အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) တောဝက် - သူက မေတ္တာတရား ကြီးမားတယ် ဟုတ်လား... ငါတော့ မသိပါဘူး
ညနေ ၅ နာရီခန့် ရောက်သောအခါ နေရောင်က အနည်းငယ် အေးစက်သွားပြီး အပူချိန်ကလည်း အလွန်အမင်း ပူပြင်းခြင်း မရှိတော့ပေ။
ရွှီယန်က ဒရုန်းကို ထုတ်ယူကာ အင်တာနက် ချိတ်ဆက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စတင်လိုက်လေသည်။
ယနေ့ တစ်နေ့လုံး သူသည် လယ်ယာခြံဝင်း ကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့လေသည်။
ဤဒေသတွင် လယ်ယာခြံဝင်း ငှားရမ်းရန်မှာ အလွန်တရာ လွယ်ကူလှပေသည်။
အရွယ်အစား မျိုးစုံ ရှိလေသည်။
အသေးစား ခြံဝင်းများမှာ မြေဧက ၂၀ မှ ၃၀ ခန့် ရှိပြီး အကြီးစား ခြံဝင်းများမှာ မြေဧက ရာဂဏန်းအထိပင် ရှိလေသည်။
ရွှီယန် ငှားရမ်းလိုက်သော ခြံဝင်းမှာ စုစုပေါင်း မြေ ၅၀ ဧက ကျယ်ဝန်းပြီး တစ်နှစ် ငှားရမ်းခ ယွမ် နှစ်သောင်း ဖြစ်ရာ ဈေးနှုန်းမှာ အတော်လေး သင့်တော်လှပေသည်။
ဘေးနားတွင်လည်း သစ်တောအုပ်ကြီး ရှိသဖြင့် တောင်ပေါ်တက်ရန် အလွန် အဆင်ပြေလေသည်။
သူက ၅ နှစ်စာ ငှားရမ်းလိုက်သဖြင့် ယွမ် တစ်သိန်း ပေးလိုက်ရလေသည်။
ဒေသခံများ အတွက်မူ ဤဒေသရှိ ကုန်ဈေးနှုန်းက အတော်လေး သက်သာလှပေသည်။
ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ခြင်းမှာလည်း ကွန်ရက်သုံးစွဲသူများအား သူ၏ ခြံဝင်း အခြေအနေကို ပြသချင်သောကြောင့် ဖြစ်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် တစ်ပြိုင်နက် ကြည့်ရှုသူ အရေအတွက်က လျင်မြန်စွာ မြင့်တက်လာတော့သည်။
ဆယ်မိနစ်မျှပင် မကြာလိုက်ဘဲ ကြည့်ရှုသူ ၃၀၀၀ ကျော်သွားလေသည်။
သူကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားမိလေသည်။
'ဘာလို့ ဒီလောက်မြန်မြန် လူတွေ ရောက်လာရတာလဲ'
'ဒါက ဘယ်လို အခြေအနေကြီးလဲ'
ရွှီယန်က ဖုန်းထဲမှ မှတ်ချက်များကို တစ်ချက် ကြည့်လိုက်လေသည်။
"တောဝက် မြင်းစီးသူရဲကောင်းကြီး ဘယ်မှာလဲ"
"အကြမ်းစားကြီးကို လာကြည့်တာ"
"ဒါက တောဝက်ကြီးနဲ့ တစ်ယောက်ချင်း သွားချတဲ့ သူရဲကောင်းကြီး မဟုတ်လား"
"အစ်ကိုရေ တောဝက်ကြီးနဲ့ ချပြပါဦး လက်ဆောင်တွေ ပေးမယ်"
မှတ်ချက်များက အဆက်မပြတ် လွင့်မျောလာကြတော့သည်။
ထိုအခါမှသာ ရွှီယန်က မနေ့က တောဝက်ကြီးနှင့် တွေ့ခဲ့ရသည့် ကိစ္စကြောင့် လူအများအပြား ရောက်လာကြခြင်း ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
ဤကိစ္စ နာမည်ကြီးသွားခြင်းကလည်း မျှော်လင့်ထားပြီးသား ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ရွှီယန်က တောဝက်ကြီးကို တုတ်ဖြင့် ရိုက်နှက်နေသည့် မြင်ကွင်းက အလွန်ပင် ရယ်စရာ ကောင်းလွန်းလှပေသည်။
တောဝက်ကြီးက သစ်ပင်ပေါ်သို့ လှမ်းတက်ကာ ရွှီယန်ကို အံကြိတ်ပြနေစဉ် ရွှီယန်က တုတ်ဖြင့် အားကုန် ရိုက်ချလိုက်သည့် မြင်ကွင်းကို မြင်လိုက်ရသူတိုင်း အလိုအလျောက် ရယ်ချင်သွားကြမည် ဖြစ်လေသည်။
ရွှီယန်က မှတ်ချက်များကို မြင်သောအခါ အေးဆေးတည်ငြိမ်စွာပင် ရှင်းပြလိုက်လေသည်။
"ဒီနေရာမှာ ကျွန်တော် တစ်ခုလောက် ရှင်းပြချင်ပါတယ် တောဝက်က နိုင်ငံတော်အဆင့် သုံး ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် ဖြစ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဖမ်းဆီးတာတို့ သတ်ဖြတ်တာတို့ လုပ်ခွင့်မရှိပါဘူး"
"ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် မလွှဲမရှောင်သာလို့ လုပ်လိုက်ရတာပါ"
"တောဝက်တွေ အရမ်း ပေါက်ပွားလာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကာကွယ်စောင့်ရှောက်မှု အဆင့်ကို ရုတ်သိမ်းလိုက်မှသာ ဖမ်းဆီးခွင့် ရှိမှာပါ"
"ကျွန်တော်က တိရစ္ဆာန်လေးတွေ အပေါ်မှာ အရမ်း မေတ္တာထားတတ်တဲ့ သူပါ"
သူ၏ စကားကို ကြားလိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူများက ပို၍ပင် ရယ်ချင်သွားကြတော့သည်။
'မေတ္တာထားတတ်တယ် ဟုတ်လား'
'တောဝက်ကြီးကို တုတ်နဲ့ အားကုန် ရိုက်တာကို မေတ္တာထားတယ်လို့ ခေါ်တာလား'
"တောဝက် - သူက မေတ္တာတရား ကြီးမားတယ် ဟုတ်လား... ငါ့မျက်နှာက နာနေတာက ဘယ်လိုဖြစ်ရတာလဲ"
"တောဝက် - ဟုတ်တယ် ဟုတ်တယ် မင်းက အရမ်း မေတ္တာထားတတ်တယ်... မင်းရဲ့ မေတ္တာတွေအတွက် ငါ ကျေးဇူးတင်ပါတယ်ကွာ"
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု လေထုက အလွန် ကောင်းမွန်နေလေသည်။
တောဝက်ကြီး ကိစ္စကြောင့် ယခင်က လူနည်းပါးခဲ့သော တိုက်ရိုက်ထုတ်လွှင့်မှုက ယခုအခါ အလွန်ပင် စည်ကားလာခဲ့လေပြီ။
"ဒီနေ့ အားလုံးကို ကျွန်တော် အခုလေးတင် ငှားထားတဲ့ လယ်ယာခြံဝင်းလေးကို ပြပေးမလို့"
"အခုတော့ သေချာလေး ပြန်ပြင်ဆင်ဖို့ စိတ်ကူးထားတယ်"
"တောင်ပေါ်ရွာလေးမှာ နေတယ်ဆိုမှတော့ တစ်ခုခုတော့ အလုပ်ဖြစ်အောင် လုပ်ရမှာပေါ့"
ရွှီယန်က ပြုံးလျက် ပြောလိုက်လေသည်။
သူက ဒရုန်းကို ကိုယ်တိုင် ထိန်းချုပ်ကာ အမြင့်သို့ ပျံတက်စေလိုက်ပြီး ကွန်ရက်သုံးစွဲသူများအား သူ၏ ခြံဝင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ပြသပေးလိုက်လေသည်။
ခြံဝင်း တစ်ခုလုံးကို ခြံစည်းရိုးများဖြင့် ကာရံထားပြီး ဧရိယာမှာ အလွန် ကျယ်ဝန်းလှပေသည်။
တစ်ဖက်တွင် စိုက်ပျိုးရေး လုပ်ရန်အတွက် မြေများကို ထွန်ယက်ထားပြီး ဖန်လုံအိမ် အကြီးကြီး တစ်ခုလည်း ရှိကာ အမိုးအကာများကလည်း အသစ်စက်စက် ဖြစ်နေလေသည်။
ထို့အပြင် တိရစ္ဆာန်များ မွေးမြူနိုင်ရန်အတွက် အဆောက်အအုံများလည်း ရှိသေးလေသည်။
ရွှီယန် ရှိနေသော နေရာကတော့ လူနေထိုင်ရန် ဖြစ်ပြီး အုတ်ဖြင့် ဆောက်လုပ်ထားသော အိမ်အချို့ ရှိလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကွန်ရက်သုံးစွဲသူများ အားလုံး အလွန်ပင် အားကျသွားကြတော့သည်။
"ခြံဝင်းကြီးက အရမ်း ကျယ်တာပဲ"
"ဒါတွေ အကုန်လုံးက အစ်ကို တစ်ယောက်တည်း ပိုင်တာလား"
"လခွီး အရမ်းကို ကြီးမားလွန်းတယ်"
ရွှီယန်က ပြုံးလျက် ပြောလိုက်လေသည်။
"ဟုတ်တယ် အမြဲတမ်း ခြံဝင်းတစ်ခု ဖွင့်ချင်နေတာ"
"ကျွန်တော်တို့ ဒီဘက်မှာ ခြံဝင်း ငှားရမ်းခက သိပ်မများဘူး... အခုနောက်ပိုင်း စိုက်ပျိုးရေး လုပ်ငန်းတွေက သိပ်ပြီး အကျိုးအမြတ် မရှိတော့ လူတော်တော်များများက ခြံဝင်းတွေ ဖွင့်ပြီးတော့ ရှုံးသွားတဲ့အခါ ပြန်ငှားလိုက်ကြတာ များတယ်"
"ဒီလို ခြံဝင်းမျိုးဆိုရင် အငှားချဖို့ သီးသန့် ဖွင့်ထားတာ"
"ပစ္စည်းကိရိယာ အစုံအလင် ပါတယ် ရေမီး အစုံ ရှိတယ် စိုက်ပျိုးချင်တာပဲဖြစ်ဖြစ် မွေးမြူချင်တာပဲဖြစ်ဖြစ် လူလာရုံနဲ့တင် အကုန် အဆင်သင့် ဖြစ်နေပြီ"
ရွှီယန်၏ စကားက လူအများ၏ ထင်မှတ်ထားမှုများကို ကျော်လွန်သွားခဲ့လေသည်။
'နေပါဦး ဒီလို ခြံဝင်းမျိုးတွေတောင် ရှိတာလား'
'လူလာရုံနဲ့ အကုန် အဆင်သင့် ဖြစ်နေတာတဲ့လား'
လူအများစုမှာ ကျေးလက်ဒေသကို လွမ်းဆွတ်တသသည့် စိတ်ခံစားချက်များ ရှိတတ်ကြပြီး ကိုယ်ပိုင် ခြံဝင်းလေး တစ်ခု ဖွင့်ကာ တိရစ္ဆာန်လေးများ မွေးမြူပြီး စိုက်ပျိုးရေးလေး လုပ်ချင်ကြလေသည်။
အမှန်တကယ်တော့ ယခုနှစ်ပိုင်းများတွင် စီးပွားရေး အခြေအနေ မကောင်းမွန်ခြင်းနှင့် မြို့ကြီးပြကြီးများတွင် ဖိအားများ များပြားလာခြင်းတို့ကြောင့် အရှေ့မြောက်ဒေသသို့ လာရောက်၍ ခြံဝင်းဖွင့်သူ အများအပြား ရှိလာခဲ့လေသည်။
ထို့ကြောင့် ဤကဲ့သို့သော စီးပွားရေး လုပ်ငန်းများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။
ရွှီယန်က ထပ်မံ၍ ပြောလိုက်လေသည်။
"ခြံဝင်းဖွင့်ဖို့ ဆိုတာ သိပ်မလွယ်ပါဘူး ဒီနေရာက ချန်ပိုင်တောင်တန်းကို မှီထားပြီး မြေဩဇာ ကောင်းပေမယ့် နေရာက အရမ်း ခေါင်လွန်းတယ်"
"ဧည့်သည်တွေ လာလည်ဖို့အတွက် ဖွင့်မယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ လာမယ့်သူမှ မရှိတာ"
"အဲ့ဒါကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုပဲ အားကိုးရမှာ"
"ဒါတွေကလည်း ပင်ပန်းရကျိုးနပ်တဲ့ အလုပ်တွေပါ အရမ်းတော့ ပင်ပန်းတယ်"
"ကျွန်တော် ခြံဝင်းဖွင့်တာကတော့ ဝါသနာ ပါလို့ပါ တိရစ္ဆာန်လေးတွေ မွေးချင်တာ... အိမ်က ခြံဝင်းက အရမ်း သေးလွန်းတော့ မွေးလို့ မရဘူးလေ"
ရွှီယန်က ပြုံးလျက် ရှင်းပြလိုက်လေသည်။
အမြဲတမ်း အိမ်မှာပဲ နေ၍ မရနိုင်ပေ။ ကိုယ်ပိုင် အလုပ်လေး တစ်ခုတော့ ရှိထားရန် လိုအပ်ပေသည်။
ခြံဝင်းသေးသေးလေး တစ်ခု ဖွင့်လိုက်ခြင်းက အသင့်တော်ဆုံးပင် ဖြစ်လေသည်။
တောင်ပေါ် မတက်ဖြစ်သော အချိန်များတွင် ခြံဝင်းထဲရှိ အလုပ်များကို လုပ်ကိုင်နိုင်လေသည်။
ရွှီယန်ကမူ သူ၏ ခြံဝင်းလေးကို အလွန်ပင် သဘောကျ နှစ်သက်လေသည်။
မနက်ဖြန်တွင် ပြောင်းရွှေ့ခြင်းနှင့် ပြင်ဆင်ခြင်းများကို စတင် ပြုလုပ်မည်ဖြစ်ပြီး ဤနေရာတွင်ပင် အခြေချ နေထိုင်ရန် ရည်ရွယ်ထားလေသည်။
အိမ်တွင် ခြံဝင်း တစ်ခု ရှိသော်လည်း အလွန် သေးငယ်လွန်းလှရာ လွတ်လပ်စွာ လှုပ်ရှား၍ မရနိုင်ပေ။ ဝက် နွား သိုးများ မွေးမြူလိုပါကလည်း ခြံထဲတွင်သာ မွေးမြူနိုင်သဖြင့် အလွန် ကျဉ်းကျပ်လှပေသည်။
ယခု ငွေကြေးလည်း လုံလောက်စွာ ရှိနေပြီဖြစ်ရာ ခြံဝင်းသေးသေးလေး တစ်ခုကို လည်ပတ်နိုင်ပြီ ဖြစ်လေသည်။
ရွှီယန်၏ အစီအစဉ်မှာ မွေးမြူရေးကို အဓိကထား၍ စိုက်ပျိုးရေးကို ဒုတိယ အနေဖြင့် လုပ်ဆောင်ရန် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးရေးက အလွန် ပင်ပန်းပြီး ဂရုစိုက်ရလွန်းလှသဖြင့် မွေးမြူရေးက အနည်းငယ် ပို၍ သက်သာနိုင်သောကြောင့် ဖြစ်လေသည်။
"နောက်တစ်ခါ တောင်ပေါ်တက်ဖို့က နောက်ထပ် နှစ်ရက်လောက်တော့ စောင့်ရဦးမယ် ထင်တယ်... ခဏနေရင် ကျွန်တော် ဝက်ကလေးတွေ သွားရွေးမလို့ ဝက်ခြံက အဆင်သင့် ဖြစ်နေပြီဆိုတော့ အရင်ဆုံး ဝက်တွေ မွေးထားလိုက်မယ်"
"အားလုံးကို ဝက်ခြံဘက် ခေါ်သွားပြမယ် ဒီဘက်မှာ ဝက်ခြံတွေ အများကြီး ရှိတယ်"
"ပြီးရင် လယ်ကွက်တွေကို ရှင်းလင်းလိုက်ပြီး ဒရယ်ပြောက် မွေးမြူခွင့် လိုင်စင် လျှောက်မလို့... ဒရယ်ပြောက် နည်းနည်း မွေးပြီး သမင်ချို နည်းနည်းပါးပါး ဖြတ်ရောင်းမလို့"
"အရှေ့မြောက်ဒေသမှာ ရတနာသုံးပါး ရှိတယ် ဂျင်ဆင်းရယ် သစ်တောဖားရယ် သမင်ချိုရယ်... ဂျင်ဆင်းကိုတော့ တောင်ပေါ်မှာ နေရာယူပြီး စိုက်ရမှာဆိုတော့ ကျွန်တော့်မှာ အဲ့ဒီလောက် အရင်းအနှီး မရှိဘူး... သစ်တောဖား ကိုတော့ သိပ်စိတ်မဝင်စားလို့ မမွေးချင်ဘူး ဒရယ်ပြောက်လေးတွေပဲ မွေးမယ်"
"ကျွန်တော်တို့ ဒီဘက်မှာက ကိုယ့်အားကိုယ်ကိုး စနစ်ပဲ အဓိကထားတယ် စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်ရင် လိုချင်တာ အကုန်ရတယ်"
ရွှီယန်က ဤဒေသ၏ ဓလေ့စရိုက်များကို အားလုံးအား မိတ်ဆက်ပေးနေလေသည်။
ဤဒေသတွင် အရာအားလုံး မွေးမြူကြလေသည်။
ငန်းများ ရိုင်းငန်းများ သစ်တောဖားများ ပုစွန်များ ဒရယ်ပြောက်များ အစရှိသဖြင့် အားလုံး မွေးမြူကြလေသည်။
နေရာကျယ်ဝန်းသဖြင့် အားသာချက်များကို အပြည့်အဝ အသုံးချနိုင်ကြလေသည်။
ရွှီယန်သည် ရှောင်ဟေးကို ခေါ်ဆောင်ကာ ခြံဝင်းထဲတွင် လှည့်ပတ်သွားလာရင်း အားလုံးကို သူ၏ အစီအစဉ်များကို ရှင်းပြနေလေသည်။
ရှောင်ဟေးမှာ အလွန်ပင် ရိုးအပြီး ချစ်စရာ ကောင်းလေသည်။ ခြေလှမ်းလေးများက ခပ်သွက်သွက်လေး ဖြစ်နေပြီး ရွှီယန်၏ နောက်မှ တကောက်ကောက် လိုက်ပါနေလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာထဲတွင် ခြံဝင်း၏ နေရာတိုင်းကို ကွန်ရက်သုံးစွဲသူများ မြင်တွေ့နိုင်ရန် ပြသထားလေသည်။
ယခုအချိန်တွင် ခြံဝင်းက အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေလေသည်။
သို့သော် ရွှီယန်ကလည်း မလောပေ။
ဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည် ဖြစ်သည်။ သူက တက္ကသိုလ်မှ ဘွဲ့ရကာစ လူငယ်လေး တစ်ယောက်သာ ဖြစ်ပြီး ဘဝက ယခုမှ စတင်ရုံသာ ရှိသေးလေသည်။
ခဏတာ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ပြီး ခြံဝင်းထဲတွင် လှည့်ပတ်သွားလာကာ ကွန်ရက်သုံးစွဲသူများနှင့် စကားပြောဆိုပြီးနောက် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်လေသည်။
ထို့နောက် သူသည် ရှောင်ဟေးကို ခေါ်ဆောင်ကာ အိမ်ရှိ သုံးဘီးဆိုင်ကယ်ကို စီး၍ ဝက်ပေါက်လေးများ သွားဝယ်ရန် ထွက်လာခဲ့လေသည်။
ထို့အပြင် ရွှီယန်သည် ရွာထဲမှ လူငယ်လေး တစ်ယောက်ကိုလည်း အလုပ်သမား အဖြစ် ငှားရမ်းထားလိုက်လေသည်။
ထိုလူငယ်လေး၏ အမည်မှာ လီဆန်း ဖြစ်ပြီး ငယ်စဉ်က အဖျားကြီးခဲ့သဖြင့် ခန္ဓာကိုယ်တွင် အနည်းငယ် ချို့ယွင်းချက် ရှိသွားခဲ့လေသည်။ လမ်းလျှောက်လျှင် အနည်းငယ် ခြေဆွံ့နေပြီး စိတ်ပိုင်းဆိုင်ရာလည်း သိပ်မဖွံ့ဖြိုးပေ။
ယခင်က တောင်ပေါ်ရွာလေးများတွင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ မကောင်းမွန်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာပါကလည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
သို့သော် လီဆန်းက အလွန် သဘောကောင်းပြီး အလုပ်လုပ်ရာတွင်လည်း အလွန် အားသန်လေသည်။
ထို့အပြင် သူက တိရစ္ဆာန်များကိုလည်း အလွန် နှစ်သက်လေသည်။ မနှစ်က သူတို့ မိသားစု အခြေအနေ မကောင်းသဖြင့် နွားကို ရောင်းချရမည်ဟု ဆိုသောအခါ လီဆန်းက ထိုနွားရှေ့တွင် ဒူးထောက်ကာ အချိန်အတော်ကြာအောင် ငိုကြွေးခဲ့လေသည်။
သို့သော်လည်း မတတ်နိုင်ပေ။ နောက်ဆုံးတွင် နွားကို ရောင်းချလိုက်ရလေသည်။
ဤလောကကြီးတွင် ဆင်းရဲခြင်း ဟူသော ရောဂါတစ်မျိုး ရှိလေသည်။ ထိုရောဂါ စွဲကပ်သွားပါက ဘဝက ဆင်းရဲဒုက္ခများဖြင့်သာ ပြည့်နှက်နေမည်မှာ အသေအချာပင် ဖြစ်လေသည်။
ရွှီယန်က လီဆန်းကို တစ်လလျှင် လစာ ယွမ် ၅၀၀၀ ပေးမည်ဖြစ်ပြီး စားစရိတ် နေစရိတ် အငြိမ်းနှင့် ပွဲတော်ရက်များတွင်လည်း လက်ဆောင်များ ပေးမည်ဟု ကတိပြုထားလေသည်။
အခြား နေရာများတွင် ဤလစာက မများလှသော်လည်း ဤဒေသတွင်တော့ အလွန် များပြားသော လစာတစ်ခုပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များမှ စားပွဲထိုးများ၏ လစာမှာပင် ယွမ် ၃၀၀၀ အောက်သာ ရှိသောကြောင့် ဖြစ်လေသည်။
ထို့အပြင် လီဆန်း ကဲ့သို့သော လူမျိုးကို အပြင်တွင် မည်သူကမျှ အလုပ်မခန့်ကြပေ။
ထို့ကြောင့် သူသည် တောင်ပေါ်ရွာလေးတွင်သာ နေထိုင်ပြီး မိသားစု အလုပ်များကို ကူညီလုပ်ကိုင်ပေးနေရလေသည်။ တစ်ခါတစ်ရံတွင် သဘောထား မကောင်းသော ရွာသားအချို့က သူ့ကို အခမဲ့ ခိုင်းစေတတ်သော်လည်း လီဆန်းကမူ အမြဲတမ်း ပျော်ရွှင်စွာပင် လုပ်ကိုင်ပေးလေ့ ရှိလေသည်။
ရွှီယန်က သူ့ကို လစာ ယွမ် ၅၀၀၀ ဖြင့် အလုပ်ခန့်မည်ဟု ပြောသောအခါ လီဆန်းက ရွှီယန် နောက်ပြောင်နေသည်ဟုပင် ထင်မှတ်သွားခဲ့လေသည်။
သို့သော် ရွှီယန်က အတည်ပြောနေခြင်း ဖြစ်ကြောင်းနှင့် သူ သဘောတူပါက ချက်ချင်း အလုပ်ဆင်းနိုင်ကြောင်း ပြောလိုက်လေသည်။
ထိုအခါ လီဆန်းမှာ ဝမ်းသာလွန်း၍ ငိုပင် ငိုချင်သွားတော့သည်။
တကယ်တမ်းတွင် သူသည် သူတစ်ပါး၏ အသိအမှတ်ပြုမှုနှင့် လေးစားမှုကို အလွန်ပင် လိုချင်နေခဲ့သူ ဖြစ်လေသည်။ သူက သူတစ်ပါးကို အမြဲတမ်း ကူညီပေးနေခြင်းမှာလည်း သူတစ်ပါး၏ အသိအမှတ်ပြုမှုနှင့် လေးစားမှုကို ရရှိချင်သောကြောင့် ဖြစ်လေသည်။
သို့သော် လူတိုင်းက လူကောင်းများ မဟုတ်ကြပေ။
ဤသို့ဖြင့် လီဆန်းသည် ရွှီယန်၏ လယ်ယာခြံဝင်းလေးတွင် ပထမဆုံး အလုပ်သမား ဖြစ်လာခဲ့လေတော့သည်။