← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉) တောင်ပေါ်မှာ ဝိညာဉ်စွမ်းအင်တွေ ရှိတယ်

"ကိုရီးယားရွာဘက်ကို သွားတဲ့ လမ်းအတိုင်း ဆက်မောင်းသွား... ရောက်ရင် ကျွန်တော် ပြောမယ်"

ရွှီယန်က အငှားကားသမား လောင်ဝမ်ကို ပြောလိုက်သည်။

"တောင်ပေါ်တက်မလို့လား... တစ်ယောက်တည်းလား"

လောင်ဝမ်က ရွှီယန်၏ အဝတ်အစားများကို ကြည့်ကာ မေးလိုက်သည်။

"နည်းနည်း လျှောက်ကြည့်မလို့ပါ"

ရွှီယန်က ပြန်ဖြေလိုက်သည်။

နွေရာသီတွင် မိုးစောစော လင်းလေ့ရှိသည်။ ယခု နံနက် ၇ နာရီကျော် အချိန်တွင် ကောင်းကင်က လုံးဝ လင်းထိန်နေပြီ ဖြစ်သည်။ သို့သော် လမ်းမပေါ်တွင် ကားတစ်စီးမှ မရှိပေ။ တိတိကျကျ ပြောရလျှင် သူတို့ ကားမှလွဲ၍ အခြား မည်သည့်ကားမျှ မရှိပေ။

ဒီအချိန် တောင်ပေါ်တက်သူက အလွန် ရှားပါးသည်။

"ဒီမှာ ရပ်လိုက်ပါ"

တောင်ပေါ်လမ်း တစ်ဝက်ခန့် အရောက်တွင် ရွှီယန်က လောင်ဝမ်ကို ရပ်ခိုင်းလိုက်သည်။

"ဒီမှာလား"

လောင်ဝမ်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ကားကိုတော့ ရပ်ပေးလိုက်သည်။

ရွှီယန်က ငွေရှင်းပြီးနောက် လမ်းဘေးမှနေ၍ တောင်ပေါ်သို့ တိုက်ရိုက် တက်သွားတော့သည်။

ပုံမှန်အားဖြင့် တောင်ပေါ်လမ်း ဆိုသည်မှာ တောင်တစ်လုံးကို ပတ်၍ ဖောက်လုပ်ထားလေ့ ရှိသည်။ အကြိမ်အနည်းငယ် ပတ်ပြီးနောက် အခြား တောင်တစ်လုံးဆီသို့ ဆက်လက် ဖောက်လုပ်ထားတတ်သည်။

အချို့တောင်များတွင် ရွာသားများ နေထိုင်တတ်ကြပြီး အချို့နေရာများတွင် လမ်းခွဲများ၏ အဆုံး၌ ရေဒါများ တပ်ဆင်ထားတတ်သည်။

သို့သော် အချို့တောင်များတွင်တော့ မည်သည့် လူသူအရိပ်အယောင်မျှ မရှိဘဲ တောင်ပေါ်လမ်းက ဖြတ်သန်းသွားရုံ သက်သက်သာ ဖြစ်သည်။

ရွှီယန် ရွေးချယ်လိုက်သော နေရာမှာ ထိုကဲ့သို့သော တောင်တစ်လုံး ဖြစ်သည်။

ရွာလည်း မရှိ၊ ပုန်းကွယ်နေသော ထူးခြားသည့် လူအုပ်စုလည်း မရှိဘဲ စစ်မှန်သော သဘာဝတရား အတိသာ ဖြစ်သည်။

သူက ကျောပိုးအိတ်ထဲမှ ဒရုန်းကို ထုတ်ယူကာ အလိုအလျောက် လိုက်ပါပျံသန်းသည့် စနစ်ကို ဖွင့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။

ဒရုန်းက အပြည့်အဝ အလုပ်လုပ်မည် ဆိုပါက နာရီ ၂၀ ကြာ အလုပ်လုပ်နိုင်ပြီး နေရောင်ခြည် ရရှိပါက နေရောင်ခြည် စွမ်းအင်ကို သိမ်းဆည်းကာ နောက်ထပ် ၅ နာရီ၊ ၆ နာရီခန့် အချိန်ပိုကြာအောင် အလုပ်လုပ်နိုင်သေးသည်။

ထို့ကြောင့် နှစ်ရက်စာ တိုက်ရိုက်ထုတ်လွှင့်မှု အတွက်ကတော့ အတော်လေး လုံလောက်လေသည်။

ဘေးနားရှိ တောင်က သိပ်မမတ်စောက်လှပေ။ အစောင်း ဒီဂရီ ၄၀ ခန့်သာ ရှိသဖြင့် အခြားသူများ အတွက် အနည်းငယ် ခက်ခဲနိုင်သော်လည်း ရွှီယန် အတွက်တော့ အလွန် လွယ်ကူလှပေသည်။

သူက ထူထပ်သော တောအုပ်ကို ဖြတ်သန်းကာ အပေါ်သို့ ဆက်လက် တက်သွားသည်။ လမ်းတစ်လျှောက်တွင် မည်သည့် ခေတ်မီ အရာဝတ္ထုများ၏ အရိပ်အယောင်မျှ မရှိဘဲ သစ်တော၏ မူလ သဘာဝ အငွေ့အသက်များက မျက်နှာပေါ်သို့ ရိုက်ခတ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာလည်း စတင် တိုးပွားလာနေပြီ ဖြစ်သည်။

ရွှီယန်က ယနေ့မှ စတင်ကာ တောနက်ကြီးထဲတွင် နှစ်ရက်ကြာ အချိန်ပြည့် တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးထားပြီး ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် အနေဖြင့် အခါအားလျော်စွာ ဤကဲ့သို့သော အစီအစဉ်မျိုး ပြုလုပ်ပေးမှသာ ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုက ပိုမို မြင့်မားလာမည် ဖြစ်သည်။

တောနက်ကြီးထဲတွင် နှစ်ရက်ကြာ အချိန်ပြည့် တိုက်ရိုက်ထုတ်လွှင့်ခြင်း။

ဤအစီအစဉ်က ကမ္ဘာတစ်ဝန်းလုံးတွင် နာမည်ကြီးသော အပြင်ဘက် တိုက်ရိုက်ထုတ်လွှင့်သူများ ဖြစ်ကြသည့် အက်ဒ် စတက်ဖို့ဒ် နှင့် ဘဲယား ဂရီးလ်စ် တို့၏ အစီအစဉ်များနှင့်ပင် ယှဉ်နိုင်လေသည်။

ဘဲယား ဂရီးလ်စ်၏ ထူးခြားချက်မှာ မည်သည့် အရာကိုမဆို စားရဲခြင်း ဖြစ်သည်။ သူက "ဒီအကောင်ကြီးကို ကြည့်လိုက်... ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းတွေ အများကြီး ပါဝင်မှာ သေချာတယ်" ဟု ပြောရင်း ပိုးကောင်ကြီးကို ပါးစပ်ထဲ ထည့်ကာ ဝါးစားပြလေ့ ရှိပြီး ကျေနပ်နေသည့် အမူအရာကို ပြသလေ့ ရှိသည်။

အက်ဒ် စတက်ဖို့ဒ်၏ ထူးခြားချက်မှာ ဘာပစ္စည်းမှ မပါဘဲ ကင်မရာ တစ်လုံး၊ ဘောင်းဘီတို တစ်ထည်ဖြင့် ကျွန်းတစ်ကျွန်းပေါ်တွင် အသက်ရှင်သန်ရန် ကြိုးစားခြင်း ဖြစ်သည်။ သူက အမြဲတမ်း ဒုက္ခရောက်လေ့ ရှိသဖြင့် "အက်ဒ် စတက်ဖို့ဒ်နောက် လိုက်ရင် သုံးရက်မှာ ကိုးနပ် ငတ်မယ်" ဟူသော စကားပင် ရှိလေသည်။

ယခုအခါ ရွှီယန်က တောနက်ကြီးထဲတွင် နှစ်ရက်ကြာ အချိန်ပြည့် တိုက်ရိုက်ထုတ်လွှင့်တော့မည် ဖြစ်ပြီး ဒရုန်းမှတစ်ဆင့် သူ၏ အနောက်တွင် မည်သည့် အကူအညီမျှ မရှိကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။

အားလုံး သူကိုယ်တိုင်ချည်းသာ ဖြစ်သည်။

ဤကဲ့သို့ စစ်မှန်သော အပြင်ဘက် အသက်ရှင်သန်ရေး အစီအစဉ်က ကွန်ရက်သုံးစွဲသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ယောကျ်ားလေးများ အကြိုက် အစီအစဉ် တစ်ခုပင် ဖြစ်သည်။

ဒီအစီအစဉ်ကို ကြည့်ပြီးသူတိုင်း "အစ်ကိုယန်" ဟု မခေါ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။

"တိုက်ရိုက်ထုတ်လွှင့်မှု စပြီ... စပြီ"

"တကယ်ကြီး တစ်ယောက်တည်းလား... အရမ်း ကြမ်းတာပဲ"

"အသေခံမယ့် တိုက်ရိုက်ထုတ်လွှင့်သူတွေထဲမှာတော့ နံပါတ်တစ်ပဲ... ဘယ်သူကများ ချန်ပိုင်တောင်တန်းထဲကို တစ်ယောက်တည်း ဝင်ရဲမှာလဲ... တကယ်ကို အသက်မလိုချင်တော့ဘူးလား"

"ငါသာဆိုရင် ဒီလို ပတ်ဝန်းကျင်မျိုးကို ရောက်သွားပြီး ဘေးနားမှာ ကျားတွေ၊ ဝက်ဝံတွေ၊ တောဝက်တွေ ရှိနေနိုင်တယ်လို့ တွေးလိုက်မိတာနဲ့ ကြောက်လန့်ပြီး သေသွားလောက်တယ်"

"ဒါကတော့ တကယ်ကို ကြမ်းတယ်... ဘာမှ အပြစ်ပြောစရာ မရှိဘူး"

"အစ်ကိုယန် လို့ ခေါ်လိုက်"

"အစ်ကိုယန်... အစ်ကိုယန်"

နံနက် ၇ နာရီခွဲခန့်သာ ရှိသေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကြည့်ရှုသူ အရေအတွက်မှာ အတော်လေး များပြားနေလေပြီ။

လူများ အဆက်မပြတ် ဝင်လာလိုက်၊ ထွက်သွားလိုက် ဖြစ်နေပြီး အချို့က အပြင်ထွက်သွားပြီးနောက် ရွှီယန် ဘာဖြစ်သွားပြီလဲ ဆိုသည်ကို သိချင်သဖြင့် ပြန်ဝင်လာကြည့်တတ်ကြသည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို နာမည်ကြီးနေပြီ ဖြစ်သည်။

ရွှီယန်က အပေါ်သို့ တောက်လျှောက် တက်လာခဲ့ပြီး အတန်ကြာ တက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။

လက်ရှိတွင် ကြည့်ရှုသူ ၇,၅၄၀ ကျော် ရှိနေပြီ ဖြစ်သည်။

ကြည့်ရသည်မှာ လူတစ်သောင်း ပြည့်ရန် သိပ်မလိုတော့ပုံ ရသည်။

ရွှီယန်က မိုက်ခရိုဖုန်းကို ဖွင့်ကာ ပြောလိုက်သည်။ "ဒီနေ့ တောနက်ကြီးထဲက လူသူကင်းမဲ့တဲ့ နေရာကို ဝင်မယ်"

"တောနက်ကြီး လို့ ပြောပေမယ့်လည်း တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် ဒီတောင်ထိပ်လေးက ထောင်ပုံတစ်ပုံတောင် မရှိပါဘူး"

"ဒီတောင်က နေရာ နည်းနည်း ခေါင်တယ်... အခု ကျွန်တော် အပေါ်ကို တက်နေတယ် တောင်ထိပ်ကို ကျော်ပြီး အနောက်ဘက်က တောင်တန်းတွေ ဆီရောက်မှ မြေပြင်က နည်းနည်း ညီညာသွားမှာ... အဲ့ဒီမှာမှ ပစ္စည်းကောင်းတွေ ရှိတာ"

"အခု သစ်ပင်တွေ ထူထပ်တဲ့ နေရာကို ရောက်တော့မယ်... ဒရုန်းက နည်းနည်း အပေါ်ကို ပျံတက်ရတော့မယ်ဆိုတော့ အားလုံး ကျွန်တော့်ကို မြင်ရချင်မှ မြင်ရတော့မယ်"

ရွှီယန်က အလွန် အေးဆေးတည်ငြိမ်နေလေသည်။

သူ့ရှေ့ရှိ သစ်ပင်များက အလွန် ထူထပ်နေပြီး သစ်ပင်များကြားမှ တိုးဝင်သွားရုံသာ ရှိတော့သည်။

သစ်ပင်များကြားရှိ နွယ်ပင်များနှင့် မြက်ရိုင်းများကိုလည်း ခုတ်ထွင် ရှင်းလင်းသွားရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆိပ်ပြင်းသော မြွေများကိုလည်း သတိထားရမည် ဖြစ်သည်။

ထိုအချိန်မှာပင် စနစ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

[ပိုင်ရှင်သည် အလွန် ကျယ်ဝန်းသော လူသူကင်းမဲ့သည့် ဒေသသို့ ဝင်ရောက်လာကြောင်း ထောက်လှမ်း သိရှိရပါသည်... အန္တရာယ် အလွန် များပြားသဖြင့် ထောက်ပံ့ရေး ပစ္စည်း ၁ စုံ ရရှိပါသည်]

[ထောက်ပံ့ရေး ပစ္စည်းများတွင်... မြွေဆိပ်ဖြေဆေး ၁ လုံး၊ သံယောဇဉ် ကတ်ပြား ၁ ကတ် (အရွယ်အစား ကြီးမားသော အသားစား နို့တိုက်သတ္တဝါများ အတွက်သာ အကျုံးဝင်သည်) နှင့် အထူး ယူနန် ပိုင်ယောင် ဆေး ၂ ဘူး တို့ ပါဝင်ပါသည်]

စနစ်၏ အသံကို ကြားလိုက်ရသောအခါ ရွှီယန်က မအောင့်နိုင်တော့ဘဲ ပြုံးလိုက်မိပြီး စိတ်ထဲတွင်လည်း ပို၍ ပေါ့ပါးသွားလေသည်။

'စနစ်က တကယ်ကို ဂရုစိုက်တတ်ပါလား…ထောက်ပံ့ရေး ပစ္စည်းများတောင် ပေးသေးသည်’

တကယ်တမ်းတော့ စနစ်က ဂရုစိုက်တတ်ခြင်း မဟုတ်ဘဲ အန္တရာယ် ရှိနေကြောင်း ထောက်လှမ်း သိရှိသွားသဖြင့် သူ သေသွားမည်ကို စိုးရိမ်၍ ပေးခြင်းသာ ဖြစ်သည်။

ရွှီယန်က အမြဲတမ်း ဤသို့ပင် ဖြစ်သည်။ ရွာထဲမှ လူများ ပြောသကဲ့သို့ သူ ငယ်စဉ်က ဝက်ဝံ ကိုက်ချီခြင်း မခံရသည်မှာ တကယ်ကို ကံကောင်းလွန်းလှပေသည်။

မိဘ တော်တော်များများက သူတို့၏ ကလေးများကို ရွှီယန်နှင့်အတူ တောင်ပေါ်သို့ လိုက်သွားခွင့် မပြုကြပေ။

ထောက်ပံ့ရေး ပစ္စည်းများ ရရှိပြီးနောက် ရွှီယန်က ပို၍ ယုံကြည်မှု ရှိလာပြီး ထူထပ်သော တောအုပ်ထဲသို့ ဆက်လက် ဝင်ရောက်သွားတော့သည်။

ဒရုန်းက အလွန် မြင့်မားစွာ ပျံသန်းနေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ထူထပ်သော သစ်ပင်များကိုသာ မြင်တွေ့နေရပြီး အမြင်အာရုံ အားလုံးက သစ်ရွက်များဖြင့်သာ ဖုံးကွယ်ခံထားရသည်။

ကွန်ရက်သုံးစွဲသူများက ဒရုန်း၏ မြင်ကွင်းမှတစ်ဆင့် သစ်ရွက်များ အောက်တွင် လူတစ်ယောက် လှုပ်ရှားနေကြောင်းကိုသာ ခံစားသိရှိနိုင်လေသည်။

တစ်ခါတစ်ရံ သစ်ရွက်များကြားရှိ ကွက်လပ်လေးများမှ တစ်ဆင့်သာ ရွှီယန်၏ အရိပ်အယောင်ကို မြင်တွေ့ရလေသည်။

"လောင်ရွှီ တကယ် လုပ်နေတာပဲ"

"တကယ်ကို လူသူကင်းမဲ့တဲ့ နေရာပဲ... တစ်ယောက်တည်း ဝင်သွားတယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... ငါ တကယ် မကြည့်ရဲဘူး အရှေ့မြောက် ကျားနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ... သူက တကယ်ကို နည်းနည်းလေးတောင် မကြောက်ဘူးလား"

"အရှေ့မြောက် ကျားနဲ့ တွေ့ရင် ရဲရဲဝင့်ဝင့်ပဲ ပြောလိုက်... မင်းရဲ့ ဖုဒ်ပန်ဒါ (စားစရာ) ရောက်ပါပြီ လို့"

"ပြောလေ ပြောလေ ငါ ပိုပြီး စိတ်လှုပ်ရှားလာလေပဲ"

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် တစ်ဖန် ပြန်လည် စည်ကားလာပြန်သည်။

လက်ဆောင် ပေးသူများလည်း အများအပြား ရှိနေပြီး တစ်ခါတစ်ရံ တန်ဖိုးကြီး လက်ဆောင်များ၏ အထူးပြုလုပ်ချက်များ ထွက်ပေါ်လာတတ်သည်။

ယခုအခါ ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်လိုက်ပါက ကြည့်ရှုသူ အရေအတွက် အလွန် များပြားသဖြင့် တစ်ခါတစ်ရံ တစ်နေ့တည်းတွင်ပင် လက်ဆောင်များမှ ဝင်ငွေ ယွမ် လေးငါးထောင်ခန့် ရရှိနိုင်ပြီး သူ အနည်းဆုံး ယွမ် နှစ်ထောင်ကျော်ခန့် ရရှိနိုင်လေသည်။

တစ်လလုံး တွက်ကြည့်မည် ဆိုပါက လက်ဆောင်များမှ ဝင်ငွေ ယွမ် လေးသောင်းကျော် အထိ ရှိနိုင်လေသည်။

ပိုက်ဆံ သိပ်မရှိသေးသော လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက် ဖြစ်သည့် သူ့အတွက်တော့ ဤအပိုဝင်ငွေက အလွန် ကောင်းမွန်လှပေသည်။

ဘာစကားမှ မပြောဘဲ တောင်ပေါ်သို့သာ အာရုံစိုက် တက်လာခဲ့သည်။

ဤသို့ဖြင့် နှစ်နာရီ နီးပါးခန့် အကြာတွင်မှ ရွှီယန်က ထူထပ်သော တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့သည်။

သူက တောင်ကြောပေါ်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး ထိုတောင်ကြောကို ကျော်ဖြတ်လိုက်ပါက တောနက်ကြီးထဲသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

"နောက်ဆုံးတော့ ထွက်လာနိုင်ပြီပဲ"

ရွှီယန်က သက်ပြင်းချကာ ပြောလိုက်သည်။

ဒရုန်း၏ ကင်မရာက ရွှီယန် ရှိရာသို့ ချက်ချင်း ရိုက်ကူးပြသလိုက်သည်။

ရွှီယန်၏ ကျောပိုးအိတ်ပေါ်တွင် သစ်ရွက်များ ပါရှိသော သစ်ကိုင်း အချို့ တွယ်ကပ်နေပြီး အဝတ်အစားများပေါ်တွင်လည်း ပွတ်တိုက်ထားသော အရာများ ရှိနေကာ ဘောင်းဘီနှင့် ဖိနပ်များပေါ်တွင်လည်း အစိမ်းရောင် မြက်ပင် အစအနများ တွယ်ကပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

မည်မျှ ပင်ပန်းခက်ခဲခဲ့ကြောင်းကို ခန့်မှန်းကြည့်နိုင်လေသည်။

"နောက်ဆုံးတော့ အစ်ကိုကြီး ပေါ်လာပြီ"

"ခုနက ကိုယ်ဖျောက်သွားတယ်လို့တောင် ထင်နေတာ"

"ရွှေဖရုံသီး ညီအစ်ကို ထဲက ခြောက်ယောက်မြောက် ညီလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြိုဆိုပါတယ်"

"ဖြတ်လာနိုင်ခဲ့ပြီ... တော်တယ်"

ကြည့်ရှုသူများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ထူထပ်သော တောအုပ်ကို ဖြတ်ကျော်လာခဲ့ရသဖြင့် ရွှီယန် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်ရာ မြေကွက်လပ် တစ်ခုကို ရှာဖွေကာ ကျောပိုးအိတ်ကို အောက်ချပြီး မြေပြင်ပေါ်တွင် ထိုင်လိုက်လေသည်။

သူက အမဲသားတုံး နှစ်တုံးကို ထုတ်စားလိုက်ပြီး ရေအနည်းငယ် သောက်လိုက်သည်။

ထို့နောက် ရွှီယန်က ကွန်ရက်သုံးစွဲသူများနှင့် စကားစမြည် ပြောဆိုနေလေသည်။

"အားလုံးပဲ ခံစားမိကြလား မသိဘူး... ဒီတောင်ကြီးက အသက်မပါသလို ဖြစ်နေပြီး ဝိညာဉ်စွမ်းအင် လုံးဝ မရှိဘူး"

သူ၏ စကားကို ကြားသောအခါ အားလုံးက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

'အသက်မပါသလို ဖြစ်နေတယ် ဟုတ်လား…ဝိညာဉ်စွမ်းအင် လုံးဝ မရှိဘူး ဟုတ်လား..’

လမ်းတစ်လျှောက်လုံးတွင် ငှက်အော်သံများ၊ အင်းဆက် အော်သံများ ကြားနေရပြီး အပင်များကလည်း စိမ်းလန်းစိုပြည်နေသည်။

သို့သော် ရွှီယန် ပြောလိုက်သောအခါ ကွန်ရက်သုံးစွဲသူများကလည်း ဤတောင်ကြီးက အနည်းငယ် ခြောက်ကပ်နေပြီး အလွန် သာမန်ဆန်သော အစိမ်းရောင် တောင်ကြီး တစ်လုံးသာ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ ခံစားချက် တစ်ခုသာ ဖြစ်သည်။

"ရေမရှိလို့များလား... တောင်ပေါ်မှာ မြစ်တွေ ရေတံခွန်တွေမှ မရှိတာ"

"နည်းနည်းတော့ ခြောက်ကပ်ကပ် နိုင်တယ်"

"ပြောတာ အရမ်း ဆန်းကြယ်လွန်းတယ်"

"ငါလည်း တစ်ခုခု ထူးခြားနေတယ်လို့ ခံစားမိသားပဲ... အစ်ကိုကြီး ပြောတဲ့ ခံစားချက်မျိုးပဲ အစ်ကိုကြီးက ဘယ်လိုလုပ် သိတာလဲ"

လူအများအပြားက အသီးသီး ပြန်လည် တုံ့ပြန်လာကြလေသည်။

ရွှီယန်က မတ်တတ်ရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"တကယ်တော့ ခွဲခြားသိနိုင်တဲ့ နည်းလမ်းက အရမ်း လွယ်ပါတယ်... ဘိုးဘေးတွေက ကျွန်တော်တို့အတွက် အကုန်လုံး သတ်မှတ်ပေးခဲ့ပြီးပါပြီ"

"ရိုးရိုးလေး ပြောရရင်... တောင်တစ်လုံးမှာ ဝိညာဉ်စွမ်းအင် ရှိမရှိ ဆိုတာက အဲ့ဒီ တောင်ပေါ်မှာ ဘုန်းကြီးကျောင်း ဒါမှမဟုတ် တာအိုကျောင်း ရှိမရှိ ဆိုတာကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်"

"ဝိညာဉ်စွမ်းအင် အပြည့်အဝ ရှိတဲ့ တောင်တွေ အကုန်လုံးမှာ ဘုန်းကြီးကျောင်းတွေ ဒါမှမဟုတ် တာအိုကျောင်းတွေ သေချာပေါက် ရှိပါတယ်... သူတို့ နေရာရွေးတဲ့ နည်းလမ်းတွေက အရမ်းကို တော်တာပါ"

"အနည်းဆုံးတော့ တောင်စောင့်နတ် ကျောင်းဆောင်လေး တစ်ခုတော့ ရှိရမှာပေါ့"

"ဒါပေမယ့် အခု ကျွန်တော် ဖြတ်လာခဲ့တဲ့ ဒီတောင်... ဒါမှမဟုတ် ဒီတောင်ထိပ်မှာ ဘယ်ဘုန်းကြီးကျောင်းမှ မရှိဘူး ကိုးကွယ်စရာ တောင်စောင့်နတ် ကျောင်းဆောင်လည်း မရှိဘူး ဆိုကတည်းက ဝိညာဉ်စွမ်းအင် မရှိဘူးဆိုတာ သိသာနေပါပြီ"

"အားလုံးလည်း ခံစားမိမှာပါ... တကယ်လည်း အဲ့ဒီလိုပါပဲ"

"ဆန်းကြယ်တဲ့ ကိစ္စတချို့ကိုတော့ ယုံကြည်ရမှာပဲလေ"

"ကျွန်တော်လည်း ဒီတောင်ပေါ်မှာ ပစ္စည်းရှာမှာ မဟုတ်ပါဘူး... ဒီအတိုင်း ဖြတ်သွားရုံ သက်သက်ပါ အနောက်ဘက်က တောနက်ကြီးထဲကို ဆက်သွားမှာပါ"

"အဲ့ဒီနေရာကမှ ကျွန်တော့်ရဲ့ ပစ်မှတ်ပဲ"

ရွှီယန်က အမဲသားတုံး ထုပ်ထားသော အိတ်ခွံကို သိမ်းဆည်းလိုက်ပြီး မတ်တတ်ရပ်ကာ လက်ခုပ်တီးလိုက်သည်။

ထို့နောက် သူက ကျောပိုးအိတ်ကို ပြန်လွယ်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။

All Chapters