← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) အားလုံးပဲ မကြောက်ကြနဲ့ ကျားသစ်က ကျွန်တော့်ကို လာရှာတာ

[ကျန်းခန်ဆေးဆိုင်မှ လိုက်ဖ်လွှင့်သူကို လေပူဖောင်း ၁ ခု လက်ဆောင်ပေးပို့လိုက်ပါသည် - "အစ်ကိုရေ ဒီဂျင်ဆင်းကို ရောင်းမှာလား ကျွန်တော် ယွမ်တစ်သောင်းပေးမယ်"]

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ တစ်စုံတစ်ယောက်က ဈေးစခေါ်နေလေပြီ။

တောရိုင်း ဂျင်ဆင်းများ၏ အရေအတွက်မှာ အလွန်နည်းပါးလှရာ ဆေးဆိုင်များအတွက်မူ တောရိုင်း ဂျင်ဆင်းများ၏ တန်ဖိုးမှာ ဝယ်ယူလိုက်ရသော ငွေကြေးထက် အများကြီး ပိုမိုမြင့်မားလှပေသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း ဆေးကုန်သည် အများအပြားက တောရိုင်း ဂျင်ဆင်းများကို ဝယ်ယူရန် သီးသန့် လာရောက်ကြခြင်း ဖြစ်လေသည်။

တစ်စုံတစ်ယောက်က လက်ဆောင်များပေးကာ ဈေးခေါ်နေသည်ကို မြင်လိုက်ရသောအခါ ကွန်ရက်သုံးစွဲသူ အများအပြားကလည်း ဝင်ရောက် အားပေးအားမြှောက် ပြုလုပ်လာကြတော့သည်။

"ကျွန်တော် ယွမ်တစ်သိန်းပေးမယ် မရောင်းရင်လည်း ဘာမှမဖြစ်ဘူး"

"ကျွန်တော် ယွမ်တစ်သန်းပေးမယ်"

"ဟိုက် တကယ်ကြီး ယွမ်တစ်သောင်းပေးပြီး ဝယ်မလို့လား"

ရွှီယန်က မှတ်ချက်များကို မြင်သောအခါ ပြုံးလျက် ပြန်လည်ဖြေကြားလိုက်လေသည်။

"ဒီတောရိုင်း ဂျင်ဆင်းကိုတော့ တောင်ထွက်ပစ္စည်း ဈေးကွက်မှာပဲ သွားရောင်းဖို့ စိတ်ကူးထားတယ် အွန်လိုင်းပေါ်ကနေ ရောင်းဖို့တော့ အစီအစဉ် မရှိသေးဘူးဗျ"

"အားလုံးပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ သဘောကျရင်ပဲ လုံလောက်ပါပြီ"

ရွှီယန်၏ စကားကို ကြားလိုက်ရသောအခါ ဈေးခေါ်နေသော ဆေးဆိုင်နှစ်ဆိုင်ကလည်း ဂျင်ဆင်းကို ဝယ်ယူရန် လက်လျှော့လိုက်ကြတော့သည်။

အသားတင် ယွမ်တစ်သောင်းကျော် မြတ်သွားခြင်းက အလွန်ပင် ဝမ်းသာစရာ ကောင်းလှပေသည်။ တောင်ပေါ်ရွာလေးရှိ နေထိုင်မှုဘဝအတွက်ဆိုလျှင် ဤသည်မှာ အတော်လေး ကောင်းမွန်သော ဝင်ငွေတစ်ခုပင် ဖြစ်လေသည်။

ရွှီယန်သည် တက္ကသိုလ်မှ ဘွဲ့ရပြီးသည်နှင့် အိမ်သို့ ချက်ချင်း ပြန်လာခဲ့သူဖြစ်ရာ အလွန် ငွေလိုအပ်နေချိန်လည်း ဖြစ်လေသည်။ ထို့အပြင် သူ၏ စိတ်ကူးထဲတွင် လယ်ယာခြံဝင်း တစ်ခုကို တည်ဆောက်ကာ နွား၊ သိုး၊ ခွေး၊ ကြောင်၊ ဒရယ်ပြောက် အစရှိသည်တို့ကို မွေးမြူရန် ရည်ရွယ်ထားရာ ထိုအတွက်လည်း ငွေကြေးများစွာ လိုအပ်လေသည်။

ထို့ကြောင့် ပိုမိုများပြားသော ငွေကြေးများကို ရှာဖွေနိုင်ရန် လိုအပ်ပေသည်။

ရွှီယန်သည် သစ်တောအုပ်ကြီးထဲတွင် ဆက်လက် လှည့်ပတ်သွားလာနေလေသည်။

ဒရုန်းလေးကလည်း သူ့နောက်မှ တကောက်ကောက် လိုက်ပါလာလေသည်။

တောင်ပေါ်ရှိ အပင်များမှာ အလွန်တရာ ဖြစ်ထွန်းလွန်းလှရာ အချို့နေရာများတွင် ခေါင်းကိုငုံ့၍ တိုးဝင်သွားရသည်အထိပင် ဖြစ်လေသည်။ ဒရုန်း၏ စွမ်းဆောင်ရည်မှာလည်း အလွန် ကောင်းမွန်လှရာ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် အလွယ်တကူ လိုက်ပါနိုင်စွမ်း ရှိလေသည်။

မကြာမီမှာပင် ရွှီယန်သည် သစ်ပင်များ ထူထပ်လွန်းလှသော ဧရိယာတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။ ဤနေရာရှိ သစ်ပင်ကြီးများမှာ အလွန်တရာ ဖြောင့်မတ်မြင့်မားလှပြီး တစ်ပင်နှင့်တစ်ပင် ကြားရှိ နေရာလွတ်မှာလည်း အလွန် ကျဉ်းမြောင်းလှရာ လူတစ်ယောက် ဖြတ်သန်းသွားလာရန်ပင် ခက်ခဲလှပေသည်။

ထိုအချိန်တွင် သစ်ပင်များကြားရှိ ဟာကွက်လေးတစ်ခုမှနေ၍ တောရိုင်း ဒရယ်ပြောက် နှစ်ကောင် ခုန်ထွက်လာသည်ကို ရွှီယန် မြင်တွေ့လိုက်ရလေသည်။ ၎င်းတို့ကလည်း ရွှီယန်ကို သတိထားမိသွားကြပြီး သစ်ပင်များကြားမှနေ၍ ရွှီယန်ရှိရာဘက်သို့ လှမ်းကြည့်နေကြလေသည်။

ထို့နောက် တစ်စုံတစ်ခုကို လန့်သွားသည့်အလား ၎င်းတို့၏ နားရွက်လေးများက လှုပ်ရွသွားပြီး အလျင်အမြန်ပင် ပြေးထွက်သွားကြတော့သည်။

လူသူကင်းမဲ့သော တောနက်ကြီးထဲရှိ ရှုခင်းများက အမြဲတမ်း ရင်သပ်ရှုမောဖွယ် ကောင်းနေတတ်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက စိမ်းလန်းစိုပြည်မှုများဖြင့် ဖုံးလွှမ်းနေပြီး အပင်မျိုးစုံက တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ အပြိုင်အဆိုင် ရှင်သန်ကြီးထွားနေကြလေသည်။

"ဟိုဘက်ကို ကြည့်လိုက် ဒရယ်ပြောက်တွေ"

"ချန်ပိုင်တောင်တန်းရဲ့ ဂေဟစနစ်က အရမ်းကောင်းတယ် တောရိုင်းတိရစ္ဆာန်တွေလည်း အများကြီးပဲ"

"ဒါပေမယ့် သတိတော့ ထားရတယ် တကယ်လို့ အရှေ့မြောက်ကျားလို အကောင်မျိုးနဲ့ တွေ့ရင် ပြဿနာ တက်နိုင်တယ်"

ရွှီယန်က ကွန်ရက်သုံးစွဲသူများအား ရှင်းပြလိုက်လေသည်။

ရွှီယန်သည် အခြားလမ်းကြောင်း တစ်ခုသို့ ပြောင်းလဲလိုက်ပြီး လမ်းလျှောက်နေရင်းနှင့်ပင် တန်ဖိုးကြီး တောင်ထွက်ပစ္စည်းများ ရှိမရှိကို လိုက်လံရှာဖွေနေလေသည်။ တောရိုင်း သစ်သီးအချို့ကို တွေ့လျှင်လည်း မဆိုးလှပေ။

မကြာမီမှာပင် ရွှီယန်သည် ကျယ်ဝန်းသော မြက်ခင်းပြင် တစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။ သူက ချန်ပိုင်တောင်တန်း၏ အမြင့်ဆုံး တောင်ထွတ်ဆီသို့ လှမ်းကြည့်ကာ ထိုနေရာကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။

"ဟိုဘက်ကို ကြည့်လိုက် အဲ့ဒီအထဲကို ဆက်ဝင်သွားရင် တောနက်ကြီးထဲ ရောက်ပြီ ဟိုဘက်မှာ ချန်ပိုင်တောင်တန်းရဲ့ သဘာဝရေကန်ကြီးနဲ့ ရေတံခွန်တွေလည်း ရှိတယ်... ပြီးတော့ စုန့်ဟွာမြစ် ယာလွဲ့မြစ်နဲ့ ထူမန်မြစ်တွေရဲ့ မြစ်ဖျားခံရာ နေရာလည်း ဖြစ်တယ်"

"တကယ်လို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အပြည့်အစုံ ရှိမယ်ဆိုရင်တော့ တောနက်ကြီးထဲကို ဝင်ကြည့်ချင်တယ် ဒါပေမယ့် အထဲမှာ တဲထိုးပြီး ရက်အတော်ကြာ နေရမှာဆိုတော့ တစ်ယောက်တည်း သွားဖို့က အရမ်း အန္တရာယ်များတယ်"

"အဲ့ဒါကြောင့် အကြံတူတဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် သက်တော်စောင့် တစ်ယောက်လောက် ခေါ်သွားမှ ရမယ်"

တောနက်ကြီးထဲသို့ ဝင်ရောက်ရခြင်းက အမြဲတမ်း အန္တရာယ်များလှပေသည်။ သစ်တောစောင့်များပင်လျှင် ယခုအခါ လူနှစ်ယောက် တစ်ဖွဲ့ဖွဲ့၍သာ တောထဲ ဝင်ရောက်ကြလေသည်။ ရွှီယန် အနေဖြင့် တောထဲဝင်မည်ဆိုပါက သက်တော်စောင့် တစ်ယောက်တော့ အနားတွင် ရှိနေရန် လိုအပ်ပေသည်။

တကယ်တော့ ကျားသစ်က အကောင်းဆုံး ရွေးချယ်မှု တစ်ခုပင် ဖြစ်လေသည်။ သို့သော် ထိုကျားသစ်ပေါက်လေး ကြီးပြင်းလာမည့် အချိန်အထိတော့ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

တောတောင်ထဲတွင် အချိန်ကုန်လွယ်လှရာ မကြာမီမှာပင် မွန်းလွဲ ၃ နာရီသို့ ရောက်ရှိလာခဲ့လေပြီ။

ပုံမှန်အားဖြင့် မွန်းလွဲ ၃ နာရီ ၄ နာရီခန့် ရောက်ရှိလာပါက ဂျင်ဆင်းတူးအဖွဲ့များက တောင်အောက်သို့ ပြန်ဆင်းရန် ပြင်ဆင်ကြလေ့ ရှိလေသည်။ ညအချိန် တောတောင်ထဲတွင် နေရခြင်းက အလွန်တရာ အန္တရာယ်များလှပြီး တောရိုင်းတိရစ္ဆာန် အများစုမှာလည်း ညအချိန်တွင်မှ အစာရှာထွက်လေ့ ရှိကြသဖြင့် စောစောစီးစီး ပြန်လည်ထွက်ခွာခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

ရွှီယန်သည် လူစုရမည့် နေရာသို့ သွားရောက်လိုက်ရာ လူတိုင်းက တဖြည်းဖြည်း ရောက်ရှိလာကြလေပြီ။

လူတိုင်း၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် အဖွဲ့တိုင်းက ရိတ်သိမ်းမှုများ အသီးသီး ရရှိခဲ့ကြကြောင်း သိနိုင်လေသည်။ ဂျင်ဆင်းတစ်ပင် တူးဖော်ရရှိခဲ့သည်ဟုလည်း ကြားသိရပြီး လူတိုင်း ငွေခွဲဝေရရှိနိုင်မည် ဖြစ်လေသည်။ ရွှီယန်ကမူ ထိုအထဲတွင် မပါဝင်ပေ။ သူက အဖွဲ့နှင့်အတူ လိုက်ပါလာခြင်းသာဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့်သာ ဂျင်ဆင်းတူးမည်ဟု ကြိုတင်ပြောဆိုထားပြီး ဖြစ်လေသည်။

"ရွှီယန် မင်းကံ တော်တော်ကောင်းတာပဲ ဒီလောက်ကြီးတဲ့ ဟောရှို့ဝူကြီးကို တူးလာနိုင်တယ်"

ရွှီယန်၏ ဟောရှို့ဝူမှာ ပလတ်စတစ်အိတ်ထဲတွင် ထည့်ထားသဖြင့် လူတိုင်းက မြင်တွေ့နိုင်လေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မြင်တွေ့သွားပြီး အံ့ဩချီးကျူးစွာဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ် အစကတော့ သေးသေးလေးပဲ ထင်နေတာ တူးကြည့်တော့မှ ဒီလောက်တောင် ကြီးနေမှန်း သိတာ"

ရွှီယန်က ယဉ်ကျေးစွာပင် ပြန်လည်ဖြေကြားလိုက်သည်။ သူက ဂျင်ဆင်းတူးရရှိခဲ့သည့် အကြောင်းကိုမူ မပြောပြတော့ပေ။ တတ်နိုင်သမျှ နှိမ့်ချနေခြင်းကသာ အကောင်းဆုံးပင် ဖြစ်လေသည်။

အပြန်လမ်းတွင်မူ တိုက်ရိုက်ထုတ်လွှင့်ပြသရန် ထူးခြားသော အကြောင်းအရာများ မရှိတော့သလို ဒရုန်း၏ ဘက်ထရီမှာလည်း အနည်းငယ်သာ ကျန်ရှိတော့သဖြင့် ရွှီယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ ဒရုန်းကို ကျောပိုးအိတ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။

ဂျင်ဆင်းတူးအဖွဲ့ကြီးက တောင်အောက်သို့ ပြန်ဆင်းလာကြလေသည်။ လမ်းခရီးမှာ အနည်းငယ် ပင်ပန်းသော်လည်း လူတိုင်း၏ စိတ်ဓာတ်များကမူ အလွန်ပင် တက်ကြွနေကြလေသည်။ မနက်ဖြန်တွင်လည်း နံနက် ၆ နာရီခန့်တွင် တောင်ပေါ်သို့ ထပ်မံတက်ရောက်ရမည် ဖြစ်ရာ အားလုံးက စောစောပြန်၍ အနားယူလိုကြလေသည်။

တစ်နာရီခန့် လမ်းလျှောက်လာပြီးနောက် ရွှီယန်သည် ဤပတ်ဝန်းကျင် ဧရိယာမှာ အတော်လေး ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားလိုက်ရသည်။ သေချာစဉ်းစားကြည့်လိုက်သောအခါ ဤနေရာက ကျားသစ်များ သွားလာလှုပ်ရှားလေ့ရှိသော နေရာဖြစ်ကြောင်း သတိပြုမိသွားလေသည်။

လူအုပ်ကြီး ဤနေရာသို့ ရောက်လာပြီဖြစ်ရာ ကျားသစ်များ ပေါ်မလာစေရန်သာ ဆုတောင်းနေမိလေသည်။

ထိုအချိန်တွင် အဖွဲ့ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိထားမိသွားလေသည်။ သူက ရှေ့သို့ အလန့်တကြား ကြည့်ကာ အော်ဟစ်လိုက်လေသည်။

"ဟိုမှာကြည့် ဟိုမှာ ကျားသစ်တစ်ကောင်"

သူ၏ အော်သံကို ကြားလိုက်ရသောအခါ ဂျင်ဆင်းတူးအဖွဲ့မှ လူများအားလုံးက ပေါက်တူးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး သတိဝီရိယ ကြီးမားစွာဖြင့် ရှေ့သို့ ကြည့်လိုက်ကြလေသည်။ မကြာမီမှာပင် ရှေ့ရှိ မြက်ခင်းများကြားမှ အမည်းစက်များ ပါရှိသော ကျားသစ်တစ်ကောင်က ခေါင်းပြူထွက်လာပြီး သူတို့ကို လိုက်လံအကဲခတ်နေသည်ကို အားလုံးက မြင်တွေ့လိုက်ကြရသည်။

ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်ကြီးများ၏ အရှိန်အဝါက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဤကောင်များက တိုက်ခိုက်စွမ်းရည် အလွန်မြင့်မားရုံသာမက လှုပ်ရှားမှုများကလည်း အလွန်တရာ လျင်မြန်သွက်လက်လှပေသည်။

အကယ်၍ လူသားများကိုသာ တိုက်ခိုက်လာပါက အသက်ရှင်နိုင်ရန် အလွန် ခက်ခဲလှပေသည်။ ယခင်က ဝမ်ဒါဆန်း နံပါတ်တစ် (အရှေ့မြောက်ကျား) က ကားမှန်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲခဲ့သော ဖြစ်ရပ်က လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲပင် ဖြစ်လေသည်။

"တကယ့် ကျားသစ်ကြီးပါလား"

"သတိထားကြ"

လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။ ဂျင်ဆင်းတူးအဖွဲ့မှ လူများအားလုံးက မျက်နှာများ တည်တင်းသွားကြပြီး ပေါက်တူးများကိုသာ အသင့်အနေအထားဖြင့် ဆုပ်ကိုင်ထားကြလေသည်။

အကယ်၍ ကျားသစ်ကသာ ဝင်ရောက်တိုက်ခိုက်လာပါက သူတို့အားလုံးက ပေါက်တူးများဖြင့် ပြန်လည်ခုခံကြမည်မှာ အသေအချာပင် ဖြစ်လေသည်။

ဦးလေးလျိုက အားလုံးကို မလှုပ်ရှားကြရန် သတိပေးလိုက်လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျားသစ်ကို သူ၏ဆန္ဒအလျောက် ထွက်ခွာသွားစေရန် စောင့်ဆိုင်းခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

ရွှီယန်ကမူ ၎င်းမှာ မိခင်ကျားသစ်မကြီး ဖြစ်ကြောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း မှတ်မိသွားလေသည်။ ထို့အပြင် ကျားသစ်မကြီးက သူ့ကို လာရောက်ရှာဖွေခြင်း ဖြစ်ကြောင်းကိုလည်း သိရှိလိုက်လေသည်။

"အားလုံးပဲ မစိုးရိမ်ကြနဲ့ မကြောက်ကြနဲ့ ဒီကျားသစ်က ကျွန်တော့်ကို လာရှာတာ"

ရွှီယန်က ရုတ်တရက် အော်ပြောလိုက်ပြီး လူအုပ်ထဲမှနေ၍ ရှေ့သို့ ထွက်လာခဲ့လေသည်။

လူတိုင်းမှာ တစ်ခဏမျှ လုံးဝ မှင်သက်သွားကြတော့သည်။

"ရွှီယန် ဘာလုပ်မလို့လဲ ပြန်လာခဲ့"

ဦးလေးလျိုက အလန့်တကြား အော်ခေါ်လိုက်လေသည်။

"တကယ် ဘာမှမဖြစ်ပါဘူး ဒီကျားသစ်က ဒဏ်ရာရထားတာ ကျွန်တော် သူ့ကို ကယ်ခဲ့ဖူးတယ် အစာလည်း ကျွေးဖူးတယ်"

ရွှီယန်က ဟောရှို့ဝူကို အောက်ချထားခဲ့ပြီး ရှေ့သို့ ဆက်လက် လျှောက်သွားလိုက်လေသည်။

ဂျင်ဆင်းတူးအဖွဲ့မှ လူများအားလုံးမှာ အလွန်တရာ စိုးရိမ်ထိတ်လန့်နေကြပြီး ရွှီဟုန်ရှန်း ဆိုလျှင် ရွှီယန်ကို ပြေးဆွဲရန်ပင် ပြင်ဆင်နေလေပြီ။

ထိုအချိန်တွင် ကျားသစ်ကြီးကလည်း မြက်ခင်းထဲမှ ထွက်လာခဲ့လေသည်။

ထိုအခါမှသာ လူတိုင်းက ကျားသစ်ကြီး၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခွင့် ရသွားကြတော့သည်။ ရွှီယန် ပြောသကဲ့သို့ပင် ကျားသစ်ကြီး၏ နောက်ခြေထောက်တွင် ပတ်တီးစည်းထားသည်ကို တွေ့ရပြီး ၎င်း၏ အပြုအမူများကလည်း ဝင်ရောက်တိုက်ခိုက်မည့်ပုံ မပေါ်ချေ။

"တာ့ဟွာ ဒီကိုလာခဲ့"

ရွှီယန်က လှမ်းခေါ်လိုက်လေသည်။

ထို့နောက် အားလုံး၏ အံ့ဩမင်တက်နေသော အကြည့်များအောက်တွင် ကျားသစ်ကြီးက ခပ်သွက်သွက်လေး ပြေးလာကာ ရွှီယန်၏ အနားသို့ ရောက်ရှိလာတော့သည်။

"ကြည့် ကျွန်တော် ပြောသားပဲ သူ့က လူတွေကို ရန်မမူပါဘူးလို့"

"ဒီပတ်တီးကိုတောင် ကျွန်တော် စည်းပေးထားတာ"

ရွှီယန်က ကျားသစ်ကြီး၏ ခေါင်းကို ပွတ်သပ်ရင်း နောက်သို့ လှည့်ကာ ရွာသားများအား အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

အနားရှိ လူများအားလုံးမှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။ အားလုံးက ရွှီယန်တစ်ယောက် အရွယ်ရောက်ပြီးသော ကျားသစ်ကြီး တစ်ကောင်ကို ပေါ့ပေါ့ပါးပါးပင် ပွတ်သပ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ဦးနှောက်များပင် အလုပ်မလုပ်နိုင်တော့အောင် ဖြစ်သွားကြတော့သည်။

'ဒါ... ဒါက ဘယ်လို အခြေအနေကြီးလဲ'

'ကျားသစ်ကြီးက သူ့စကားကို နားထောင်တယ် ဟုတ်လား'

'ဒါက တကယ့် တောရိုင်း ကျားသစ်ကြီးလေ'

ကျားသစ်ကြီးက လူအုပ်ကြီးကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။ ၎င်းကို မြင်သောအခါ ရွှီယန်က ထပ်မံ၍ ပြောလိုက်လေသည်။

"သူက တခြားလူတွေကို သိပ်မကြိုက်ဘူး ကျွန်တော့်ကိုပဲ ခင်တာ... အားလုံးပဲ ခရီးဆက်လို့ ရပါပြီ ဘာမှမဖြစ်ပါဘူး"

ထို့နောက် ရွှီယန်က ရွှီဟုန်ရှန်းအား ဟောရှို့ဝူကို ယူလာပေးရန် လှမ်းပြောလိုက်လေသည်။

ဦးလေးလျိုသည် ဤအခြေအနေကို မြင်သောအခါ လူအုပ်ကြီးကို ခေါ်ဆောင်၍ တောင်အောက်သို့ ဆင်းလာခဲ့လေသည်။ လူတိုင်းက ခြေနှစ်လှမ်းလှမ်းတိုင်း တစ်ခါ နောက်သို့ လှည့်ကြည့်နေကြပြီး ကျားသစ်ကြီးမှာ ရွှီယန်၏ အနားတွင် အေးဆေးငြိမ်သက်စွာ ရှိနေကြောင်း သေချာသွားမှသာ သက်ပြင်းချနိုင်ကြတော့သည်။

မကြာမီမှာပင် ရွှီယန်လည်း အနောက်မှ လိုက်ပါလာခဲ့လေသည်။

လူတိုင်းက ချက်ချင်းပင် ဝိုင်းအုံလာကြပြီး အဆက်မပြတ် မေးမြန်းကြတော့သည်။

"ရွှီယန် အဲ့ဒီကျားသစ်က မင်းကို တကယ်ပဲ ခင်တာလား"

"ကျားသစ်ကို ပတ်တီး ဘယ်လိုသွားစည်းပေးလိုက်တာလဲ"

"ကျားသစ်က မင်းကို ရန်မမူဘူးလား အရမ်း အန္တရာယ်များတယ်နော်"

"အဲ့ဒါက တကယ့် ကျားသစ်ကြီးနော်"

အားလုံးက အလွန်ပင် စိတ်လှုပ်ရှားနေကြကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။

ချစ်စရာလည်းကောင်း ဩဇာအာဏာလည်းရှိသော ကျားသစ်ကြီး တစ်ကောင်ကို မည်သူကများ သဘောမကျဘဲ နေနိုင်မည်နည်း။

"သူ ဒဏ်ရာရနေတာကို တွေ့လို့ ကူညီပေးလိုက်တာပါ ပြီးတော့ အစာလည်း ကျွေးလိုက်တယ် အဲ့ဒါကြောင့် ကျွန်တော့်ကို ခင်သွားတာပါ တခြား ထူးထူးခြားခြားတော့ မရှိပါဘူး"

"ကျားသစ်တွေက ပုံမှန်ဆိုရင် လူတွေကို ရန်မမူတတ်ပါဘူး"

"နောက်ပိုင်း အားလုံးပဲ သူ့ကိုတွေ့ရင် မခြောက်လှန့်လိုက်ကြနဲ့နော်"

ရွှီယန်က ပြုံးလျက် ပေါ့ပေါ့ပါးပါးပင် ပြန်လည် ဖြေကြားလိုက်လေသည်။

တောင်ပေါ်ရွာလေးတွင် လျှို့ဝှက်ချက် ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်လေသည်။

သတင်းဖြန့်ဝေမှု စနစ်က အလွန်တရာ မြန်ဆန်လွန်းလှပေသည်။

ရွာထိပ်မှ အဘိုးကြီးများ၊ အိမ်လည်ထွက်တတ်သော အဒေါ်ကြီးများ၏ အကူအညီဖြင့် နေ့တစ်ဝက်ခန့် အတွင်းမှာပင် ဤကိစ္စက ရွာတစ်ရွာလုံးသို့ ပြန့်နှံ့သွားခဲ့လေပြီ။

လူတိုင်းက ရွှီယန်တစ်ယောက် ကျားသစ်တစ်ကောင်ကို အပိုင်သိမ်းထားနိုင်ခဲ့သည်ဟု ပြောဆိုနေကြလေသည်။

ရွှီယန်၏ မိခင်ကပင်လျှင် ရွှီယန်တစ်ယောက် ကျားသစ်နှင့် မည်သို့ ပတ်သက်သွားရသနည်းဟု မေးမြန်းလာလေသည်။

ရွှီယန်ကလည်း ကျားသစ်ကို တွေ့၍ ကူညီပေးခဲ့ကြောင်းနှင့် ကျားသစ်မှာ ကျားကဲ့သို့ မဟုတ်ဘဲ လူကို ရန်မမူတတ်ကြောင်းကိုသာ ထပ်တလဲလဲ ရှင်းပြနေရတော့သည်။

All Chapters