← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း (၄၄) နွားတွေက တစ်နှစ်မှာ တစ်လပဲ အလုပ်လုပ်ရတာလား... နွားနဲ့ မြင်းလောက်တောင် အဆင့်မရှိပါလား

လယ်ယာခြံဝင်းလေးက အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေလေသည်။

စိုက်ခင်းများ ရှိသည်... ဖန်လုံအိမ် ရှိသည်... တိရစ္ဆာန်ခြံများ ရှိသည်။

ယခင်က ဟာလာဟင်းလင်း ဖြစ်နေသော ကွန်ကရစ် ခြံဝင်းကြီးက ယခုအခါ သက်ဝင်လှုပ်ရှားလာလေပြီ။

ထို့ကြောင့်ပင် ဤနေရာသို့ လာရောက်ကြသော တိရစ္ဆာန်လေးများလည်း များပြားလာခြင်း ဖြစ်သည်။

တိရစ္ဆာန်များအတွက် အစာ အလွယ်တကူ ရရှိနိုင်ဆုံး နေရာမှာ လူသားများ နေထိုင်ရာ ပတ်ဝန်းကျင်ပင် ဖြစ်သည်။

ဥပမာအားဖြင့် မြောက်အမေရိကရှိ ရက်ကွန်းများဆိုလျှင် ယခင်က တောနက်ကြီးထဲတွင် နေထိုင်ကြစဉ် အမဲလိုက်နိုင်စွမ်း ညံ့ဖျင်းပြီး ကိုယ်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း မရှိသဖြင့် အလွန် ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။

သို့သော် နောက်ပိုင်းတွင် လူသားများ၏ အမှိုက်ပုံးများကို စတင် တွေ့ရှိသွားပြီးနောက်တွင်မူ လုံးဝ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားကာ အားလုံးက လူသားများ၏ အမှိုက်ပုံးများထဲတွင် ဝင်ရောက် နေထိုင်ကြပြီး အရေအတွက် အလွန်များပြားလာခဲ့လေသည်။

ရွှီယန်၏ လယ်ယာခြံဝင်းက ရွာနှင့် ၅ ကီလိုမီတာခန့် ကွာဝေးပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် မြေလွတ်များသာ ရှိလေသည်။

ထို့ကြောင့် သတ္တိကောင်းသော တိရစ္ဆာန်လေးများက ဝင်ရောက်လာရဲခြင်း ဖြစ်သည်။

မြေခွေးပေါက်လေးများက လယ်ယာခြံဝင်း၏ မြက်ခင်းပြင်ပေါ်တွင် ပျော်ရွှင်စွာ ဆော့ကစားနေကြလေသည်။

ဟိုပြေးဒီပြေး လုပ်နေကြသည်။

မည်သည့် အန္တရာယ်မှ မရှိကြောင်း သိရှိသွားသည့်အလား သူတို့၏ သတ္တိများကလည်း ပိုမို ကြီးမားလာကြလေသည်။

ရွှီယန်ကလည်း အခါအားလျော်စွာ သူတို့ကို အစာကျွေးလေ့ ရှိသည်။

မူလက ရွှီယန်သည် ဘဲများကို ရေကူးသင်ပေးပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ရုတ်တရက် ပေါ်လာသော မြေခွေးလေးများကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အချိန်က ဆက်လက် ရှည်ကြာသွားခဲ့လေသည်။

ကွန်ရက်သုံးစွဲသူများကလည်း ဤကဲ့သို့ စစ်မှန်သော တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှုရသည်ကို အလွန် နှစ်သက်ကြလေသည်။

တိရစ္ဆာန် ဥယျာဉ်ထဲရှိ အကောင်များထက် အများကြီး ပို၍ ကြည့်ကောင်းလေသည်။

ဤမြေခွေးလေးများက ပို၍ လျင်မြန်ဖြတ်လတ်ပုံ ရသည်။

ခန္ဓာကိုယ်တွင် အနည်းငယ် ဖုန်ပေနေသော်လည်း ထိုအချက်ကပင် သူတို့ကို ပို၍ ချစ်စရာ ကောင်းစေလေသည်။

ကောင်လေး သုံးကောင်က ဟိုပြေးဒီပြေးဖြင့် နေရာတိုင်းကို စိတ်ဝင်စားနေကြလေသည်။

ဗိုက်ဝသွားကြပြီ ဖြစ်သဖြင့် ဘာမှ လုပ်စရာ မရှိသောကြောင့် ဆော့ကစားနေကြခြင်း ဖြစ်သည်။

ရွှီယန်က သူတို့ကို အစားအစာ အများအပြား ကျွေးထားခဲ့လေသည်။

ရှောင်ဟေးကလည်း သူတို့နှင့်အတူ လိုက်လံ ဆော့ကစားနေပြီး မြေခွေးလေးများနှင့် သူငယ်ချင်းများ ဖြစ်သွားပြီ ဖြစ်ကြောင်း သိသာလှပေသည်။

ကောင်လေး လေးကောင်က ဟိုခုန်ဒီခုန်ဖြင့် ရွှီယန်၏ လယ်ယာခြံဝင်းထဲတွင် လွတ်လပ်စွာ သွားလာနေကြလေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ရွှီယန် ပြုံးလိုက်မိလေသည်။

"ရှောင်ဟေးတောင် သူငယ်ချင်း ရသွားပြီ... မဆိုးဘူးပဲ"

"မြေခွေးတွေက ကြက် ဘဲ ငန်းတွေကို မစားဘူးဆိုရင် အကျိုးပြု တိရစ္ဆာန်တွေပါပဲ... ဘာလို့လဲဆိုတော့ သူတို့က ကြွက်တွေ ယုန်တွေကို စားလို့လေ"

"ကြွက်တွေ ယုန်တွေ ဆိုတာက လယ်ယာခြံဝင်းတွေအတွက် လုံးဝ မကောင်းတဲ့ အရာတွေချည်းပဲ"

သူ၏ စကားကို ကြားသောအခါ ကွန်ရက်သုံးစွဲသူများလည်း အလိုအလျောက် ပြုံးလိုက်မိကြလေသည်။

မြေခွေးပေါက်လေး သုံးကောင်က အလွန် ချစ်စရာ ကောင်းလွန်းလှပြီး ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးများဖြင့် ပြေးလွှားနေပုံက ကြည့်ရသူကို ပေါ့ပါးလွတ်လပ်သော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။ ထို့အပြင် သူတို့က အမြဲတမ်း ပြုံးနေသကဲ့သို့ ဖြစ်နေပြီး အလွန် ပျော်ရွှင်နေပုံ ရလေသည်။

အားလုံး၏ ရင်ထဲတွင် ကြည်နူးမှုများ ဖြစ်ပေါ်လာကြလေသည်။

ရွှီယန်က မြေခွေးလေးများကို ခဏတာ ဆက်လက် တိုက်ရိုက်ထုတ်လွှင့် ပြသနေလိုက်သည်။

အချိန်က တဖြည်းဖြည်း ညနေစောင်းလာခဲ့လေပြီ။

လီဆန်းနှင့် ကျန်းမေ့ တို့က ညစာ ပြင်ဆင်နေကြလေသည်။

ထိုအချိန်တွင် ရွှီယန်၏ မိခင်ထံမှ ဖုန်းဝင်လာပြီး အိမ်တွင် အာလူးနှင့် ပဲတောင့်ရှည်ဟင်း ချက်ထားသဖြင့် လာစားရန် ခေါ်ခြင်း ဖြစ်လေသည်။

ရွှီယန်က လယ်ယာခြံဝင်းတွင်သာ စားတော့မည်ဟု ချက်ချင်း ငြင်းဆိုလိုက်လေသည်။

ယခုအချိန်က ပဲတောင့်ရှည်များ ရင့်မှည့်သော ရာသီဖြစ်ပြီး အိမ်တိုင်းလိုလို နေ့စဉ် ပဲတောင့်ရှည် စားကြရသော ရာသီသို့ ရောက်ရှိလာပြီ ဖြစ်လေသည်။

နွေရာသီမှ စတင်၍ ဆောင်းရာသီအထိ စားရမည် ဖြစ်ပြီး ဆောင်းရာသီတွင် အေးခဲထားသော ပဲတောင့်ရှည်များကိုပင် စားရဦးမည် ဖြစ်လေသည်။

ထို့ကြောင့် ရွှီယန်မှာ လုံးဝ ရိုးအီနေပြီ ဖြစ်ပြီး တစ်ခါတစ်ရံ စားလျှင် ကိစ္စမရှိသော်လည်း နေ့စဉ်တော့ လုံးဝ မစားချင်တော့ပေ။

ဖုန်းချပြီးနောက် ရွှီယန်က စိုက်ခင်းလေးထဲသို့ သွားရောက် ကြည့်ရှုလိုက်လေသည်။

စိုက်ခင်းလေးကို ရှင်းလင်းပြီးဖြစ်ကာ ဟင်းသီးဟင်းရွက် အချို့ကိုလည်း စိုက်ပျိုးပြီးပြီ ဖြစ်လေသည်။

ဤဟင်းသီးဟင်းရွက်များက ကြီးထွားနှုန်း အလွန် မြန်ဆန်ပြီး နှစ်လခန့် အကြာတွင် စားသုံးနိုင်မည် ဖြစ်လေသည်။

နောင်တွင် လိုအပ်ပါက သွားရောက် ခူးယူရုံသာ ဖြစ်လေသည်။

"ကျွန်တော့် ခြံဝင်းက သေးသေးလေးပါ... တကယ်လို့ ပေတကျဟွမ် အုပ်စုဘက်က အကြီးစား လယ်ယာခြံဝင်းကြီးတွေဆိုရင် လယ်ကွင်းတွေက တစ်ဆုံးတစ်စ မမြင်ရအောင် ကျယ်ဝန်းလှပါတယ်"

"စိုက်ပျိုးရေး လုပ်တဲ့ အချိန်ဆိုရင် ဧရာမ ထွန်စက်ကြီးတွေ အများကြီး တစ်ပြိုင်နက် အလုပ်လုပ်ကြတာ... အဲ့ဒီမြင်ကွင်းက တကယ့်ကို ခမ်းနားကြီးကျယ်လှတာ"

ရွှီယန်က အားလုံးအား ဤဒေသ၏ အခြေအနေများကို ရှင်းပြနေလေသည်။

"ဟင်... ငါတို့ နိုင်ငံမှာလည်း ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် စက်ယန္တရားတွေနဲ့ စိုက်ပျိုးရေး လုပ်တာ ရှိတာလား"

"သေချာတာပေါ့... အရှေ့မြောက်ဘက်က အကြီးစား လယ်ယာခြံဝင်းတွေ အကုန်လုံး အဲ့ဒီလိုပဲ... ဧရိယာ အရမ်း ကျယ်ပြီး အကုန်လုံး စက်ယန္တရားတွေနဲ့ချည်းပဲ"

"အရမ်းကို ကြည့်ချင်သွားပြီ"

"လောင်ရွှီ... မင်း ငါတို့ကို တိုက်ရိုက်ထုတ်လွှင့် ပြသပေးပါလား"

အားလုံးက ဝိုင်းဝန်း ပြောဆိုလာကြလေသည်။

"အဲ့ဒါက နောက်နှစ် နွေဦးပေါက်မှ ရမှာ... အခုက စိုက်ပျိုးပြီးသွားကြပြီ... သွားရင်လည်း စပါးခင်း ပန်းချီကားလောက်ပဲ ကြည့်ရမှာ"

"အဖွဲ့တိုင်းက စပါးခင်း ပန်းချီကားတွေကို အရမ်း လှအောင် ဖန်တီးထားကြတယ်... ဧရိယာလည်း အရမ်း ကြီးတယ်"

"အားလုံး မမြင်ဖူးတာလည်း မဆန်းပါဘူး... ဘာလို့လဲဆိုတော့ ပေတကျဟွမ် အုပ်စုက သိပ်ပြီး ကြော်ငြာလေ့ မရှိလို့လေ"

ရွှီယန်က ထပ်မံ ပြောဆိုလိုက်လေသည်။

ကွန်ရက်သုံးစွဲသူများ အများစုက စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးကြလေသည်။

လူအများစုက လယ်ယာ အလုပ်များကို အရှေ့မြောက်မှ မိုးရွာနေသော အစ်မ ကဲ့သို့သော ဗီဒီယိုအတို ဖန်တီးသူများထံမှ တစ်ဆင့်သာ သိရှိကြခြင်း ဖြစ်လေသည်။

ထို့ကြောင့် အားလုံးက မမြင်ဖူးသော အရာများကို အလွန် စိတ်ဝင်စားကြခြင်း ဖြစ်လေသည်။

"ကျွန်တော်တို့ ဘက်မှာတော့ အသေးစား ထွန်စက်တွေ ဒါမှမဟုတ် နွားတွေ လားတွေနဲ့ပဲ မြေထွန်ကြတာများတယ်"

"ထွန်စက် ငှားရတာ တော်တော်လေး ဈေးကြီးတယ်... မြေတစ်ကွက် ထွန်တာကိုတောင် ယွမ် ထောင်ချီ ပေးရတာ"

"ကိုယ့်အိမ်က နွားနဲ့ဆိုရင်တော့ ပိုပြီး သက်သာတာပေါ့... အစာဖိုးလေးပဲ ကုန်တာလေ"

ရွှီယန်က စိုက်ခင်းထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ပေါင်းပင် အချို့ကို နှုတ်ရင်း အေးဆေးစွာ ရှင်းပြနေလေသည်။

သူ၏ စကားကို ကြားသောအခါ လူအများစုက ကျောင်းသင်ခန်းစာများထဲတွင် သင်ခဲ့ရသော နွားဖြင့် မြေထွန်သည့် မြင်ကွင်းများကို သတိရသွားကြလေသည်။

အားလုံး၏ ရင်ထဲတွင် အနည်းငယ် သနားသွားမိကြလေသည်။

"လောင်ရွှီ... နွားနဲ့ မြေထွန်ရင် နွားတွေ အရမ်း ပင်ပန်းနေမှာပေါ့"

"ဟုတ်တယ်... အလုပ်လုပ်နေတဲ့ နွားတွေ လားတွေကို ကြည့်ရတာ သူတို့လေးတွေ အရမ်း သနားစရာ ကောင်းတယ်လို့ ခံစားရတယ်"

ရွှီယန်က အားလုံး၏ မှတ်ချက်များကို မြင်သောအခါ အနည်းငယ် ငိုရခက် ရယ်ရခက် ဖြစ်သွားလေသည်။

"အားလုံးက အထင်လွဲနေကြတာ ဖြစ်မယ်... ဒီလို ပြောရအောင် မြေထွန်ရတဲ့ အဲ့ဒီ တစ်လကတော့ နွားတွေ လားတွေ တကယ် ပင်ပန်းပါတယ်"

"ဒါပေမယ့် သူတို့က တစ်နှစ်မှာ အဲ့ဒီ တစ်လပဲ အလုပ်လုပ်ရတာလေ"

"ကျန်တဲ့ အချိန်တွေ အကုန်လုံးက ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး အနားယူနေရတာချည်းပဲ"

"နွားတွေ လားတွေ ဆိုတာက လယ်သမားတွေရဲ့ ရတနာတွေပါပဲ... မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကလွဲရင် ဘယ်သူကများ သူတို့ကို ပင်ပန်းခံခိုင်းရက်မှာလဲ"

ရွှီယန်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ကွန်ရက်သုံးစွဲသူများ လုံးဝ အံ့အားသင့်သွားကြတော့သည်။

"မင်း ဘာပြောလိုက်တယ်... နွားက တစ်နှစ်မှာ တစ်လပဲ အလုပ်လုပ်ရတယ် ဟုတ်လား"

"လခွီး... ငါက ကိုယ့်ကိုယ်ကိုယ် နွားလို မြင်းလို အလုပ်လုပ်နေရတယ်လို့ အမြဲတမ်း ပြောနေတာ... ငါက နွားနဲ့ မြင်းလောက်တောင် အဆင့်မရှိပါလား"

"တချို့လူတွေက ရောမမှာ မွေးဖွားလာကြတယ်... တချို့လူတွေက နွားနဲ့ မြင်း ဖြစ်ဖို့ မွေးဖွားလာကြတယ်... ဒါပေမယ့် နွားနဲ့ မြင်းကတောင် တစ်နှစ်မှာ တစ်လပဲ အလုပ်လုပ်ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"

"ဝူးဝူးဝူး... လောင်ရွှီ မင်း ငါ့ကို အရမ်း စိတ်ထိခိုက်အောင် လုပ်လိုက်ပြီ"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ငိုသံများ ဆူညံသွားတော့သည်။

'နွား... လူတော်တော်များများက နွားနဲ့ မြင်းဖြစ်ရတာ အရမ်း ပင်ပန်းတယ်လို့ ပြောကြတယ် မဟုတ်လား... တစ်လလောက် လုပ်ရတာလေ ဘာများ ပင်ပန်းလို့လဲ…’

ရွှီယန်က အားလုံး၏ မှတ်ချက်များကို မြင်သောအခါ မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိပြီးနောက် ချက်ချင်းပင် မူလအတိုင်း အေးဆေးတည်ငြိမ်စွာ ပြန်နေလိုက်လေသည်။

အချိန်လင့်လာပြီ ဖြစ်သဖြင့် ထမင်းစားချိန် ရောက်လာပြီ ဖြစ်လေသည်။

ရွှီယန်က ကွန်ရက်သုံးစွဲသူများအား နှုတ်ဆက်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ ထမင်းစားရန် ပြင်ဆင်လိုက်လေသည်။

သူက ဒရုန်းကို သိမ်းဆည်းလိုက်ပြီး ခြံဝင်း အပြင်ဘက်သို့ ထွက်ကာ ရှောင်ဟေးကို လှမ်းခေါ်လိုက်လေသည်။

"ရှောင်ဟေး... အိမ်ပြန်ပြီး ထမင်းစားတော့မယ်"

မကြာမီမှာပင် ရှောင်ဟေးက ပျော်ရွှင်စွာ ပြေးလာသည်ကို တွေ့လိုက်ရလေသည်။

မြေခွေးပေါက်လေး သုံးကောင်ကတော့ အဝေးမှနေ၍ ဤဘက်သို့ ကြည့်နေကြလေသည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာပြီ ဖြစ်သဖြင့် သူတို့လည်း သူတို့၏ အသိုက်သို့ ပြန်၍ အိပ်စက်ရတော့မည် ဖြစ်လေသည်။

ထို့ကြောင့် ခဏတာ ရပ်ကြည့်ပြီးနောက် မြေခွေးလေးများက တောင်ပေါ်ရှိရာဘက်သို့ လှည့်ပြေးသွားကြလေသည်။

သူတို့က မြက်ခင်းပြင်များကို နင်းဖြတ်ကာ ချုံပုတ်များကြားသို့ ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။

ရှောင်ဟေးကတော့ ရွှီယန်နှင့်အတူ လယ်ယာခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။

ဘဝက အမြဲတမ်း အေးချမ်းသာယာနေလေသည်။

လုပ်၍ မကုန်နိုင်သော လယ်ယာအလုပ်များ ရှိနေသော်လည်း လုပ်ငန်းခွင် ဖိအားများ မရှိဘဲ လုပ်ချင်မှ လုပ်၍ ရလေသည်။

ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက အလွန် ကောင်းမွန်နေလေသည်။

လယ်ယာခြံဝင်း၏ ညစာကလည်း အတော်လေး ကောင်းမွန်လေသည်။ အဓိကအားဖြင့် ဤဒေသတွင် ကုန်ဈေးနှုန်း သက်သာသဖြင့် ရွှီယန်က အသားနှင့် ဟင်းသီးဟင်းရွက် အများအပြားကို ဝယ်ယူခဲ့လေသည်။

စားရသည်မှာ အလွန် စိတ်ကျေနပ်စရာ ကောင်းလှပေသည်။

ညပိုင်းတွင် ရွှီယန်က ယနေ့အတွက် ကျော်ကြားမှုရမှတ်များကို စတင် တွက်ချက်လေသည်။

[ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူ အရေအတွက် - ၁၂,၂၃၂ ယောက်၊ တစ်ဦးချင်း ကြည့်ရှုချိန် ပျမ်းမျှ - ၁.၁ နာရီ၊ ရရှိသော ကျော်ကြားမှုရမှတ် - ၁၃,၄၅၅]

[လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ် - ၁၄,၆၉၀]

ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု၏ ရလဒ်က အလွန် ကောင်းမွန်လေသည်။

သူ့တွင် သစ္စာရှိသော ဖော်လိုဝါ တစ်စု ရှိနေပြီ ဖြစ်ပြီး သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာများကလည်း ကောင်းမွန်သဖြင့် ဝင်ရောက် ကြည့်ရှုသူ အရေအတွက် အတော်လေး များပြားလေသည်။

"တစ်သောင်းကျော်ပြီ... စုရတာ တော်တော်လေး မြန်တာပဲ"

"အရင်ဆုံး စုထားလိုက်ဦးမယ်... အမြင့်ဆုံးအဆင့် မဲဖောက်တာက ဆုလာဘ်တွေ ပိုကောင်းလိမ့်မယ်လို့ ခံစားရတယ်"

ရွှီယန်က စိတ်ထဲတွင် တွေးတောနေမိလေသည်။

မည်သို့ပင်ဖြစ်စေ ယခင်က အမြင့်ဆုံးအဆင့် ဆုလာဘ် မဲဖောက်ရရှိခဲ့စဉ်က ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြင့်တင်ပေးသော ဆေးရည် တစ်ပုလင်း ရရှိခဲ့လေသည်။

ရွှီယန်က နောက်ထပ် ရရှိလာမည့် ဆုလာဘ်များကို ပို၍ပို၍ မျှော်လင့်နေမိပြီး ကျော်ကြားမှုရမှတ် တစ်သိန်း အမြန်ဆုံး ပြည့်ကာ အမြင့်ဆုံးအဆင့် မဲဖောက်ခြင်း တစ်ကြိမ် ပြုလုပ်နိုင်ရန်သာ ဆန္ဒရှိနေလေတော့သည်။

All Chapters