← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) သူပြေးမယ်... အကောင်ကြီးက လိုက်မယ်... အတောင်ပံ မပါဘဲတော့ ဘယ်လိုမှ မလွတ်နိုင်ဘူး

"အစ်ကိုရေ အစ်ကို ပစ္စည်းကောင်း တစ်ခုခု ထပ်တွေ့ပြန်ပြီ မဟုတ်လား"

ကွန်ရက်သုံးစွဲသူများက ညည်းတွားလိုက်ကြလေသည်။

"သူက အရမ်းကို ကျွမ်းကျင်တော့ တောထဲမှာ ပစ္စည်းကောင်းတွေ ရှာတွေ့တာကလည်း ပုံမှန်ပါပဲ"

"တောတောင်ရှာဖွေဖို့ မွေးလာတဲ့ ပါရမီရှင်ပဲ"

ရွှီယန်က ရှေ့သို့ ခြေနှစ်လှမ်းခန့် လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချကာ အနီရောင်ကြိုးကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ဂျင်ဆင်းအရွက်များကို သတိကြီးစွာဖြင့် ချည်နှောင်လိုက်လေသည်။

"ဒီနေ့ ကံဒီလောက် ကောင်းမယ်လို့ ကျွန်တော်တောင် မထင်ထားဘူးဗျ... တောင်ပေါ်တက်တာ သိပ်တောင် မကြာသေးဘူး ပစ္စည်းကောင်း တစ်ခုကို တွေ့လိုက်ရပြီ"

"ဒါက ဂျင်ဆင်းတစ်ပင်ပဲ ပြီးတော့ တကယ့်ကို တောရိုင်း ဂျင်ဆင်းစစ်စစ်ကြီးဗျ"

ရွှီယန်က ဂျင်ဆင်းအရွက်များ၏ ပုံသဏ္ဌာန်နှင့် အရေအတွက်ကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်လေသည်။

ဂျင်ဆင်းအရွက်များက သိပ်မမြင့်မားသလို အလွန်လည်း မကြီးမားလှဘဲ အစိမ်းရောင် ရှိလေသည်။ သေချာစွာ ကြည့်ရှုလိုက်မည်ဆိုပါက မြေကြီးထဲမှနေ၍ သေးသွယ်သော ပင်စည် ခြောက်ခု ထွက်ပေါ်နေပြီး ပင်စည်တစ်ခုစီတိုင်း၏ အပေါ်တွင် ကျယ်ပြန့်သော စိန်ပုံသဏ္ဌာန် အရွက်များ ရှိနေသည်ကို တွေ့ရမည် ဖြစ်လေသည်။

ပင်စည် ခြောက်ခု ဆိုသည်မှာ အရွက်ခက် ခြောက်ခုကို ကိုယ်စားပြုခြင်း ဖြစ်လေသည်။

ရွှီယန်၏ ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှား ဝမ်းသာနေမိလေသည်။

ဤကဲ့သို့သော အကောင်းဆုံး အရည်အသွေးရှိ တောရိုင်း ဂျင်ဆင်းမျိုးကို တွေ့ရှိရခြင်းက ထီဒုတိယဆု ပေါက်သွားသကဲ့သို့ ခံစားရစေလေသည်။ တကယ့်ကို ထီပေါက်သွားခြင်းပင် ဖြစ်လေသည်။

ယခုလက်ရှိ ဂျင်ဆင်း ဈေးကွက်တွင် အလွန်တရာ တန်ဖိုးကြီးမားသော တောရိုင်း ဂျင်ဆင်းများမှာ အလွန် ရှားပါးသွားပြီ ဖြစ်လေသည်။ သို့သော် နှစ်စဉ်နှစ်တိုင်း ယွမ်တစ်သိန်း နှစ်သိန်းခန့် တန်ဖိုးရှိသော တောရိုင်း ဂျင်ဆင်းများကတော့ အနည်းအကျဉ်း ရှိနေဆဲပင် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ချန်ပိုင်တောင်တန်းကြီးက အလွန်တရာ ကြီးမားကျယ်ပြန့်လှရာ ၎င်းပေါ်တွင် ရှင်သန်ပေါက်ရောက်နေသော သဘာဝ ရတနာများက မည်မျှရှိမည်ကိုပင် မှန်းဆ၍ မရနိုင်ပေ။

ယခုကဲ့သို့ လူသူ အရောက်အပေါက် နည်းပါးသော တောနက်ကြီးထဲတွင်သာ ဤကဲ့သို့သော အကောင်းဆုံး အရည်အသွေးရှိ တောရိုင်း ဂျင်ဆင်းမျိုး ရှိနေနိုင်ခြင်း ဖြစ်လေသည်။

ရွှီယန်သည် မြေကြီးများကို သတိကြီးစွာဖြင့် စတင် တူးဖယ်တော့သည်။ သူသည် အရင်ဆုံး သံပေါက်တူးဖြင့် မြေကြီးများကို ဖွသွားအောင် လုပ်လိုက်ပြီးနောက်မှ သမင်ချို ပေါက်တူးဖြင့် ဖြည်းဖြည်းချင်း တူးဖော်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ရှုနေရင်း စိတ်ထဲတွင် အလွန် သိချင်နေကြလေသည်။

"အရွက်ခက် ခြောက်ခုပါတဲ့ တောရိုင်း ဂျင်ဆင်းက ဘယ်လောက်လောက် တန်လဲ"

"ဒါက ကြိုပြီး စိုက်ထားတာ ဖြစ်ရမယ်"

"လင်ရှား ဂျင်ဆင်း ဖြစ်ဖို့များတယ် လင်ရှား ဂျင်ဆင်း စိုက်ခင်းတွေမှာလည်း အရွက်ခက် ခြောက်ခုပါတဲ့ ဂျင်ဆင်းတွေ တွေ့ရတတ်တယ်လေ"

"တောင်ပေါ်မှာ တကယ်ပဲ ဂျင်ဆင်းတွေ ရှိတာလား သွားတူးချင်လိုက်တာ"

မှတ်ချက်များက အဆက်မပြတ် လွင့်မျောလာကြလေသည်။

လူအများစုက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ယခုမှ ဝင်ရောက်လာကြသူများ ဖြစ်ကြသဖြင့် ရွှီယန်က တောင်ပေါ်လမ်းကို သုံးနာရီကြာအောင် လမ်းလျှောက်ခဲ့ရပြီး တောနက်ကြီးထဲတွင်လည်း တစ်နာရီကျော်ကြာအောင် ရှာဖွေခဲ့ပြီးမှသာ ဤတောရိုင်း ဂျင်ဆင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းကို မသိရှိကြပေ။

ယခုအခါ အင်တာနက်ပေါ်တွင် ဂျင်ဆင်းတူးသည့် ဗီဒီယိုများ တင်သူ အများအပြား ရှိလေသည်။ သေချာစွာ လေ့လာကြည့်မည်ဆိုပါက ထိုဗီဒီယို တင်သူများ အားလုံးက ဂျင်ဆင်း ရောင်းချသူများ ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်လေသည်။ ဆိုလိုသည်မှာ ဗီဒီယို အများစုကို ဂျင်ဆင်း စိုက်ပျိုးရေးခြံ ပိုင်ရှင်များက တင်ထားကြခြင်း ဖြစ်လေသည်။

သူတို့က တောင်ကုန်းတစ်ခုကို ငှားရမ်းကာ ဂျင်ဆင်းစေ့များကို ကြဲချထားပြီး မြေကွက်တစ်ခုလုံးတွင် ဂျင်ဆင်းများ အပြည့် စိုက်ပျိုးထားကြခြင်း ဖြစ်လေသည်။ ချန်ပိုင်တောင်တန်းတွင် လူနေထိုင်မှု ကျဲပါးပြီး တောင်တန်းများ အများအပြား ရှိသဖြင့် တောင်ကုန်းများကို ငှားရမ်းသူ အများအပြား ရှိကြလေသည်။ နှစ်စဉ်နှစ်တိုင်း လင်ရှား ဂျင်ဆင်းများကို ကားကြီးများဖြင့် သယ်ယူကြရလေသည်။

ထိုဗီဒီယိုများကို လူအများအပြားက မြင်တွေ့ခဲ့ကြသဖြင့် ဂျင်ဆင်းဆိုသည်မှာ သိပ်ပြီး တန်ဖိုး မရှိတော့ဘူးဟု ထင်မြင်ယူဆသွားကြခြင်း ဖြစ်လေသည်။ သို့သော် ရွှီယန်ကမူ ဒေသခံ တစ်ယောက်ဖြစ်သဖြင့် အခြေအနေကို ကောင်းစွာ သိရှိလေသည်။

နှစ်စဉ်နှစ်တိုင်း ဂျင်ဆင်း ကုန်သည် အများအပြားက ရွာစဉ်လှည့်ကာ ဂျင်ဆင်း လိုက်ဝယ်လေ့ ရှိကြသည်။ ရွာတစ်ရွာမှ တစ်စုံတစ်ယောက်က ဂျင်ဆင်းတူးရရှိခဲ့သည်ဟု ကြားသိရသည်နှင့် တစ်ပြိုင်နက် ထိုညမှာပင် ဂျင်ဆင်း ကုန်သည်များက အိမ်အရောက် လာရောက်ကာ ဈေးဖြတ်ကြလေသည်။ ကုန်သည်များက ဤမျှအထိ အလုအယက် လာရောက် ဝယ်ယူကြသည်ကို ကြည့်ခြင်းအားဖြင့် တောရိုင်း ဂျင်ဆင်း၏ တန်ဖိုးက မည်မျှ ကြီးမားကြောင်းကို ပြောနေစရာပင် မလိုတော့ချေ။

တကယ့် တောတောင်ရှာဖွေသူများ အနေဖြင့် အကောင်းဆုံး အရည်အသွေးရှိ တောရိုင်း ဂျင်ဆင်းကို တွေ့ရှိနိုင်ခြေ အလွန် နည်းပါးလှသလို ဗီဒီယို ရိုက်ကူးသော တောတောင်ရှာဖွေသူများလည်း အလွန် ရှားပါးလှပေသည်။ ထို့ကြောင့် အပြင်လူများ အနေဖြင့် တောရိုင်း ဂျင်ဆင်း၏ တန်ဖိုး မည်မျှ ကြီးမားကြောင်းကို မသိရှိကြခြင်းမှာလည်း သဘာဝပင် ဖြစ်လေသည်။

ရွှီယန်ကမူ အများကြီး ရှင်းပြနေရန် မရည်ရွယ်ပေ။

သူသည် မြေကြီးများကို ဖြည်းဖြည်းချင်း တူးဖယ်လိုက်ရာ မကြာမီမှာပင် ဂျင်ဆင်းတစ်ပင်လုံးကို အကုန်အစင် တူးဖော်နိုင်ခဲ့လေသည်။ သူက ဂျင်ဆင်းပေါ်ရှိ အမြစ်ဆုံများကို သေချာစွာ ရေတွက်ကြည့်လိုက်ရာ အနှစ်ရှစ်ဆယ်ခန့် သက်တမ်းရှိသော တောရိုင်း ဂျင်ဆင်းဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။ ဈေးကွက်ပေါက်ဈေး အားဖြင့် ယွမ် နှစ်သိန်းခန့် တန်ဖိုးရှိလေသည်။

"ဒီတောရိုင်း ဂျင်ဆင်းက အနှစ်ရှစ်ဆယ်လောက် ရှိတယ် ဒီနေ့ ကံတကယ်ကို ကောင်းတာပဲ"

"ကံထူးသွားပြီဗျာ"

"ဂျင်ဆင်းဘုရင် အဆင့်တော့ မမီသေးပေမယ့် တကယ့်ကို ပစ္စည်းကောင်း တစ်ခုပါပဲ"

ရွှီယန်က ဂျင်ဆင်းကို သတိကြီးစွာဖြင့် ကိုင်တွယ်ရင်း ပြုံးလျက် ပြောလိုက်လေသည်။

ဂျင်ဆင်း၏ ပုံသဏ္ဌာန်မှာ အလွန် ထူးဆန်းလေသည်။ ကောက်ကွေးနေပြီး အောက်ခြေတွင် အခက်အလက်များ ဖြာထွက်နေကာ အခွံကလည်း ချောမွေ့မှု မရှိပေ။

သို့သော် ဂျင်ဆင်းမြစ်များကမူ အလွန် များပြားလှပေသည်။ ကွန်ရက်သုံးစွဲသူများကမူ ဂျင်ဆင်း အကြောင်းကို နားမလည်ကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ဈေးနှုန်း ဘယ်လောက်ရနိုင်မည်ကိုသာ အဆက်မပြတ် မေးမြန်းနေကြလေသည်။

ရွှီယန်က ပြုံးလျက်သာ ဖြေကြားလိုက်လေသည်။

"တန်ဖိုးတော့ တော်တော်လေး ကြီးပါတယ် ဒါပေမယ့် ဈေးနှုန်းကတော့ ညှိနှိုင်းရဦးမှာဆိုတော့ အတိအကျတော့ မသိရသေးဘူး"

တကယ်တမ်း တောရိုင်း ဂျင်ဆင်းကို တူးဖော်ရရှိခဲ့သူက ထိုအကြောင်းကို အများသိအောင် ကြေညာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းက တန်ဖိုးကြီးကြောင်းကို သူ သိရှိသလို ဝယ်ယူမည့်သူများ အမြဲတမ်း ရှိနေကြောင်းကိုလည်း သိရှိထားသောကြောင့် ဖြစ်လေသည်။ လင်ရှား ဂျင်ဆင်းကို တောရိုင်း ဂျင်ဆင်းအဖြစ် ဟန်ဆောင် ရောင်းချလိုသော လောဘကြီးသည့် ကုန်သည်များသာလျှင် ဂျင်ဆင်း၏ တန်ဖိုးကို ချဲ့ကားပြောဆိုကာ ငွေပိုရအောင် လိမ်လည်လေ့ ရှိကြခြင်း ဖြစ်လေသည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ဂျင်ဆင်း အကြောင်းကို နားလည်သူ အများအပြား ရှိနေဆဲပင် ဖြစ်လေသည်။ ရွှီယန်ထံသို့ သီးသန့် မက်ဆေ့ချ်များ အများအပြား ဝင်ရောက်လာပြီး ဂျင်ဆင်းကို ရောင်းမည်လားဟု မေးမြန်းလာကြလေသည်။ အချို့က ဈေးနှုန်းကိုပင် တစ်ခါတည်း ပြောဆိုလာကြလေသည်။

အမြင့်ဆုံး ပေးသော ဈေးနှုန်းမှာ ယွမ်တစ်သိန်းသာ ဖြစ်ပြီး အပြင်ပေါက်ဈေးထက် အများကြီး နည်းပါးနေလေသည်။

အင်တာနက် ဆိုသည်မှာ ဤသို့ပင် ဖြစ်လေသည်။ လူအများစုက ရိုးသားမှု မရှိကြဘဲ အချောင်နှိုက်ရန်သာ ကြိုးစားတတ်ကြလေသည်။

ရွှီယန်ကလည်း မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။

သူက ဘေးနားရှိ ကျိုးကျနေသော သစ်ကိုင်းကြီး တစ်ကိုင်းကို ရှာဖွေကာ သစ်ခေါက်ကို အပြည့်အစုံ ခွာယူလိုက်လေသည်။ ထို့နောက် သစ်ခေါက်ကို မြေကြီးပေါ်တွင် ခင်းလိုက်ပြီး တူးဖော်ရရှိလာသော မြေကြီးများကို သစ်ခေါက်ထဲတွင် ထည့်လိုက်လေသည်။ ထို့နောက် ဂျင်ဆင်းကို ထည့်ကာ မြေကြီးများဖြင့် ပြန်လည် ဖုံးအုပ်လိုက်ပြီး နောက်ဆုံးတွင် သစ်ခေါက်ကို အပြည့်အစုံ ပိတ်လိုက်လေသည်။

တူးဖော်ရရှိလာသော ဂျင်ဆင်းများကို ဤနည်းအတိုင်းသာ သိမ်းဆည်းလေ့ ရှိကြပြီး ဤသည်မှာ ရိုးရာ ဓလေ့တစ်ခုပင် ဖြစ်လေသည်။

ယခင်တစ်ကြိမ်က ရွှီယန်သည် လက်ဆောင်ဘူးများ ယူဆောင်လာခဲ့သော်လည်း ဤတစ်ကြိမ်တွင် မပါလာသဖြင့် ရိုးရာ နည်းလမ်းကိုသာ အသုံးပြုလိုက်ရခြင်း ဖြစ်လေသည်။

ရွှီယန်သည် သစ်ကိုင်းကို ပွေ့ဖက်ထားရင်း ရင်ထဲတွင် အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။

သာမန် မိသားစု တစ်ခုမှ မွေးဖွားလာပြီး ယခုမှ ကျောင်းပြီးကာစ လူငယ်လေး တစ်ယောက်အတွက် ယွမ် နှစ်သိန်း ဆိုသည်မှာ အလွန်တရာ များပြားလှသော ဝင်ငွေတစ်ခုပင် ဖြစ်လေသည်။ ၎င်းက သူ၏ ဘဝနေထိုင်မှုကို အများကြီး တိုးတက်ပြောင်းလဲသွားစေနိုင်လေသည်။ စနစ်၏ အကျိုးကျေးဇူးများက တဖြည်းဖြည်း ထွက်ပေါ်လာပြီ ဖြစ်လေသည်။

အကောင်းဆုံး အရည်အသွေးရှိ တောရိုင်း ဂျင်ဆင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သဖြင့် ရွှီယန် အနေဖြင့် တောတောင်ရှာဖွေမှုကို ဆက်လက် ပြုလုပ်ရန် အစီအစဉ် မရှိတော့ပေ။

မည်သို့ပင်ဖြစ်စေ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သော တောရိုင်း ဂျင်ဆင်းကို အိမ်သို့ အရင်ဆုံး ပြန်ထားခြင်းကသာ အလုံခြုံဆုံး ဖြစ်လေသည်။

ကွန်ရက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို ကြည့်ရှုနေကြစဉ် ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက စတင် လှုပ်ရှားလာသည်ကို သတိထားမိလိုက်ကြလေသည်။ ကင်မရာ မြင်ကွင်းက ဖြည်းညင်းစွာ အပေါ်သို့ တက်သွားပြီး နောက်ဘက်သို့ လှည့်ကာ ရိုက်ကူးနေလေသည်။

ဒရုန်းတွင် အနီအောက်ရောင်ခြည် စကင်ဖတ်စနစ်နှင့် လှုပ်ရှားမှု ဖမ်းယူသည့် စနစ်များ ပါရှိလေသည်။ ၎င်းက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် လှုပ်ရှားနေသော တိရစ္ဆာန်များကို အလိုအလျောက် ဖမ်းယူကာ ကင်မရာကို ထိုနေရာသို့ ချိန်ရွယ်ပေးနိုင်စွမ်း ရှိလေသည်။

အားလုံးက ဇဝေဇဝါ ဖြစ်နေကြစဉ် ရုတ်တရက် တစ်ကိုယ်လုံး အမွေးမည်းများ ဖုံးလွှမ်းနေသော တောဝက်ကြီး တစ်ကောင်က လူတိုင်း၏ အမြင်အာရုံထဲသို့ ရုတ်ချည်း ပေါ်ထွက်လာတော့သည်။

'ဟိုက်'

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

'တောဝက်ကြီး'

'အရှင်လတ်လတ် တောဝက်ကြီး'

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ရွှီယန်က သစ်ကိုင်းကြီးကို ပွေ့ဖက်ကာ ရှေ့သို့ မျက်နှာမူထားပြီး သူ၏ အနောက်ဘက်တွင် အရွယ်ရောက်ပြီးသော တောဝက်ကြီး တစ်ကောင်က ဖြည်းညင်းစွာ ချဉ်းကပ်လာနေလေသည်။

မှတ်ချက်များက ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။

"အစ်ကိုရေ အစ်ကို့ အနောက်မှာ အနောက်မှာ"

"အနောက်မှာ တောဝက်ကြီးဗျ ပြေးတော့"

"လခွီး တကယ့် တောဝက်ကြီးပဲ"

"အစ်ကိုရေ အနောက်ကို လှည့်ကြည့်ပါဦး"

ကွန်ရက်သုံးစွဲသူများ၏ ရင်ထဲတွင် အလွန်ပင် စိုးရိမ်ပူပန်နေကြလေသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ရွှီယန်က ပစ္စည်းများကို သိမ်းဆည်းနေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များကို မကြည့်မိခဲ့ပေ။ သူသည် ဝမ်းသာပျော်ရွှင်မှု ထဲတွင်သာ နစ်မြောနေဆဲ ဖြစ်လေသည်။

သို့သော် ထိုအချိန်မှာပင် ရွှီယန်သည် ရုတ်တရက် ရင်ထဲတွင် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်က အလိုအလျောက် တင်းမာသွားတော့သည်။ ထိုအန္တရာယ်ရှိသည့် ခံစားချက်က နောက်တစ်ကြိမ် ထပ်မံ၍ ဖြစ်ပေါ်လာပြန်လေသည်။

ယခင်တစ်ကြိမ် ထိုသို့ ဖြစ်ပေါ်ခဲ့သည်မှာ အရွယ်ရောက်ပြီးသော ကျားသစ်ကြီးက သူ့ကို စိုက်ကြည့်နေစဉ်က ဖြစ်လေသည်။ ကြည့်ရသည်မှာ သူသည် အလိုအလျောက် တုံ့ပြန်မှု သို့မဟုတ် အန္တရာယ် အာရုံခံနိုင်စွမ်း ဟူသော ကိုယ်ပိုင် စွမ်းရည်အသစ် တစ်ခုကို ရရှိထားပုံ ရလေသည်။

ရွှီယန်က အခြေအနေ မဟန်ကြောင်းကို သိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း သတိဝင်သွားကာ ပတ်ဝန်းကျင်ကို အမြန်ဆုံး လှည့်ကြည့်လိုက်လေသည်။

သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ တောဝက်ကြီးနှင့် မျက်လုံးချင်း ဆုံသွားတော့သည်။

ထိုတစ်ခဏအတွင်း ရွှီယန်၏ နှလုံးခုန်နှုန်းက အလွန်အမင်း မြန်ဆန်လာတော့သည်။

'မျက်လုံးချင်း ဆုံသွားပြီ... ဒါက ရင်ခုန်သံ မြန်လာတဲ့ ခံစားချက်ပဲ'

ဤတောဝက်ကြီးက အလွန် သဘောကောင်းပြီး ဒီအတိုင်း လမ်းဖြတ်လျှောက်သွားရုံသာ ဖြစ်ကာ တစ်ယောက်နှင့် တစ်ယောက် ဘာမှ ပတ်သက်စရာ မလိုပါစေနှင့်ဟု သူ စိတ်ထဲမှ ဆုတောင်းနေမိလေသည်။

သို့သော် သူ၏ ဆုတောင်းများက လုံးဝ အရာမထင်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

တောဝက်ကြီးက နှာခေါင်းမှ အသံများ မြည်ဟည်းလိုက်ပြီး ရွှီယန် ရှိရာဘက်သို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

"လခွီးပဲ"

ရွှီယန်က ချက်ချင်း နောက်လှည့်ကာ အမြန်ဆုံး အရှိန်ဖြင့် ပြေးတော့သည်။

တောဝက်ကြီးကလည်း အနောက်မှ အတင်းလိုက်နေလေသည်။

သူပြေးမယ်... အကောင်ကြီးက လိုက်မယ်... အတောင်ပံ မပါဘဲတော့ ဘယ်လိုမှ မလွတ်နိုင်ဘူး။

ဒရုန်းလေးက ဤမြင်ကွင်းကို ရိုက်ကူးနေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများ အားလုံး လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

'အခုခေတ် အပြင်ပိုင်း တိုက်ရိုက်ထုတ်လွှင့်သူတွေက ဒီလောက်တောင် ရိုင်းစိုင်းကြမ်းကြုတ်နေကြပြီလား'

'တောဝက် အလိုက်ခံရတဲ့ အထိတောင်လား'

'ဒီလောက်တောင် အကြီးအကျယ် ကစားတာလား'

အားလုံးက ဘာပြောရမှန်းပင် မသိတော့အောင် ဖြစ်သွားကြတော့သည်။

ရွှီယန်တွင် 'လျင်မြန်ဖြတ်လတ်မှု စွမ်းရည်' ရှိနေသော်လည်း လူသားတစ်ယောက် အနေဖြင့် တောအုပ်ထဲတွင် တောဝက် တစ်ကောင်ကို ပြေး၍ ကျော်တက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူက တုံ့ပြန်မှု မြန်ဆန်စွာဖြင့် သစ်ပင်တစ်ပင်ကို သေချာစွာ ချိန်ရွယ်လိုက်ပြီး ဂျင်ဆင်းကို ထုပ်ပိုးထားသော သစ်ခေါက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ သစ်စည်ကို ခြေထောက်ဖြင့် အားကုန်နင်း၍ သစ်ပင်ပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်လေသည်။

တောဝက်ကြီးကမူ လက်လျှော့မည့်ပုံ မပေါ်သေးဘဲ ရှေ့ခြေနှစ်ချောင်းကို သစ်စည်ပေါ်တွင် တင်ကာ မတ်တတ်ရပ်လျက် ရွှီယန်ကို ကြည့်၍ အဆက်မပြတ် အော်ဟစ်နေလေသည်။

"လန့်သွားတာပဲ"

"တောဝက်ကြီးနဲ့ လာတွေ့နေရတယ်လို့"

"တော်သေးတာပေါ့"

ရွှီယန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဒီအစ်ကိုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို လက်တွေ့ကျလွန်းတယ်"

"တောဝက် အလိုက်ခံရပြီး အသက်တောင် ထွက်မလို ဖြစ်နေပြီ လက်တွေ့မကျဘဲ နေမလား"

"အသက်နဲ့ ရင်းပြီး ကစားနေတာလား"

"အပြင်ပိုင်း တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် တောဝက်နဲ့ အပြေးပြိုင်တာ ပထမဆုံး မြင်ဖူးတာပဲ"

"ရဲကိုပဲ ဖုန်းဆက်လိုက်ပါတော့ အရမ်း အန္တရာယ်များနေပြီ"

"ခုနက ကျွန်တော်ဆို ကြောက်လွန်းလို့ အသက်တောင် မရှူရဲဘူး ဇာတ်ကွက်က အရမ်း မြန်လွန်းတယ်"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာ လျင်မြန်စွာ တိုးပွားလာနေလေသည်။

မှတ်ချက်များကလည်း ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။

All Chapters