်သော ဖားပြုတ်များထက် အများကြီး ပို၍ သန့်ရှင်းလေသည်။
ဤဖားလေးများမှာ ဈေးကောင်းရကြောင်း ကြားလိုက်ရသောအခါ လူအများအပြားက ချက်ချင်းပင် မှတ်ချက်များ ရေးသားလာကြတော့သည်။
"အစ်ကို ဘာလို့ ကြောင်ကြည့်နေတာလဲ ဖားတွေကို သွားဖမ်းလေ ကျွန်တော်တောင် ကြည့်နေရင်း လောလာပြီ"
"ရတနာတွေ အများကြီးကို ဘာလို့ မဖမ်းတာလဲ"
"အခုခေတ်မှာ ဖားတွေက ဈေးကောင်းရတယ် အစ်ကိုပြောတဲ့ သစ်တောဖားဆိုတာက ဖားဆီလည်းရ ဟင်းလည်း ချက်စားလို့ရတယ်ဆိုတော့ ပိုပြီး ဈေးကောင်းရမှာ သေချာတယ်"
"တစ်ကောင်ကို အနည်းဆုံး ယွမ်ဆယ်ဂဏန်းလောက်တော့ ရမှာပဲ"
ရွှီယန်သည် မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။
'မင်းတို့က ငါ့ကို သေစေချင်နေတာလား'
'ဒါတွေကိုသာ ဖမ်းလိုက်လို့ကတော့ နောက်တစ်ခါ တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်တဲ့အချိန်ဆိုတာ ထောင်ထဲက ထွက်လာတဲ့အချိန်မှပဲ ဖြစ်တော့မယ်’