အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) ခုနကဟာက ဘာကြီးလဲ သိုင်းပညာလား
ရွှီယန်သည် နေရာပြသထားသော ရတနာရှိရာ နေရာသို့ ရောက်ရှိလာခဲ့လေသည်။
"ဟင်"
ရွှီယန် အနည်းငယ် အံ့ဩသွားလေသည်။
"အစ်ကိုရေ ဘာဖြစ်လို့လဲ ပစ္စည်းကောင်း တစ်ခုခု ထပ်တွေ့ပြန်ပြီလား"
ရွှီယန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကွန်ရက်သုံးစွဲသူများ၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားကြတော့သည်။
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်မည်ဆိုပါက စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထားနိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက အလွယ်တကူ စိတ်လှုပ်ရှား တုန်လှုပ်သွားနိုင်လေသည်။
ခဏခဏ ဆိုသလို ယွမ်သောင်းချီတန်သော တောရိုင်း တောင်ထွက်ပစ္စည်းများကို တူးဖော်ရရှိနေပါက မည်သူကများ ခံနိုင်ရည် ရှိမည်နည်း။
သို့သော် ဤတစ်ကြိမ်တွင် ရွှီယန် ရှာဖွေတွေ့ရှိခဲ့သည်မှာ ဆေးဘက်ဝင် အပင်များ မဟုတ်ပေ။
မြေကြီးပေါ်တွင် လဲကျနေသော ကြီးမားတုတ်ခိုင်သည့် သစ်ပင်ကြီး တစ်ပင်သာ ဖြစ်လေသည်။ သစ်စည်၏ ဆွေးမြည့်နေမှု အခြေအနေကို ကြည့်ပြီး ခန့်မှန်းရမည် ဆိုပါက ဆယ်စုနှစ်ချီ၍ပင် ကြာမြင့်နေပြီ ဖြစ်လေသည်။ သစ်ခေါက်များပေါ်တွင်လည်း ရေညှိများ အပြည့်အနှက် ပေါက်ရောက်နေလေသည်။
"အားလုံးပဲ ဒီဘက်ကို ကြည့်လိုက် မြေကြီးပေါ်မှာ လဲကျနေတဲ့ ထင်းရှူးပင်ကြီး တစ်ပင်ပဲ"
ရွှီယန်က ရတနာ ဘယ်နေရာမှာ ရှိနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သော်လည်း သူ၏ မျက်နှာအမူအရာကတော့ အလွန်ပင် တည်ငြိမ်နေလေသည်။
"ထင်းရှူးပင်ကတော့ သာမန်ပါပဲ သိပ်ပြီးတော့လည်း တန်ဖိုးမရှိပါဘူး တကယ် တန်ဖိုးရှိတာက ဒီနေရာလေးပဲ ဒါကို သစ်ဖု သို့မဟုတ် သစ်သားအကြိတ် လို့ ခေါ်ကြတယ်... ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ထင်းရှူးပင်တွေ သေဆုံးပြီး ဆွေးမြည့်သွားတဲ့အခါ အပင်ထဲက အဆီတွေက သစ်သားတွေထဲကို စိမ့်ဝင်သွားတယ် အချိန်အကြာကြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် အဆီအနှစ်တွေ တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားပြီး ဒီလိုမျိုး သစ်သားအဖုအထစ်တွေ ဖြစ်လာတာပဲ"
ရွှီယန်သည် ထင်းရှူးပင်၏ အလျားတစ်လျှောက် လမ်းလျှောက်သွားရင်း ထင်းရှူးပင်ပေါ်တွင် အဖုအထစ် အကြီးကြီး ဖြစ်နေသော နေရာကို လက်ညှိုးထိုးပြကာ ကွန်ရက်သုံးစွဲသူများအား ရှင်းပြလိုက်လေသည်။
အားလုံးက ရွှီယန်၏ ရှင်းပြချက်ထဲတွင် နောက်တစ်ကြိမ် နစ်မြောသွားကြပြန်လေသည်။
လူအများစုအတွက်မူ တောတောင်ကြီးထဲရှိ အရာအားလုံးက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေတတ်လေသည်။
"နားထောင်ရတာ တော်တော်လေး တန်ဖိုးကြီးမယ့်ပုံပဲ"
"ဒီသစ်ဖုကြီးက ဘယ်လောက်လောက် ရောင်းရနိုင်လဲ"
ကွန်ရက်သုံးစွဲသူ အချို့က မစောင့်ဆိုင်းနိုင်တော့ဘဲ အလောတကြီး မေးမြန်းလာကြလေသည်။
ထိုအခါ ရွှီယန်က ပြုံးလျက် ဖြေကြားလိုက်လေသည်။
"အရင်တုန်းကဆိုရင် ကျွန်တော်တို့ ရွာကလူတွေက ဒါကို မီးမွှေးတဲ့ နေရာမှာ သုံးကြတယ် မီးဖိုမှာ မီးမွှေးရင် အရင်ဆုံး ဒါလေး နည်းနည်း ထည့်မွှေးလိုက်တာမျိုးပေါ့... ဘာလို့လဲဆိုတော့ ဒီသစ်သားထဲမှာ အဆီတွေ အပြည့်ပါနေလို့ မီးလောင်လွယ်တယ် မီးတောက်လည်း အားကောင်းတော့ မီးမွှေးဖို့ အရမ်း သင့်တော်တယ်... အခုတော့ လူတွေက ဒါကို အထက်တန်းကျတဲ့ နာမည်တစ်ခု ပေးထားကြတယ် ပယင်းသစ်သား တဲ့... ဒါကို ခုတ်ယူသွားပြီး ပွတ်စက်နဲ့ တိုက်ကာ လက်ပတ်ပုတီးလေးတွေ လုပ်ကြတယ်... အရောင်က နီစွေးစွေးလေးနဲ့ အဆီပြန်နေတော့ လက်ပတ်ပုတီး လုပ်လိုက်ရင် တော်တော်လေး ကြည့်ကောင်းတယ်... ဒါပေမယ့် လက်တွေ့မှာတော့ ဒါက အရည်အသွေး သိပ်မကောင်းတဲ့ လက်ပတ်ပုတီးပါပဲ ဘာလို့လဲဆိုတော့ အမြဲတမ်း ပွတ်သပ်နေရင် ဒီသစ်သားထဲကနေ တကယ်ပဲ အဆီတွေ ထွက်လာတတ်လို့ပဲ... တခြား အရည်အသွေး ကောင်းတဲ့ လက်ပတ်ပုတီးတွေက လူရဲ့ လက်ကအဆီနဲ့ သစ်သားကို ပြုစုပျိုးထောင်ရတာမျိုး ဖြစ်ပေမယ့် ဒီလက်ပတ်ပုတီးကတော့ သစ်သားကနေ ထွက်လာတဲ့ အဆီတွေက လက်တစ်ဖက်လုံးကို ပေကျံသွားစေတာမျိုးပဲ... တန်ဖိုးရှိလားဆိုရင်တော့ ဒီလောက် အတုံးကြီးဆိုရင် ယွမ်ရာဂဏန်းလောက်တော့ ရနိုင်တယ် ဒါပေမယ့် ကျွန်တော့်မှာ လျှပ်စစ်လွှစက် မပါလာဘူးလေ ခုတ်ယူဖို့က မလွယ်ဘူး... အဲ့ဒါကြောင့် ဒီတိုင်း ကြည့်ရုံပဲ ရမှာပေါ့"
ရွှီယန်က အချက်ကျကျ ရှင်းပြလိုက်လေသည်။
ကွန်ရက်သုံးစွဲသူများက သူ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ အလွန်ပင် ဆန်းသစ်နေသည်ဟု ခံစားလိုက်ရလေသည်။
"သေဆုံးသွားတာ နှစ်အတော်ကြာပြီဖြစ်တဲ့ ထင်းရှူးပင်ကြီးကနေ သစ်ဖုတွေ ထွက်လာတယ်ဆိုတာ တကယ်ကို အံ့ဩစရာပဲ"
"ဒီသစ်သားက အဆီတွေချည်းပဲ ဆိုတော့ အထူးသဖြင့် နွေရာသီဆိုရင် အဆီတွေထွက်လာပြီး စေးကပ်ကပ်ကြီး ဖြစ်နေမှာ လက်ပတ်ပုတီး လုပ်ဖို့ မသင့်တော်ပါဘူး"
"ဟုတ်တယ် ကျွန်တော်တို့ ဒီဘက်မှာဆိုရင် သစ်ဖုတွေ အများကြီး ရှိတယ် အကုန်လုံးက ခုတ်ယူပြီး ထင်းအဖြစ် သုံးကြတာ မီးမွှေးတဲ့ နေရာမှာ တကယ်ကို အသုံးဝင်တယ်"
"ဒီလို သစ်ဖုမျိုးက မီးလောင်လွယ်တဲ့ သစ်သားမျိုးပဲ"
လူအများအပြားက ဝင်ရောက် ထောက်ခံ ပြောဆိုလာကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာ ထပ်မံ၍ တိုးပွားလာပြီး လေထုမှာလည်း အလွန် ကောင်းမွန်နေလေသည်။
အဓိက အကြောင်းရင်းမှာ ရွှီယန်၏ ရှင်းပြချက်များက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းခြင်းမျိုး မပါဝင်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ရှိနေခြင်းကြောင့်ပင် ဖြစ်လေသည်။
အချို့သော တိုက်ရိုက်ထုတ်လွှင့်သူများက ပယင်းသစ်သား လက်ပတ်ပုတီးများကို ရောင်းချလိုသဖြင့် ပယင်းသစ်သားမှာ မည်မျှ တန်ဖိုးကြီးကြောင်း မည်မျှ ကောင်းမွန်ကြောင်းနှင့် ရရှိရန် မည်မျှ ခက်ခဲကြောင်းတို့ကို အမွှမ်းတင်၍ ပြောဆိုတတ်ကြလေသည်။
အမှန်တကယ်တော့ ဤဒေသရှိ လူတိုင်းက ပယင်းသစ်သား ဆိုသည်မှာ မီးမွှေးရန် အသုံးပြုသော သစ်ဖုများသာ ဖြစ်ပြီး လက်ပတ်ပုတီးများ ရောင်းချနိုင်ရန်အတွက် နာမည်ကောင်း တစ်ခုကို တမင်တကာ ပေးထားခြင်းသာ ဖြစ်ကြောင်းကို သိရှိကြလေသည်။
ရွှီယန်က မြေကြီးပေါ်တွင် လဲကျနေသော ထင်းရှူးပင်ကြီးကို ကြည့်လိုက်လေသည်။
ထင်းရှူးပင်ပေါ်တွင် သစ်ဖုနှစ်ခု ထွက်ပေါ်နေလေသည်။ အကယ်၍ ခုတ်ယူ၍ ရမည်ဆိုပါက အိမ်ရှိ ထင်းတဲထဲတွင် သွားထားလိုက်လျှင် အတော်လေး အဆင်ပြေမည် ဖြစ်လေသည်။
တောင်ပေါ်ရွာလေးရှိ ရွာသားများက တောင်ပေါ်တက်၍ ထင်းခွေလေ့ ရှိကြပြီး အိမ်တိုင်းလိုလိုတွင် ထင်းတဲများ ရှိကြလေသည်။ ထင်းတဲထဲတွင် သစ်သားများ အပြည့်အနှက် ပုံထားလေ့ရှိပြီး ထမင်းဟင်း ချက်ပြုတ်ရာတွင် အသုံးပြုနိုင်သည့်အပြင် ဆောင်းရာသီတွင်လည်း ၎င်းတို့ကို အားကိုး၍ အနွေးဓာတ် ယူကြရလေသည်။
ရွှီယန်တို့ မိသားစုလည်း ခြွင်းချက် မဟုတ်ပေ။
သို့သော် လျှပ်စစ်လွှစက် ပါမလာသလို ဤသစ်ဖုနှစ်ခုမှာလည်း အလွန် လေးလံလှသဖြင့် သယ်ဆောင်သွားရန် မလွယ်ကူလှပေ။ ထို့ကြောင့် ရွှီယန်သည် ဒီအတိုင်း ကြည့်ရုံသာ ကြည့်နေလိုက်လေသည်။
ထို့နောက် သူက စက္ကူမြေပုံကို ထုတ်ယူကာ ကွန်ပါဒေါက် တစ်ခုဖြင့် ခုနက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြုခဲ့သော နေရာကို ဗဟိုပြု၍ သုံးကီလိုမီတာ ပတ်လည် စက်ဝိုင်းတစ်ခု ရေးဆွဲကာ ဧရိယာတစ်ခုကို ထပ်မံ၍ ဖယ်ရှားလိုက်လေသည်။
ကွန်ရက်သုံးစွဲသူများကမူ သူ မြေပုံပေါ်တွင် ဘာတွေ ရေးဆွဲနေမှန်းကို ရှင်းလင်းစွာ မမြင်ရသော်လည်း မြေပုံကို ကိုင်တွယ် အလုပ်လုပ်နေသည်ကိုတော့ မြင်တွေ့နေရလေသည်။
အားလုံးက တစ်ချိန်တည်းမှာပင် ချီးကျူးစကားများ ဆိုလာကြတော့သည်။
"ပညာရှင်ပဲ"
"ဒီအစ်ကို ပေးတဲ့ ခံစားချက်က တကယ်ကို တခြားသူတွေနဲ့ မတူဘူးဗျာ"
ရွှီယန်သည် ဧရိယာ နှစ်ခုကို ဖယ်ရှားလိုက်ပြီးနောက် မြေပုံပေါ်တွင် နေရာသစ် တစ်ခုကို ထပ်မံ ရှာဖွေလိုက်လေသည်။
ထိုနေရာသစ်ကို ဗဟိုပြု၍ သုံးကီလိုမီတာ ပတ်လည် စက်ဝိုင်းတစ်ခု ရေးဆွဲမည် ဆိုပါက ယခင် ဧရိယာ နှစ်ခုနှင့် လုံးဝ ထပ်သွားမည် မဟုတ်ပေ။
ကံကောင်း၍ ဤတစ်ကြိမ်တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ်သာ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ သို့မဟုတ်ပါက အနည်းငယ် ရှုံးသွားနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤဧရိယာတွင် ပစ္စည်းကောင်းများ မရှိကြောင်း သိသာထင်ရှားနေပြီး နေရာပြသထားသော သစ်ဖုမှာလည်း တန်ဖိုး မရှိသောကြောင့် ဖြစ်လေသည်။
ရွှီယန်သည် အနက်ပိုင်းသို့ ဆက်လက် ဝင်ရောက်ကာ တောင်ထွက်ပစ္စည်းများကို စတင် ရှာဖွေတော့သည်။
"တောင်ပေါ်မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ် ကိုယ်က သိမသိ ဆိုတာပေါ်မှာပဲ မူတည်တာ... သိမယ်ဆိုရင် တောင်ပေါ်တက်ရုံနဲ့တင် အခြေခံအားဖြင့် စားဝတ်နေရေး အတွက် ပူစရာ မလိုတော့ဘူး... ဘာမှမသိဘဲ တောင်ပေါ် တက်လာရင်တော့ လေ့ကျင့်ခန်း လုပ်ရုံ သက်သက်ပဲ ဖြစ်သွားမှာပေါ့... ဒါပေမယ့် ဒါကလည်း တော်တော်လေး ခက်ခဲပါတယ် တချို့လူတွေဆိုရင် တောင်ပေါ်ကို နှစ်အတော်ကြာ သွားလာနေမှသာ ဆေးဘက်ဝင် အပင်တွေ သစ်တောထွက် ပစ္စည်းတွေရဲ့ ကြီးထွားမှု အခြေအနေနဲ့ ပေါက်ရောက်တဲ့ ပတ်ဝန်းကျင်ကို အပြည့်အစုံ သိနိုင်တာလေ... ပြီးတော့ သင်ပြပေးမယ့်သူ မရှိဘဲ ကိုယ့်ဘာသာကိုယ် တောထဲမှာ လျှောက်သွားနေရင်လည်း တတ်မြောက်ဖို့က အရမ်း ခက်ခဲပါတယ်"
ရွှီယန်သည် အတွင်းဘက်သို့ လမ်းလျှောက်ဝင်သွားရင်း ရှင်းပြနေလေသည်။
ကွန်ရက်သုံးစွဲသူများက သူ၏ စကားကို ကြားလိုက်ရသောအခါ ခေါင်းညိတ် ထောက်ခံကြလေသည်။
ရွှီယန် ပြောသည်မှာ အလွန်ပင် အဓိပ္ပာယ် ရှိလှပေသည်။
သာမန်လူများ တောင်ပေါ်သို့ တက်လာပါက မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် အပင်သုံးမျိုးကိုသာ ခွဲခြားသိနိုင်ကြလေသည်။ ဒါက သစ်ပင် ဒါက မြက်ပင် ဒါက ပန်းပင် စသည်ဖြင့်သာ သိကြလေသည်။ ထို့ထက် ပို၍ မသိကြတော့ပေ။
အများဆုံး သိလှလျှင် တောရိုင်း သစ်သီး အချို့ကိုသာ သိနိုင်ကြလေသည်။ သူတို့ကို တောထဲမှ တန်ဖိုးကြီး တောင်ထွက်ပစ္စည်းများ ရှာခိုင်းမည် ဆိုပါက လုံးဝ ဖြစ်နိုင်ခြေ မရှိပေ။
"အစ်ကိုရေ ကျွန်တော့်ကို တောင်ပေါ်ခေါ်သွားပြီး တောင်ထွက်ပစ္စည်းတွေ အတူတူ ရှာပေးလို့ ရမလား"
"တပည့် လက်ခံလား ကျွန်တော်လည်း တောတောင်ရှာဖွေသူ လုပ်ချင်လို့"
နောက်ထပ် လူအချို့က ဝင်ရောက် ပြောဆိုလာကြပြန်သည်။
ဤလူများ အားလုံးက သူတစ်ပါး ငွေရှာနိုင်သည်ကို မြင်ပြီး မနာလိုစိတ်ဖြင့် အတူတကွ လိုက်ပါလိုကြခြင်းသာ ဖြစ်လေသည်။
ရွှီယန်ကမူ သဘာဝကျစွာပင် မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။ သူသည် အတွင်းဘက်သို့ တောက်လျှောက် ဝင်ရောက်သွားလေသည်။
မြက်ပင်များက အလွန် ထူထပ်ပိတ်ပေါင်းနေဆဲပင် ဖြစ်လေသည်။
ထိုအချိန်တွင် ရွှီယန်သည် အခြေအနေ တစ်ခုကို သတိထားမိသွားလေသည်။
သူသည် သူ၏ လက်ထဲရှိ သစ်သားတုတ်ကို အသုံးမပြုဘဲ ဘေးနားမှ သစ်ကိုင်း တစ်ကိုင်းကို ကောက်ယူကာ မြေကြီးပေါ်ရှိ အမည်းရောင် အရာဝတ္ထု တစ်ခုကို အသာအယာ ထိုးဆွကြည့်လိုက်လေသည်။
ဒရုန်းလေးက ဤမြင်ကွင်းကို အနီးကပ် ရိုက်ကူးပြသနေလေသည်။
ကွန်ရက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် မှင်သက်သွားကြတော့သည်။
'ဒီအစ်ကိုက... ချီး ကို ကစားနေတာလား'
"ငါ မျက်စိမှားတာတော့ မဟုတ်ပါဘူးနော် အဲ့ဒါ ချီးတုံးကြီး မဟုတ်လား"
"အစ်ကိုက တောနက်ကြီးထဲ ရောက်နေပြီး ချီးကစားတာကို တိုက်ရိုက်ထုတ်လွှင့် ပြသနေတာလား"
"လခွီး ငါ ထမင်းစားနေတာကို"
"ဟားဟားဟား ဒီအစ်ကိုက တကယ်ကို အကြံအစည် ကြီးမားတာပဲ"
မှတ်ချက်များက ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
သို့သော် ရွှီယန်၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပေါ့ပါးနေခြင်း မရှိဘဲ ပို၍ပင် လေးနက်တည်ကြည်လာလေသည်။
"ဒါက တောဝက်ရဲ့ အညစ်အကြေးပဲ... အခုနောက်ပိုင်း ဂေဟစနစ်တွေ ကောင်းလာတော့ နေရာတော်တော်များများမှာ တောဝက်တွေ အများကြီး ပေါက်ပွားလာကြတယ်... တောင်ပိုင်းရော မြောက်ပိုင်းက တောတောင်တွေမှာပါ အကုန်ရှိကြတယ်... တောဝက်တွေရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းက အရမ်းကို အားကောင်းတော့ အလွယ်တကူ ပေါက်ပွားများပြားလာနိုင်တယ်... ပြီးတော့ မြောက်ပိုင်းက တောဝက်တွေက တောင်ပိုင်းက တောဝက်တွေထက် အများကြီး ပိုကြီးတယ် ဆိုက်ဘေးရီးယား ဧရာမ တောဝက်ကြီးတွေ အကြောင်းကို အားလုံး ကြားဖူးမလားတော့ မသိဘူး သူတို့ရဲ့ အရွယ်အစားက ကားလေး တစ်စီးစာလောက်ကို ရှိတာ"
ရွှီယန်က ကောက်ယူထားသော သစ်ကိုင်းကို လွှင့်ပစ်လိုက်ကာ အားလုံးကို ရှင်းပြလိုက်လေသည်။
သူ၏ စကားသံ ထွက်ပေါ်လာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများ အားလုံး တိတ်ဆိတ်သွားကြတော့သည်။
'တောဝက် ဟုတ်လား ဧရာမ တောဝက်ကြီး ဟုတ်လား'
"ကျွန်တော်တို့ ဒီဘက်က တောဝက်တွေက အဲ့ဒီလောက်ကြီးတော့ မကြီးပါဘူး အရွယ်ရောက်ပြီးသား အိမ်မွေးဝက်တွေနဲ့ အရွယ်အစား အတူတူလောက်ပါပဲ လူတစ်ယောက် စီးလို့ ရလောက်တဲ့ အနေအထားမျိုးပေါ့... ခုနက တောဝက် အညစ်အကြေးက ခြောက်တောင် မခြောက်သေးဘူး... ဆိုလိုတာက ဒီတောအုပ်က တောဝက်တွေ နေထိုင်ကျက်စားတဲ့ နေရာပဲ သေချာပေါက် တောဝက်တွေ ရှိနေတယ်"
သူ၏ စကားကို ကြားလိုက်ရသောအခါ ကွန်ရက်သုံးစွဲသူများမှာ ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားကြတော့သည်။
လူသူကင်းမဲ့သော တောနက်ကြီးထဲတွင် သွားလာလှုပ်ရှားနေစဉ် ပတ်ဝန်းကျင်၌ အချိန်မရွေး ရက်စက်ကြမ်းကြုတ်သော တောဝက်ကြီး တစ်ကောင် ပေါ်ထွက်လာနိုင်လေသည်။
ဤအကြောင်းကို ကြားလိုက်ရသူတိုင်း မည်သူကများ မကြောက်ဘဲ နေနိုင်မည်နည်း။
ရွှီယန်ကမူ တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။
သူက အတွင်းဘက်သို့ ဆက်လက် လမ်းလျှောက်သွားလေသည်။
ထိုအချိန်တွင် ရွှီယန်၏ အရှေ့ဘက်ရှိ မြင့်မားသော မြက်ခင်းပြင်ကြီးက ရုတ်တရက် ပြင်းထန်စွာ လှုပ်ရမ်းလာတော့သည်။ ကြည့်ရသည်မှာ တစ်စုံတစ်ရာက မြက်ခင်းများကြားတွင် လမ်းလျှောက်လာပြီး မြက်ပင်များကို ဟိုဘက်ဒီဘက် ယိမ်းယိုင်သွားအောင် တိုက်ခိုက်လာသည့်အလားပင် ဖြစ်လေသည်။
ထို့နောက် ကွန်ရက်သုံးစွဲသူများက သူတို့ လုံးဝ ထင်မှတ်မထားသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရလေသည်။
ရွှီယန်သည် ရုတ်တရက် ဘေးဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားကာ ခုန်ပျံလိုက်ပြီး သစ်စည်ပေါ်သို့ ခြေလှမ်းတစ်ချက် နင်းလိုက်လေသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ကြီးမားတုတ်ခိုင်သော သစ်ကိုင်းကြီး တစ်ကိုင်းကို တင်းကျပ်စွာ ဆွဲကိုင်ကာ အပေါ်သို့ လှန်တက်လိုက်လေသည်။
ရွှီယန် တစ်ကိုယ်လုံး သစ်ပင်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ဤသည်မှာ ရွှီယန်၏ စွမ်းရည်ဖြစ်သော လျင်မြန်ဖြတ်လတ်မှု စွမ်းရည် ပင် ဖြစ်လေသည်။
ကွန်ရက်သုံးစွဲသူများ အားလုံးမှာ ပါးစပ်အဟောင်းသားနှင့် လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။
'ခုနကဟာက ဘာကြီးလဲ'
'သိုင်းပညာလား’