အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆) တကယ်ကို လိမ္မာတဲ့ ခွေးလေး... ခွေးကောင်လေး
သာယာကြည်နူးဖွယ်ကောင်းသော နံနက်ခင်း နေရောင်ခြည်အောက်တွင် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ဖွင့်လှစ်လိုက်သည်။ အချိန်မှာ နံနက် ကိုးနာရီကျော်ခန့် ရှိနေပြီဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲ၌ ရွှီယန်က ပေါ့ပါးလွတ်လပ်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သော ဝါးခြင်းတောင်းလေး တစ်လုံးကိုလွယ်ကာ တောင်ပေါ်လမ်းကျဉ်းလေးအတိုင်း လျှောက်လှမ်းနေသည်။
ဒီတစ်ခေါက်တော့ သူ့နောက်မှာ ရှောင်ဟေးပါ လိုက်ပါလာခဲ့၏။
လူနေထိုင်ရာ ဒေသနှင့် နီးကပ်သည့် တောင်တန်းဒေသဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမား မရှိနိုင်သောကြောင့် ရှောင်ဟေးကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ နောက်နောင် အတူတကွ တောင်ပေါ်တက်ရမည့် အချိန်များအတွက် ရှောင်ဟေးကို တောင်ပေါ် ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်သွားစေရန် အဓိက ရည်ရွယ်သည်။
တောင်တန်းများကြားရှိ ရှုခင်းများက အမြဲတမ်း ထူးခြားလှပပြီး စိမ်းလန်းစိုပြည်နေတော့သည်။
ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု၏ ခေါင်းစဉ်ကို 'ယနေ့ တောင်ပေါ်တွင် တောရိုင်း ချေပင်များ သွားခူးမည် (တောနက်ကြီးထဲတွင် မဟုတ်)’ ဟု ပေးထားသည်။ မကြာမီမှာပင် ဖော်လိုဝါ အဟောင်းများက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်ရောက်လာကြလေသည်။
"လောင်ရွှီ... ဒီနေ့ စောလှချည်လား"
"တောင်ပေါ် တက်မလို့လား"
"ဗီဒီယိုထဲက မြေခွေးလေးတွေရော ဘယ်မှာလဲ"
မှတ်ချက်များက ချက်ချင်းပင် အဆက်မပြတ် လွင့်မျောလာသည်။
မနေ့က ရွှီယန် တင်ခဲ့သော မြေခွေးလေးများနှင့် ပတ်သက်သည့် ဗီဒီယို နှစ်ခုကို လူအများအပြားက သဘောကျ နှစ်သက်ခဲ့ကြသည်။ ထို့ကြောင့် ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် တစ်ပြိုင်နက် မြေခွေးလေးများအကြောင်း အလုအယက် မေးမြန်းနေကြခြင်းဖြစ်သည်။
ရွှီယန်ကလည်း ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။
"ဒီနေ့က တောရိုင်း ချေပင် သွားခူးမလို့ဗျ... ကျွန်တော့်ရဲ့ လျှို့ဝှက်နေရာလေး တစ်ခုကို သွားရှာမလို့"
"တောင်ပေါ်ကို အမြဲတက်လေ့ရှိတဲ့ သူတွေက နှစ်စဉ် ပုံမှန် ရာသီတွေ ရောက်ပြီဆိုရင် ကိုယ်ပိုင် လျှို့ဝှက်နေရာလေးတွေ ရှိတတ်ကြတယ်"
"တခြားလူတွေ မတွေ့သရွေ့တော့ အဲ့ဒီနေရာက ပစ္စည်းတွေက ကိုယ့်အပိုင်ပဲလေ"
"တောရိုင်း ချေပင်ကလည်း ပစ္စည်းကောင်း တစ်ခုပါပဲ... ဒီဘက်မှာ အရမ်း နာမည်ကြီးပြီး လူတွေက အရမ်း သွားခူးချင်ကြတယ်"
"ချန်ပိုင်တောင်တန်းက အပူချိန် အတော်လေး နိမ့်တော့ ချေပင်တွေက ရင့်မှည့်တာ နောက်ကျတယ်လေ…ဇွန်လ၊ ဇူလိုင်လ လောက်ရောက်မှပဲ စပြီး ခူးကြတာ"
သူက တောင်ပေါ်လမ်းအတိုင်း ဆက်လက် လျှောက်သွားရာ မကြာမီမှာပင် စမ်းချောင်းငယ်လေး တစ်ခုကို ဖြတ်ကျော်သွားခဲ့သည်။ စမ်းချောင်းရေက တသွင်သွင် စီးဆင်းနေပြီး သေချာစွာ ကြည့်ရှုလိုက်မည်ဆိုပါက ရေက အလွန် ကြည်လင်လွန်းလှရာ အောက်ခြေရှိ ရွှံ့သဲများနှင့် ရေညှိများကိုပင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။
ကျောက်တုံး အချို့က ရေထဲတွင် စောင်းငဲ့နေပြီး ထိုကျောက်တုံးများပေါ်၌ အစိမ်းရောင် ရေညှိများ အပြည့် ပေါက်ရောက်နေသည်။ ရေညှိပင်များက ရှင်သန်ရမည့် ပတ်ဝန်းကျင်ကို အလွန် ရွေးချယ်တတ်ကြရာ ယခုကဲ့သို့ ကျောက်တုံးများပေါ်တွင် ရေညှိများ အမြောက်အမြား ရှင်သန်နေခြင်းက ဤနေရာ၏ ဂေဟစနစ် မည်မျှ ကောင်းမွန်ကြောင်းကို သက်သေပြနေပေသည်။
ပတ်ဝန်းကျင်တွင် မည်သည့် စက်ရုံမှ မရှိဘဲ ရေများက ချန်ပိုင်တောင်တန်းရှိ ထျန်းချီ ရေကန်မှ စီးဆင်းလာခြင်း ဖြစ်ကာ မြစ်ကြီး သုံးစင်း၏ မြစ်လက်တက်ငယ် တစ်ခုလည်း ဖြစ်နိုင်၏။
ကြည်လင်နေသော မြစ်ရေကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူများမှာ မအောင့်နိုင်တော့ဘဲ အံ့ဩချီးကျူးလိုက်မိကြတော့သည်။
"ဒီက မြစ်ရေက အရမ်း ကြည်လင်တာပဲ... အရင်တုန်းက ငါမြင်ဖူးတဲ့ မြစ်ရေတွေ အကုန်လုံးက နောက်ကျိနေတာပဲ… တစ်ခါတလေ မီးခိုးရောင် သန်းနေပြီး တစ်ခါတလေကျတော့ ရွှံ့ရေတွေလိုပဲ နောက်ကျိနေတာ"
"ရှုခင်းက အရမ်း လှတာပဲ... ကဗျာတွေထဲကလိုပဲ"
"ဒီက ရေက ကြည်လင်ရုံတင် မကဘူး... တိုက်ရိုက် သောက်လို့လည်း ရတယ် ပြီးတော့ ချိုမြတဲ့ အရသာလေးတောင် ရှိသေးတယ်"
"တောအုပ်ထဲက ရှုခင်းတွေက အလှဆုံးပဲ"
ရွှီယန်က အတန်ကြာ လမ်းလျှောက်ပြီးနောက် လက်ကောက်ဝတ်ကို မြှောက်ကာ လွင့်မျောလာသော မှတ်ချက်များကို ဖတ်လိုက်သည်။ ထို့နောက် ပြုံးကာ ရှင်းပြလိုက်သည်။
"တောင်ပေါ်က ရေကို သောက်လို့ရတာ မှန်ပါတယ်... ဒါပေမယ့် ရေထဲမှာ ငါးတွေ၊ ဖားတွေ နေထိုင်ကြတော့ တိုက်ရိုက် မသောက်တာ အကောင်းဆုံးပါပဲ"
"အများအားဖြင့်တော့ ဟင်းသီးဟင်းရွက်တွေ ဆေးတာ၊ ပဲငပိတုံးတွေ ဆေးတာ၊ သစ်သီးခြောက်တွေ ဆေးတာလောက်ပဲ သုံးကြတာများပါတယ်"
ခြေလှမ်း အနည်းငယ် လျှောက်သွားပြီးနောက် ရွှီယန်က စမ်းချောင်းရေထဲသို့ စောင်းနေသော ကျောက်ပြား တစ်ချပ်အောက်တွင် ဖားလောင်း အချို့ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။
သူ အလွန် စိတ်ဝင်စားသွားခဲ့သည်။
"ဒီဘက်က ဂေဟစနစ် အခြေအနေကို အားလုံးကို ပြပေးမယ်"
"ဖားပြုတ်တွေက နေထိုင်ရမယ့် ပတ်ဝန်းကျင်ကို သိပ်မရွေးတော့ အတွေ့ရများပါတယ်... ဒါပေမယ့် ဖားစစ်စစ် တွေကတော့ အတော်လေး တွေ့ရခဲတယ်"
"လူအများစုက ဖားလောင်း အကြီးကြီးတွေကို မြင်ဖူးကြမှာ မဟုတ်ဘူး... အသွင်ပြောင်းပြီး ကြီးထွားလာတဲ့ ဖားလောင်းတွေလေ"
"ဒီကျောက်ပြားနဲ့ ချောင်းရေ ဆုံတဲ့ နေရာကို သေချာ ကြည့်ကြည့်"
"ဒီဖားလောင်း အကြီးကြီးတွေက ခြေထောက်တွေတောင် ထွက်နေပြီ... မြစ်ထဲကနေ ကုန်းပေါ်ကို တက်လာတော့မယ်"
ရွှီယန်က ဖုန်းကို ထုတ်ကာ ဒရုန်း၏ ကင်မရာကို ထိန်းချုပ်ပြီး မြစ်ထဲရှိ အခြေအနေများကို ရိုက်ကူး ပြသလိုက်သည်။
ကျောက်ပြားနှင့် ချောင်းရေ ဆုံရာ ရေမျက်နှာပြင် အောက်တွင် အမည်းရောင် ဖားလောင်း ငါးကောင် ခြောက်ကောင်ခန့်က မြစ်ရေထဲမှ ကျောက်ပြားပေါ်သို့ တက်ရန် ကြိုးစားနေကြသည်ကို တွေ့လိုက်ရသည်။
ဖားလောင်းများ၏ ခေါင်းက အလွန် ကြီးမားပြီး ခြေလက် လေးချောင်းလုံး ထွက်နေကာ အမြီးလေးက သေးသေးလေးသာ ကျန်ရှိတော့သဖြင့် ကြည့်ရသည်မှာ အလွန် ထူးဆန်းလှပေသည်။ သဘာဝတရားကြီးက တကယ်ကို ဆန်းကြယ်လှပြီး ကုန်းနေရေနေ သတ္တဝါများ၏ ကြီးထွားလာမှု လုပ်ငန်းစဉ်ကလည်း အံ့ဩဖွယ်ရာ တစ်ခုပင် ဖြစ်တော့သည်။
"တကယ်ကြီး ကြီးထွားလာတဲ့ ဖားလောင်းတွေပဲ... အသက်ရှင်နေတာကို ပထမဆုံး မြင်ဖူးတာပဲ"
"ဒါက တကယ်ကို ရှားပါးတာပဲ"
"ငါက ဖားအသေးလေးတွေကိုပဲ မြင်ဖူးတာ... မိုးရွာရင် အများကြီး ထွက်လာတာလေ… ဒါပေမယ့် ဒီလောက်ကြီးတဲ့ ဖားလောင်းတွေကိုတော့ တစ်ခါမှ မမြင်ဖူးဘူး"
"ပွင့်ပွင့်လင်းလင်း ပြောရရင်... မိုးရွာတဲ့နေ့ မြက်ခင်းပြင်ပေါ်မှာ ခုန်ဆွခုန်ဆွ လုပ်နေတဲ့ အကောင်လေးတွေက အများအားဖြင့် ဖားပြုတ်လေးတွေ ဖြစ်ဖို့ များတယ်"
မှတ်ချက်များက ချက်ချင်းပင် ဆူညံသွားတော့သည်။ အားလုံးက ဤအရာများကို အလွန် စိတ်ဝင်စားနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှတစ်ဆင့် စစ်မှန်သော သဘာဝတရားကို မြင်တွေ့ရခြင်း၊ Filter များ မပါဝင်ခြင်း၊ ကြိုတင် စီစဉ်ထားခြင်း မရှိခြင်းတို့က လူအများကို ဆန်းသစ်သော ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
လူအများစုမှာ သဘာဝတရားကြီးထဲသို့ ကိုယ်တိုင် သွားရောက် လေ့လာ စူးစမ်းရန် အခွင့်အရေး မရရှိကြသော်လည်း ကင်မရာမှတစ်ဆင့် အဝေးမှနေ၍ ကြည့်ရှုရသည်ကိုပင် အလွန် စိတ်ဝင်စားနေကြသည်။
ဖားလောင်းများက သူတို့၏ ဘဝ အသွင်ကူးပြောင်းမှုကို ပြီးမြောက်အောင် လုပ်ဆောင်နေကြ၏။ အချိန် အနည်းငယ် ကြာပါက အသွင်ကူးပြောင်းမှု ပြီးဆုံးသွားပြီး ကုန်းပေါ်တွင် နေထိုင်နိုင်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ရွှီယန်က ဖားလောင်းများကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှောင်ဟေးကလည်း သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ကျောက်ပြားပေါ်သို့ ပြေးသွားပြီး ခေါင်းကို အောက်သို့ ငုံ့ကာ နှာခေါင်းက ရေမျက်နှာပြင်နှင့် ထိလုနီးပါး အနေအထားဖြင့် စမ်းချောင်းရေထဲရှိ ဖားလောင်းများကို စိုက်ကြည့်နေတော့သည်။
ဖားလောင်းများကလည်း သူ့ကို မကြောက်ကြဘဲ စမ်းချောင်းရေထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အမြီးလေးများကို လှုပ်ခါကာ ရှောင်ဟေးနှင့် အပြန်အလှန် စိုက်ကြည့်နေကြသည်။
ဤမြင်ကွင်း၏ အငွေ့အသက်လေးက အလွန် လှပ ကြည်နူးဖွယ် ကောင်းလှသည်။
ကွန်ရက်သုံးစွဲသူ အများအပြားက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန် ချစ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
"ရှောင်ဟေးက အရမ်း ချစ်ဖို့ကောင်းတာပဲ"
"ဘုရားရေ... သူတို့က သူငယ်ချင်း ဖြစ်နေကြတာလား"
"ဒီလိုတောင် ရသေးတာလား"
အားလုံးက အသီးသီး ပြောဆိုနေကြသည်။ ရွှီယန်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရ၏။ ရှောင်ဟေးက ဖားလောင်းများနှင့် ရေမျက်နှာပြင်ကို ခြားကာ အပြန်အလှန် စိုက်ကြည့်နေခြင်းက နယ်ပယ် မတူညီသော၊ မျိုးစိတ် မတူညီသော သတ္တဝါများကြားမှ ချစ်ကြည်ရင်းနှီးမှု တစ်ခုကဲ့သို့ ခံစားရစေသည်။
"တကယ်ကို လိမ္မာတဲ့ ခွေးလေးပဲ..."
ရွှီယန်၏ စကားပင် မဆုံးလိုက်သေး၊ ထိုအခိုက်အတန့်လေးမှာပင် ရှောင်ဟေးက ရုတ်တရက် လှုပ်ရှားသွားပြီး ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းကာ ပါးစပ်ကိုဟ၍ ဖားလောင်းကို ချက်ချင်း ဟပ်ယူလိုက်တော့သည်။
ထိုအချိန်တွင် ရေများ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။
"တကယ်ကို လိမ္မာတဲ့ ခွေးလေး…ဟမ်.. ခွေးကောင်လေ... မြန်မြန် ပြန်ထွေးထုတ်လိုက်စမ်း"
ရွှီယန်က ချက်ချင်း ဆောင့်ကြောင့်ထိုင်ချကာ ရှောင်ဟေး၏ ပါးစပ်ကို ဖြဲ၍ ခေါင်းကိုလည်း ဖွဖွလေး တစ်ချက် ရိုက်လိုက်သည်။ ရှောင်ဟေးက အခြေအနေကို ရိပ်မိစွာဖြင့် ပါးစပ်ကို ဟကာ ဖားလောင်းကို စမ်းချောင်းရေထဲသို့ ပြန်လည် ထွေးထုတ်ပေးလိုက်၏။
ထိုအခါမှသာ ဖားလောင်းလေးမှာ ထိတ်လန့်တကြားဖြင့် လျင်မြန်စွာ ထွက်ပြေးသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကျောက်စရစ်ခဲများကြားတွင် ပျောက်ကွယ်သွားတော့သည်။
ဖားလောင်း... 'ငါက မင်းနဲ့ သူငယ်ချင်း ဖွဲ့မလို့ လုပ်နေတာ မင်းက ငါ့ကို အရေးပေါ် ရိက္ခာအဖြစ် သတ်မှတ်နေတာလား'
ဤအရာများ အားလုံး ပြီးဆုံးသွားပြီးနောက် ရှောင်ဟေးက ရွှီယန်ကို ရိုးအအလေး ပြုံးပြနေပြီး အမှားကို ဝန်ခံချင်သည့် အရိပ်အယောင် လုံးဝ မရှိပေ။
ကွန်ရက်သုံးစွဲသူများလည်း ဤအခြေအနေကြောင့် လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ထို့နောက် အားလုံးက မနေနိုင်တော့ဘဲ အသံထွက်အောင် ရယ်မောလိုက်ကြတော့သည်။
"ဟားဟားဟား... ဒီခွေးလေးက အရမ်း ကောက်ကျစ်တာပဲ"
"ငါက သူတို့ သူငယ်ချင်း ဖြစ်တော့မယ်လို့ ထင်နေတာ"
"ပုံစံက အရမ်း မြန်မြန် ပြောင်းသွားတယ်လေ... ခုနကမှ အရမ်း ချစ်ဖို့ ကောင်းတယ်လို့ ပြောနေတာ... အခုကျတော့ ဒီလို ဖြစ်သွားပြန်ပြီ"
"ရှောင်ဟေး... မင်း ဘာကြည့်နေတာလဲ"
"ဖားလောင်း... ကြည့်တော့ ဘာဖြစ်လဲ"
"ရှောင်ဟေး... ထပ်ကြည့်ရဲ ကြည့်စမ်းပါ"
"ဖားလောင်း... ကြည့်တော့ ဘာဖြစ်..."
"လှပတဲ့ အငွေ့အသက်လေးတွေ အကုန်လုံး ပျောက်သွားပြီ"
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အလွန် ပျော်ရွှင်စရာ ကောင်းသွားတော့သည်။
ရွှီယန်ကမူ ရှောင်ဟေးကို ခေါ်ဆောင်ကာ တောနက်ကြီးထဲသို့ ဆက်လက် လျှောက်သွားလိုက်၏။
ထိုအချိန်တွင် ရွှီယန်က ရှေ့၌ ဟောင်းနွမ်းနေသော စစ်ဝတ်စုံ ဝတ်ဆင်ထားပြီး ဝါးခြင်းတောင်း လွယ်ထားကာ တောဟင်းရွက် တူးနေသော ရွာသား နှစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူနှစ်ယောက်က ရွှီယန်ကို မြင်သောအခါ နှုတ်ဆက်လိုက်ကြသည်။
"မင်းလည်း ဟင်းရွက် လာတူးတာလား"
ရွှီယန်က ခေါင်းညိတ်ကာ ပြုံးလျက် ဖြေလိုက်သည်။
"ဟုတ်တယ်ဗျ... တောရိုင်း ချေပင် နည်းနည်း သွားရှာမလို့…ညကျရင် ကြော်စားမလို့လေ"
"ဒီနေ့ တောင်ပေါ် မတက်ဘူးလား... ဒီနှစ် မင်း ပစ္စည်းကောင်းတွေ ရတယ်လို့ ကြားတယ်"
"နောက်နှစ်ရက်လောက် နေမှ သွားတော့မယ်ဗျ"
ရွှီယန်က သူတို့နှင့် နှုတ်ဆက်ပြီးနောက် ရှေ့သို့ ဆက်လက် လျှောက်သွားလိုက်သည်။ အတန်ကြာ လမ်းလျှောက်ပြီးနောက် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများအား ပြောလိုက်၏။
"အခု အချိန်က တောတောင်ရှာဖွေသူတွေ အလုပ်အများဆုံး အချိန်ပဲ... ပြီးတော့ သူတို့ အလှုပ်ရှားဆုံး အချိန်လည်း ဖြစ်တယ်"
"ဥပမာ ကျွန်တော့်အဖေတို့ဆိုရင် တောင်ပေါ်တက်သွားတာ လေးရက် ရှိပြီ... ဒီနေ့ ညလောက်မှ ပြန်ရောက်မှာ"
"ဆောင်းဦးရာသီ မရောက်မချင်း တောတောင်ရှာဖွေသူတွေက အလုပ်များနေကြမှာပဲ"
"နွေရာသီမှာ ပေါက်တဲ့ ဆေးဘက်ဝင် အပင်တွေနဲ့ တောင်ထွက်ပစ္စည်းတွေက အကောင်းဆုံးပဲ…ပြီးတော့ အများဆုံးလည်း ရောင်းရတယ်... တစ်လ၊ နှစ်လလောက် ကြိုးစားလိုက်ရင် ကံကောင်းရင် ယွမ် သောင်းချီ ရနိုင်တယ်... ကံမကောင်းရင်လည်း ပင်ပန်းရကျိုးတော့ နပ်ပါတယ်"
"ကျွန်တော်လည်း နောက်နှစ်ရက် နေရင် တောင်ပေါ် တစ်ခေါက် တက်မလို့"
သူက အထဲသို့ ဆက်လက် လျှောက်သွားလိုက်သည်။ တောင်ပေါ်လမ်းက သိပ်မကောင်းလှပေ။ အချို့နေရာများတွင် ချိုင့်ခွက်များ ရှိနေပြီး တစ်ခါတစ်ရံ မတ်စောက်သော ကုန်းတက်များလည်း ရှိသဖြင့် တက်ရန် မလွယ်ကူလှချေ။
သူက အပင်များ ထူထပ်စွာ ပေါက်ရောက်နေသော လမ်းတစ်ခုကို ရွေးချယ်ကာ သစ်ပင်များကြားတွင် ဖြတ်သန်းသွားလာနေ၏။ အလွန် မတ်စောက်သော တောင်ပေါ်လမ်း တစ်ခုကို ဖြတ်ကျော်ပြီး တောင်စောင်း တစ်ခုမှ ဆင်းလာပြီးနောက် ရွှီယန်က နောက်ဆုံးတွင် ခရီးဆုံးသို့ ရောက်ရှိသွားတော့သည်။
"အရင်တုန်းက ကျွန်တော် တောင်ပေါ်ကို ခဏခဏ တက်လေ့ရှိတယ်... ပြီးတော့ ရွာထဲက လူတွေ အကုန်လုံးကလည်း ကျွန်တော် တောဟင်းရွက်တွေ၊ တောင်ထွက်ပစ္စည်းတွေ ရှာတာ အရမ်း တော်မှန်း သိကြတယ်"
"သွားတိုင်း တောင်ထွက်ပစ္စည်းတွေကို ရှာတွေ့နိုင်တယ်လေ"
"ငယ်ငယ်ကတည်းက တောင်ပေါ်မှာပဲ ပြေးလွှား ဆော့ကစားရတာကို သဘောကျခဲ့တာ"
"ဒီနေရာက ကျွန်တော့်ရဲ့ လျှို့ဝှက်နေရာလေး တစ်ခုပဲ... ချေပင်တွေ သီးသန့် လာခူးတဲ့ နေရာပေါ့"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။ ဒရုန်းက ရှေ့သို့ ရိုက်ကူးပြသလိုက်၏။
စိမ်းလန်းစိုပြည်နေသော မြက်ခင်းပြင် တစ်ခုပေါ်တွင် ပင်စည် အတော်လေး မြင့်မားသော အစိမ်းရောင် အပင်များ အမြောက်အမြား ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထင်ထားသည့်အတိုင်းပင် ကွန်ရက်သုံးစွဲသူများ အားလုံး၏ မျက်နှာပေါ်တွင် မေးခွန်းထုတ်မှုများ ပေါ်ထွက်လာတော့သည်။
'လျှို့ဝှက်နေရာ ဟုတ်လား’
'ချေပင်တွေ ခူးမယ် ဟုတ်လား’
'ချေပင်က ဘယ်မှာလဲ’
'ဒါတွေ အကုန်လုံးက မြက်ပင်တွေချည်းပဲ မဟုတ်လား’