← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) တကယ့်ကို အဖေ့ရဲ့ သားလိမ္မာလေးပဲ

ဒီရက်ပိုင်း ရာသီဥတုက အတော်လေး သာယာနေလေသည်။ နေရောင်ခြည်က တောက်ပနေပြီး ကောင်းကင်ယံတွင် တိမ်စက်တိမ်လိပ်များပင် မရှိချေ။

နောက်ထပ် အချိန်အတန်ကြာသည်အထိလည်း မိုးရွာမည့် အရိပ်အယောင် မရှိပေ။ ထို့ကြောင့်လည်း ဂျင်ဆင်းတူးအဖွဲ့များက ဤအချိန်တွင် တောင်ပေါ်တက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်လေသည်။

ကျယ်ဝန်းလှသော ဧရိယာကြီး တစ်ခုကို သတ်မှတ်ထားပြီး ဖြည်းဖြည်းချင်း အနက်ပိုင်းသို့ ဝင်ရောက်ကာ ရှာဖွေနိုင်လေသည်။

ရွှီယန်ကမူ ရွာနောက်ဘက်ရှိ တောင်တန်းဆီသို့သာ သွားရောက်ခဲ့ပြီး တောနက်ကြီးထဲသို့ မဝင်ရောက်ခဲ့ပေ။ သူက ကျားသစ်သားအမိကို သီးသန့် လာရောက် ကြည့်ရှုခြင်း ဖြစ်လေသည်။

တစ်ချက်ကတော့ ကျားသစ်များကို စောင့်ရှောက်ပေးရန်ဖြစ်ပြီး နောက်တစ်ချက်ကတော့ ရွှီယန်ကိုယ်တိုင်က ကျားသစ်ကြီးများကို ပွတ်သပ်ဆော့ကစားချင်သောကြောင့် ဖြစ်လေသည်။

ဒီဆူဖြိုးတုတ်ခိုင်နေသော ကျားသစ်ကြီးက တကယ်ကို လူချစ်လူခင် ပေါများလှပေသည်။ ပွတ်သပ်ပေးရသည်ကလည်း အလွန်ပင် ဇိမ်ကျလှလေသည်။

သစ်တောအုပ်ကြီးထဲတွင် သက်ဝင်လှုပ်ရှားမှုများ အပြည့်အဝ ရှိနေဆဲပင် ဖြစ်လေသည်။ မကြာမီမှာပင် ရွှီယန်သည် ကျားသစ်သားအမိ သွားလာလှုပ်ရှားလေ့ရှိသော နေရာသို့ ရောက်ရှိလာခဲ့လေသည်။

"တာ့ဟွာ... ရှောင်ဟွာ"

ရွှီယန်က တောအုပ်ကြီးထဲသို့ အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်လေသည်။

ထိုအချိန်တွင် ကျားသစ်သားအမိမှာ မြက်ခင်းပြင်ပေါ်တွင် အနားယူနေကြလေသည်။ ဤနေရာတစ်ဝိုက်တွင် အခြား သားရဲတိရစ္ဆာန်များ အလွန် နည်းပါးလှပြီး ကျားသစ်ဆိုသည်မှာလည်း ထိပ်တန်း ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန် တစ်မျိုးဖြစ်ရာ ၎င်းတို့အတွက် သဘာဝ ရန်သူဆိုသည်မှာ မရှိသလောက်ပင် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်အေးချမ်းသာစွာဖြင့် အနားယူနေနိုင်ကြခြင်း ဖြစ်လေသည်။

ကျားသစ်ပေါက်လေးက ရွှီယန်၏ အော်ခေါ်သံကို ကြားလိုက်ရလေသည်။

၎င်းက မိခင်ကျားသစ်မကြီး၏ ရင်ခွင်ထဲမှနေ၍ အလျင်အမြန် ထလာပြီးနောက် ချက်ချင်းပင် အရှိန်ယူကာ ရွှီယန်ရှိရာဘက်သို့ ခပ်သွက်သွက်လေး ပြေးလာတော့သည်။ ကျားသစ်ပေါက်လေးမှာ ခုန်ဆွခုန်ဆွဖြင့် ပြေးလာပုံက အလွန်ပင် ချစ်စရာ ကောင်းနေလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီယန်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်သွားတော့သည်။

'တကယ့်ကို အဖေ့ရဲ့ သားလိမ္မာလေးပဲ'

ရွှီယန်က ရှေ့သို့ လျှောက်သွားကာ ကျားသစ်ပေါက်လေးကို ပွေ့ချီလိုက်ပြီး ရင်ခွင်ထဲတွင် ထည့်ထားလိုက်လေသည်။ ထို့နောက် ခါးတွင်ချိတ်ထားသော နို့ဘူးကို ဖြုတ်ယူကာ ၎င်းအား တိုက်ကျွေးလိုက်လေသည်။

ထိုအချိန်တွင် မိခင်ကျားသစ်မကြီးကလည်း ဖြည်းညင်းစွာ လျှောက်လာလေသည်။ ၎င်းက ကြောင်ခြေလှမ်းများဖြင့် လျှောက်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှာ အလွန်တရာ ကျစ်လျစ်သန်စွမ်းလှရာ မျက်နှာပေါ်တွင်လည်း ကြီးမားသော ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တို့၏ ဩဇာအာဏာများ အပြည့်အဝ ပေါ်ထွက်နေလေသည်။

၎င်း၏ မျက်ဝန်းများက ကြည်လင်၍ နူးညံ့နေခြင်း မရှိပါက ဤသတ္တဝါကြီးကို မြင်လိုက်ရသူတိုင်း သေချာပေါက် ဖိအားများကို ခံစားရမည်မှာ အသေအချာပင် ဖြစ်လေသည်။

မိခင်ကျားသစ်မကြီး၏ နောက်ခြေထောက်တွင် ပတ်တီးစည်းထားဆဲ ဖြစ်လေသည်။ ရွှီယန်က ကျားသစ်ပေါက်လေးကို အောက်သို့ ချပေးလိုက်ပြီး မိခင်ကျားသစ်မကြီး၏ ဒဏ်ရာ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်လေသည်။

အထူး ပလာစတာနှင့် အထူး ပတ်တီးကို အသုံးပြုထားသဖြင့် အာနိသင်က အတော်လေး ကောင်းမွန်ပုံ ရလေသည်။ ယနေ့ သူက ပတ်တီးအသစ်များကိုပါ သီးသန့် ယူဆောင်လာခဲ့လေသည်။

"တာ့ဟွာ အောက်မှာလှဲလိုက်... ငါ ဒဏ်ရာကို တစ်ချက်လောက် ကြည့်ရအောင်"

ရွှီယန်က ကျားသစ်မကြီးအား ပြောလိုက်လေသည်။

တာ့ဟွာကလည်း စကားနားထောင်စွာဖြင့် အောက်သို့ လှဲချလိုက်လေသည်။

ရွှီယန်က ပတ်တီးများကို အကုန်အစင် ဖြေချလိုက်ပြီး နောက်ခြေထောက်ရှိ ဒဏ်ရာကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်လေသည်။ ဒဏ်ရာမှာ လုံးဝနီးပါး ကျက်သွားပြီဖြစ်ပြီး အမာရွတ် အနည်းငယ်သာ ကျန်ရှိတော့ရာ အတော်လေး သက်သာလာသည့်ပုံ ပေါ်လေသည်။

ကျားသစ်ကြီးမှာ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်နေပြီ ဖြစ်သော်လည်း အပြေးအလွှား သွားလာရန်တော့ အဆင်မပြေသေးပေ။

ထို့ကြောင့် ရွှီယန်သည် ဒဏ်ရာပေါ်သို့ ဆေးအနည်းငယ် ထပ်ထည့်ပေးလိုက်ပြီး ပတ်တီးကို အသစ်ပြန်လည် စည်းနှောင်ပေးလိုက်လေသည်။ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် လုံးဝ ပျောက်ကင်းသွားမည် ဖြစ်လေသည်။

ကျားသစ်နှစ်ကောင်စလုံး၏ ကျန်းမာရေး အခြေအနေက အတော်လေး ကောင်းမွန်နေကြလေသည်။ ကျားသစ်ပေါက်လေးမှာလည်း အရင်ကထက် ပို၍ ဆူဖြိုးလာလေသည်။ တစ်ကောင်တည်းသော သားလေးဖြစ်သဖြင့် မိခင်ကျားသစ်မကြီးက အလွန်တရာ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ထားကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။

ရွှီယန်သည် မိခင်ကျားသစ်မကြီး၏ ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် ၎င်း၏ မျက်နှာကြီးကို စတင်၍ ပွတ်သပ်ဆော့ကစားတော့သည်။ အမွေးအမျှင်များက အိစက်ညက်ညောနေပြီး အလွန် နူးညံ့လှပေသည်။ ကျားသစ်များက ကျားများထက်စာလျှင် ပို၍ နူးညံ့သိမ်မွေ့သည့် အသွင်ရှိသဖြင့် အလွယ်တကူ ချဉ်းကပ်နိုင်လေသည်။ ကျားများကမူ အလွန်တရာ ကြမ်းကြုတ်ခက်ထန်လွန်းလှပေသည်။

တောတောင်ထဲရှိ ကျားသစ်များအား ပွတ်သပ်ဆော့ကစားရသော ဘဝမှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

"မင်းရဲ့ ဒဏ်ရာ ပျောက်သွားပြီဆိုရင် ကိုယ့်ဘာသာကိုယ် အစာရှာထွက်ရတော့မယ် ငါ မင်းတို့ဘဝထဲကို ထပ်ပြီး ဝင်မစွက်ဖက်တော့ဘူး... အခုက တိရစ္ဆာန် ကယ်ဆယ်ရေး သဘောမျိုးနဲ့ လုပ်ပေးနေတာဆိုတော့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဥပဒေနဲ့ ကိုက်ညီမှု ရှိတယ်"

ရွှီယန်က မိခင်ကျားသစ်မကြီးအား ပြောလိုက်လေသည်။

အမှန်တကယ်တော့ မိခင်ကျားသစ်မကြီး၏ ဒဏ်ရာ ပျောက်ကင်းသွားပါက ၎င်းတို့သည် ဤနေရာမှ ထွက်ခွာသွားကြပြီး ပိုင်နက်အသစ် တစ်ခုကို သွားရောက်ရှာဖွေကြမည် ဖြစ်လေသည်။

ကျားသစ်များမှာ ပိုင်နက်နယ်မြေ သတ်မှတ်မှု အလွန် အားကောင်းသော တိရစ္ဆာန်များ ဖြစ်ကြပြီး လူသားများကိုလည်း အလွန်တရာ တိုက်ခိုက်လေ့ မရှိကြပေ။ လူသားများနှင့် ကြုံတွေ့ရပါက ရှောင်ကွင်း၍ သွားတတ်ကြလေသည်။

ဤနေရာတစ်ဝိုက်တွင် တိရစ္ဆာန်များ အလွန် နည်းပါးလှသဖြင့် အစာရှာဖွေရန် ခက်ခဲလှပေသည်။ ထို့ကြောင့် ၎င်းတို့သည် တောအုပ်၏ အနက်ပိုင်းဆီသို့ ဆက်လက်၍ ဝင်ရောက်သွားကြမည် ဖြစ်လေသည်။

ရွှီယန်သည် ဤနေရာတွင် အချိန်အနည်းငယ် ကြာအောင် နေထိုင်ပြီးနောက် နို့ဘူးကို သိမ်းဆည်းကာ ကျားသစ်နှစ်ကောင်အား နှုတ်ဆက်၍ အိမ်သို့ ပြန်လာခဲ့လေသည်။

မွန်းလွဲပိုင်းတွင် လုပ်စရာကိစ္စ မရှိသဖြင့် ရွှီယန်သည် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ခဏတာ ဖွင့်လှစ်ကာ ကျော်ကြားမှုရမှတ်များ ရှာဖွေရန် ရည်ရွယ်လိုက်လေသည်။

သူသည် ရှောင်ဟေးကို ခေါ်ဆောင်ကာ ဒရုန်းကို ဖွင့်လှစ်လိုက်ပြီး ရွာနောက်ဘက်ရှိ တောင်တန်းဆီသို့ ထွက်လာခဲ့လေသည်။ ဤနေရာတစ်ဝိုက်မှာ လူသားများ သွားလာလှုပ်ရှားလေ့ရှိသော ဧရိယာသက်သက်သာ ဖြစ်လေသည်။

ဒရုန်းလေးက ကောင်းကင်ယံသို့ အမြင့်ဆုံး ပျံတက်သွားလေသည်။

မကြာမီမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာ လျင်မြန်စွာ တိုးပွားလာတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ အမည်မှာ တောတောင်ရှာဖွေသူ ရွှီယန် ဟူ၍ ဖြစ်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ကွန်ရက်သုံးစွဲသူများ အနေဖြင့် ကောင်းကင်ယံမှနေ၍ တောင်ပေါ်ရွာလေး၏ ပတ်ဝန်းကျင် အနေအထားကို အပေါ်စီးမှ ကြည့်ရှုနိုင်မည် ဖြစ်လေသည်။ ရွှီယန် နေထိုင်ရာ တောင်ပေါ်ရွာလေးမှာ အလွန်တရာ သန့်ရှင်းသပ်ရပ်လှပေသည်။ ကောင်းကင်ကြီးကလည်း အပြာနုရောင် သန်းနေပြီး တိမ်စက်တိမ်လိပ်များမှာလည်း လုံးဝ အဖြူရောင်စစ်စစ် ဖြစ်နေကာ ကောင်းကင်ယံတွင် သန့်ရှင်းသော ဝါဂွမ်းစလေးများအလား လွင့်မျောနေကြလေသည်။

အခြားသော ကျေးလက် တိုက်ရိုက်ထုတ်လွှင့်သူများကဲ့သို့ ကြွားလုံးထုတ်သော သီချင်းများ အကအခုန်များနှင့် အော်ဟစ်ဆူညံမှုများ လုံးဝ မရှိပေ။ အေးချမ်းသာယာသော ကျေးလက် ရိုးရာဓလေ့များသာ ရှိလေသည်။ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာများမှာ သန့်ရှင်းရှင်းလင်းပြီး လက်ရှိ အင်တာနက် ကွန်ရက်ပတ်ဝန်းကျင်တွင် အလွန်တရာ ရှားပါးလွန်းလှပေသည်။

ထို့ကြောင့်ပင် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုက ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော ပရိသတ်များကို အများအပြား ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

"အစ်ကို တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်လိုက်ပြီပဲ"

"ဒီနေ့ တောင်ပေါ်တက်မှာလား"

"ဘေးနားက မည်းမည်းလုံးလုံးလေးက ဘာလေးလဲ လှုပ်တောင် လှုပ်နေသေးတယ်"

"ဟားဟားဟား မပြောရင်တောင် သတိမထားမိဘူး ဒီခွေးနက်လေးက နို့ပြတ်ပြီလား"

ဒရုန်း၏ ကင်မရာမြင်ကွင်းက နီးကပ်လာသောအခါ ကွန်ရက်သုံးစွဲသူများက ရွှီယန်၏ ခြေရင်းရှိ ခွေးနက်လေးကို မြင်တွေ့လိုက်ကြရလေသည်။ လက်ရှိအချိန်တွင် ခွေးနက်လေးမှာ သုံးလအရွယ်ခန့်သာ ရှိသေးပြီး အသားလေးများကလည်း အိစက်နေကာ ခြေထောက်လေးချောင်း ပေါက်နေသော ကျောက်မီးသွေးခဲလေး တစ်ခုနှင့်ပင် တူနေလေသည်။

ရွှီယန်က ရှေ့သို့ လမ်းလျှောက်သွားပါက ၎င်းကလည်း အမြန်ဆုံး လိုက်ပါလာတော့သည်။

ရွှီယန်သည် ရင်ဘတ်ရှိ အသံဖမ်းစက်ကို ဖွင့်ကာ ပြောလိုက်လေသည်။

"ဒီနေ့တော့ တောင်ပေါ် မတက်တော့ဘူး ခဏလောက် အနားယူမလို့ မနက်ဖြန် နံနက် ၆ နာရီကျမှ တောနက်ကြီးထဲကို ဝင်ပြီး တောရိုင်း ဂျင်ဆင်း သွားရှာမယ်... ဒီနေ့တော့ နောက်ဘက်က တောင်ကုန်းပေါ်ကို သွားပြီး ရွာရဲ့ အခြေအနေကို တိုက်ရိုက်ထုတ်လွှင့် ပြသပေးမယ်... ကျွန်တော်တို့ ရွာက ချန်ပိုင်တောင်တန်းရဲ့ တောင်ခြေမှာရှိတဲ့ ဟန်လူမျိုးတွေ နေထိုင်တဲ့ ရွာလေးပါ ပတ်ဝန်းကျင်က အရမ်းကောင်းတယ်... အိမ်တိုင်းလိုလိုမှာ ခြံဝင်းတွေ ရှိကြပြီး ခြံဝင်းတွေကလည်း တော်တော်လေး ကျယ်ဝန်းကြတယ်... ရွာနောက်ဘက်မှာ မြစ်တစ်စင်းရှိပြီး စမ်းချောင်းလေးတွေလည်း ရှိတယ် ကျွန်တော်တို့ဆီမှာ ရေကတော့ လုံးဝ မရှားဘူး ရေတွေ အရမ်းပေါတယ်"

ရွှီယန်သည် ရွာလမ်းမထက်တွင် လမ်းလျှောက်ရင်းနှင့်ပင် ကွန်ရက်သုံးစွဲသူများအား ရှင်းပြနေလေရာ အားလုံးက ထူးခြားသော အချက်တစ်ချက်ကို သတိထားမိသွားကြလေသည်။ ဤရွာလေးက အလွန်တရာ ခေတ်မီဖွံ့ဖြိုးနေပုံ မပေါ်သော်လည်း အလွန်ပင် သန့်ရှင်းသပ်ရပ်နေခြင်းပင် ဖြစ်လေသည်။ လမ်းမများပေါ်တွင် အမှိုက်တစ်စပင် မရှိအောင် သန့်ရှင်းနေခြင်း ဖြစ်လေသည်။

တောင်ပေါ်ရွာလေး တစ်ရွာအတွက် ဤသည်မှာ အလွန်တရာ ရှားပါးလွန်းလှပေသည်။ မည်သို့ပင်ဖြစ်စေ တောင်ပေါ်ရွာလေးများမှာ အမြဲတမ်း ဖုန်တက်နေပြီး အညစ်အကြေးများ ပြည့်နှက်နေလေ့ ရှိသည်ဟု လူအများစုက ထင်မြင်ယူဆထားကြသောကြောင့် ဖြစ်လေသည်။

"ဒီရွာလေးက ဘာလို့ ဒီလောက်တောင် သန့်ရှင်းနေရတာလဲ"

"ဟုတ်တယ် လမ်းတွေက အရမ်းကို သန့်ရှင်းနေတာပဲ သစ်ပင်ပန်းမန်တွေလည်း အများကြီးပဲ ဒါပေမယ့် အိမ်တွေကတော့ အဟောင်းတွေချည်းပဲ"

"အိမ်တွေကလည်း အရမ်းသန့်ရှင်းနေတာပဲ ကြည့်ရတာ တကယ်ကို ကောင်းတယ်"

ပရိသတ် အများအပြားက အံ့ဩထူးဆန်းနေကြလေသည်။

ရွာတစ်ရွာလုံးရှိ အိမ်များအားလုံးမှာ အတူတူပင် ဖြစ်လေသည်။ အမိုးများကို အနီရောင် အုတ်ကြွပ်များဖြင့် မိုးထားပြီး နံရံများကို အဖြူရောင် သုတ်ထားကာ ခြံဝင်းအပြင်ဘက်တွင် သစ်သားခြံစည်းရိုးများ ကာရံထားလေသည်။

ထို့အပြင် ရွှီယန် မပြောပြရသေးသော အချက်တစ်ချက် ရှိသေးလေသည်။ ဤရွာရှိ သက်ကြီးရွယ်အိုများ၏ စကားပြောသံများမှာ အရှေ့မြောက်လေသံ မဟုတ်ဘဲ ဆန်းတုန်းလေသံ ဖြစ်နေခြင်းပင် ဖြစ်လေသည်။ ဤရွာလေးမှာ ယခင်က ဆန်းတုန်းပြည်နယ်မှ ရွာတစ်ရွာလုံး ပြောင်းရွှေ့လာခဲ့ပြီးနောက် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်လေသည်။

ဤသည်မှာ တရုတ်ရိုးရာ ယဉ်ကျေးမှုများ ပေါင်းစပ်ယှက်နွယ်မှု၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။ ယခင်က ကွမ်တုန်းဒေသသို့ ဝင်ရောက်လာသူ သန်း ၄၀ ခန့်ရှိရာ ထိုအထဲမှ သန်း ၂၀ ခန့်မှာ ဆန်းတုန်းပြည်နယ်မှ ဖြစ်ကြလေသည်။ ထို့ကြောင့် အရှေ့မြောက်ဒေသရှိ လူအများစုမှာ ဆန်းတုန်းလူမျိုးများ၏ မျိုးဆက်များ ဖြစ်ကြလေသည်။

ရွှီယန်က အားလုံးကို ဆက်လက်၍ ရှင်းပြလိုက်လေသည်။

"အားလုံးပဲ ဒီဘက်ကို လာလည်လို့ရပါတယ် စားသောက်ဆိုင်တွေ တည်းခိုခန်းတွေ အများသုံး အိမ်သာတွေ အကုန်လုံးကို အရမ်း သန့်ရှင်းနေအောင် ထားကြတယ်... ရွာထဲမှာလည်း အတူတူပဲ အားလုံးက ဝိုင်းဝန်းပြီး သန့်ရှင်းရေး လုပ်ကြတယ် ကိုယ့်အိမ်ရှေ့က လမ်းကို မသန့်ရှင်းဘူးဆိုရင် တခြားသူတွေရဲ့ ကဲ့ရဲ့တာကိုတောင် ခံရနိုင်တယ်"

ချန်ပိုင်တောင်တန်း ဒေသတွင် ယဉ်ကျေးမှုများ အလွန် ကြွယ်ဝလှပြီး လူမျိုးပေါင်းစုံ နေထိုင်ကြလေသည်။ ဥပမာအားဖြင့် ရွှီယန် နေထိုင်ရာ ရွာလေးမှာ ဟန်လူမျိုးများ သီးသန့် နေထိုင်သော ရွာလေးဖြစ်ပြီး ဘေးနားတွင်လည်း ကိုရီးယားလူမျိုးများ နေထိုင်သော ရွာများလည်း ရှိသေးလေသည်။

မတူညီသော လူမျိုးများ၏ ယဉ်ကျေးမှုများ အပြန်အလှန် ပေါင်းစပ်ယှက်နွယ်ပြီး အပြန်အလှန် အထောက်အကူ ပြုကာ ယခုကဲ့သို့သော တောင်ပေါ်ရွာလေးများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ တောင်ပေါ်ရွာလေးက အလွန်ပင် လှပလွန်းလှပေသည်။

ရွှီယန်သည် လမ်းမပေါ်တွင် လျှောက်သွားရင်းနှင့်ပင် ရွာအပြင်ဘက်သို့ ထွက်လာခဲ့လေသည်။ သူသည် အားလုံးကို သူ၏ ရွာလေးအကြောင်းကို မိတ်ဆက်ပေးချင်နေလေသည်။ ဤနေရာတစ်ဝိုက်တွင် ရွာများ အများအပြား ရှိပြီး တစ်ရွာနှင့်တစ်ရွာ ကိုယ်ပိုင် ထူးခြားချက်လေးများ အသီးသီး ရှိကြလေသည်။

"ဒီနေ့ အားလုံးကို နေရာတစ်နေရာကို ခေါ်သွားမယ် ကျွန်တော်တို့ရွာရဲ့ စီးပွားရေး အခြေခံ အုတ်မြစ်လို့ ပြောလို့ရတဲ့ နေရာကို ပြပေးမယ်"

ရွှီယန်က ထပ်မံ၍ ပြောလိုက်လေသည်။

သူက ဖြည်းဖြည်းမှန်မှန်ပင် လမ်းလျှောက်နေလေသည်။ ယခုအခါ တောင်ပေါ်ရွာလေးများတွင် သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းများသာ အများဆုံး နေထိုင်ကြပြီး လူငယ်များကတော့ အလွန် နည်းပါးလှပေသည်။ အားလုံးလိုလိုက မြို့ကြီးပြကြီးများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ကြသည် သို့မဟုတ် စာမေးပွဲ အောင်မြင်ပြီးနောက် မြို့တွင် အခြေချ နေထိုင်သွားကြလေသည်။

တောင်ပေါ်ရွာလေးများ၏ ဝင်ငွေမှာ အလွန် နည်းပါးလွန်းလှပြီး အလုပ်အကိုင် အခွင့်အလမ်းများကလည်း အလွန် နည်းပါးလှသဖြင့် လူငယ်များ အနေဖြင့် အပြင်သို့ ထွက်ခွာရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်နေလေသည်။

သို့သော် ရွှီယန်ကမူ တောင်ပေါ်ရွာလေး၏ ဘဝကို အလွန် နှစ်သက်လေသည်။ အထူးသဖြင့် သစ်တောများနှင့် တိရစ္ဆာန်များကို အလွန် နှစ်သက်လေသည်။ လက်ရှိအချိန်တွင် သူ့အတွက် မည်သည့် ဖိအားမှ မရှိသဖြင့် အလွန်ပင် ပေါ့ပါးလွတ်လပ်စွာ နေထိုင်နိုင်လေသည်။

ခွေးနက်လေးကလည်း သူ၏ နောက်မှ တကောက်ကောက် လိုက်ပါလာလေသည်။ ဤကောင်လေး၏ ခွန်အားက အလွန် ကောင်းမွန်လှပေသည်။ ဤအရွယ်က သွားလာလှုပ်ရှားမှု အများဆုံး လိုအပ်သော အရွယ်ဖြစ်ရာ အပြင်သို့ ခေါ်ဆောင်သွားပြီး လမ်းလျှောက်ပေးပါက အိမ်ပြန်ရောက်သည့် အချိန်တွင် အများကြီး မဆော့ကစားနိုင်တော့ပေ။

ရွှီယန်သည် ရွာအပြင်ဘက်သို့ တောက်လျှောက် လမ်းလျှောက်လာခဲ့ရာ မကြာမီမှာပင် သစ်တောအုပ်ကြီးထဲသို့ ဝင်ရောက်သွားလေသည်။

"တောအုပ်ထဲက နေရာတော်တော်များများမှာ ဖုန်းလိုင်း မမိဘူး ဒါပေမယ့် ကျွန်တော်က ဂြိုဟ်တု အင်တာနက်ကို ငှားထားတာဆိုတော့ တောနက်ကြီးထဲ ရောက်ရင်တောင် တိုက်ရိုက်ထုတ်လွှင့်လို့ ရတယ်"

ရွှီယန်က ရှင်းပြလိုက်လေသည်။

တောင်ပေါ်လမ်းက သွားလာရ မလွယ်ကူလှပေ။ ခွေးနက်လေးက ကန့်လန့်ဖြတ်နေသော သစ်နွယ်ပင် တစ်ခုကြောင့် ရှေ့ဆက်သွားရန် အခက်အခဲ ဖြစ်နေသည်ကို မြင်သောအခါ ရွှီယန်က ခွေးနက်လေးကို ပွေ့ချီလိုက်ပြီး အတွင်းဘက်သို့ ဆက်လက်၍ ဝင်ရောက်သွားလေတော့သည်။

All Chapters