← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) ဒီတိုက်ရိုက်ထုတ်လွှင့်သူက ကျားသစ် မွေးထားတာလား

လူသူကင်းမဲ့သော တောနက်ကြီးထဲတွင် မိသားစု ကျားသစ်သားအမိနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ရခြင်းက တကယ့်ကို ဝမ်းသာစရာ ကောင်းလှပေသည်။

ရွှီယန် ကိုယ်တိုင်လည်း ဤသို့ အလွယ်တကူ ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ထက်ရှိ မှတ်ချက်များကတော့ ဆူညံပွက်လောရိုက်သွားလေပြီ။

"လခွီး... အစ်ကိုကြီး မြန်မြန်ပြေးတော့"

"ကျားသစ်... ကျားသစ်ကြီးဟ"

"အရမ်းကြီးတဲ့ ကျားသစ်ကြီး... အစ်ကိုကြီးကို အစာလို့ ထင်နေပြီထင်တယ်"

"အစ်ကိုကြီး မြန်မြန်ပြေးပါတော့"

ကွန်ရက်သုံးစွဲသူများ၏ ရင်ထဲတွင် မီးစွဲလောင်နေသကဲ့သို့ ပူလောင်စိုးရိမ်နေကြသည်။

လူအများက တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှုရသည်ကို နှစ်သက်ကြသော်လည်း ယခုကဲ့သို့ ရွှီယန်နှင့် အလွန်နီးကပ်သော အကွာအဝေးတွင် ဧရာမ ကျားသစ်ကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသောအခါ မည်သူမဆို ရွှီယန်အတွက် ရင်တထိတ်ထိတ် ဖြစ်သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုကျားသစ်ကြီး၏ ခန္ဓာကိုယ်က အလွန်တရာ ကျစ်လျစ်သန်စွမ်းလှပေသည်။

အလွန်ကြီးမားသော ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်ကြီး၏ ဖိအားက လေထုထဲမှနေ၍ အတိုင်းသား ရိုက်ခတ်လာသည်။

ခြင်္သေ့နှင့် ကျားများမှလွဲလျှင် ကျားသစ်ကလည်း အလွန် အင်အားကြီးမားသော သားရဲတိရစ္ဆာန်ပင် ဖြစ်သည်။

လျင်မြန်ဖြတ်လတ်မှုနှင့် အမြန်နှုန်းတွင်ဆိုလျှင် ခြင်္သေ့နှင့် ကျားများထက်ပင် သာလွန်နေသေးသည်။

ထိုအချိန်မှသာ ရွှီယန်က သူ တိုက်ရိုက်ထုတ်လွှင့်နေဆဲ ဖြစ်ကြောင်းကို သတိရသွားသည်။

တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမည့် တောရိုင်းတိရစ္ဆာန်များကို သွားရောက် ကျီစယ်နေမည်ဆိုပါက လူအများ အထင်လွဲသွားစေနိုင်မည်လားဟု သူ တွေးတောနေမိသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူများမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး ရွှီယန် ကိုယ်တိုင်လည်း ဝမ်းသာရမလို တွေဝေရမလို ဖြစ်နေစဉ်မှာပင် ကျားသစ်ပေါက်လေးက ရွှီယန်၏ ခြေသလုံးနားသို့ အပြေးအလွှား ရောက်ရှိလာပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်နေတော့သည်။

"ဝါးဝူး... ဝါးဝူး"

မိခင်ကျားသစ်မကြီးကလည်း ရွှီယန်ရှိရာဘက်သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ ၎င်း၏ အရှိန်က အလွန် နှေးကွေးနေပြီး အစာရှာထွက်လာသည့် ပုံစံမျိုး လုံးဝ မရှိပေ။

အနီးသို့ ရောက်သောအခါ မိခင်ကျားသစ်မကြီးက ရွှီယန်၏ ခြေသလုံးနားတွင် သက်သောင့်သက်သာပင် လှဲချလိုက်လေသည်။

ဤမြင်ကွင်းကို ကြည့်ရှုနေကြသော ကွန်ရက်သုံးစွဲသူများ အားလုံး လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

"လခွီးပဲ"

"ဒါက ဘယ်လို အခြေအနေကြီးလဲ"

ကွန်ရက်သုံးစွဲသူများ မည်မျှပင် ဗဟုသုတ ကြွယ်ဝပါစေ ယခု မြင်တွေ့နေရသော မြင်ကွင်းကို မည်သို့ ရှင်းပြရမည်မှန်း လုံးဝ မသိတော့ပေ။

"ကျားသစ်ကြီး လှဲချလိုက်ပြီလား"

"အဲ့ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ ကျားသစ်ကြီးက ဘာအကာအကွယ်မှ မယူဘဲ ဒီတိုင်းကြီး လှဲချလိုက်တာလား"

"ကျားသစ်ပေါက်လေးကလည်း အစ်ကိုကြီးကို အရမ်း ခင်တွယ်နေတဲ့ ပုံစံနဲ့ အော်နေသေးတယ်"

"ဒါတွေက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ"

"အစ်ကိုကြီး မြန်မြန်ပြေးတော့... ဟိုက် ဘာတွေ ဖြစ်ကုန်တာလဲ"

"ဒီကျားသစ်က အတုကြီးလား"

"သူ့ပုံစံက ငါ့အိမ်က ကြောင်လေးနဲ့ သွားတူနေတယ်... ဒီကျားသစ်ကို အစ်ကိုကြီး မွေးထားတာများလား"

"လခွီး... ကျားသစ်ကို မွေးထားတယ် ဟုတ်လား... ဒါက ဥပဒေနဲ့ မငြိစွန်းဘူးလား"

"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ... ငါ့ကိုတောင် လန့်သွားအောင် လုပ်လိုက်တယ်"

"ကျားသစ်က ဘာလို့ လှဲချလိုက်တာလဲ... နတ်ပူးသွားတာများလား"

တိုက်ရိုက်ထုတ်လွှင့်မှု၏ လေထုက ရုတ်ချည်း ပြောင်းလဲသွားလေသည်။

ကွန်ရက်သုံးစွဲသူများက ကျားသစ်ကို မြင်လိုက်ရချိန်တွင် ရွှီယန်အတွက် အလွန် စိုးရိမ်ပူပန်နေခဲ့ကြသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် အရာအားလုံးက လုံးဝ ပြောင်းလဲသွားခဲ့သည်။

ကျားသစ်ကြီးက ထိုသို့ အေးဆေးစွာ လှဲလျောင်းနေခြင်း ဖြစ်သည်။

ရွှီယန်ကလည်း ဖုံးကွယ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။

"အားလုံးပဲ အထင်မလွဲကြပါနဲ့... ဒီကျားသစ်ကို ကျွန်တော် မွေးထားတာ မဟုတ်ပါဘူး... အရင်က ကျွန်တော် သူ့ကို ကယ်ဆယ်ပေးခဲ့ဖူးလို့ ကျွန်တော့်ကို ခင်တွယ်နေတာပါ"

"ကျားသစ်ပေါက်လေးကလည်း အတူတူပါပဲ"

"အားလုံးပဲ မိခင်ကျားသစ်မကြီးရဲ့ အခြေအနေကို ကြည့်လိုက်ပါ... အရင်တုန်းက ကျွန်တော် ကယ်ဆယ်ပေးခဲ့တဲ့ ဒဏ်ရာ အရာလေးတွေ ရှိနေသေးတယ်"

ရွှီယန်၏ စကားကို ကြားလိုက်ရသောအခါမှသာ အားလုံးက ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားကြတော့သည်။

သို့သော်လည်း ယုံကြည်နိုင်စရာ မရှိအောင် အံ့ဩနေကြဆဲပင် ဖြစ်သည်။

"တောရိုင်း ကျားသစ်ကို ကယ်ဆယ်ပေးခဲ့တယ် ဟုတ်လား... ဒီလောက်တောင် ရဲတင်းတာလား"

"တကယ်လား အတုလား"

"ငါတော့ မင်းမွေးထားတာလို့ပဲ ခံစားနေရတယ်"

"ကျားသစ် မွေးတာက တရားမဝင်ဘူးနော်"

"လခွီး... တောရိုင်း ကျားသစ်ကို ဒီလို ဆော့လို့ရတာလား"

ရှားပါး ကျားသစ်ကြီး ပေါ်ထွက်လာမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာ အလွန်လျင်မြန်စွာ တိုးပွားလာနေလေသည်။

ရွှီယန်က ဆောင့်ကြောင့်ထိုင်ချကာ ကျားသစ်ပေါက်လေးကို ပွတ်သပ်လိုက်ပြီး မိခင်ကျားသစ်မကြီးကိုလည်း ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ကျားသစ်တွေက သူတို့ဘာသာ လာတာဆိုတာ အားလုံးပဲ မြင်တဲ့အတိုင်းပါပဲ"

"သူတို့က တောရိုင်း ကျားသစ်တွေပါပဲ... ကျွန်တော်နဲ့ ဆက်ဆံရေး ကောင်းနေရုံ သက်သက်ပါ"

"ဒီလို ပြန်ဆုံရတာကလည်း ရေစက်တစ်ခုပါပဲ"

ယခုလို တွေ့ဆုံပြီးသွားမှတော့ ဖုံးကွယ်နေစရာ အကြောင်း မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ သူ လုပ်ခဲ့သော ကိစ္စများမှာ တရားဥပဒေနှင့်အညီ မှန်ကန်သော ကိစ္စများသာ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ လူသစ်များ အဆက်မပြတ် ဝင်ရောက်လာကြသည်။

သူတို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ပထမဆုံး ပြောသည့် စကားမှာ...

"လခွီး... ဒီတိုက်ရိုက်ထုတ်လွှင့်သူက ကျားသစ် မွေးထားတာလား"

လူအများစု၏ ဥပဒေရေးရာ အသိပညာများက အလွန် ကောင်းမွန်ကြသည်။ သတ်မှတ်ထားသော အဖွဲ့အစည်းများမှလွဲ၍ သီးသန့် ပုဂ္ဂိုလ်များ အနေဖြင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များကို ကိုယ်ပိုင် မွေးမြူခွင့် မရှိကြောင်းကို အားလုံးက သိရှိထားကြသည်။

မွေးမြူလိုပါက သက်ဆိုင်ရာ ထောက်ခံချက်များ သေချာပေါက် ရှိရမည် ဖြစ်သည်။

ရွှီယန်ကလည်း ပို၍ အေးဆေးသွားကာ ကျားသစ်နှစ်ကောင်၏ ဘေးတွင် ဖင်ထိုင်ချလိုက်လေသည်။

ကျားသစ်ပေါက်လေးက အလွန်ပျော်ရွှင်နေပြီး ရွှီယန်၏ ကိုယ်ပေါ်သို့ အတင်း လာရောက် တွယ်တက်နေလေသည်။

"မင်းအတွက် နွားနို့ သယ်မလာခဲ့ရဘူး... ဒီမှာ ရှိနေလိမ့်မယ်လို့လည်း မထင်ထားဘူးလေ"

ရွှီယန်က ကျားသစ်ပေါက်လေး၏ ဆန္ဒကို ရိပ်မိသွားသဖြင့် ချက်ချင်းပင် ချော့မော့ပြောဆိုလိုက်သည်။

ဤမြင်ကွင်းက တကယ့်ကို ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။ တောနက်ကြီးထဲတွင် ကျားသစ်နှစ်ကောင်က ရွှီယန်ကို အဖော်ပြုပေးနေသည်ကို မြင်တွေ့ရသူတိုင်း အလွန်ပင် အံ့ဩသွားကြမည်မှာ အသေအချာပင် ဖြစ်သည်။

ရွှီယန်က အားလပ်ချိန်လေးတွင် မှတ်ချက်များကို တစ်ချက် ကြည့်လိုက်ပြီး ထပ်မံ၍ ရှင်းပြလိုက်သည်။

"ဒီမိခင်ကျားသစ်မကြီးကို အရင်က ကျွန်တော် ကယ်ဆယ်ပေးခဲ့ဖူးတယ်... အဲ့ဒီကနေ စပြီး ကျွန်တော့်ကို အရမ်း ခင်တွယ်လာတာ... ကျားသစ်ပေါက်လေးကိုလည်း ကျွန်တော် အစာကျွေးဖူးတယ်"

"သူတို့က တောရိုင်း ကျားသစ်တွေပါ... တောနက်ကြီးထဲမှာပဲ ရှင်သန်နေထိုင်ကြတာပါ"

"ဒီနှစ်ကောင်စလုံးက ရှားပါး ကျားသစ်တွေ ဖြစ်ပြီး နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်တွေပါ"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများကလည်း ဤအမှန်တရားကို လက်ခံသွားကြပြီ ဖြစ်သည်။

အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

အလွန်တရာ ခန့်ညားပြီး လှပသော ကျားသစ်ကြီးက ရွှီယန်၏ ဘေးတွင် ဝပ်နေပြီး ချစ်စရာကောင်းသော ကျားသစ်ပေါက်လေးကလည်း အလွန် ချစ်ဖို့ကောင်းအောင် ဆော့ကစားနေလေသည်။

တကယ့်ကို ယုံကြည်နိုင်စရာ မရှိအောင်ပင် ဖြစ်သည်။

ဤကျားသစ်ကြီးက တကယ့်ကို လှပလွန်းလှပေသည်။

အမွေးအမျှင်များက အလွန် သေးငယ်နူးညံ့ပြီး တစ်ကိုယ်လုံးမှ တောက်ပသော အရောင်အဝါလေးများ ထွက်ပေါ်နေသည်။

အမည်းရောင် အကွက်များကလည်း ၎င်း၏ မင်းဆွေမင်းမျိုးဆန်သော အသွင်အပြင်ကို ပိုမို ပေါ်လွင်စေသည်။

ခေါင်းပိုင်းကတော့ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ လက္ခဏာရပ်များ အတိုင်းပင် ဖြစ်ပြီး ကျားတစ်ကောင်လောက် မကြမ်းတမ်းသော်လည်း အလွန်ကြီးမားသော အသားစား သားရဲတိရစ္ဆာန်ကြီး တစ်ကောင်၏ ခန့်ညားမှုကိုတော့ အပြည့်အဝ ပိုင်ဆိုင်ထားသည်။ ခေါင်းတစ်ခုလုံး၏ အရွယ်အစားမှာ လူ့ခေါင်းထက် အနည်းငယ် ပို၍ ကြီးမားလှသည်။

ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များမှာ လူသားများ၏ အလှအပ ခံစားမှုစံနှုန်းများနှင့် အမြဲတမ်း ကိုက်ညီနေတတ်သည်။

ယခုကဲ့သို့ အလွန်ကြီးမားသော ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်ကြီး တစ်ကောင်က မည်သည့် အန္တရာယ်မှ မပေးဘဲ အေးဆေးစွာ ဝပ်နေသည်ကို မြင်လိုက်ရသောအခါ အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် လုံးဝ နစ်မြောသွားကြတော့သည်။

"ဒီကျားသစ်ကြီးက အရမ်း ချစ်ဖို့ကောင်းတာပဲ"

"တကယ့်ကို ရှားပါး ကျားသစ်ကြီးပဲ... နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ကြီးကို ဒီနေရာမှာ မြင်ရလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး"

"ဒီအစ်ကိုကြီးက တကယ် လုံးဝ မလွယ်ဘူး"

"လောင်ရွှီ... မင်း ဘာတွေ လုပ်နေပြန်ပြီလဲ"

"ဒီအစ်ကိုကြီးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာ ရက်အနည်းငယ် ရှိပြီ... ကြည့်လေ ကြည့်လေ ပိုပြီး ကြမ်းလာလေပဲ"

"ဒီတစ်ခေါက် တောင်ပေါ်တက်တာကတော့ ငါ့ကို လုံးဝ ကြောင်သွားစေတယ်... သစ်ပင်ပေါ်မှာလည်း ပျံပြသေးတယ် အခုလည်း ကျားသစ်ကိုပါ မွေးထားသေးတယ်"

"အစ်ကိုကြီးကတော့ သေချာပေါက် နာမည်ကြီးတော့မှာပဲ"

မှတ်ချက်များက အဆက်မပြတ် လွင့်မျောလာကြသည်။

မူလက လမ်းလျှောက်နေစဉ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုရှိ ကြည့်ရှုသူ အရေအတွက်မှာ တဖြည်းဖြည်း လျော့ကျသွားခဲ့သော်လည်း ကျားသစ်ကြီး ပေါ်ထွက်လာပြီးနောက် ကြည့်ရှုသူ အရေအတွက်က နောက်တစ်ကြိမ် လျင်မြန်စွာ တိုးပွားလာပြန်သည်။

မကြာမီမှာပင် တစ်သောင်းကျော်အထိ ရောက်ရှိသွားလေသည်။

ထိုအရေအတွက်က လျင်မြန်စွာ ဆက်လက် တိုးပွားနေဆဲပင် ဖြစ်သည်။

အချိန်ခဏလေး အတွင်းမှာပင် နှစ်သောင်းကျော်အထိ ရောက်ရှိသွားတော့သည်။

နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်ကြီးက တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ထက်တွင် ပေါ်ထွက်လာခြင်း ဖြစ်ရာ ဆွဲဆောင်မှု ရှိသည်မှာ ပြောနေစရာပင် မလိုတော့ချေ။

ရွှီယန်ကမူ ထူးထူးခြားခြား မခံစားရပေ။ ကျားသစ်များနှင့် တိုက်တိုက်ဆိုင်ဆိုင် ပြန်လည် ဆုံတွေ့ရသဖြင့် အားလုံးနှင့် စကားပြောဆိုနေခြင်းသာ ဖြစ်သည်။

တကယ်တမ်း မွေးထားခြင်းလည်း မဟုတ်သဖြင့် သူ့စိတ်ထဲတွင် လိပ်ပြာသန့်နေလေသည်။

လက်ရှိအချိန်တွင် ရွှီယန်ကမူ သူ့ဘေးနားတွင် အချွဲတိုက်နေသော ကျားသစ်ပေါက်လေးက သူ့အပေါ်တွင် လုံးဝ တွယ်ကပ်နေပြီ ဖြစ်ကြောင်းကို သတိမထားမိသေးပေ။

မိခင်ကျားသစ်မကြီးကတော့ ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ အရွယ်ရောက်ပြီးသော တောရိုင်းတိရစ္ဆာန် ဖြစ်သဖြင့် ရွှီယန်အပေါ်တွင် သံယောဇဉ် ရှိရုံမျှသာ ဖြစ်ပြီး ရွှီယန်နှင့် အတူတကွ သွားရောက် နေထိုင်လိုသော စိတ်ကူးမျိုး ရှိမည် မဟုတ်ပေ။

၎င်းက သဘာဝတောနက်ကြီးထဲတွင် ရှင်သန် နေထိုင်ရသည်ကို ပို၍ နှစ်သက်လေသည်။

ကျားသစ်ပေါက်လေးကမူ ထိုသို့ မဟုတ်ပေ။

နောင်တစ်ချိန်တွင် မမွေးချင်လျှင်တောင်မှ မွေးရတော့မည့် ကိန်း ဆိုက်နေပြီ ဖြစ်သည်။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများအား မျက်နှာပြောင်တိုက်၍ ပြောလိုက်လေသည်။

"ကျွန်တော်နဲ့ သူက သိပ်မရင်းနှီးပါဘူး... တကယ်ပြောတာပါ သူဘာသာ လာကပ်နေတာပါ"

"ကျွန်တော် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ကို လုံးဝ မမွေးထားပါဘူး"

"ခင်ဗျားတို့က ကျွန်တော့်ကို အသရေဖျက်နေကြတာပဲ"

ရွှီယန်က ကျားသစ်ပေါက်လေးနှင့် ခဏမျှ ဆော့ကစားနေလိုက်သည်။ ထိုကောင်လေးက အလွန် ချစ်စရာကောင်းပြီး ရွှီယန်၏ ဘေးနားတွင် တစ်ချက်ကလေးမျှ ငြိမ်ငြိမ်မနေပေ။

မိခင်ကျားသစ်မကြီးကတော့ အတော်လေး အေးဆေးတည်ငြိမ်နေပြီး ဘေးနားတွင် သက်သောင့်သက်သာ အနားယူနေလေသည်။ အမွေးစုတ်ဖွား အမြီးရှည်ကြီးကို အသာအယာ မြှောက်ကာ မြက်ခင်းပြင်ကို ခပ်ဖွဖွလေး ပုတ်နေပြီး တစ်ခါတစ်ရံတွင် အလွန် သက်သောင့်သက်သာဖြင့် အကြောဆန့်နေတတ်ရာ ဖော်ပြ၍မရနိုင်အောင် အေးချမ်းလှသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

ဤမြင်ကွင်းကို ကြည့်ရှုနေကြရသော ကွန်ရက်သုံးစွဲသူများမှာလည်း ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။

"ကျားသစ်ကြီး... မင်း ပြန်ပေးဆွဲ ခံထားရတာဆိုရင် မျက်တောင်လေး တစ်ချက်လောက် ခတ်ပြပါ"

"မင်း ပြောတာ ပြောင်းပြန်ကြီး ဖြစ်နေပြီ... အစ်ကိုကြီးက ပြန်ပေးဆွဲ ခံထားရတယ်လို့ ငါ ခံစားနေရတယ်"

"မိခင်ကျားသစ်မကြီးက ဗိုက်ဝနေလို့ အစ်ကိုကြီးကို အရေးပေါ် ရိက္ခာအဖြစ် သတ်မှတ်ထားတာများလား... ဗိုက်ဆာလာမှ စားဖို့ စောင့်နေတာများလား"

"ဒါက လူးဖီးနဲ့ ချော့ပါတို့ရဲ့ လုပ်ရပ်မျိုး မဟုတ်လား"

"ကျားသစ်တွေက အစာမစားခင် ကစားတတ်တယ်လို့ ကြားဖူးတယ်"

"ဒါဆို အစ်ကိုကြီးက ကျားသစ်ရဲ့ အစာအဖြစ်နဲ့ သူ့ရဲ့ ဇာတ်ကောင် နေရာကနေ အစွမ်းကုန် ကြိုးစားပြီး သရုပ်ဆောင်နေတာများလား"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အလွန်ပင် စည်ကားနေလေသည်။

ကွန်ရက်သုံးစွဲသူများက ဤမျှအထိ စိတ်ကူးယဉ် ကောင်းကြလိမ့်မည်ဟု ရွှီယန် လုံးဝ ထင်မှတ်မထားခဲ့ချေ။

သူက ကျားသစ်များနှင့်အတူ ခဏမျှ အနားယူပြီးနောက် အချိန်လည်း မစောတော့သဖြင့် ကျားသစ်ပေါက်လေးကို ပွေ့ချီကာ မိခင်ကျားသစ်မကြီး၏ ကိုယ်ပေါ်သို့ တင်ပေးလိုက်လေသည်။

"ကျွန်တော် တောင်ပေါ် ဆက်တက်ပြီး တောင်ထွက်ပစ္စည်းတွေ ရှာရဦးမယ်"

"မင်းတို့နဲ့ အတူ ဆက်မနေနိုင်တော့ဘူး"

ထိုသို့ပြောပြီးနောက် ရွှီယန်က မတ်တတ်ရပ်ကာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ပြသပေးထားသော နေရာဆီသို့ လျှောက်သွားလိုက်လေသည်။

ကျားသစ်ပေါက်လေးကလည်း ဖင်လေးတလုံးလုံးဖြင့် အနောက်မှ ချက်ချင်း လိုက်လာတော့သည်။

ဤကောင်လေးက သေးသေးကွေးကွေးလေး ဖြစ်ပြီး လမ်းလျှောက်သည့်အခါ ခြေဖဝါးအောက်တွင် စပရိန်များ တပ်ဆင်ထားသည့်အလား ခုန်ဆွခုန်ဆွဖြင့် သွားလာတတ်လေသည်။

ရွှီယန်၏ ခြေသလုံးနားတွင် တကောက်ကောက် လိုက်ပါနေပုံလေးက တကယ့်ကို ရိုးအပြီး အလွန် ချစ်စရာ ကောင်းလှပေသည်။

All Chapters