← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇) အဲ့ဒီ တောဟင်းရွက်ကို လွှတ်လိုက်စမ်း... ငါ့ကို ပေး

မြေပြင်ပေါ်တွင် တောရိုင်း ချေပင်များက အလွန် စိမ်းလန်းစိုပြည်စွာ ပေါက်ရောက်နေသည်။

ချေပင် ဆိုသည်မှာ ပင်စည်ရှည်လျားသော အပင်မျိုး ဖြစ်ပြီး တုတ်ရှည်များကဲ့သို့ ဖြစ်ကာ ထိပ်ပိုင်းတွင် အစိမ်းရောင် အဖူး သုံးလေးဖူးခန့် ပါရှိသည်။

အပင်တစ်ခုလုံးက အစိမ်းရောင် ဖြစ်ပြီး သာမန် မြက်ပင်များနှင့် သစ်ရွက်များနှင့် အရောင်ချင်း လုံးဝ တူညီနေသည်။

ကွန်ရက်သုံးစွဲသူများက မခွဲခြားနိုင်သည်မှာလည်း မဆန်းလှပေ။ သာမန်လူ တစ်ယောက်က ဤအရာများကို မည်သို့ ခွဲခြားသိမြင်နိုင်မည်နည်း။

ရွှီယန်က ချေပင် တစ်ပင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒါက တောရိုင်း ချေပင်ပဲ... အရသာက အရမ်း ကောင်းတယ် အိမ်ပြန်ရောက်ရင် အသားနည်းနည်းနဲ့ ကြော်စားရင် ခါးသက်သက်နဲ့ ချိုဆိမ့်ဆိမ့်လေး ဖြစ်သွားမှာ"

"ဟိုဘက်က ချေပင်တွေကို ကြည့်လိုက်... ရင့်နေပြီဆိုတော့ မခူးတော့ဘူး... ဒီဘက်က ဟာတွေကမှ လတ်ဆတ်သေးတာ"

"စလိုက်ကြရအောင်"

ရွှီယန်က ဝါးခြင်းတောင်းကို အောက်ချကာ အဖြူရောင် လက်အိတ်များကို စွပ်ပြီး အလုပ်စတင်ရန် ပြင်ဆင်လိုက်သည်။

ရှောင်ဟေးက ဘေးနားမှနေ၍ စောင့်ကြည့်နေပြီး သိချင်စိတ်ဖြင့် ဟိုဒီ လိုက်ကြည့်နေသည်။

၎င်းက ဟိုပြေးဒီပြေး လုပ်ချင်သော်လည်း ရွှီယန်က သူ့ကို အေးဆေးစွာဖြင့် ဘေးနားတွင်သာ နေခိုင်းလိုက်သည်။

ခွေးများကို တောင်ပေါ် ခေါ်လာပါက သေချာပေါက် အနီးကပ် လိုက်ပါစေရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တောင်ပေါ်တွင် ခွေးများ မြွေကိုက်ခံရ၍ သေဆုံးခြင်း သို့မဟုတ် အဆိပ်ရှိသော အင်းဆက်များ ကိုက်ခံရ၍ သေဆုံးခြင်းတို့က မကြာခဏ ဖြစ်လေ့ရှိသောကြောင့် ဖြစ်သည်။

လေလွင့်ခွေးများပင်လျှင် ယေဘုယျအားဖြင့် အပင်များ ထူထပ်သော တောအုပ်များထဲတွင် သွားလာလေ့ မရှိကြပေ။

ရွှီယန်က ကိုယ်ပေါ်တွင် ခြင်ဆေးရည်များ ဖျန်းထားပြီးဖြစ်ရာ ခြင်နှင့် အင်းဆက်များကို ကောင်းစွာ ကာကွယ်နိုင်ပြီး ရှောင်ဟေးကိုပါ အနည်းငယ် ကာကွယ်ပေးနိုင်လေသည်။

ရွှီယန်က ချေပင်များကို စတင် ခူးယူလိုက်သည်။

ချေပင်များ ခူးယူရခြင်းက အလွန် စိတ်အပန်းပြေစေသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ သေချာသည်ကတော့ အခြားသူများ ခူးယူနေသည်ကို ကြည့်ရခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ရွှီယန်က ချေပင်၏ ရှည်လျားသော ပင်စည်ကို ကိုင်ကာ ဖွဖွလေး ချိုးလိုက်ရာ ကြည်လင်ပြတ်သားသော "ဂွပ်" ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး ချေပင် တစ်ပင် ကျိုးကျလာလေသည်။

ရွှီယန်၏ လက်လှုပ်ရှားမှုက အလွန် မြန်ဆန်လေသည်။

ဘယ်ဘက်လက်က တစ်ပင်ကို ချိုးလိုက်ပြီးသည်နှင့် ညာဘက်လက်က နောက်တစ်ပင်ကို ချက်ချင်း ထပ်ချိုးလိုက်သည်။

ဤသို့ဖြင့် အကြိမ်ကြိမ် လုပ်ဆောင်နေလေသည်။

"ဂွပ်"

"ဂွပ်"

"ဂွပ်"

"ဂွပ်"

မကြာမီမှာပင် ရွှီယန်၏ လက်နှစ်ဖက်စလုံးတွင် ချေပင်များ အပြည့် ပါလာလေသည်။

ကွန်ရက်သုံးစွဲသူများက ဤအသံများကို ကြားရသောအခါ ဘာကြောင့်မှန်း မသိသော်လည်း ရုတ်တရက် လက်ယားလာသလို ခံစားလိုက်ရသည်။

"လခွီး... တောဟင်းရွက် ခူးရတာက ဒီလောက်တောင် ပျော်စရာ ကောင်းတာလား"

"အဲ့ဒီ တောဟင်းရွက်ကို လွှတ်လိုက်စမ်း... ငါ့ကို ပေး"

"ကြည့်ရတာ အရမ်း စိတ်အပန်းပြေတာပဲ"

"ချေပင်က ဒီလောက်တောင် ကျွတ်တာလား... တစ်ချက်ချိုးလိုက်တာနဲ့ ပြတ်လာတာပဲ"

"ဟိုက်... ငါလည်း ဆော့ချင်လာပြီ"

ချေပင် ခူးယူရခြင်းက ကြည့်ရသည်မှာ သက်သောင့်သက်သာ ရှိသော်လည်း တကယ်တမ်း ခူးယူရသည်မှာတော့ အလွန် ပင်ပန်းလေသည်။

သို့သော် အားလုံး ပျော်ရွှင်နေကြလျှင် ရပါပြီ။

ရွှီယန်က ဒရုန်း၏ အနီးကပ် ရိုက်ကူးမှု စနစ်ကို ဖွင့်လိုက်ရာ ခူးယူနေသည့် မြင်ကွင်းကို အနီးကပ် ကြီးမားစွာ မြင်တွေ့ရလေသည်။

သူက ဘာမှ ထပ်မပြောတော့ဘဲ အေးဆေးစွာဖြင့် ချေပင်များကိုသာ ဆက်လက် ခူးယူနေလေသည်။

“ဂွပ်... ဂွပ်... ဂွပ်…”

ကြည်လင်ပြတ်သားသော အသံများက အဆက်မပြတ် ထွက်ပေါ်နေလေသည်။

စဉ်ဆက်မပြတ် ထွက်ပေါ်နေခြင်း ဖြစ်သည်။

ရွှီယန်၏ လက်လှုပ်ရှားမှုက အလွန် မြန်ဆန်ပြီး သူ၏ လက်နှစ်ဖက် ဖြတ်သန်းသွားသော နေရာတိုင်းတွင် "ဂွပ်" ဟူသော အသံများနှင့်အတူ ချေပင်များ အားလုံး ခူးယူခံလိုက်ရလေသည်။

ချေပင် ခူးယူမည်ဆိုပါက ဤရာသီတွင်သာ ခူးယူရမည် ဖြစ်ပြီး နောက်ကျသွားပါက မရှိတော့ဘဲ နောက်တစ်နှစ် ထပ်မံ စောင့်ဆိုင်းရမည် ဖြစ်သည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း ချေပင် သွားခူးသူများ အလွန် များပြားလေသည်။

တစ်စည်းစာ ပြည့်သွားသောအခါ ရွှီယန်က ချေပင်များကို ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး ဆက်လက် ခူးယူနေလေသည်။

ဤနေရာက သူရှာတွေ့ထားသော လျှို့ဝှက်နေရာလေး ဖြစ်သဖြင့် အခြားမည်သူမျှ လာရောက်မည် မဟုတ်ပေ။

ဤသို့ဖြင့် ရွှီယန်က အဆက်မပြတ် အလုပ်လုပ်နေပြီး မကြာမီမှာပင် ဝါးခြင်းတောင်း အပြည့် ခူးယူပြီးသွားလေသည်။

"ပြီးပြီ"

ရွှီယန်က ကျေနပ်စွာဖြင့် ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာ အတော်လေး များပြားပြီး လူ ခြောက်ထောင်ခန့်တွင် တည်ငြိမ်နေလေသည်။

ရွှီယန်က ထိုအရေအတွက်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားသည်။

ယေဘုယျအားဖြင့် နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင်သာ ဤမျှလောက် လူအရေအတွက် ရှိတတ်ကြသည်။

ဖော်လိုဝါ တစ်သန်းကျော်ရှိသော လှပသည့် မိန်းကလေး တိုက်ရိုက်ထုတ်လွှင့်သူ အများစုမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်လိုက်ပါက လူ သုံးလေးရာခန့်သာ ကြည့်ရှုလေ့ ရှိကြသည်။

ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က ရွှီယန် နာမည်ကြီးခဲ့ခြင်းနှင့်လည်း သက်ဆိုင်လေသည်။ အင်တာနက် ပေါ်ရှိ ရေပန်းစားမှု ဆိုသည်မှာ လှိုင်းလုံးများကဲ့သို့ ဖြစ်ပြီး လှိုင်းတစ်လုံး ထလာပြီးနောက် တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားတတ်သည်။ အကယ်၍ ထိုလုပ်ငန်းစဉ် အတွင်းတွင် နောက်ထပ် လှိုင်းတစ်လုံး ထပ်မံ ထွက်ပေါ်လာပါက လှိုင်းများက ပို၍ပို၍ မြင့်မားလာမည် ဖြစ်သည်။

လက်ရှိအချိန်တွင် သူက လှိုင်းထိပ်သို့ ရောက်ရှိနေဆဲ ဖြစ်သည်။

"လူတွေ အများကြီးပဲ"

"ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ချေပင် သွားခူးရင်း ရှုခင်းတွေ လိုက်ပြတာပါပဲ"

"အခု ချေပင် ခူးလို့ ပြီးသွားပြီဆိုတော့ ပြန်ရတော့မယ်"

ရွှီယန်က ဝါးခြင်းတောင်းကို လွယ်ကာ အပြန်လမ်းသို့ စတင် လျှောက်လှမ်းလာခဲ့သည်။

ထူထပ်သော တောအုပ်ကြီးထဲတွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင် လမ်းလျှောက်နေသည့် မြင်ကွင်းက အလွန် လှပလွန်းလှပေသည်။

ဤကဲ့သို့ ခေတ်မီ တိုးတက်နေသော လူ့အဖွဲ့အစည်းကြီးတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရရန် အလွန် ခဲယဉ်းလှပေသည်။

ရှောင်ဟေး ပါဝင်နေခြင်းက ဤမြင်ကွင်းကို ပို၍ လှပသော အငွေ့အသက်များကို ပေးစွမ်းနိုင်လေသည်။

အပြည့် ပါလာသော ဝါးခြင်းတောင်းကလည်း အောင်မြင်မှု၏ ပျော်ရွှင်မှုများကို ပိုမို ထင်ဟပ်စေလေသည်။

ရွှီယန်က အပြန်လမ်းသို့ ဆက်လျှောက်လာရာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်ရောက်လာသူများလည်း ပိုမို များပြားလာလေသည်။

တောအုပ်ထဲမှ ထွက်လာပြီးနောက် ရွှီယန်က ကွန်ရက်သုံးစွဲသူများအား နှုတ်ဆက်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်လေသည်။

သူက အိမ်ရှိ ဆိုင်သို့ ပြန်လာပြီး ဝါးခြင်းတောင်းကို အောက်ချကာ ရေခဲသေတ္တာထဲမှ အေးစက်နေသော ကိုကာကိုလာ တစ်ပုလင်းကို ထုတ်ယူပြီး ထိုင်ခုံတွင် ထိုင်ကာ တစ်ငုံ သောက်လိုက်လေသည်။

အေးစက်ပြီး လည်ချောင်းကို စူးရှသွားစေသော အရည်များက လည်ချောင်းထဲသို့ စီးဆင်းသွားရာ မူလက ပူအိုက်နေသော ခန္ဓာကိုယ်ကြီးက ချက်ချင်းပင် ဖော်ပြ၍ မရနိုင်အောင် လန်းဆန်းသွားတော့သည်။

ရွှီယန်၏ မိခင်က သူမ၏ သူငယ်ချင်းများနှင့်အတူ ရွာထဲရှိ သတင်းများကို ဖလှယ်နေကြပြီး သူတို့၏ ပါးစပ်ဖျားတွင် လူမည်မျှလောက် အတင်းအဖျင်း ပြောခံနေရသည်ကို မသိနိုင်ပေ။

"အမေ... သား ချေပင် နည်းနည်း ခူးလာတယ်... အမေ နည်းနည်း ယူထားလိုက် ကျန်တာကို သား ခြံဝင်းထဲ ယူသွားလိုက်မယ်"

"အဖေ ဘယ်တော့ ပြန်လာမှာလဲ"

ရွှီယန်က မေးလိုက်သည်။

ရွှီယန်၏ မိခင်က ဝါးခြင်းတောင်းထဲမှ ချေပင် တစ်ဆုပ်ကို ယူကာ အရွက်များကို သေချာစွာ ကြည့်ရှုလိုက်ပြီး ချေပင်များက အလွန် လတ်ဆတ်ပြီး နုနယ်နေသည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ပြုံးလိုက်လေသည်။

"ဒီနေ့ ပြန်လာမှာပါ... ဒီတစ်ခေါက် သူတို့ ရှစ်ယောက် သွားကြတာ လေးရက်လောက် ကြာမယ်လို့ ပြောသွားတယ်... ရိက္ခာတွေလည်း အများကြီး ယူသွားကြတာ"

"ဒီနေ့ည ပြန်ရောက်လိမ့်မယ်"

"ဂျင်ဆင်း ဘယ်နှစ်ပင်လောက် ရလာမလဲ မသိဘူး"

ရွှီယန်က ခေါင်းညိတ်လိုက်သည်။ "ဦးလေးလု ခေါင်းဆောင်သွားတာဆိုတော့ ဘာမှ ပြဿနာ မရှိနိုင်ပါဘူး... သူက ဂျင်ဆင်းတွေ ဘယ်နားမှာ ရှိလဲဆိုတာ သိတယ်ဆိုတော့ သေချာပေါက် ရှာတွေ့မှာပါ"

"အဲ့ဒါဆိုရင် သား ခြံဝင်းကို ပြန်တော့မယ်... အဖေ ပြန်လာရင် သားလာသွားတယ် ပြောလိုက်ဦး"

ရွှီယန်က ဆိုင်ထဲတွင် တစ်ပတ် ပတ်ကြည့်လိုက်ပြီး အချိုရည် ပုလင်း အချို့ကို ယူကာ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် မုန့်ဟင်းခါး အချို့၊ နေကြာစေ့ အချို့နှင့် အာလူးကြော်၊ ကွတ်ကီး အစရှိသည်တို့ကိုလည်း ယူလိုက်သေးသည်။

ထွက်ခွာမည့် အချိန်တွင် စပ်သော အရသာရှိသော ခေါက်ဆွဲခြောက် တစ်ဖာကိုပါ ထမ်းလာခဲ့လေသည်။

သူက ပြည့်နှက်နေသော ဝါးခြင်းတောင်းကို လွယ်ကာ ခေါက်ဆွဲခြောက် ဖာကို ထမ်းပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။

"ကားမောင်းသွားပါလား... ဒီတိုင်းကြီး လမ်းလျှောက်ပြန်ရင် ပင်ပန်းနေမှာပေါ့"

ရွှီယန်၏ မိခင်က ပြောလိုက်သည်။

"ရပါတယ်... သား လီဆန်းကို သုံးဘီးဆိုင်ကယ်နဲ့ လာကြိုခိုင်းထားတယ်"

"ဟိုမှာ ရောက်နေပြီလေ"

ရွှီယန်က အပြင်ဘက်ရှိ သုံးဘီးဆိုင်ကယ်ကို လက်ညှိုးထိုးပြကာ ပြန်လည် ဖြေကြားလိုက်သည်။

"အေးအေး... ဂရုစိုက် သွားနော်"

ရွှီယန်က ဆိုင်ထဲမှ ထွက်လာပြီး ပစ္စည်းများကို သုံးဘီးဆိုင်ကယ်၏ နောက်ခန်းတွင် တင်လိုက်သည်။

လီဆန်းက အခြေအနေကို ရိပ်မိစွာဖြင့် ယာဉ်မောင်းခုံမှ ဆင်းကာ နောက်ခန်းသို့ ပြောင်းထိုင်လိုက်လေသည်။

ရှောင်ဟေးက မူလက တာ့ဟွမ် နှင့်အတူ ဆော့ကစားနေသော်လည်း ရွှီယန်က သူ့ကို လှမ်းခေါ်လိုက်သည်ကို ကြားသောအခါ အမြီးလေး တယမ်းယမ်းဖြင့် ပြေးထွက်လာပြီး ရွှီယန်က သူ့ကို ကားနောက်ခန်းတွင် တင်ပေးလိုက်သည်။

ရွှီယန်က သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ကာ အပြန်လမ်းသို့ ထွက်လာခဲ့လေသည်။

ဒီနေ့ တစ်ဝက်လောက်တော့ အတော်လေး ပင်ပန်းခဲ့ရသဖြင့် လယ်ယာခြံဝင်းသို့ ပြန်ရောက်ပါက ကောင်းကောင်း အနားယူရမည် ဖြစ်သည်။

လျှပ်စစ် သုံးဘီးဆိုင်ကယ်က အရှိန် သိပ်မမြန်သော်လည်း အမိုးအကာ မရှိသဖြင့် လေတိုက်ခတ်မှုကို ကောင်းစွာ ခံစားနိုင်လေသည်။

စီးရသည်မှာလည်း အလွန် အေးမြလေသည်။

မကြာမီမှာပင် ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ယနေ့အတွက် အလုပ်များ ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။

ယခုမှ နေ့လယ်ပိုင်း အချိန်သာ ရှိသေးပြီး ညနေပိုင်းတွင်တော့ အနားယူရန်သာ ရှိတော့သည်။

မြေခွေးပေါက်လေးများက ယနေ့ မလာကြပေ။ ရွှီယန်နှင့် ရှောင်ဟေး မရှိသည်ကို မြင်သောအခါ တောထဲသို့ ပြန်သွားပြီး ဆော့ကစားနေကြခြင်း ဖြစ်နိုင်သည်။

ယနေ့တွင် အလွန် တန်ဖိုးကြီးသော တောင်ထွက်ပစ္စည်းများ မရရှိခဲ့သော်လည်း ဤမျှလောက် လတ်ဆတ်သော ချေပင်များကို ခူးယူနိုင်ခဲ့ခြင်းကလည်း အလွန် ကောင်းမွန်လှပေသည်။

ယခုမှ ခူးလာသော ချေပင်များကို ချက်ချင်း စားသုံးရမည် ဖြစ်သည်။

ကျန်းမေ့ က ထမင်းချက်ရန် တာဝန်ယူထားပြီး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေလေသည်။

အဓိက ဟင်းလျာမှာ ချေပင် အသားကြော် ဖြစ်ပြီး အသုပ် တစ်ပွဲနှင့် ထမင်း တစ်အိုးကိုလည်း ပြင်ဆင်ထားလေသည်။

အစိမ်းရောင် ချေပင်များက မခါးဘဲ ချိုဆိမ့်ဆိမ့် အရသာ ရှိကာ အသားနှင့် ကြော်လိုက်ပါက အလွန် အရသာ ရှိလေသည်။

အကယ်၍ အညိုရောင် ချေပင်များ ဆိုပါက အနည်းငယ် ပို၍ ခါးသက်သက် ဖြစ်လေသည်။

ဤကဲ့သို့သော တောဟင်းရွက်များက ဝါးပင်များကဲ့သို့ပင် ယခုလေးတင် ခူးလာသော အချိန်တွင် အနုဆုံးနှင့် စားရန် အကောင်းဆုံး ဖြစ်ပြီး လတ်ဆတ်မှုကို အဓိကထား စားသုံးရခြင်း ဖြစ်သည်။

နောက်ထပ် အေးချမ်းသာယာသော နေ့တစ်နေ့ပင် ဖြစ်လေသည်။

ညနေပိုင်းတွင် ရွှီယန်က ခြံဝင်းထဲ၌ ဘဲလေးများကို ရေကူး သင်ပေးနေလေသည်။

ဘဲပေါက်လေးများက စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် အစာစားချိန်တွင် အလွန် အစားသန်ကြပြီး ခန္ဓာကိုယ် ကြီးထွားနှုန်းကလည်း အလွန် မြန်ဆန်လေသည်။

ဤသို့ ကြီးပြင်းလာသော ဘဲများက နောင်တွင် အသားလည်း ပို၍ အရသာ ရှိမည် ဖြစ်သည်။

ညပိုင်း ရောက်သောအခါ ရွှီယန်က လယ်ယာခြံဝင်း ပတ်ဝန်းကျင်ကို လိုက်လံ စစ်ဆေးနေလေသည်။

ကောင်းကင်က အနည်းငယ် မှောင်မိုက်နေလေပြီ။

သူက အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ မြက်ခင်းပြင်ထဲတွင် တောက်ပနေသော မျက်လုံး တစ်စုံကို တွေ့လိုက်ရပြီး သူတို့ ရှိရာဘက်သို့ အကဲခတ်နေလေသည်။

ရွှီယန်က အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

ရှောင်ဟေးက ရှေ့သို့ လှမ်း၍ တစ်ချက် ဟောင်လိုက်သည်။

မကြာမီမှာပင် ခြုံပုတ်များကြားမှ ထွက်လာသော ကျားသစ်ပေါက်လေး တစ်ကောင်ကို ရွှီယန် မြင်လိုက်ရသည်။

၎င်း၏ အနောက်ဘက်ရှိ သစ်တောထဲတွင် မိခင် ကျားသစ်မကြီးကလည်း ပုန်းကွယ်နေပြီး လှမ်းကြည့်နေလေသည်။

'ကျားသစ်ပေါက်လေးပဲ...သူ ပြန်လာပြန်ပြီ...ဒီတစ်ခါတော့ လယ်ယာခြံဝင်းကိုတောင် ရှာတွေ့သွားပြီပဲ...ဒါကတော့ တကယ်ကို ယုံနိုင်စရာ မရှိအောင် ဖြစ်နေပြီ…’

All Chapters